လုရွှမ်ရဲ့ နာမည်ကျော် စကားလုံးများ
Vol. 98 Ch. 1458
“ တောင်းပန်တိုင်းသာ အလုပ်ဖြစ်ရင် ရဲတွေ ဘာလို့ ထားနေဦးမလဲ…”
“ အဲ့တာကကျ….”
ကျောက်တဲ့မင် ချွေးအေးတို့ စီးကျနေလျက်ရှိသည်။ လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရသည်က ဤတစ်ကြိမ်တွင် သူ့အား မွန်းကြပ်စေပြီး လူထောင်ချီက သူ့အပေါ် ဝိုင်းအုံ ဖိနှိပ်နေသည်ဟု ခံစားနေရသည်။
“ ဒါရိုက်တာလီ… ဒါ ငါတို့နဲ့ ဘာမှမဆိုင်ဘူး… ငါတို့နဲ့ မပတ်သက်ဘူး…”
နည်းပြ အသင်းရှိ အခြား တစ်ယောက်က အော်ဟစ် ပြောလိုက်၏။
“ မင်းတို့ပြောဝံ့သလား….”
ယခုကဲ့သို့ သေရေး ရှင်ရေး အခိုက်အတန့် ရောက်သည့် အချိန်တွင်မှ သူ၏ နည်းပြ အသင်းသားများက ဝါးကူထိုးနေကြသဖြင့် ကျောက်တဲ့မင် မကျိန်ဆဲပဲ မနေနိုင်တော့ချေ။
“ မင်းတို့ ခွေးသူတောင်းစားတွေ ပိုက်ဆံ ဝေစုခွဲတုန်းကကျတော့ အဲ့ဒီစကားမျိုး ဘာလို့ မထွက်ကြလဲ… ခုလို တစ်ခုခုဖြစ်တော့ကျ ငါ့အပေါ် ခေါင်းပုံချပြီး မင်းတို့ချည်း ကိုယ်လွတ်ရုန်းကြမယ်ပေါ့ ဟုတ်လား…”
“ တော်ကြတော့ … မင်းတို့ ဇာတ်လမ်းတွေကို ငါ မကြားချင်ဘူး…” လီဖေးရန် ပြောလိုက်ပြီး “ စီရင်စု စက်မှုနဲ့ ကုန်သွယ်ရေးဗျူရိုက လူတွေနဲ့ ငါတို့ သူဌေး အခု လာတဲ့ လမ်းမှာ ရောက်နေပြီ… မင်းတို့ တစ်ယောက်မှ လွတ်နိုင်မှာ မဟုတ်ဘူး… မင်းတို့အားလုံး ငါနဲ့ လိုက်ခဲ့ကြ…”
လီဖေးရန် ထိုသို့ ပြောလိုက်တော့ နည်းပြ အသင်းသားများ အားလုံး အသံတိတ်သွားခဲ့ကြသည်။ သူတို့အားလုံး ခေါင်းလေး ငုံ့လျက် လီဖေးရန်၏ နောက်တွင် သွားရပ်နေကြလေသည်။
“ လူကြီးမင်းလင်း.... ကျွန်တော်တို့ရဲ့ အပန်းဖြေစခန်းမှာ ခုလိုမျိုး စိတ်မသက်သာစရာ အတွေ့အကြုံတွေ ရစေမိတဲ့အတွက် အနူးအညွှတ် တောင်းပန်ပါတယ်… ဒီနေ့ ကုန်ကျစရိတ်အားလုံးကိုလည်း ကျွန်တော်တို့ကပဲ တာဝန်ခံပါ့မယ်... ပြန်တဲ့အခါကျရင်လည်း ဝင်ကြေးတွေ ပြန်ပြီး ပေးအပ်သွားပါ့မယ်… ကျွန်တော်တို့ အမှားကို ပြင်ဆင်ခွင့် ပေးနိုင်မလားခင်ဗျာ..”
ပြည်နယ် စီမံခန့်ခွဲရေး၏ စက်မှုနှင့် ကုန်သွယ်ရေး ဗျူရိုရှိ လူတို့ကသာ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မည်ဆိုပါက တစ်မှုကနေ နှစ်မှုတိုး၍ အမှုက ပေါက်ကွဲထွက်လာပြီး အပန်းဖြေ စခန်းကို ပိတ်သိမ်းလိုက်ရသည်အထိပင် မဖြစ်သွားနိုင်ဟု ပြောမရပေ။ ထို့ကြောင့် ကာယကံရှင် စိတ်ကျေနပ်အောင် အရင်ညှိထားသည်က ပိုကောင်း၏။
“ အင်း … အဲ့လိုလုပ်တာက ကျိုးကြောင်းဆီလျော်ပါတယ်…”
“ ဒါဆို ကောင်းပါပြီ… လူကြီးမင်းတို့ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး ခင်ဗျ… ကျွန်တော်တို့ အပန်းဖြေစခန်းက ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာပါ… လူကြီးမင်း စိတ်ချလို့ရပါတယ်…”
တောင်းပန်ပြီး ပျားသကာသို့ ချိုသာသည့် စကားလုံးများကို ရေပက်မဝင်အောင် ပြောဆိုသွားပြီးနောက် လီဖေးရန် နောက်သို့လှည့်ပြီး ထွက်ခွာသွားခဲ့သည်။
လူတိုင်း လူတိုင်းက လင်းရီကို လေးစား အားကျနေသည့် မျက်လုံးတို့ဖြင့် ကြည့်မိလိုက်ကြ၏။
“ အစ်ကိုရီ… ရှင်က လုံးဝ အမေးဇင်းပဲ… ပြည်နယ်ရုံးချုပ်က လူတွေနဲ့ပါ ရင်းနှီးနေတယ်ပေါ့…”
“ ဒီတိုင်းပါပဲ… အရင်က ထမင်းတစ်ခေါက် အတူစားဖူးတော့ အချင်းချင်း ရင်းနှီးသွားခဲ့တာပဲ..” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ မင်း စကိတ်စီးသင်နေတာ အခြေအနေ ဘယ်လိုရှိလဲ..”
“ အစ်မနင် သင်ပေးတာ သိပ်တော်တယ်… ကျွန်မ အခုဆို လဲကျခဲသွားပြီ… ဒါပေမယ့် ကိုယ်ဟန်ကိုတော့ သိပ်ပြီး ကျင့်သား မရသေးဘူး..”
“ တစ်နာရီ ကျော်ကျော်လောက် ရှိသေးတာကို ဒီလောက် တတ်သွားတာပဲ ဟုတ်လှပါပြီ…”
“ ဟဲ့ သင်ပေးတဲ့သူ ဘယ်သူဆိုတာကိုလည်း နင် ထည့်ပြောဦးလေ… ငါ သင်ပေးမှတော့ မတတ်ဘဲ နေစရာလား…” အန်းနင် သူမ၏ ခေါင်းကို မြင့်မြင့်မော်ကြွားလိုက်၏။
“ နင်ရော အဆင်သင့် ဖြစ်ပြီလား… နင် မလုပ်နိုင်ဘူးထင်ရင် ပြန်ပြင်ဖို့ အချိန်မီသေးတယ်နော်…”
“ ငါ့ကိုယ်ငါ ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့ ယှဉ်နိုင်တယ်လို့ မဆိုလိုဘူး… ဒါပေမယ့် မင်းကို အနိုင်ယူဖို့ကတော့ ပြဿနာ မရှိဘူး…”
“ အစ်ကိုရီ… ရှင်က သိပ်တော်မှန်း ကျွန်မသိတယ်… ဒါပေမယ့် လွန်လွန်ကြူးကြူးကြီး မကြွားဝါရင်တော့ ကောင်းလိမ့်မယ်နော်…”လီစီကျင်း ပြောလိုက်ပြီး “ အစ်မနင်က တကယ်ကြီး တော်တာ…. သူ စီးပြတာ ကြည့်ပြီးတော့ အစ်ကိုရီ အခွင့်အလမ်း မရှိတော့ဘူးဆိုတာ ပိုပြီး သေချာသွားပြီ..”
“ ယောက်ျားဆိုတာ ပြောပြီးသားစကား ဘယ်တော့မှ ပြန်မပြင်ဘူး… “
“ ငါလည်း စကားတည်တဲ့ ယောက်ျားတွေမှ ကြိုက်တာ…” အန်းနင် ပြောလိုက်ပြီး “ ဒါပေမယ့် မပူနဲ့… နင် ရှုံးသွားခဲ့ရင် နင့် အင်္ကျီအောက် ထည့်ဖို့ နှင်းဖြူဖြူသန့်သန့်လေးတွေ ရှာပေးမယ် ဟုတ်ပြီလား…”
“ သွားစို့ သွားစို့… ပြောတာ ကြာတယ် အခုပဲ ပြိုင်လိုက်ကြစို့…”
အန်းနင်မှာ ယုံကြည်ချက် အပြည့်နှင့် ပြုံးနေပြီး သူမ၏ အင်္ကျီလက်များကို အပေါ်သို့ လိပ်တင်၍ လင်းရီနှင့်အတူ အဆင့်မြင့် ကုန်းဆင်းသို့ ရောက်ရှိလာသည်။
မီတာ ဒါဇင်အကွာ၌ အမျိုးသားနှစ်ဦးသည် လင်းရီနောက် ထပ်ကြပ်မကွာ လိုက်ပါနေလျက် ရှိပြီး မလှမ်းမကမ်းရှိ မြင်ကွင်းအား အေးစက်စွာ စိုက်ကြည့်နေလျက် ရှိ၏။
“ အဲ့ကောင်က ထူးတော့ထူးသားကွ… ငါ့အထင် သူ ဒီကိစ္စ ဖြေရှင်းဖို့ အစိုးရအဖွဲ့ထဲက တစ်စုံတစ်ယောက်ဆီ လှမ်းပြီး အကူအညီ တောင်းလိုက်တာ ဖြစ်မယ်…” ဆံပင်အတိုနှင့် လူက ပြောလိုက်သည်။
“ အဲ့တာ ငါတို့ အရေးလုပ်ပြီး ပူနေရမယ့် ကိစ္စမဟုတ်ဘူး..” ဆံပင်ညာခွဲနှင့် အမျိုးသားက ပြောလိုက်ပြီး “ ဒီ အပေးအယူအတွက် ငါတို့နှစ်ယောက် တစ်ယောက်ကို ယွမ် တစ်သန်းစီ ရမယ်… ပြီးရင် နိုင်ငံခြားမှာ ဇာတ်မြုပ်နေဖို့ အစီအစဉ်တွေ ဆွဲပြီးသွားပြီ… အဲ့ဒီ ပိုက်ဆံတွေက သူ့ဘာသူ ခြေထောက်ပေါက်ပြီး ရောက်လာမှာ မဟုတ်ဘူး ဒီတော့ ငါတို့တွေ ခဏကျ လှုပ်ရှားတဲ့ အခါကျရင် ဂရုစိုက်မှရမယ်… သင့်လျော်တဲ့ အခွင့်အရေး ရောက်မလာသေးဘူးဆိုရင်တောင် ငါတို့တွေ လောလို့မရဘူး..”
“ ငါ သိတယ်… ငါ ဒါမျိုးတွေ လုပ်တာ ခုမှ ပထမဆုံး မဟုတ်ပါဘူးကွာ..” ဆံပင်အတိုနှင့် အမျိုးသားက ပြောလိုက်ပြီး “ ပြီးတော့ သူတို့က အဆင့်မြင့် ကုန်းဆင်းကိုတောင် သွားချင်နေကြသေးတယ်… အဲ့ဒါ ငါတို့ဖို့ အခွင့်ကောင်းပဲ…”
အမျိုးသားက ခေါင်းညိမ့်လိုက်သည်။ “ သွားစို့… မဝေးခင် သူတို့နောက် လိုက်ကြစို့…”
“ သွားစို့…”
တစ်ချိန်တည်းတွင် သူတို့ နှစ်ဦးစလုံး အဆင့်မြင့် ကုန်းဆင်း၏ အောက်ခြေသို့ ရောက်လာပြီး အပေါ်သို့ တက်ရန် ကေဘယ်ကား စီးလိုက်ကြသည်။
ထိုစဉ် အန်းနင်မှာ ပတ်ပတ်လည်ရှိ နှင်းများ ဖုံးလွှမ်းနေသည့် သစ်တော သစ်ပင်တို့အား ကြည့်ရင်း သံစဉ်တစ်ခုကို ညဉ်းတွားနေလေသည်။ သူမ၏ စိတ်ခံစားချက်တို့မှာ ကောင်းမွန်နေတော့၏။
“ နင် ငါတို့ ဒီနားက နှင်းတွေကို ကြည့်ကြည့်လိုက်… ပိုသန့်တယ် မထင်ဘူးလား… ခဏကျရင် ဒီက နှင်းတွေပဲ သုံးကြစို့… အဲ့တာမှ ငါနင့်ကို အနိုင်ကျင့်ရာ မကျမှာ…”
“ ပြိုင်တောင် မပြိုင်ရသေးတာကို သူ့ကိုယ်သူ နိုင်ပြီ အထင်နဲ့ အသံတွေ ထွက်လို့ပါလားဟ…”
“ သံသယ ရှိစရာကို မလိုတာ… နင် ငါ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး… ဒီတော့ ကိုယ့်ကြမ္မာကိုယ်သာ လက်ခံလိုက်တော့…”
“ ဘာတွေ အလျင်လိုနေတာ… မင်းရဲ့ ကံကြမ္မာကို လက်ခံချင်ရင်တောင် အရင်ဆုံး ငါ့ကို အနိုင်ယူရဦးမှာလေ…”
“ ငါလည်း အလျင်လို မနေပါဘူး… အမှန်တရားက ငါ့ရှေ့နားတင်မှာပဲ… ဘယ်လိုပဲ ဖြစ်ဖြစ် နည်းနည်းလေး ထပ်စောင့်ဖို့ပဲ လိုတော့တာလေ…”
“ မြောက်ကြွမနေနဲ့… ကားထဲက အရင်ထွက်ဦး…”
အန်းနင် ခေါင်းခါရမ်းရင်း ကေဘယ်ကားထဲက ထွက်လိုက်သည်။ ထို့နောက် ကုန်းထိပ်တွင် ရပ်တန့်၍ အောက်သို့ ကြည့်ရင်း “ ငါ နင့်ကို ဆယ်မီတာ အကျောပေးရမလား…”
အန်းနင်၏ မောက်မာလှသည့် အမူအရာကို မြင်တော့ လင်းရီ ရုတ်တရက်ဆိုသလို လုရွှမ်၏ နာမည်ကျော် စာဆို တစ်ခုအား သွားအမှတ်ရမိ၏။
“ လူသားတွေမှာ သူတို့ ကိုယ်ပိုင် ထူးခြားတဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေ ရှိကြတယ်… သူတို့က စိတ်ရှုပ်ဖို့ ကောင်းနေတယ်ဆိုရင်တောင်မှပေါ့…”
အဆိုပါ စကားစုက အန်းနင်နှင့် ကွက်တိ ကိုက်ညီနေသည်။
“ မလိုပါဘူး… မျှမျှတတပဲ ကောင်းတယ်..” လင်းရီသည် အန်းနင်၏ ဘေးနား သွားရပ်တန့်၍ “ မင်း ခဏကျရင် အရှုံးကို လက်မခံနိုင်မှာပဲ ငါက စိတ်ပူတာ..”
“ စကြစို့… 3… 2 … 1 … ဝူးဟူး…”
ရေတွက်မှု ပြီးဆုံးတော့ နှစ်ဦးစလုံး အတူ ဆင်းသွားကြ၏။
သို့သော် စစချင်းကတည်းကရင် လင်းရီမှာ တစ်ကိုယ်စာ ရှေ့သို့ အသာစီး ရောက်ရှိနေသည်။
အန်းနင် အံ့အားသင့်သွားခဲ့၏။
အမ်... သူ အရင်တုန်းက တစ်ခါမှ စကိတ်မစီးဖူးဘူးမလား… ဘာလို့ ငါ့ကို အသာစီး ယူသွားနိုင်တာပါလိမ့်….
အန်းနင် အံ့အားသင့်နေစဉ်မှာပဲ နှစ်ဦးကြား အကွာအဝေးက ထပ်မံ၍ ဝေးကွာလာပြန်သည်။ ယခုဆို နှစ်ယောက်က ငါးမီတာလောက် ခြားသွားခဲ့၏။
ထိုအခိုက်အတန့်တွင် လင်းရီသည် ယခင်က ပိပိရိရိ ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ကြောင်းကို အန်းနင် သတိပြုမိသွားခဲ့တော့၏။ သူမ အလေးအနက် ထားမှ ဖြစ်တော့မည်။
သို့သော်လည်း ထိုအချိန်တွင် သူမ လင်းရီကို လုံးဝ လိုက်လို့ မမှီနိုင်တော့ကြောင်းကို သတိပြုမိလိုက်တော့၏။
ထိုအခိုက် လင်းရီသည် ကုန်းအောက်သို့ ဆင်းနေရင်းဖြင့် ကိုယ်ကို ရုတ်တရက် နောက်သို့လှည့်၍ အန်းနင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။
“ ဝေ့… နောက်မှာနေပြီး ဘာလဲလုပ်နေတာ… မင်း တအားကြွားထားတော့ ငါက မင်းကို သိပ်တော်လှပြီ မှတ်နေတာ ခုတော့ ပြောသလောက်လည်း မဟုတ်သလိုပဲနော်…”
“ နင် နင် နင် ”
အန်းနင် စကားမပြောနိုင်တော့သည်အထိ ဒေါသထွက်နေခဲ့မိ၏။ သူမ လင်းရီ၏ လှည့်စားခြင်းကို ခံလိုက်ရပြန်ပြီ။
“ ကိုယ်ရည်သွေးမနေနဲ့… ရှေ့မှာ လမ်းက အရှည်ကြီး ရှိသေးတယ်.. ငါနင့်ကို အသာလေး အမှီလိုက်လို့ရတယ် ခုက အကျောပေးထားတာ ဟုတ်ပြီလား…”
“ အားကုန်ပါတယ်ကွာ ပြိုင်မနေနဲ့တော့…. ကြယ်သီးဖြုတ်ပြီး ကိုယ့်ဘာကိုယ် နှင်းတွေ လောင်းထည့်လိုက်တော့…”
“ ထွက်သွားစမ်း… ငါ နင့်ကို သေချာပေါက် အနိုင်ယူပြမယ်..”
“ ဟားဟား … အဲ့တာဆိုလည်း ဂွတ်လပ်…”
ပြောပြီးသည်နှင့် လင်းရီသည် နောက်သို့ ပြန်လှည့်လိုက်ပြီး အောက်သို့ အဟုန်နှင့် ထိုးဆင်းသွားခဲ့၏။
နှစ်ဦးကြားရှိ အကွာအဝေးက ဝေးကွာသည်ထက် ဝေးကွာလာပြီး အန်းနင် မည်မျှပင် ကြိုးစားစေကာမူ လိုက်မီနိုင်ရန် လမ်းစ မမြင်မိချေ။
နှစ်မိနစ် အတွင်းမှာပဲ လင်းရီ ကုန်းဆင်း၏ အောက်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး အန်းနင်မှာမူ ဆယ်မီတာ အကွာတွင် ပြတ်ကျန်နေရစ်ခဲ့လေသည်။
ကုန်းဆင်း၏ အောက်ဘက်တွင် စောင့်ဆိုင်းနေသည့် လီစီကျင်း၏ လှပသည့် မျက်လုံးလေးများ ပြူးကျယ်သွားခဲ့တော့၏။
“ အစ်ကိုရီ အစ်ကိုရီ… ရှင် ဒီကို ဘယ်လိုလုပ် အရင်ရောက်လာတာလဲ…”
“ မင်း အစ်မနင်က တအား ဝိလို့ပေါ့..”
“ နင် တကယ်ကြီး စီးတတ်ရဲ့သားနဲ့…” အန်းနင် ဒေါသတကြီးဖြင့် ပြောဆိုလိုက်ပြီး “ နင် စီးတတ်ရဲ့သားနဲ့ ငါ့ကို ညာတယ်…”
“ တကယ်ကြီးဟ... ငါ အစောပိုင်းတုန်းက မစီးတတ်ခဲ့တာ အမှန်ပဲ… သူများတွေ စီးတာ ကြည့်ရင်းနဲ့မှ တတ်သွားခဲ့တာ…”