ဒုတိယ စက်မှုနှင့် ကုန်သွယ်ရေး ဗျူရို
Vol. 98 Ch. 1457
“ ဘာမို့လို့ ရှင်တို့ ပြောတာ နားထောင်ရမှာလဲ…”
လီစီကျင်းမှာတော့ အန်းနင်၏ နောက်တွင် ပုန်းနေရင်း စကားတစ်ခွန်းမျှ မပြောဝံ့ဘဲ ရှိနေသည်။
သို့သော် အန်းနင်က မည်သူနည်း။
သူမက မြောက်ပိုင်းသူ စစ်စစ် တစ်ယောက်ဖြစ်ပြီး စွန်းမန်ကျားတို့လို လူမိုက်အုပ်စုနှင့် မျက်နှာချင်းဆိုင်စဉ်ကပင် ခြေတစ်လှမ်း နောက်ဆုတ်ခဲ့သူ မဟုတ်ချေ။ ယခုလို နည်းပြများအား အဘယ်ကြောင့် ကြောက်ရွံ့နေလိမ့်မည်နည်း။
“ ကျွန်မ ဒီနေ့ သူ့ကို စကိတ်စီး သင်ပေးမယ်… ရှင်တို့ ဘာတတ်နိုင်လဲ ပြစမ်း…”
“ ဝူးဟူး… လုပ်ထား ကောင်မလေး…”
အန်းနင်၏ သဘောထားက ဘေးကနေ ကြည့်ရှုသူတို့၏ ပံ့ပိုးမှုကို သိမ်းပိုက်သွားခဲ့သည်။
သူတို့သာ ယခုလို အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက အန်းနင်ကဲ့သို့ ခေါင်းမာနေမည် မဟုတ်ဘဲ တစ်ဖက်ကို လိုက်လျောပေးခြင်းဖြင့် ပြီးဆုံးသွားလိမ့်မည်။
“ ဒါဆိုလည်း ဒီမှာ စကိတ်လာမစီးနဲ့ … ဒီက ထွက်သွားလိုက်တော့… ပြဿနာ လာမရှာနဲ့…”
ပြောပြီးနောက် ခေါင်းဆောင် နည်းပြသည် အန်းနင်၏ အင်္ကျီကို ဆွဲ၍ တွန်းထုတ်လိုက်သည်။ စကားနှင့် ပြောမရမှတော့ သူလည်း အင်အားသုံးရန်သာ ကျန်တော့လေသည်။
“ နင့်သောက်လက်ကို ငါ့ပေါ်ကနေ ဖယ်စမ်း..”
“ အစ်ကိုရီ…”
လင်းရီကို မြင်တော့ အန်းနင် အပြေးလေးလာပြီး ချက်ချင်း လက်ငင်း လုံခြုံသည်ဟူ၍ ခံစားလိုက်ရတော့သည်။
“ မင်းကရော ကြံရာပါပဲလား…”
“ အဲ့တော့ ပြဿနာ ရှိလား…”
“ ငါ တစ်ခုပဲ ပြောမယ်…” ခေါင်းဆောင် နည်းပြကနေပြီး “ မင်းတို့ ဒီမှာ ကစားချင်တယ်ဆိုရင် စည်းမျဉ်းတွေကို လိုက်နာပါ… မင်းတို့ မလိုက်နာချင်ဘူးဆိုရင် ဒီကနေ ထွက်သွားလိုက်… ဘယ်သူကမှ မင်းတို့ကို အတင်းမနေခိုင်းဘူး…”
“ မင်းတို့ရဲ့ ခုလုပ်နေတဲ့ ပုံစံက လမ်းဘေးလူမိုက်တွေနဲ့ တူတယ်လို့ မထင်ဘူးလား… မင်းတို့တွေ အတိုင်ခံရမှာကို မကြောက်ကြဘူးလား…”
“ အတိုင်ခံ ရမယ် ဟုတ်လား… တိုင်ချင်တဲ့ကောင် တိုင်ကွာ…” ခေါင်းဆောင် နည်းပြက ပြောလိုက်ပြီး “ မင်းတိုင်မယ်ဆို 12315ကို ဖုန်းဆက်ပြီးတိုင်လိုက်… မင်း မတိုင်ဘူးဆိုရင် ငါ အထင်သေးမှာပဲ…”
“ မလိုဘူး… ငါ့မှာ သီးသန့် ဖုန်းနံပါတ် ရှိပြီးသား.. 12315 ကို ဖုန်းဆက်ရင် အချိန်ကြာမှာ… ငါ့မှာ စောင့်ဖို့ အချိန်မရှိဘူး…”
ပြောပြီးနောက် လင်းရီသည် ဝမ်ကျူညှန်ဟု ခေါ်သည့် လူနာမည်ကို တွေ့သွားခဲ့ပြီး နံပါတ်နှိပ်၍ ဖုန်းခေါ်လိုက်၏။
“ အတွင်းရေးမှူးဝမ်….”
“ ……. “
“ ကုမ္ပဏီ ကိစ္စတော့ မဟုတ်ပါဘူး.. ဒီတိုင်း ကျုပ် ပင်းချိန်မှာ စကိတ်စီးနေတာ လူတစ်ချို့က ဒီမှာ နိုင်ထက်စီးနင်တွေ ပြုနေလို့… အဲ့တာ ခင်များ စုံစမ်းဖို့ လူတစ်ချို့ လွှတ်ပေးလိုက်လို့ရလား…”
“ ………… “
“ ဒီတိုင်း စကိတ်စီး သင်ပေးတဲ့ နည်းပြ တစ်အုပ်စုပါပဲ… သူတို့က သူများတွေကိုကျ ပေးမသင်ဘဲ သူတို့ စရိတ်ရအောင် အတင်း ဂွင်ဖန်နေကြတာ … ဒီလိုလုပ်တာက စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေတယ်မလား…”
“ …… “
“ ကောင်းပြီလေ.. ခင်များတို့ ကြိုက်သလို လုပ်လို့ရတယ်…”
"........"
“ ဒါပေါ့ ကျုပ် လာဖြစ်ခဲ့ရင် သောက်ဖို့ ဖိတ်လိုက်ပါ့မယ်…”
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
ထိုအချိန်၌ ငြင်းခုန်နေကြသည့် အသံဗလံများ အားလုံးလည်း ငြိမ်ကျသွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ လင်းရီ ဖုန်းပြောနေသည့် အသံအား ပြတ်ပြတ်သားသား ကြားလိုက်ရသောကြောင့်ပင်။
အတွင်းရေးမှူးဝမ်။
ယနေ့ခေတ် ယနေ့အချိန်အခါတွင် မည်သို့သော နေရာပဲ ရောက်ရောက် ဗျူရို အဆင့် ကေဒါများက သာမန်လူတို့ အပြစ်မပြုနိုင်သည့် တည်ရှိမှုများ ဖြစ်ကြ၏။
“ အစ်ကိုရီ… ရှင်ဘယ်သူ့ဆီ ဖုန်းဆက်လိုက်တာလဲ… အဲ့တာက အလုပ် ဖြစ်ပါ့မလား…
လီစီကျင်း၏ အမြင်၌ တုံးဆန်းကောင်တီ၏ စက်မှုနှင့် ကုန်သွယ်ရေး ဗျူရို ခေါင်းဆောင်၏ မျိုးရိုးနာမည်က ဝမ်ပင်။
သို့သော် တုံးစန်းကောင်တီကဲ့သို့ ကောင်တီ အသေးစားလေးက ဤနေရာနှင့် အင်မတန် အလှမ်းဝေးလှပြီး မည်သို့သော လွှမ်းမိုးမှု တစ်စုံတစ်ရာမျှ မရှိသည်မှာ သေချာသည်။
“ စက်မှုနဲ့ ကုန်သွယ်ရေးဗျူရိုက ဒါရိုက်တာလေ…”
“ တုံးစန်းကောင်တီကလို့တော့ မပြောနဲ့နော်…”
“ အဘိုးကြီးဝမ်ရဲ့ အစွမ်းအစနဲ့ ဒီက ကိစ္စတွေကို သူ ဝင်စွက်ဖက်ဖို့ ဘယ်လိုလုပ် အဆင့်မီမှာ… “ လင်းရီ ပြုံးရင်း ပြောလိုက်ပြီး “ ဒီတစ်ယောက်က ရန်ကျင်းက …”
ဟစ်….
ထိုစကားကြားတော့ လူတိုင်း ပင့်သက်ရှိုက်မိသွားကြ၏။
သူက ရန်ကျင်းကို တိုက်ရိုက် ဖုန်းဆက်လိုက်တယ်ပေါ့… ဒီကောင့်ရဲ့ လွှမ်းမိုးမှုကြီးက တအား ကြီးလွန်းမနေဘူးလား…
ထိုအချိန်၌ နည်းပြများလည်း ဂနာမငြိမ် ဖြစ်လာကြသည်။
ယနေ့တော့ သူတို့တွေ တကယ့်လူနှင့်မှ ပြဿနာ တက်မိကြဟန် တူသည်။
“ ဟမ့်… မင်းကများ ရန်ကျင်းက စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရို အရာရှိကို ဖုန်းဆက်လိုက်တယ်ဟုတ်လား… မင်းကိုယ်မင်း ပင်းချိန်က အရေးကိစ္စတွေမှာ ကြိုက်သလိုလုပ်လို့ ရတယ်ထင်လား… ဒီစကားလုံးတွေနဲ့ ငါ့ကို ခြိမ်းခြောက်လို့ ရမယ်လို့ မင်းထင်နေလား…” ခေါင်းဆောင် နည်းပြက ပြောလိုက်သည်။
“ ငါ ရန်ကျင်းက စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရိုကို ဖုန်းဆက်တယ်လို့ ဘယ်သူပြောလဲ…”
“ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား… ဘာလဲ… ရန်ကျင်းမှာ စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရိုက တစ်ခုထက် ပိုရှိနေတယ်လို့ ငါ့ကို ပြောတော့မလို့လား… ဟာသပဲ…”
“ အမှန်လည်း နှစ်ခု ရှိတာပဲလေ… ဘာပဲဆိုဆို သူတို့က အသက် သုံးဆယ် မဟုတ်ရင် လေးဆယ် အရွယ်တွေချည်းပဲ … ဒုံးမဝေးစမ်းနဲ့…”
“ ဒီမှာ ဒုံးဝေးနေတာက မင်း… တစ်နေရာတည်းမှာ ဗျူရိုနှစ်ခု ရှိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
လင်းရီ၏ မိုက်မဲ ဉာဏ်တိမ်လှသည့် စကားလုံးတို့က ခေါင်းဆောင် နည်းပြကို ယုံကြည်ချက်တို့ ပြန်လည်ရရှိလာစေသည်။ ဤကောင်က ရူးနေပြီး ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်ဟုတောင် မြင်မိ၏။
ဘေးနားရှိ လူတို့ကလည်း လင်းရီကို ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့ကြ၏။
စက်မှုနှင့် ကုန်သွယ်ရေး ဗျူရိုကဲ့သို့ တရားဝင် အဖွဲ့အစည်းများ၌ ပြည်နယ်တစ်ခုစီတွင် ဗျူရိုတစ်ခုသာလျှင် ထားရှိသည်။ ယင်းက မည်သူ မဆို သိရိုးထုံးစံပင်။
ရန်ကျင်းက မြို့တော် ဖြစ်ခဲ့လျှင်ပင် ဤကဏ္ဍတွင်တော့ ထူးခြားနေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုနေရာ၌ ဒုတိယ စက်မှုနှင့် ကုန်သွယ်ရေး ဗျူရို ရှိဖို့ရာ မည်သို့မျှ မဖြစ်နိုင်ချေ။ လင်းရီကသာ မှားယွင်းနေသူ ဖြစ်၏။
“ မင်းတို့ ပြောတာ မှန်တယ်.. ဘယ်နေရာမှာမဆို တစ်ခုတည်း ရှိနိုင်တာ… ဒါပေမယ့် ရန်ကျင်းကတော့ မတူဘူး… ရန်ကျင်းဒေသရဲ့ စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရိုအပြင်ကို နောက်ထပ် ပြည်နယ် ရုံးချုပ်တစ်ခုလည်း ရှိသေးတာကို မေ့နေကြတယ်နဲ့ တူတယ်…”
ဟစ်….
ထိုစကားလုံးများ ကြားလိုက်သည်နှင့် လူတိုင်း အံ့အားသင့်ကုန်ကြသည်။
သူ တကယ်ကြီး ပြည်နယ် စက်မှုနဲ့ ကုန်သွယ်ရေး စီမံခန့်ခွဲရေးက တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်တယ်ပေါ့….
ဒီ လူငယ်လေးက ဘယ်ကနေ ရောက်လာတာပါလိမ့်… သူ ဘာလို့ ဒီလောက်တောင် အံ့အားသင့်ဖို့ ကောင်းနေရတာလဲ…
“ ပြည် .. ပြည်နယ် ရုံးချုပ်….. “
ဂလု…
“ ငါ ဖုန်းဆက်လိုက်တဲ့သူက ဝမ်ကျူးညှန်… မင်းတို့ မယုံဘူးဆိုလည်း လိုင်းပေါ်မှာ သွားရှာကြည့်ကြည့်.. ငါ မင်းတို့ကို အနိုင်ကျင့်တယ်လို့ မဆိုနဲ့…”
“ အဲ့ဒါက….”
ထိုအချိန်၌ နည်းပြအသင်းထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
မည်သူကရော ဟုတ်၏ မှန်၏ စစ်ကြည့်ချင်စိတ် ရှိကြဦးမည်နည်း။
သို့သော် လူအုပ်ထဲရှိ ပါလေရာ ငါးပိ ၊ စပ်စုစိန်တို့ကတော့ တရားဝင်ဝက်ဆိုဒ်ထဲ ဝင်စစ်ဆေးကြည့်ရာ အဖွဲ့အစည်း ဇယား၌ ဝမ်ကျူညှန်၏ နာမည်ကို ကွက်ကွက်ကွင်းကွင်းကြီး မြင်တွေ့လိုက်ရလေသည်။
“ အဲ့လူ တကယ်ကြီး ရှိတယ်…”
လူအုပ်ထဲက တစ်ယောက်တစ်ပေါက် အံ့အားသင့်သံတို့က နည်းပြ အသင်းသားများကို လုံးလုံးလျားလျာ ပြောစရာစကား ကင်းမဲ့သွားစေခဲ့တော့သည်။
“ ကဲပါ ကဲပါ… ဒီမှာ နိုင်ငံခြား ဧည့်သည်တွေ ရှိတယ်ဆိုတော့ ငါ ဒီကိစ္စ ဆက် ဇာမချဲ့ချင်တော့ဘူး … မင်းတို့ဘာမင်းတို့ ကစားကြတော့…”
အခြေအနေ မဟန်သည်ကို သတိထားမိတော့ ခေါင်းဆောင် နည်းပြက ပါးပါးနပ်နပ်နဲ့ ခေါင်းစဉ် ပြောင်းလိုက်၏။
အကယ်၍ ဤသောက်ကလေးက ရုပ်တည်ကြီးနှင့် ကြွားပြောနေသည်ဆိုပါက အလွန်ဆုံး သူ ဆုံးရှုံးလိုက်ရမည်မှာ ယွမ် ၁၀၀ မျှပင်။ အကယ်၍များ မှန်နေခဲ့မည်ဆိုပါက ဆုံးရှုံးလိုက်ရမည်က သူ၏ အလုပ်ပင် ဖြစ်လေသည်။
ယခုလို အသေးမွှား ကိစ္စလေးကြောင့်နှင့် ဧရာမ စွန့်စားမှုကြီးတစ်ခု ပြုလုပ်ဖို့ရာ ထိုက်တန်ခြင်း မရှိချေ။
ဖြစ်ပြီးမှ နောင်တရသည်ထက် မဖြစ်ခင်က ကြိုပြီး ကာကွယ်ထားတာ ပိုကောင်းလေသည်။
“ ဟေ့ ဘာလို့ ထွက်သွားဖို့ အလျင်လိုနေရတာတုန်း … ဒီကိစ္စ ဖြေရှင်းလို့ မပြီးသေးဘူးလေ…”
“ မင်းလိုကောင်နဲ့ ငါ အာရုံမနောက်ချင်ဘူး…”
“ ကျောက် တဲ့ မင်… မင်းအဲ့နေရာမှာ ရပ်စမ်း…”
နည်းပြက နောက်သို့လှည့်၍ ထွက်ခွာသွားတော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို အော်ဟစ်သံတစ်သံအား သူ ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ နှင်းစကိတ်စီး အပန်းဖြေစခန်း၏ အထွေထွေ မန်နေဂျာ ၊ လီဖေးရန် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ အိုး ဒါရိုက်တာလီပါလား… ဒီကို ဘာလဲ လာလုပ်တာ…”
လီဖေးရန်က အပန်းဖြေ ဧရိယာ တစ်ခုလုံးကို တာဝန်ယူထားသည့်လူ ဖြစ်ပြီး ဤနေရာ၌ ရာထူး အမြင့်ဆုံး လူတစ်ယောက်ဟု သတ်မှတ်၍ ရသည်။
လူတိုင်းကလည်း သူ၏ စကားကို နားထောင်ရပြီး သူ့ရှေ့ရှိ ခေါင်းဆောင် နည်းပြပင် ခြွင်းချက် မရှိချေ။
ထို့ကြောင့် သူ့ကို မြင်တော့ မောက်မာနေသည့် ခေါင်းဆောင် နည်းပြမှာ ယဉ်ယဉ်ကျေးကျေး ဖြစ်သွားခဲ့ရခြင်းဖြစ်၏။
“ မင်းကများ မေးရတယ် ရှိသေးတယ် ဟုတ်လား….” လီဖေးရန် လူရှေ့မရှောင် သူရှေ့မရှောင် အော်ငေါက်လိုက်ပြီး “ မင်းတို့ကောင်တွေ လူမိုက်တွေလို အုပ်စုဖွဲ့ပြီး ပိုက်ဆံညစ်နေတယ်လို့ တိုင်နေတဲ့လူရှိလို့… အဲ့ဒါက ငါတို့ရဲ့ ခရီးသွားနယ်ပယ်ကို ထိခိုက်စေတယ်… မင်း အဲ့လိုကိစ္စတွေ လုပ်နေတာလာ…”
ထိုသို့ အအော်ခံလိုက်ရ၍ ကျောက်တဲ့မင် ကြက်သေသေသွားခဲ့၏။ သူ တစ်စုံတစ်ရာ ပြောလိုက်ချင်သော်လည်း သူ့ကိုယ်သူ ရှင်းပြလို့ မတတ် ဖြစ်နေလေသည်။
နိုင်ငံတစ်ဝန်း အပန်းဖြေ စခန်းများ၌ ခရီးသွား ဧည့်သည်များအား ပိုက်ဆံ အပိုကောက်ခံခြင်း ကိစ္စနှင့် ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေသဖြင့် ကျောက်တဲ့မင်တော့ ပြဿနာ အကြီးကြီး တက်ချေပြီ။
အရေးကြီးဆုံးကတေ့ လီဖေးရန်မှာလည်း ထိုကိစ္စကို သိရှိထားပြီး မျက်နှာလွှဲ ဥပေက္ခာပြုထားပေးရန်အတွက် အကျိုးအမြတ် ပို့ပို့နင့်နင့် ပေးထားရ၏။ ယခုတော့ သူကပဲ လာပြီး လူအများရှေ့တွင် ထိုသို့ ဟောက်စားကြီး လာလုပ်ပြနေသည်။ ဤသူတောင်းစားက ဘုရားပြီး ငြမ်းဖျက် ပြုနေခြင်းပင်။
“ အာ အထင်လွဲနေတာပါ … ကျုပ်တို့က ဘယ်လိုလုပ် အဲ့လို ကိစ္စမျိုး လုပ်ရမှာလဲ…” ကျောက်တဲ့မင် အပြုံးလေးဖြင့် ရှင်းပြလိုက်၏။
“ မင့် ဆပ်ပြာမှုန့်ကြီးကို အထင်လွဲပါလား… မင်း ငါတို့ကို အတင်းအကျပ် နည်းပြခိုင်းအောင် လုပ်ပြီး ပိုက်ဆံတောင်းတယ်… မဟုတ်ရင် ငါတို့ကို ပေးမကစားဘူး… ခုကျတော့ ဘာလို့ ဝန်မခံရဲတော့တာလဲ ဟမ်…”
ဘေးရှိ မကျေနပ်ကြသည့် ခရီးသွားဧည့်သည်များက အသံထွက်လာကြ၏။
“ အဲ့ဒါ မင်းတို့ အလုပ် မဟုတ်ဘူး..” ကျောက်တဲ့မင် လူအုပ်ကြီးအား အော်ဟစ်လိုက်ပြီး လင်းရီကို လှည့်ကြည့်လိုက်၏။
“ ညီကို … ငါ ခုနတုန်းက မှားသွားခဲ့တယ်… ဒီကိစ္စ မေ့လိုက်ကြတာပေါ့…”