← Chapters

နယ်မြေ အကန့်အသတ်

Vol. 85 Ch. 1186

နယ်မြေ အကန့်အသတ်

Vol. 85 Ch. 1186

“...”

ခွန်ရီမင်၊ ခုတ်ပိုင်းခြင်းဓားနှင့် တိမ်ပြာတို့ သုံးယောက်သား၏ အမူအရာများက မယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း သုန်မှုန်ခြင်းများနှင့် ပြည့်နှက် နေ၏။ သို့သော်လည်း ဝေ့ဝူယင်က တကယ် ပြောနေခြင်း ဖြစ်ကြောင်း သူတို့ ရိပ်စား မိကြပေသည်။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်လေရာ သေမျိုး အော်ရာကို လွယ်ကူစွာ ခန့်မှန်းနိုင်စွမ်း ရှိပေသည်။

"အရှင်ဝေ့ကို မသတ်နိုင်ရင် ကျွန်မတို့ တကယ် သေရမှာလား...”

ခွန်ရီမင်က မဝံ့မရဲဖြင့် မေးလိုက်သည်။

"အမှန်ပဲ... ခင်ဗျားတို့ ကျုပ်ကို မသတ်ရင် ပိုင်လင်က ခင်ဗျားတို့ကို အရှင်လတ်လတ် မီးလောင်တိုက် သွင်းပစ်လိမ့်မယ်”

ဝေ့ဝူယင်က သာမည ကိစ္စ တစ်ခုကို ပြောဆိုသည့် အလား ဆိုလိုက်သည်။

“ကျွန်တော်တို့က အရှင်ဝေ့ကို သတ်မိရင်ရော...”

တိမ်ပြာက မေးလိုက်၏။ သူ၏ နှလုံးခုန်နှုန်းက အချိန်နှင့် အမျှ ပိုမို မြန်ဆန်လာနေခဲ့သည်။

"သတ်နိုင်ရင် ကျုပ်ရဲ့ အဂ္ဂိရတ် သူရဲကောင်းတွေက ခင်ဗျားတို့ကို ဆုချလိမ့်မယ်... သေခြင်းတရားနဲ့ မဟုတ်ဘူးနော်... အရမ်းကို ကောင်းတဲ့ ကံကြမ္မာနဲ့... သူတို့ ပေးတဲ့ ဆုလာဒ်တွေနဲ့ ခင်ဗျားတို့ မြေကြီး ရှန့်ထို အဆင့်ကို လွယ်လွယ်ကူကူ တက်လှမ်းနိုင်လိမ့်မယ်”

“...”

အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်၏ အတွေးကို သူတို့ ယခုတိုင် မခန့်မှန်း နိုင်ပါသေးချေ။ သို့သော်လည်း... ပိုင်လင်မှာ သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကြောင်းကိုတော့ သူတို့ သိပေသည်။ သူတို့ထံ၌ ရွေးချယ်စရာ မရှိတော့ချေ.

လက်အောက်ငယ်သား သုံးယောက်၏ မျက်လုံးများထဲတွင် ရှင်သန်လိုစိတ်များ တဖြည်းဖြည်း ရုန်းကြွလာနေသည်ကို ကြည့်ကာ ဝေ့ဝူယင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထန်ဂူကို တစ်ချက် လှမ်းကြည့်လိုက်၏။ အားလုံးမှာ ဝေ့ဝူယင်၏ မျက်လုံးများ အတိုင်း လိုက်လံကာ ကြည့်လိုက်ကြ၏။ သို့သော်လည်း... ကျန့်ကျန့် ခင်းကျင်းထားသည့် ဖုံးကွယ်ခြင်း အစီအရင်ကြောင့် သူတို့ ဘာကိုမှ မြင်နိုင်စွမ်း မရှိပါချေ။

“လာခဲ့ပါ...”

ဝေ့ဝူယင်က ပြောလိုက်ရင်း ဟင်းလင်းပြင် သင်္ဘော၏ အပြင်သို့ လှမ်းထွက်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် သူက မူလ နေရာမှ ပျောက်ကွယ်သွားကာ မီတာ တစ်ရာ အကွာအဝေး၌ ပြန်လည် ပေါ်လာခဲ့၏။

ထိုနည်းဖြင့် သူက အဆင့်ဆင့် ခုန်ကျော်သွားကာ တစ်ခဏ အတွင်းမှာပင် မီတာ သုံးထောင် အကွာအဝေးသို့ ရောက်ရှိ သွားခဲ့သည်။ ပိုင်လင်ကတော့ ဟင်းလင်းပြင် သင်္ဘောပေါ်တွင်သာ ကျန်ရစ်ခဲ့၏။

စက္ကန့် အနည်းငယ် ကြာပြီးနောက်...

ဟူး... ဟူး...

အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ ဝေ့ဝူယင်မှာ တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓား၏ တြိဂံ သဏ္ဌာန် ဝန်းရံမှု အလယ်တွင် အစစ်အမှန် နဂါး အသွင်ကိုပင် ထုတ်ဖော်ခြင်း မပြုပဲ ရပ်နေခဲ့သည်။

ထိုအခိုက်၌ လူငယ်မှာ အပျက်အစီး မန်နာ၏ အအေးဓာတ်ကို ခုခံရန် ရုပ်ခန္ဓာ တစ်ခုတည်းကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။ ထိုအချက်က သူ၏ ရုပ်ပိုင်းဆိုင်ရာ သန့်စင်မှုမှာ မည်မျှ အစွမ်းထက်နေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာပင် ဖော်ပြနေသည်။

“ကျုပ်တို့ စော်ကားသလို ဖြစ်သွားမိရင် ခွင့်လွှတ်ပေးပါ... အရှင်ဝေ့...”

တိမ်ပြာက လက်နှစ်ဖက်ကို ညွှတ်ရင်း တောင်းပန်စကား ဆိုလိုက်၏။ အခြေအနေက ဝေ့ဝူယင်ကို တိုက်ခိုက်ရန် ငြင်းဆန်လျှင် သူတို့ သေကို သေရတော့မည့် အနေအထား ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူတို့ တိုက်ကို တိုက်ခိုက်ရတော့မည် ဖြစ်သည်။

“အရှင်ဝေ့ အရင်စပါ...”

ခုတ်ပိုင်းခြင်းဓားက သူ့ဓားကို ထုတ်ယူခြင်း မပြုချေ။ ထို့အစား... သူ့ ခန္ဓာကိုယ်ကိုသာ ဓားအလင်း တစ်ခုဖြင့် ထုံမွှမ်းလိုက်၏။ ၎င်းက ပြိုင်စံရှား လျှို့ဝှက်ဓား အကာအကွယ် ကျင့်စဉ် တစ်ခုပင် ဖြစ်သည်။

“...”

ခွန်ရီမင်ကလည်း သူမ၏ လျှို့ဝှက် မြေကြီး အဆင့် လက်နက်ကို နောက်‌ကျောထက်၌ ထုတ်ယူ လိုက်သည်။ ၎င်းက ငွေရောင် အတောင်ပံများပင် ဖြစ်၏။

ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ၏ နှလုံးသားက ရေခဲ ကဲ့သို့ အေးစက် သွားခဲ့သည်။ ထိုအရာက လျှို့ဝှက် အာဏာရှင် အဆင့်များ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများပင် ဖြစ်သည်။ သာမန် သေမျိုးများသာ ဆိုပါက ထိုဆန္ဒကို ခံစားမိသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ် တစ်ခုလုံး‌ အေးခဲသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်တော့ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

“လောကသခင် အဆင့်မှာ ရှိစဉ်တုန်းက ကျုပ်ရဲ့ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်တွေကို နည်းလမ်း ပေါင်းစုံနဲ့ အမြင့်ဆုံး ရောက်အောင် မြှင့်တင်ခဲ့တယ်... ဒါပေမဲ့ အကန့်အသတ်ကိုတော့ မစစ်ဆေးနိုင်ခဲ့ဘူး... လောက နယ်မြေရဲ့ အရွယ်အစားက တစ်ခါမှ မကြားဖူးတဲ့ အနေအထားကို‌ ရောက်ခဲ့တာတောင်မှ ရှက်စရာ တစ်ခုလို ကျုပ် ခံစားနေရတုန်းပဲ”

“...”

လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက်မှာ ငြိမ်သက်စွာပင် နားထောင် နေခဲ့သည်။ ခုတ်ပိုင်းခြင်းဓားက စိတ်ဝင်တစားဖြင့် မေးလိုက်၏။

“ဘယ်‌လောက်အထိ ရောက်ခဲ့လဲ... အရှင်ဝေ့”

ဝေ့ဝူယင်က ခုတ်ပိုင်းခြင်းဓားကို လှမ်းကြည့်လိုက်သည်။ သူ့ နှုတ်ခမ်းထက်၌ ဂုဏ်ယူရသည့် အပြုံး တစ်ခု ဖြည်းညင်းစွာပင် ဖြစ်ပေါ်လာခဲ့သည်။

“လောကသခင် အဆင့်ကို ရောက်ခါစတုန်းက ကျုပ်ရဲ့ လောကနယ်မြေက ၃၃၃၀၀၀ မီတာ အထိ ရှိခဲ့တယ်... တဖြညးဖြည်းနဲ့ အမြင့်ဆုံး အကန့်အသတ် ဖြစ်တဲ့ ၉၉၉၀၀၀ မီတာ အထိ မြှင့်တင်နိုင်ခဲ့တယ်... အဲဒီနောက်မှာ သာလွန်ခြင်း အဆင့် နယ်မြေ ချဲ့ထွင်ခြင်း ဆေးလုံး တစ်ခုကို ကျုပ် သန့်စင်ခဲ့တယ်...”

ဝေ့ဝူယင်က အေးဆေးစွာပင် ရှင်းပြနေခဲ့၏။ သို့သော်လည်း လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက်သား၏ မျက်လုံးများကတော့ မယုံကြည်နိုင်မှု၊ ထိတ်လန့် တုန်လှုပ်မှုတို့နှင့် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။

“မီတာ ၃၃၃၀၀၀...”

“မီတာ ၉၉၉၀၀၀...”

အရှင်ဝေ့က လောကသခင် အဆင့်ဖြင့်ပင် ထိုအရွယ်အစားလောက် ရောက်အောင် ကျင့်ကြံခဲ့သည်လား။ ၎င်းက ကြယ်တာရာ သခင် တစ်ယောက်၏ ပျမ်းမျှ အရွယ်အစား ဖြစ်သည့် တစ်ရာ ကီလိုမီတာထက်ပင် ကျော်လွန် နေပေသည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆက်လက် ရှင်းပြလိုက်၏။

“သာလွန်ခြင်း အဆင့် နယ်မြေ ချဲ့ထွင်ခြင်း ဆေးလုံးတစ်လုံးကို သောက်ပြီးတဲ့ နောက်မှာ ကျုပ်ရဲ့ လောကနယ်မြေကို မီတာ ၁.၈ သန်း အထိ ရောက်အောင် ဆက်ပြီး သန့်စင်နိုင်ခဲ့တယ်... နောက်တစ်ကြိမ် အကန့်အသတ်ကို ရောက်ခဲ့တယ် ဆိုပါတော့လေ... နောက်ထပ် သာလွန်ခြင်း အဆင့်တွေ သောက်ခဲ့ပေမယ့် ထပ်ပြီး တိုးမလာတော့ဘူး”

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက တိတ်တဆိတ် တောက်ပနေ၏။

“အခုတော့ အချိန်သခင် အဆင့်ရဲ့ အကန့်အသတ်ကို ကျုပ် ရောက်ခဲ့ပြီ”

“...”

လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက်မှာ ရင်တဒိတ်ဒိတ် ခုန်နေကြ၏။ လောကသခင် အဆင့်၏ အကန့်အသတ် ပင်လျှင် မီတာပေါင်း ၁.၈ သန်း ဆိုလျှင်... အချိန်သခင် အဆင့်၏ အကန့်အသတ်ကရော...။

ဝေ့ဝူယင် အပေါ် လေးစားသည့် စိတ်များက သူတို့ နှလုံးသားထဲ၌ တဖွားဖွား ပေါ်ပေါက် လာခဲ့သည်။ သို့သော်လည်း... အံ့အားသင့်စရာတော့ မဟုတ်ချေ။ ဝေ့ဝူယင်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ ရွေးချယ်ခံ အဆင့်အတန်းကို ပြောင်းလဲနိုင်ခဲ့သူ ဖြစ်သည်။ မီးဖီးနစ်ကို စီးနင်းနိုင်ကာ မြေကြီး ရှန့်ထို အဆင့် နောက်လိုက် နှစ်ယောက်ကိုပင် ပိုင်ဆိုင်ထားနိုင်သူ ဖြစ်သည်။ ထို့အပြင်... သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ချွင်းချက်မရှိ ပြိုင်ဘက်ကင်း သေမျိုး အဂ္ဂိရတ် အာဏာရှင်လည်း ဖြစ်ပေသည်။

ဘုန်း...

ရုတ်တရက် ဝေ့ဝူယင်၏ အော်ရာက ပေါက်ကွဲ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများထံ ခက်ထန်စွာ တိုးဝင် သွားခဲ့လေသည်။ ထို့နောက်တွင်တော့ သူ၏ လောကနယ်မြေမှာ ပြန့်ကား ထွက်ပေါ်လာခဲ့လေ၏။

မူလဒြပ်စင် လောကနယ်မြေ...

သန့်စင်သည့် အဖြူရောင် လှိုင်း တစ်ခုမှာ ပတ်ဝန်းကျင်ကို အဆုံးမဲ့စွာ ဖြတ်သန်း သွား၏။ ၎င်းက တဒင်္ဂ အတွင်းမှာပင် အကန့်အသတ်ကို ရောက်ရှိသွားကာ ပြီးပြည့်စုံသည့် စက်ဝိုင်း တစ်ခုပုံ ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင်မှာ စက်ဝိုင်း၏ အလယ်ဗဟို၌ ရှိနေခဲ့၏။ ၎င်း၏ အလျားသည်ကား...။

တိမ်ပြာ၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ ခုတ်ပိုင်းခြင်းဓား၏ လက်သီးများက တင်းကြပ်စွာ ဆုပ်သွားခဲ့သည်။ ခွန်ရီမင်တော့ အံ့သြတကြီး ရေရွတ်လိုက်၏။

“ဘာကြီးလဲ...”

သန်းပေါင်း ခုနစ်ရာ ခုနစ်ဆယ့် ခုနစ် မီတာ...

အရွယ်အစား...

အရမ်းကို ကြီးမားလွန်းသည်။

စွမ်းအင်...

အလွန် ထူထပ်လွန်းသည်။

လောကဖိအား...

ကြောက်မက်ဖွယ် ကောင်း‌အောင် ပြင်းထန်လွန်းသည်။

***

All Chapters