သေမျိုးတစ်ယောက်လော
Vol. 85 Ch. 1187
ဟူး… ဟူး…
ဝေ့ဝူယင်၏ လောကနယ်မြေမှာ အံ့အားသင့် တုန်လှုပ်နေကြသည့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးဦးကို လွှမ်းခြုံသွား၏။ မူလ ဒြပ်စင်မှ ပေါက်ဖွားလာသော ထိုလောကနယ်မြေသည် မိုင်ပေါင်း ငါးသိန်းခန့် ကျယ်ဝန်းသည့် နယ်မြေကြီး တစ်ခုလုံးကို လွှမ်းမိုးထားသည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ လေးပုံ သုံးပုံခန့်မှာ ထိုလောနယ်မြေ၏ ထိန်းချုပ်မှု အောက်အတွင်း ချက်ချင်းပင် ကျရောက် သွားခဲ့၏။
“...”
တိမ်ပြာမှာ သူ၏ ခန္ဓာကိုယ်က ဒြပ်စင် အော်ရာများ ပြည့်နှက်နေသည့် မြူထူထပ်သော ပင်လယ်ကြီး တစ်ခု အတွင်း ကျရောက်သွားသလို ခံစားလိုက်ရသည်။ ထိုစွမ်းအင်များက သူ၏ အာရုံ ခံစားမှုများကို ထက်မြက်စေကာ ခန္ဓာကိုယ်ထက်ရှိ ချွေးပေါက်များကိုပါ ကျယ်လာစေခဲ့သည်။
တစ်ချိန်တည်း၌… သူ၏ လက်မောင်းနှင့် ခြေထောက်များက တင်းကြပ်လာခဲ့ကာ လောကဖိအား တစ်ခုမှာ သူ့ ခန္ဓာကိုယ်ကို အတင်း တိုးဝှေ့ လွှမ်းခြုံထားသည်။
ဟူ…
နှလုံးသားထဲမှ ခြိမ်းခြောက်မှု အာရုံ တစ်ခုကို ခံစားလိုက်ရလေရာ တိမ်ပြာမှာ သဘာဝ တုန့်ပြန်မှု တစ်ခု အနေဖြင့် လျှို့ဝှက် အကာအကွယ်ကို အလိုအလျောက် ထုတ်ဖော် လိုက်မိ၏။
ဝှစ်…
သူ့ခန္ဓာကိုယ် ပတ်လည်၌ အပြာရောင် အလင်း စက်ဝန်း တစ်ခု ပေါ်လာကာ လေးလံ သိပ်သည်းသည့် လောကဖိအားများကို တွန်းလှန် လိုက်လေသည်။
တိမ်ပြာ ဝိညာဉ် အာရုံဖြင့် ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ကို ကြည့်မိ၏။ သူတို့၏ တုန့်ပြန်မှုများမှာလည်း သူနှင့် ခြားနားခြင်း မရှိပါချေ။
ခွန်ရီမင်မှာ သူမ၏ ငွေရောင် အတောင်ပံထံမှ စွမ်းအင် အထောက်အပံ့များကို အသုံးပြုကာ လျှို့ဝှက် အကာအကွယ် တစ်ခုကို ဖန်တီး ထားသည်။ ထို့အတူ ခုတ်ပိုင်းခြင်းဓား၏ ဓားအလင်း အကာအကွယ်သည်လည်း ပိုမို၍ တောက်ပနေကာ ဓားဟိန်းဟောက်သံများနှင့် ပြည့်နှက် နေခဲ့သည်။
လောကနယ်မြေထံမှ ဖိအားကို ခုခံနိုင်လိုက်သည့်တိုင် သူတို့ထဲမှ မည်သူကမှ ပျော်ရွှင်မှု သို့မဟုတ် တည်ငြိမ်မှုကို မခံစားရပါချေ။ သေမျိုး တစ်ယောက်၏ လောကဖိအားက လျှို့ဝှက် အာဏာရှင် အဆင့်များကို ခြိမ်းခြောက်နိုင်သည် ဆိုသော အချက်က သူတို့၏ အတ္တများကို ပျက်စီး သွာစေခဲ့သည်။
ဝေ့ဝူယင်က သူတို့ သုံးယောက်၏ သတိရှိမှုကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“ကောင်းတယ်... ကျုပ် တိုက်ခိုက်တဲ့ အချိန်မှာ ခင်ဗျားတို့ သတိလက်လွတ် နေလို့ သေသွားရမယ် ဆိုရင် ကျုပ် ကျေနပ်နိုင်မှာ မဟုတ်ဘူး”
“...”
လျှို့ဝှက်ဝိညာဉ် အဆင့် သုံးယောက်မှာ မသေချာ မရေရာသည့် ခံစားချက်များနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြန်သည်။ ဝေ့ဝူယင်က အဂ္ဂိရတ် လမ်းစဉ်ကို လျှောက်လှမ်းနေသည့် လူတစ်ယောက် မဟုတ်သည်လော။ သို့တည်းမဟုတ်... လောကနယ်မြေ တစ်ခု၏ အရွယ်အစားနှင့် စွမ်းအားကို မြှင့်တင်နိုင်သည့် ကျင့်စဉ် တစ်မျိုးမျိုးကို အထူးပြု ကျင့်ကြံထားသလော။ မည်သည့် အရာက အမှန်ဖြစ်ကြောင်း သူတို့ မဆုံးဖြတ်နိုင်ပါချေ။
အကယ်၍ သူတို့သာ အခြားလူများကို အချင်း ၇၇၇၀၀၀၀၀၀ မီတာ အရွယ် လောကနယ်မြေ တစ်ခု ပိုင်ဆိုင်ထားသည့် လောကီ မျက်လုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိကြောင်း သွားပြောပါက ဟားတိုက် ရယ်မောသော တုန့်ပြန်မှုများနှင့်သာ ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။
လက်ရှိ၌ သူတို့မှာ ဝေ့ဝူယင်နှင့် မီတာ အနည်းငယ်ခန့် အကွာအဝေး၌ ရှိနေပေသည်။ ထိုအကွာအဝေးက သူတို့လို လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အလွန် လိုတောင်းလှသလို သူတို့ အရှင် ဖြစ်သူ အတွက်လည်း အတူတူပင် ဖြစ်သည်။
ဝှစ်...
လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်၏ မျက်နှာ အမူအရာများမှာ ရုတ်ချည်းပင် ပြောင်းလဲ သွား၏။ ပထမဆုံး တုန့်ပြန်လာသည်က တိမ်ပြာ ဖြစ်သည်။
လူအိုကြီး၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်း သွားကာ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ လျှို့ဝှက် စွမ်းအင်များမှာ ချက်ချင်းပင် စီးထွက်လာကာ ရှေ့တည့်တည့်မှ ဝင်ရောက်လာသည့် လက်သီးကို ဖမ်းဆုပ်ဖို့ ဟန်ပြင်လိုက်လေသည်။ ထိုလက်သီးမှာ အလွန် လျှင်မြန်လှကာ ဂြိုဟ်များအား ဖျက်ဆီးပစ်နိုင်သည့် ဥက္ကာခဲ တစ်ခဲလိုမျိုး ပြင်းထန်သည့် စွမ်းအားများနှင့် ထုံမွှမ်း နေပေသည်။
“ဟမ်...”
ရုတ်တရက် လက်ဖဝါးက အလိုအလျောက် နေရာရွေ့သွားသလို တိမ်ပြာ ခံစားလိုက်ရ၏။ လောကဖိအားများက သူ့ ခန္ဓာကိုယ်ကို အဖက်ဖက်မှ ထိုးနှက်ကာ ဟန်ချက်ပျက်သွားအောင် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။
ဘုန်း...
လက်သီးမှာ တိမ်ပြာ၏ လျှို့ဝှက် အကာအကွယ်ထံသို့ တိုက်ရိုက်ပင် ထိတွေ့သွားကာ ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ တိမ်ပြာမှာ လက်မောင်း တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင် စီးဆင်းမှုက ထိုထုံကျင်မှုကို လျှင်မြန်စွာပင် ဖယ်ရှား ပစ်လိုက်၏။
ဘုန်း...
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ ထိန်းချုပ် မရနိုင်ပဲ နောက်ဘက် မိုင်ပေါင်း တစ်သောင်း အကွာအဝေး အထိ လွင့်စဉ် သွားခဲ့သည်။ လမ်းတစ်လျှောက်လုံး၌ လောကဖိအားများက သူ့ကို အဖက်ဖက်မှ ငှက်များလို ထိုးဆိတ်နေကာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စေသည်။ ထိုအခိုက်၌ တိမ်ပြာ ခံစားနေရသည့် အံ့သြ ထိတ်လန့်မှုများကို မည်သည့် စကားလုံးကမှ ဖော်ပြနိုင်လိမ့်မည် မထင်ပါချေ။
ဘုန်း...
ရွှမ်း...
နောက်သို့ လွင့်ပျံနေရင်း ပေါက်ကွဲသံ တစ်ခုနှင့် ဓားဟိန်းသံ တစ်ချက်ကို တိမ်ပြာ ကြားလိုက်ရ၏။ သူ ပတ်ဝန်းကျင်ရှိ မန်နာများကို ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်သော်လည်း ထိုမန်နာများမှာ သူ့ကို တုန့်ပြန်ခြင်း မပြုပဲ ပိုမို ဝေးကွာအောင်ပင် ပျံသန်း သွားစေခဲ့သည်။
လျှို့ဝှက် ဝိညာဉ်မှာ အစွမ်းကုန် အားထုတ် နေသည့်တိုင် လောက၏ မန်နာများက သူ့အား လုံးဝ လျစ်လျူနေသည်မှာ ထိတ်လန့် ဖွယ်ရာ ကောင်းလွန်းလှသည်။ ထိုအခိုက်၌ လောက အတွင်းရှိ မန်နာ အားလုံးမှာ စစ်မှန်သည့် သခင် တစ်ယောက်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်ဟု ခံစားရကာ၊ သူ၏ ထိန်းချုပ်ပိုင်ခွင့် အလုံးစုံကတော့ လွှမ်းမိုး ပယ်ဖျက် ခံနေရသည်။ ထိုမန်နာများ အတွင်း၌ သူ ဘယ်တော့မှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်သည့် စိတ်ဆန္ဒ တစ်ခု စိမ့်ဝင် နေခဲ့ပေသည်။
တိမ်ပြာ လျှို့ဝှက် စွမ်းအင်များကို အလုံးလိုက် အရင်းလိုက် ထုတ်ဖော်လိုက်ကာ အဖက်ဖက်မှ ထိုးနှက် နေသည့် လောကဖိအားများကို ပြန်လည် တွန်းလှန်လိုက်သည်။ ထို့နောက် သူက နောက်ပြန် လွင့်စဉ် နေမှုကို ပြန်လည် ထိန်းချုပ် လိုက်ရင်း ဝိညာဉ် အလင်းတန်းများ တောက်ပနေသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စူးစိုက် အကဲခတ် လိုက်သည်။
ထိုအခိုက်တွင်ပင် နှုတ်ခမ်း ထောင့်စွန်း၌ နွေးထွေးသည့် အရည် တစ်ခု စီးကျလာနေသလို သူ ခံစားလိုက်ရ၏။ တိမ်ပြာ မသိစိတ်ဖြင့် ထိုအရည်များကို သုတ်လိုက်ရင်း ပေါက်ကွဲသံနှင့် ဓားဟိန်းသံများကို ပြန်လည် အာရုံစိုက် လိုက်သည်။
မိုင်ပေါင်းများစွာ အကွာအဝေး၌ ငွေရောင် အလင်းတန်းများနှင့် ဝန်းရံနေသည့် ပုံရိပ် တစ်ခုမှာ သူ့ကဲ့သို့ နောက်ကို လွင့်စဉ် ထွက်သွားနေခဲ့ကာ အခြား ပုံရိပ် နှစ်ခုကတော့ အဖြူရောင် လောက အတွင်း၌ တိုက်ခိုက် နေကြသည်။
“သူက ဒီလောက်တောင် အစွမ်းထက်တာလား...”
တိမ်ပြာ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ဝေ့ဝူယင်မှာ ခုတ်ပိုင်းခြင်းဓားနှင့် တိုက်ခိုက်နေခြင်း ဖြစ်ကာ ဂြိုဟ်များအား ဖြတ်ပိုင်းနိုင်သည့် ဓားချက်များကိုပင် လက်ဗလာဖြင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။ သူ့ မြေးဖြစ်သူ၏ ဓားအလင်းများမှာ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများနှင့် စီးဆင်း နေသော်လည်း ဝေ့ဝူယင် လက်သီး တစ်ချက် ထိုးလိုက်တိုင်း အလုံးစုံ ပျက်စီးကာ မီးရှူး မီးပန်းများ ကဲ့သို့ လွင့်စဉ် သွားနေခဲ့သည်။
“ဟမ်...”
ရုတ်တရက် တိမ်ပြာမှာ သူ၏ အပြာရောင် ဝတ်စုံပေါ်၌ နက်ပြာရောင် အစက်အပျောက်များ စွန်းထင်း နေသည်ကို သတိထားမိသွား၏။ ထိုအစက်အပျောက်များထံမှ သွေးရနံ့များမှာ ပြင်းထန်စွာ ထွက်ပေါ် နေပေသည်။ သူ ယုံမှား သံသယဖြင့် နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်၏။
“ငါ သွေးထွက်နေတာလား...”
သေမျိုး တစ်ယောက်ထံမှ လက်သီးချက် တစ်ချက်တည်းဖြင့်၊ လျှို့ဝှက် အကာအကွယ် တစ်ခု ရှိပါလျှက်နှင့်...။
ဘုန်း... ဘုန်း...
သူ့ နှလုံးသားက အရှိန်အဟုန် ပြင်းပြင်းနှင့် ခုန်လာခဲ့၏။ တိမ်ပြာ ဘယ်လိုပင် စဉ်းစား စဉ်းစား ထိုအခြေအနေကို လုံးဝ နားလည် သဘောပေါက်နိုင်ခြင်း မရှိပါချေ။
ဝှစ်...
“အာရုံ မလွင့်နဲ့...”
ရုတ်တရက် လေတိုးသံ တစ်နှင့် အတူ အေးစက်စက် အသံ တစ်ခုကို တိမ်ပြာ ကြားလိုက်ရ၏။ သူ ခေါင်းကို ခပ်မြန်မြန် မော့ကြည့်လိုက်ရာ ခြေထောက် တစ်ဖက်က သူ့ထံ မြန်မြန်ဆန်ဆန် တိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ လူအိုကြီးမှာ တုန့်ပြန်ရန် ကြိုးပမ်းလိုက်သော်လည်း... လောကဖိအားက သူ့ ခြေထောက်များ၊ ကျောရိုးနှင့် ပခုံးများကို အဖက်ဖက်မှ ဝိုင်းဝန်း ဖိနှိပ်ထားခဲ့ပြန်သည်။ ထိုအချက်ကပင် သူ၏ တုန့်ပြန်မှုကို မီလီ စက္ကန့် အနည်းငယ်မျှ နှောင့်နှေး သွားစေခဲ့၏။
ဘုန်း...
ခြေထောက်က သူ့ မျက်နှာကို တည့်တည့်ပင် ကန်ကျောက်လိုက်၏။ တိမ်ပြာ ထိုကန်ချက်ကို လျှို့ဝှက် အကာအကွယ်ဖြင့် ခုခံလိုက်သော်လည်း မိုးကြိုးပေါင်း တစ်သောင်း ထစ်ချုန်း သကဲ့သို့ ကျယ်လောင်သည့် အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုန်း...
သူ၏ ခေါင်းက နောက်ပြန် လည်သွားကာ ခန္ဓာကိုယ်မှာ အမှောင် ဟင်းလင်းပြင် အတွင်း၊ ပိုမို တိကျစွာ ဆိုရလျှင် ဝေ့ဝူယင်၏ လောက နယ်မြေ အတွင်း နောက်သို့ ကစဉ့်ကလျား လှည့်ပတ် သွားခဲ့၏။ သူ့ နှာခေါင်းထဲမှ နွေးထွေးသည့် နက်ပြာရောင် သွေးများမှာ နာကျင် ခက်ထန်စွာဖြင့် နောက်တစ်ကြိမ် စီးထွက် လာခဲ့သည်။
ရွှမ်း...
တိမ်ပြာ ဓားဟိန်းသံ တစ်ချက် ကြားလိုက်ရ၏။ သို့သော်လည်း ထိုဓားဟိန်းသံထက် ပိုမို ကျယ်လောင်သည့် မိုးကြိုးသံ တစ်ခုကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ လွှမ်းမိုးမှု အောက်၌ ဓားဟိန်းသံ ပင်လျှင် ပျောက်ကွယ်သွား၏။
တိမ်ပြာမှာ နောက်သို့ လွင့်စဉ်ရင်း မန်နာများကို နောက်တစ်ကြိမ် ထိန်းချုပ်ဖို့ ထပ်မံ ကြိုးစားလိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း သူ ကျရှုံးခဲ့ပြန်သည်။ တိမ်ပြာ အမှားကို ခပ်မြန်မြန်ပင် သတိထားမိလိုက်ကာ လျှို့ဝှက် စွမ်းအင်များကို သုံး၍ ရွေ့လျားမှုကို ရပ်တန့် လိုက်လေသည်။
“ခင်ဗျား ဒီလောက် နှေးနေရင် မတိုက်ရသေးခင် သေသွားလိမ့်မယ်...”
ရုတ်တရက် နောက်နားမှ သရဲတစ္ဆေ ဆန်ဆန် အသံ တစ်ခုကို တိမ်ပြာ ကြားလိုက်ရ၏။ သူ ချက်ချင်းပင် နောက်ပြန်လှည့်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း... သူ ဘာကိုမှ မမြင်နိုင်ခင်မှာပင် လက်သီး တစ်ချက်မှာ သူ့ ညာဘက် နံရိုးကို တိုးဝင်လာခဲ့၏။ ထိုလက်သီးချက်က သူ့ လျှို့ဝှက် စွမ်းအင် အကာအကွယ်ကို ဖောက်ထွက်ကာ သူ့ အတွင်း အင်္ဂါများကို နာကျင်စေလျှက် နောက်တစ်ကြိမ် နောက်သို့ ပျံသန်း သွားစေခဲ့ ပြန်လေသည်။
“အဘိုးကြီး...”
ရွှင်း... ရွှင်း... ရွှင်း...
ဓားဟိန်းဟောက်သံ သုံးချက်နှင့် အတူ သမုဒ္ဒရာ တစ်စင်း အလား ဓားအလင်းများမှာ သူ မူလ ရပ်တန့်ခဲ့သည့် နေရာသို့ ကျဆင်းလာသည်ကို တိမ်ပြာ နောက်သို့ လွင့်စဉ်ရင်း လှမ်းတွေ့လိုက်ရ၏။
ထိုနေရာတွင်တော့ ပုံရိပ် တစ်ခုမှာ ရပ်တန့် နေခဲ့ကာ သမုဒ္ဒရာကို မကြောက်မလန့် ရင်ဆိုင် နေခဲ့၏။ သူ၏ အော်ရာက သေမျိုး အကန့်အသတ် အတွင်း ရှိနေသေးသည့်တိုင် အကြောက်အလန့် ကင်းမဲ့မှုကတော့ စာတင် ထိုက်ပေသည်။ အရှင်သခင် ဖြစ်သူ၏ ပုံရိပ်ကို အဝေးမှ လှမ်းကြည့်ရင်း အဆုံးမဲ့ လေးစားမှုများက တိမ်ပြာ၏ နှလုံးသား အတွင်း တဖွားဖွား ပေါက်ဖွားလာခဲ့သည်။
သူက သေမျိုး တစ်ယောက် တကယ်ပဲ ဟုတ်၏လော။
***