← Chapters

မာနသို့ ထိုးနှက်ချက်

Vol. 98 Ch. 1456

မာနသို့ ထိုးနှက်ချက်

Vol. 98 Ch. 1456

“ အာ … အင်း ကျေးဇူးပဲ…”

“ လီရှီ… ရှင်းရန်… ငါ သူ့ကို သင်ပေးလိုက်မယ်…” သိုက်ချိန်ဟောင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက်ကိုလည်း ငါပဲ သင်ပေးခဲ့တာဆိုတော့ ငါသာ သင်ပေးလိုက်မယ်ဆိုရင် သူပိုပြီး တတ်လွယ်သွားတာပေါ့…”

“ မလိုဘူး… ငါ့ဘာငါပဲ သင်ပေးမယ်..”

လီရှီ လင်းရီကို ဆွဲခေါ်လာခဲ့သည်က သူနှင့် ရင်းနှီးမှု ရယူ၍ ဆက်ဆံရေး တစ်ဆင့်တက်နိုင်ရန် ဖြစ်သည်။ ယခုလို အခွင့်အရေးကောင်း တစ်ရပ်ကို သူမ သိုက်ချိန်ဟောင်အား မပေးလိုသည်မှာ သဘာဝပင်။

“ ဒါပေမယ့် မင်းက စကိတ်ပဲ စီးတတ်တာလေ… သင်ပေးတဲ့ နေရာမှာ အတွေ့အကြုံမရှိရင် ထိခိုက်နာကျင်ဖို့ လွယ်တယ်…” သိုက်ချိန်ဟောင် ကြင်နာစွာ ရှင်းပြပေးလိုက်ပြီး “ ငါ သူ့ကို အရင်ဆုံး အခြေခံလေးတွေ သင်ပေးလိုက်မယ်… ပြီးမှ မင်းတို့နှစ်ယောက် သင်ပေးလိုက်ကြပေါ့… အဲ့လိုဆို ပို အဆင်မပြေသွားဘူးလား…”

“ ညီကိုဟောက် ပြောတာ မှန်တယ်…” ကျိုးချောင် ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် စကိတ်စီး စသင်သင်ချင်းတုန်းက ဘယ်လောက်တောင် ပစ်လဲကျခဲ့ကြလဲဆိုတာ မှတ်မိသေးတယ်မလား..”

“ အဲ့ဒါက….”

ယခင် အတိတ်က နာကျင်မှုကို ပြန်အမှတ်ရတော့ မိန်းကလေးနှစ်ယောက် မရေရွတ်ပဲ မနေနိုင်တော့ချေ။

“ ကောင်းပြီလေ… နင် သူ့ကို အခြေခံလေးတွေ အရင်သင်ပေးလိုက်… နင်ပြီးရင် ငါတို့သူ့ကို သင်ပေးမယ်..”

“ အဲ့လိုမှပေါ့…” သိုက်ချိန်ဟောင် ရယ်မောလိုက်ရင်း လင်းရီကို ကြည့်လိုက်၏။

“ ငါနဲ့ ဘေးလိုက်ခဲ့… မင်းရဲ့ ကိုယ်ဟန်က မင်းရဲ့ ပခုံးတွေလောက်ကို ချဲ(ခြား)ထားရမယ်… ခြေထောက်တွေကို တောင့်မထားနဲ့ ဖြေလျော့ထား…. ဒူးတွေကို ရှေ့ကွေးထားမယ်… ငါပြောတဲ့အတိုင်းလုပ်…”

သိုက်ချိန်ဟောင် အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်ပြီး သူ့ကိုယ်သူ အတတ်ကြီးမှန်း အရမ်း သိသာစေသည်။

လင်းရီ၏ နှုတ်ခမ်းတို့က တွန့်ကွေးလျက် ပြုံးနေသည်။ ကောင်မလေး နှစ်ယောက်နှင့် အတူ ကစားဖို့ကို လင်းရီ အတော်လေး စိတ်ဝင်စား၏။ သို့သော် ယခုကဲ့သို့ ထင်ပေါ်ဝင့်ကြွားချင်သူ တစ်ဦး ပေါ်လာသဖြင့် ကိစ္စများက စိတ်ဝင်စားစရာ မကောင်းတော့ချေ။ သို့ပေမယ့်လည်း လင်းရီ မည်သည်ကိုမျှတော့ မဆို။ သိုက်ချိန်ဟောင်၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေးရင်း စကိတ်စီးသည့် ကိုယ်ဟန်ကို ပြုလိုက်၏။

“ ကိုယ်ကို ဖြောလျော့ထား… စိတ်လှုပ်ရှားစရာ မလိုဘူး… ငါမင်းကို ဘေးနားခေါ်သွားပြီး မင်းရဲ့ စကိတ်ကို အောက်ဖြည်းဖြည်းချင်း ဆင်းခိုင်းမယ်…”

“ အိုကေ…”

သိုက်ချိန်ဟောင်လည်း သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင် လုပ်၍ လင်းရီကို သူနှင့် အတူ အောက်သို့ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။ သူ့စိတ်ထဲ၌ နည်းဗျူဟာ တစ်ခုကိုလည်း စဉ်းစားထားပြီး ဖြစ်လေသည်။

သူ၏ လက်ရှိအခြေအနေကို သုံးသပ်ကြည့်မည်ဆိုပါက ရပ်တန့်လိုက်သည့်အခါတွင် လင်းရီ ပစ်လဲကျဖို့က ကျိန်းသေသလောက်ကို ရှိ၏။ ထိုအခိုက်အတန့်တွင် သူ့စကားကို မလိုက်နာရကောင်းလားဆိုပြီး ပိုးစက်ပက်စက် ကြိမ်းမောင်းရန် အပြတ် မောင်းတင်ထားသည်။ ထိုအချိန်၌ ဖြစ်ပျက်နေမည့် လင်းရီ၏ မျက်နှာငယ်လေးကို တွေးရင်း သူ မရယ်မောဘဲ မနေနိုင်ချေ။

ဝှစ်…

လင်းရီကို မည်သို့မည်ပုံ ကိုင်တွယ်မည်ဟု သိုက်ချိန်ဟောင် အကြံတွေ ထုတ်နေစဉ်မှာပဲ …

လင်းရီက စကိတ်စီးသည့် စံကိုယ်နေဟန်ထားဖြင့် အောက်သို့ ဆင်းသွားသည်ကို လီရှီ အံ့အားသင့်စွာဖြင့် မြင်တွေ့လိုက်ရလေသည်။

“ အစ်ကိုလေးက သိပ်တော်တာပဲ… သင်ပြီး ခဏပဲ ရှိသေးတယ် ချက်ချင်း လုပ်တတ်သွားပြီ… “ လီရှီ ကြည့်ရင်း ချီးမွမ်းလိုက်၏။

“ အဲ့တာ သင်ပေးတဲ့ငါ တော်လို့လေ… သူနဲ့ ဘာမှမဆိုင်ဘူး…” သိုက်ချိန်ဟောင် ရယ်မောပြီး ပြောလိုက်ရင်း “ ဒီမှာ ခဏစောင့်နေဦး… ငါ သူ့နောက် လိုက်သွားလိုက်ဦးမယ်..”

ပြောပြီးသည်နှင့် သိုက်ချိန်ဟောင် သူ၏ ski pole နှစ်ချောင်းကို ဝှေ့ရမ်း၍ လင်းရီနောက် လိုက်လာခဲ့သည်။

ထိုအတောအတွင်း ကျန်နေရစ်ခဲ့သည့် သုံးယောက်သားတို့မှာ လင်းရီက တော်တော်လေး အရည်အချင်း ရှိပြီး ယခုမှ နှင်းစကိတ်စစီးသည့် လူတစ်ယောက်နှင့် မတူညီကြောင်းကို သတိပြုမိလိုက်၏။

သူတို့ပင် သူနှင့် ယှဉ်နိုင်ဖို့ရာ သိပ်မသေချာပေ။

၎င်းကို နောက်ကလိုက်နေသည့် သိုက်ချိန်ဟောင်လည်း သတိပြုမိသွားခဲ့သည်။ သူ၏ ခွန်အား အလုံးစုံကို ထုတ်သုံးထားသော်လည်း သူနှင့် လင်းရီကြား အကွာအဝေးကို မနီးကပ်နိုင်ပဲ ဖြစ်နေသည်။ ထို့ပြင် သူတို့ကြားရှိ အကွာအဝေးက ကြီးသည်သထက် ကြီးမားလာပြီး မည်သို့ပင် ကြိုးပမ်းစေကာမူ မလိုက်မီနိုင်တော့လောက်သည်အထိ ဖြစ်ပျက်လာခဲ့တော့၏။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

သိုက်ချိန်ဟောင်၏ တစ်ကိုယ်လုံး သက်တောင့်သက်သာ မဖြစ်သကဲ့သို့ ခံစားသွားခဲ့ရသည်။ သူကိုယ်၌က သင်ပေးပါမည်ဟု ဆိုထားသော်လည်း နောက်ကနေ လိုက်လို့မမှီသည့်လူက သူကိုယ်၌ပဲ ဖြစ်လို့နေလေသည်။

၎င်းကို မြင်တော့ ကုန်းထိပ်ရှိ လူသုံးယောက်လည်း နှင်းထူသည့် လမ်းတစ်လျှောက် နှင်းလျှောစီးလာခဲ့ကြ၏။

အဆုံးတွင်တော့ သူတို့အားလုံး လင်းရီ၏ နောက်ကျောကိုသာ မြင်နိုင်ပြီး သူ၏ စကိတ်စီးသည့် ကိုယ်နေဟန်ထားနှင့် လျင်မြန်မှုတို့က သူတို့အားလုံးကို လုံးဝ ချေမှုန်းသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။

“ ဘုရားရေ… အစ်ကိုလေး နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ… နောက်ကနေ ကြည့်ရင်း ပရော်ဖက်ရှင်နယ် ကစားသမားလို့တောင် ထင်မိပြီး စိတ်ထဲ အံ့အားသင့်မိသွားသေးတယ်..” လီရှီ တလက်လက်တောက်နေသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ အဟုတ်ပဲ.. နင်က ညာတာ အရမ်းတော်တာပဲ အစ်ကိုလေး… နင် စကိတ်စီးတာ ဒီလောက်တော်တာ ငါတို့ကို အရူးလုပ်တယ်…” မုန့်ရှင်းရန် ပြောလိုက်ပြီး “ အဲ့ဒီ သက်လတ်ပိုင်း ဦးလေးကြီးရဲ့ အပြစ်ပဲ … သူ နင့်ကို လူသစ်လေးလို့ စွပ်စွဲပြီး ငါတို့ကို အရူးဖြစ်အောင် လုပ်တယ်…”

“ တကယ်တမ်းကျ အဲ့ဒီ ဦးလေးကြီးရဲ့ အပြစ်မဟုတ်ပါဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါလည်း ခုမှ ပထမဆုံး အကြိမ် နှင်းစကိတ်စီးဖူးတာပဲ … ဒါပေမယ့် ခဏလောက် သင်ပြီးတော့ တတ်သွားခဲ့တာ .. သူက ငါ တတ်သွားပြီဆိုတာကို မသိရုံလေးတင်ပဲ…”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ… စကိတ်စီးတယ်ဆိုတာ နည်းစနစ်တွေ အများကြီးနဲ့ ပိုင်နိုင်ကျွမ်းကျင်ဖို့ဆိုတာ အချိန်လည်း ပေးရတယ်… နင် ဒီလောက် အချိန်တိုအတွင်း စီးတတ်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..” လီရှိ ပြောလိုက်၏။

“ ငါလည်း ထောက်ခံတယ်… ငါ ပထမဆုံး အကြိမ် စကိတ်စစီးတုန်းကဆို ဆောင်း တစ်ခုလုံးကို လေ့ကျင့်ရင်းနဲ့ပဲ အချိန်တွေ ကုန်ခဲ့ရတာ…” မုန့်ရှင်းရန်လည်း ဝင်ပြော၏။

“ ငါတော့ ဒီတိုင်း ပါရမီနဲ့ ဆိုင်မယ်လို့ ထင်တာပဲ…”

“ အွန်း အွန်း … နင်က အရမ်း ပါရမီပါတယ်… သိုက်ချိန်ဟောင်ထက်တောင် တော်သေးတယ်…”

“ သူ့စကေးတွေက ဒီတိုင်း သာမန်ပါပဲ… ဒီတော့ သူငါ့ကို သင်ပေးဖို့ မလိုတော့ဘူး… ငါ့ဘာငါပဲ စီးတော့မယ်.. “

သိုက်ချိန်ဟောင် နေရာ၌ ကိုးရို့ကားယား ဖြစ်စွာ ရပ်နေလျက်ရှိပြီး အချိန်အတော်ကြာသည်ထိအောင် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ဖြစ်နေသည်။

သူ၏ ယုံကြည်မှုတို့က ယခုလေးတင် ပြည့်လျှံနေပြီး လင်းရီကို ဆုံးမပစ်မည်ဟု ကြိမ်းဝါးနေခဲ့သော်လည်း လင်းရီ၏ အရည်အချင်းတို့က သူ့ထက်ပင် သာနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ယင်းက သူ၏ မာနကို အမှန်ပင် ထိခိုက်စေသည်။

“ တကယ်တမ်းကျ ငါလည်း သူ့စကေးတွေက ဒီတိုင်း သာမန်ပဲလို့ ထင်တယ်… ဒီတိုင်း ငါတို့ကြားမှာမို့လို့သာ သူ့စကေးတွေက ပိုကောင်းသလိုလို ရှိနေတာ သူများတွေနဲ့ ယှဉ်ကြည့်လိုက်ရင် သူလည်း ဘာမှ ထူးမနေပါဘူး..” မုန့်ရှင်းရန်လည်း မှတ်ချက်ပြုလိုက်၏။

သို့နှင့် မိန်းကလေး နှစ်ယောက်လုံးမှာ လင်းရီ၏ လက်မောင်းများကို တစ်ဖက်တစ်ချက်စီတွဲရင်း ကေဘယ်ကားဆီသို့ တဖန် ဦးတည်လိုက်ကြ၏။

“ အစ်ကိုလေး … နင့် စကေးတွေက ဒီလောက်ထိ ကောင်းနေတာ နင် ဒီနေ့ ငါတို့ကို ကောင်းကောင်း သင်ပေးရမယ်နော်… ငါ အလေးအနက်ထားပြီး သင်မှာပါ…”

“ ကောင်းပြီလေ… ဒါဆိုလည်း ပျော်စရာလေးတွေ ဖန်တီး လိုက်ကြတာပေါ့…”

သုံးယောက်သား ရယ်မောပြောဆိုရင်းဖြင့် ကေဘယ်ကားပေါ် တက်လိုက်ကြပြီး သိုက်ချိန်ဟောင်နှင့် ကျိုးချောင်တို့ကို နောက်တွင် မေ့နေခဲ့ကြလေသည်။

“ အစ်ကိုဟောင်… ငါတို့တော့ အတွက်မှားသွားပြီ… အဲ့ကောင်က တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာပဲ… သူက ကျားကို စားချင်လို့ ဝက်ယောင်ဆောင်နေခဲ့တာ…”

“ မင်းမြေနိုးပဲ … ငါ ဒေါသထွက်လွန်းလို့ သေသာသေလိုက်ချင်တယ်…” သိုက်ချိန်ဟောင် အားပါးတရ ကျိန်ဆဲနေပြီး “ လစ်စို့… ငါတို့ကောင်တွေ သူ့ကို လက်စားချေနိုင်မယ့် အခွင့်အရေး ရှိမရှိ ကြည့်ကြမယ်…”

“ အင်း…”

ခန့်မှန်းချေ နာရီဝက်ခန့်ကြာပြီးနောက် လင်းရီနှင့် ကျန်နှစ်ယောက်မှာ သုံးလေးကြိမ်ခန့် အောက်သို့ ဆင်းပြီးကြပြီး သိုက်ချိန်ဟောင်နှင့် ကျိုးချောင်တို့ကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့ကြသည်။

လင်းရီ နှင်းစကိတ်စီးသည့် တစ်ခုတည်းပဲ တစ်ချိန်လည်း ပြုလုပ်မနေချေ။ နှင်းလျှောစီးသည့် ဘုတ်ပြားကိုလည်း စမ်းကြည့်ခဲ့ပြီး လျင်လျင်မြန်မြန်ပဲ နေသွားကျခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူ တော်တော်လေး ကျွမ်းကျင်နေပြီကို ပြောနိုင်ပြီး နှင်းလျှောဘုတ်စီးသည့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာခဲ့ချေပြီ။

ထိုအချိန်အတောအတွင်း သူ၏ အရည်အချင်းတို့က အတော်လေး တိုးတက်လာသည်ဟု လင်းရီ ခံစားလိုက်ရ၏။ အန်းနင်ကို အနိုင်ယူဖို့ရာအတွက် ပြဿနာ မရှိတော့ချေ။

နာရီကို ငုံ့ကြည့်လိုက်တော့ ချိန်းထားသည့် နာရီထက် မိနစ် ၂၀ ပင် ကျော်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သို့သော် အန်းနင်နှင့် လီစီကျင်းတို့က ယခုတိုင် ပေါ်မလာကြသေးချေ။

သူ ကောင်မလေး နှစ်ယောက်ကို နှုတ်ဆက်ပြီး လူသစ် ကုန်းဆင်းသို့ သွား၍ ထိုနှစ်ယောက်နှင့်တွေ့ရန် ဆင်းလာခဲ့သည်။

သို့သော် သူ ရောက်လာခဲ့သည့် အချိန်တွင်ပဲ သူ့ရှေ့၌ လူအုပ်ကြီး တစ်အုပ် စုဝေးနေသည်ကို မြင်တွေ့လိုက်ရပြီး ထို့ပြင် ငြင်းခုန်နေကြသည့် အသံဗလံ များကိုလည်း တစ်ချက်တစ်ချက် ကြားနေရ၏။

“ မင်း ဒီမှာ လာပြီး စကိတ်စီး လာသင်ပေးလို့ မရဘူး… မင်း ကစားရင် ကစား …. မကစားဘဲ သင်ပေးမယ်ဆို ဒီက ထွက်သွားလိုက်တော့…”

“ ကိုယ့်သူငယ်ချင်းကိုယ် စကိတ်စီးသင်ပေးတာ ဘာမှားနေလို့လဲ… ရှင်တို့ စည်းကမ်းက ဘယ်လိုတောင် စုတ်ပြတ်နေတာကြီးလဲ..”

အသံက ရင်းနှီးနေသလို ရှိနေသည်နှင့် လင်းရီ အနီးကပ် သွားကြည့်လိုက်တော့ ငြင်းခုန်နေကြသည့် လူတို့က အန်းနင်နှင့် လီစီကျင်းတို့ ဖြစ်ကြောင်းကို သတိပြုမိလိုက်လေသည်။

သူမတို့ရှေ့တွင်တော့ သက်လတ်ပိုင်း အမျိုးသားတစ်ချို့ မတ်တပ်ရပ်နေလျက် ရှိပြီး သူတို့၏ ဝတ်စားပုံမှ ကောက်ချက်ချကြည့်ရသလောက်တော့ နှင်းစကိတ်စီး သင်ပေးသည့် နည်းပြများ ဖြစ်ပုံပင်။

“ အဲ့ဒါ ဒီက စည်းမျဉ်းပဲ…” ခေါင်းဆောင်ဖြစ်သည့် သက်လတ်ပိုင်း အမျိုးသားက လက်ဟန် ခြေဟန်ဖြင့် ပြောလိုက်ပြီး “ ဒီမှာ ငါတို့ နည်းပြတွေက လွဲပြီး ဘယ်သူမှ တခြားသူတွေကို စကိတ်စီး သင်ပေးလို့ မရဘူး… ဘာလို့ဆို မင်းတို့မှာ လိုင်စင် မရှိလို့ပဲ … တစ်ခုခု ဖြစ်သွားရင် ငါတို့ ဘာတာဝန်မှ မယူပေးနိုင်ဘူး..”

နှစ်ဖက်ကြားရှိ ငြင်းခုန်နေသည့် အသံကို ကြားတော့ လင်းရီ ရုတ်တရက်ဆိုသလို သက်လတ်ပိုင်း ဦးလေးကြီး သူ့အား ပြောခဲ့သည်ကို ချက်ချင်း အမှတ်ရသွားခဲ့၏။

ဆွေမျိုးမိတ်‌ဆွေများနှင့် သူငယ်ချင်းများက ဤနေရာ၌ ကိုယ့်အချင်းချင်း နှင်းစကိတ်စီးသင်ခွင့် မပြုထားပေ။ အကယ်၍ တစ်စုံတစ်ယောက် စီးသင်ချင်သည်ဆိုပါက အပန်းဖြေစခန်းက နည်းပြများကို အကူအညီတောင်းရပေမည်။

ထိုသို့သော ကိစ္စမျိုးက အန်းနင်နှင့် လီစီကျင်းတို့ နှစ်ယောက်၌ လာပြီး ဖြစ်ပျက်လိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ချေ။

“ ကျွန်မတို့လည်း ရှင်တို့ တာဝန်ယူပေးတာကို လိုမနေဘူး…” အန်းနင် ပြောလိုက်ပြီး “ သူ စီးလို့ ဒဏ်ရာသွားရင်တောင် ရှင်တို့နဲ့ ဘာမှမဆိုင်ဘူး..”

“ ကြားလို့တော့ ကောင်းနေတာပဲ… တကယ်ဖြစ်တော့မှ မင်းတို့ စကားကို ပလောင်းပလဲ မပြောဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…”ခေါင်းဆောင်ဖြစ်သည့် နည်းပြက ပြောလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက စည်းမျဉ်းပဲ…. ငါတို့ နည်းပြဝန်ထမ်းတွေကလွဲရင် ဒီနေရာမှာ ဘယ်သူကမှ စကိတ်စီးသင်ခွင့် မရှိဘူး…”

All Chapters