သေမျိုးနှင့် အာဏာရှင်များ
Vol. 85 Ch. 1188
ဝှစ်...
တိမ်ပြာ ရလဒ်ကို မမြင်နိုင်ခင်မှာပင် ငွေရောင် အလင်းတန်း တစ်ခုမှာ သူ့ထံသို့ တိုးဝင်လာကာ ဆွဲမလျှက် အပေါ် တည့်တည့်သို့ ပျံသန်း သွားခဲ့၏။ သူ့ ဝတ်စုံအား ဆွဲကိုင်ထားသည့် နူးညံ့သည့် လက်တစ်စုံတွင်လည်း သွေးစီးကြောင်းများ ရှိနေသည်ကို တိမ်ပြာ တွေ့လိုက်ရ၏။ ထိုလက်ပိုင်ရှင်သည်လည်း ဒဏ်ရာ ရရှိနေတာ ထင်ရှား လှသည်။
“ရီမင်...”
သူ့ကို သယ်ဆောင်၍ ပျံသန်းနေသူက မြေးချွေးမ ခွန်ရီမင်ပင် ဖြစ်ကြောင်း တိမ်ပြာ ချက်ချင်း သတိပြု လိုက်မိ၏။
“ကျွန်မတို့ ဒီလောကနယ်မြေထဲက မြန်မြန် ထွက်သွားဖို့ လိုတယ်”
ခွန်ရီမင်က အစွမ်းကုန် ပျံသန်းရင်း တိမ်ပြာကို ပြောလိုက်၏။ သူမ၏ လှပသော မျက်လုံးများက ဝိညာဉ် အလင်းတန်းများနှင့် တဖိတ်ဖိတ် တောက်ပနေသည်။
“လောကနယ်မြေ...”
ယခုတစ်ကြိမ်တွင်တော့ တိမ်ပြာ၏ တွေးခေါ်မှုများက အနည်းငယ် နှေးကွေး နေခဲ့၏။ သုံးယောက်ထဲ၌ သူက အထိအနာဆုံး ဖြစ်သည့် အပြင် ဝေ့ဝူယင်၏ တိုက်ခိုက်မှု အောက်၌ အတုံးအရုံး အခံရဆုံးလူလည်း ဖြစ်သည်။ အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ကြည့်ပါက ဝေ့ဝူယင်မှာ သူတို့ကို အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။
အဘယ်ကြောင့်နည်း။ ထိုမေးခွန်းက အရေးမပါချေ။ ယခုအချိန်၌ အရေး အကြီးဆုံးအရာက ဝေ့ဝူယင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေခြင်း ဖြစ်သည်။
“ဟုတ်တယ်...”
ခွန်ရီမင်က လျှို့ဝှက် စွမ်းအင်လှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်ကာ လောကဖိအားကို ခုခံရင်း ဆိုလိုက်၏။
“ဒီနေရာမှာ ကျွန်မတို့ရဲ့ စွမ်းအင်တွေကို ပိတ်ပင်ခံထားရတယ်... အရှင်ဝေ့ရဲ့ လောကဖိအားက ကျွန်မတို့ထက် အများကြီး ပိုပြီး ပြင်းထန်တယ်... ဒီဧရိယာထဲမှာ ရှိတဲ့ မန်နာ၊ အမတေနဲ့ စွမ်းအင်တွေ အားလုံးက ကျွန်မတို့ ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘူး”
ပုံမှန်အားဖြင့် သူတို့သည်လည်း လျှို့ဝှက် ဝိညာဉ် အဆင့်များ ဖြစ်လေရာ ကိုယ်ပိုင် လောကဖိအားများကို ပိုင်ဆိုင်ထားကြပေသည်။ ထို့အပြင်... သူတို့၏ လောကဖိအားမှာ လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် စွမ်းအင်တို့၏ အားဖြည့်မှု အောက်၌ ရှိနေလေရာ အလွန်ပင် အစွမ်းထက်သည်။ သို့သော်လည်း.. ဝေ့ဝူယင် ထုတ်လွှတ်နေသည့် လောကဖိအားမှာ သူတို့ထက် အဆပေါင်းများစွာ ပိုမို လေးလံ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရွှေ ပိသာ တစ်ထောင်နှင့် ငှက်မွေး ပိသာ တစ်သောင်း နှိုင်းယှဉ်လျှင် ငှက်မွေးများက ပိုမို အလေးသာနေသည့် ဥပမာ အတိုင်းပင်။
“ပိတ်ပင်ခံထားရတာလား...”
တိမ်ပြာက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ရှိ မန်နာများကို နောက်တစ်ကြိမ် ထိန်းချုပ်ကြည့်ဖို့ ကြိုးစား လိုက်ပြန်သည်။ တတိယ တစ်ကြိမ်မြောက်တွင်လည်း သူ ကျရှုံးခဲ့ပြန်သည်။
ဝှစ်... ဝှစ်...
ခွန်ရီမင်၏ အမြန်နှုန်းက ပိုမို၍ မြင့်မားလာကာ သူမ မျက်လုံးများထဲမှ ထိတ်လန့် တုန်လှုပ်မှုများမှာလည်း ပိုမို၍ ပြည့်နှက် လာခဲ့သည်။ အလွန် ဝေးကွာသည့် အရပ်မှ လူတစ်ယောက်မှာ သူတို့နောက်မှ လိုက်လာနေကာ ဓားရောင်ဝါ တစ်ခုကတော့ ဆန့်ကျင်ဘက် လားရာသို့ ပျံသန်းရင်း ဖရိုဖရဲ ဓားအလင်းများကို ထုတ်လွှတ် နေခဲ့၏။ ငွေရောင် အတောင်ပံများနှင့် အတူ သုံးယောက်ထဲ၌ သူမက အလျှင်မြန်ဆုံး ဖြစ်သည်မှာ သံသယ ရှိစရာ မလိုပါချေ။
တိမ်ပြာက နောက်ကို လှည့်ကြည့်လိုက်ရာ ဝေ့ဝူယင်၏ လှပ ချောမောသည့် မျက်နှာကို တွေ့လိုက်ရ၏။ သူက ဒဏ္ဍာရီများထဲမှ နတ်တစ်ပါး ကဲ့သို့ ပုံမှန် လမ်းလျှောက်နေခြင်း ဖြစ်သော်လည်း ခြေလှမ်းတိုင်း၌ လောက ဒြပ်စင်များနှင့် မန်နာများက သူ့ကို ခစား နေကြကာ ရှေ့သို့ အဆက်မပြတ် တွန်းပို့ ပေးနေကြသည်။
တိမ်ပြာ၏ မျက်လုံးများက အပ်ပေါက်များလို ကျဉ်းမြောင်း သွားခဲ့၏။ ဝေ့ဝူယင်မှာ ခြေတစ်လှမ်းလျှင် မိုင်ပေါင်း တစ်သောင်းနှုန်းနှင့် သူတို့ နောက်ကို လိုက်လာနေခဲ့ခြင်း ဖြစ်ပေသည်။
တိုက်ပွဲများတွင် တစ်စုံတစ်ယောက်၏ လောကနယ်မြေ အတွင်း တိုက်ခိုက်ဝံ့သူ အလွန်ပင် ရှားပါးလှပေသည်။ ကိုယ်ပိုင် လောကနယ်မြေ တစ်ခု အတွင်း၌ ကျင့်ကြံသူတိုင်းမှာ ကမ္ဘာကြီးကို အစိုးရသည်။ သူတို့ကတော့ ဝေ့ဝူယင်၏ လောကနယ်မြေ အတွင်း ပိတ်မိသည် အထိ အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့မိကြသည်။
“အဲဒါကို ဖျက်ဆီးပစ်ရင်ရော...”
တိမ်ပြာက မျက်မှောင်ကြုတ်ရင်း အကြံပေးလိုက်၏။ ဝေ့ဝူယင်မှာ လောကနယ်မြေ၏ ထူးခြားသော စွမ်းအားကို အသုံးပြုကာ မိုင်ပေါင်း ၅၀၀၀၀၀၀ ခန့် အတွင်းမှ စွမ်းအင်များကို စုပ်ယူ အသုံးပြု နေခြင်း ဖြစ်သည်။ အချိန်တိုင်း၌ သူ့ လောကနယ်မြေက ပိုမို၍ သန်မာလာနေသည်။
သို့သော်လည်း... သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင်များ ဖြစ်ကြကာ ဝေ့ဝူယင်ကတော့ သာမန် သေမျိုး တစ်ဦးသာ ဖြစ်သည်။ သူ၏ လောကနယ်မြေက ဘယ်လောက်ပင် အစွမ်းထက် စေကာမူ သေမျိုး တစ်ယောက်၏ လောကနယ်မြေ ဖြစ်နေဆဲ ဖြစ်သည်။ ပိသာပေါင်း တစ်သောင်း အလေးချိန် ရှိလျှင်ပင် အဆုံးသတ်၌ ငှက်မွေးက ငှက်မွေးသာ ဖြစ်သည်။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ၎င်းကို ဖြိုခွဲကောင်း ဖြိုခွဲ နိုင်ပေသည်။
“ပါးစပ်ပိတ်ပြီး အာရုံစိုက်ထား...”
ခွန်ရီမင်က အော်ဟစ်လိုက်၏။ ထိုအခိုက်တွင်ပင် သူမ၏ ခန္ဓာကိုယ်က လောကနယ်မြေ၏ ဖိအားများကြောင့် ပိုမို၍ လေးပင်သွားသည်။ သူမ၏ မျက်နှာထက်၌ ကြောက်ရွံ့မှု အငွေ့အသက်များ ဖြစ်ပေါ်လာကာ တိမ်ပြာ၏ ခန္ဓာကိုယ်ကိုသာ လျှို့ဝှက် စွမ်းအားဖြင့် ဆွဲယူ ပစ်ပေါက် လိုက်လေ၏။
ဘုန်း... ဘုန်း...
အဝေးသို့ လွင့်စဉ် သွားရင်း ဝေ့ဝူယင်နှင့် ခွန်ရီမင်တို့ အနီးကပ် တိုက်ခိုက်နေသည့် ပုံရိပ်များကို တိမ်ပြာ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ သူတို့၏ တိုက်ခိုက်မှုများက လျှပ်စီးကြောင်းများ ကဲ့သို့ မြန်ဆန်လှကာ လိုက်ကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။ အဆုံးသတ်တွင်တော့ ငွေရောင် အလင်းတန်းများ ပြန့်ကျဲ သွားခြင်းနှင့် အတူ ခွန်ရီမင်၏ အကာအကွယ်မှာ ပြိုလဲကျသွား၏။
“ရှင့်ရဲ့ အစီအရင်ကို မြန်မြန် အသက်သွင်း...”
ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်နေသည့် အသံ အဆုံးသတ်၌ အရိုး ကြေမွသံများနှင့် အတူ ခွန်ရီမင်၏ နာကျင် ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ငွေရောင် အတောင်ပံများက တဟုန်ထိုး လှုပ်ရှားသွားကာ ခွန်ရီမင် ပုံရိပ်ယောင် တစ်သောင်းခန့် ပေါ်ထွက်လာလျှက် နေရာ အနှံ့သို့ ပြန့်ကျဲ သွားခဲ့လေ၏။
တိမ်ပြာ၏ မျက်လုံးများက အဆက်မပြတ် တောက်ပသွားကာ ဝိညာဉ်စွမ်းအားကို သုံးလျှက် လက်ဟန် ချိပ်တံဆိပ်များကို အဆက်အပြတ် ဖန်တီးလိုက်၏။ ဝိညာဉ် လမ်းစဉ်ကို အထူး အလေးထား လေ့ကျင့်သူ တစ်ယောက် အနေဖြင့် သူ၏ အစီအရင်များက သာမန် သေမျိုးတစ်ပိုင်း အရှင် အဆင့်များကိုပင် ထိခိုက် စေနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ သူ့ကို ပထမ ဦးဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကြိုးစားချင်တယ်ပေါ့...”
ရုတ်တရက် ဝေ့ဝူယင် အသံက နတ်ဘုရား တစ်ပါး၏ ခမ်းနား ထည်ဝါမှုနှင့် အတူ လောက နယ်မြေ၏ နေရာ အနှံ့ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ အလွန် ပြင်းထန်သည့် လောကဖိအားများနှင့် ဝိညာဉ် ဖိအားများက အဖက်ဖက်မှ တိုးဝင်လာလေရာ တိမ်ပြာမှာ ကိုဘ့်ကိုယ်ကို ကာကွယ်ရန် အတွက်သာ ပြန်လည် အာရုံစိုက် လိုက်ရသည်။ အစီအရင် ခင်ကျင်းရန် သူ၏ ရည်ရွယ်ချက်က လမ်းခုလတ်တွင်ပင် နှောက်ယှက် ခံလိုက်ရပြီ ဖြစ်သည်။
သို့သော်လည်း... တိမ်ပြာ၏ လှုပ်ရှားမှုက ဝေ့ဝူယင် ခွန်ရီမင် နောက်သို့ လိုက်နေသည့် လှုပ်ရှားမှုကို တဒင်္ဂစာမျှ နှောင့်နှေး သွားစေခဲ့သည်။ ထိုအချက်က သူ အမှန်တကယ် တိုက်ခိုက်သော အချိန်၌ ခွန်ရီမင်ကို ပြင်ဆင်ရန် မျက်တောင် တစ်ခပ်စာမျှ အချိန် ပိုရ သွားစေခဲ့သည်။
ဘုန်း...
လက်သီး နှစ်ခုမှာ ထိပ်တိုက် တွေ့ဆုံသွား၏။ မည်သည့် ကျင့်စဉ်၊ နည်းစနစ်မှ မပါချေ။ သည်အတိုင်း လျှို့ဝှက် အင်အားနှင့် ကြယ်တာရာ အင်အားတို့ တွေ့ဆုံသွားခြင်းသာ ဖြစ်သည်။
ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ ခွန်ရီမင်၏ ဘယ်ဘက် လက်က သွင်သွင်ကျိုးသွားလေရာ နာကျင်သည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း... သူမက နှေးကွေးခြင်း မရှိချေ။ အရှိန်ကို မြှင့်တင်ရင်း လောကနယ်မြေ အတွင်းမှ ထွက်ခွာရန်သာ ကြိုးပမ်းလိုက်၏။
ထိုကဲ့သို့ ပျ့သန်းရင်း ခွန်ရီမင် တိမ်ပြာကို လှမ်းကြည့်လိုက်သည်။ ထိုအခါ လူအိုကြီးမှာ ဝေ့ဝူယင်၏ လောကနယ်မြေကို ဖြိုခွဲရန် လျှို့ဝှက် စွမ်းအင်များ စုစည်းနေကြောင်း သူမ တွေ့လိုက်ရသည်။
“မလုပ်နဲ့...”
ခွန်ရီမင်က လှမ်းအော်ဟစ်ရင်း တားဆီးလိုက်၏။ ထိုအကြောင်းကို သူ မည်ကဲ့သို့ မတွေးမိပဲ နေပါမည်နည်း။ လောကနယ်မြေ တစ်ခုကို အတွင်းပိုင်းမှ ဖျက်ဆီးရန် ကြိုးပမ်းခြင်းမှာ အခက်ခဲဆုံးသော ကိစ္စ တစ်ရပ် ဖြစ်သည်။ ထို့ကြောင့်ပင် သူမမှာ လွတ်မြောက်ရန် အတွက်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်း အဆင့်ဖြင့် အချိန်သခင် တစ်ယောက်၏ လောကနယ်မြေကို ဖြိုခွဲရန်မှာ လွယ်ကူသင့်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ လောကနယ်မြေက အလွန်ပင် ကြီးမားလွန်းနေသည်။
ခွန်ရီမင်၏ သတိပေးစကားသံ မဆုံးသေးခင်မှာပင် ဝေ့ဝူယင်၏ အာရုံ စူးစိုက်မှုက သူမထံမှ တိမ်ပြာထံသို့ ရွေ့လျား သွားခဲ့သည်။ မိန်းကလေး၏ အမူအရာမှာ ပိုမို၍ပင် ဖြူရော်သွား၏။
ဟူး... ဟူး...
တိမ်ပြာမှာ ဂြိုဟ်တစ်ခုကိုပင် ဖျက်ဆီပစ်နိုင်သည့် လျှို့ဝှက် ကျင့်စဉ် တစ်ခုကို ထုတ်ဖော်ကာ လျှို့ဝှက် စွမ်းအင်များကို အဖက်ဖက်သို့ ဖြန့်ကျက် လိုက်သည်။ သာမန်ဂြိုဟ် တစ်ခု လမ်းကြောင်း၌ ပိတ်မိနေမည် ဆိုလျှင်ပင် ထိုဂြိုဟ်မှာ “ထာဝရ ကောင်းကင်” ကဲ့သို့ ထာဝရ ပျက်စီး သွားရလိမ့်မည် ဖြစ်သည်။
****