အန်းနင်၏ လှည့်ကွက်များ
Vol. 98 Ch. 1459
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ…”အန်းနင် မယုံကြည်စွာ ပြောလိုက်ရင်း “ နင်က သူများတွေ စီးတာ လိုက်ကြည့်ရင်း ခဏလေးနဲ့ တတ်သွားတယ်ပေါ့… နင်ငါ့ကို လှည့်စားမနေနဲ့…”
“ ငါ မင်းကို ညာပြီး ဘာလုပ်မှာလဲ..." လင်းရီ ပြောလိုက်ပြီး “ မင်းလည်း ငါ့ အရည်အချင်းတွေကို စမ်းသပ်ခဲ့သေးတယ် မဟုတ်ဘူးလား…”
“ ဒါပေမယ့် အဲ့တာက….”
အန်းနင် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
လင်းရီ၏ စကိတ်စီးသည့် အရည်အချင်း မည်သည့် အဆင့် ရှိကြောင်းကို သူမကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရ၏။ သူက လုံးဝ လုံးဝကို စသင်သူ အဆင့်ပင်။ တစ်နာရီတည်းနှင့် ကျွမ်းကျင်သူ အဆင့်ရောက်သွားဖို့ဆိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
ယခုကျ ၂ နှစ်ကျော် စကိတ်စီး အတွေ့အကြုံ ရှိလာသည့် သူမက လင်းရီကို မယှဉ်နိုင်ဘူးတဲ့လော။
“ အစ်မနင် … ရလဒ်က ရှင်းရှင်းလင်းလင်းကြီးနော်… ဒီလိုစကားတွေ ပြောလို့ အသုံးဝင်မှာ မဟုတ်ဘူး..” လီစီကျင်း နူးညံ့စွာ ပြောလိုက်ရင်း “ ပြီးတော့ အစ်ကိုရီဆီမှာ ရှုံးနိမ့်ရတယ်ဆိုတာလည်း ရှက်စရာမှ မဟုတ်ဘဲနဲ့… ငါ သူနဲ့ သိလာတာ ကြာပြီ… သူ ရှုံးတာ တစ်ခါမှ မတွေ့ဖူးသေးဘူး..”
“ နင် အခု ဘယ်သူ့ဘက်ကလဲ… ဘာလို့ သူ့ဘက်ကနေ ကူပြီး ပြောပေးနေတာလဲ..”
လီစီကျင်း ရယ်မောလိုက်ရင်း “ ငါကလား… အမှန်တရားဘက်ကလေ…”
“ ငါ ခုနက နင့်ကို အထင်သေးပြီး မပြင်ဆင်လိုက်ရလို့… ခု ပြန်ပြီး ပြိုင်ကြမယ်…”
သူမ အင်္ကျီထဲ နှင်းတွေ ထည့်ပြီး လင်းရီကို ဒယ်ဒီဟု ခေါ်ရမည်လော။ မဖြစ်နိုင်ပေ။ သူမ ဤအစုတ်ပလုတ်ကောင်ကို အနိုင်ယူနိုင်မည့် နည်းလမ်းအား ကြံဆရလိမ့်မည်။
“ ထပ်ပြိုင်ဖို့က ပြဿနာ မရှိဘူး.. ဒါပေမယ့် လောင်းကြေးက နှစ်ဆ ဖြစ်သွားမှာနော်… မင်း နှင်း လက်နှစ်ဆုပ်စာ ထည့်ပြီး ငါ့ကို ဒယ်ဒီလို့ နှစ်ခါခေါ်ရမယ်.. အိုကေလား…”
“ ရတယ်…”
အန်းနင် ပြတ်သားသည့် လေသံဖြင့် ပြောလိုက်၏။ ယခု တစ်ခေါက်တွင် အနိုင်ယူနိုင်လိုက်သည်နှင့် ယခင်လောင်းကြေးကို ချေဖျက်ပြီးသား ဖြစ်သွားလိမ့်မည်။
သို့သော် သူမ မေ့လျော့နေခဲ့သည်က အကယ်၍ နောက်တစ်ကြိမ် ရှုံးသွားခဲ့မည်ဆိုပါက မည်သို့ ဖြစ်သွားလိမ့်မည်နည်း ဆိုတာကိုပင်။
နှစ်ယောက်သား ကေဘယ်ကားထံသို့ တစ်ဖန် ချီတက်နေကြသည်ကို မြင်တော့ လီစီကျင်းသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်၏။
“ အစ်မနင်က အစ်ကိုရီကို ခုထိ နားမလည်နိုင်သေးဘူးပဲ… သူ့ကိုသာ အနိုင်ယူဖို့ လွယ်နေမယ်ဆိုရင် သူ့နာမည် လင်းရီ ဟုတ်တော့မှာ မဟုတ်ဘူး…”
“ ကြည့်… ဒီနားက နှင်းတွေ ဘယ်လောက်သန့်လိုက်လဲ… မင်း အကြံပေးတဲ့အတိုင်း ခဏကျရင် ဒီနား နှင်း လက်နှစ်ဆုပ်စာလောက် လာယူဦးမှပါ…” လင်းရီ ပြောလိုက်ပြီး “ နှင်းတွေ အင်္ကျီထဲ အထည့်ခံလိုက်ရရင် ဘယ်လိုနေမလဲ မသိဘူးနော်… မင်း ထည့်ပြီးသွားရင် ဘယ်လိုခံစားရလဲ ငါ့ကို ပြန်ပြောပြဦး သိလား “
အန်းနင် မျက်လုံးလှန်ကြည့်လိုက်၏။
“ ခုနက ငါ အလေးအနက် မထားခဲ့လို့ နင် အသာစီးရသွားခဲ့တာ.. ဒီ တစ်ခေါက်တော့ ထပ်မဖြစ်စေရဘူး.. တစ်ခါလေး နိုင်သွားတာကို မာန်တက်မနေနဲ့…”
လင်းရီသည် လက်နှစ်ဖက်ကို ဦးခေါင်းနောက်၌ ထားလိုက်ရင်း ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများအား ပြုံးလျက် ကြည့်နေသည်။
“ ငါ့စိတ် အလိုသာဆို မင်း ဒီလို အသုံးမဝင်တဲ့ ရုန်းကန်မှုတွေ လုပ်နေမယ့်အစား ဘယ်လို ပုံစံနဲ့ ငါ့ကို ဒယ်ဒီလို့ ခေါ်မလဲဆိုတာပဲ စဉ်းစားနေသင့်တယ်လို့ ထင်တယ်..”
“ ထွက်သွားစမ်း… ငါနင့်ကို သေအောင် သတ်မိတော့မှာ…”
နှစ်ယောက်သား ကေဘယ်ကားထဲတွင် ဇယားတွေ ရှုပ်နေတုန်း မီတာ ငါးဆယ်အကွာတွင် အမျိုးသားနှစ်ဦးသည် သူတို့ သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။
သို့သော် နှစ်ဦးလုံးက အတူ ရှိမနေကြချေ။ သူတို့ကြားရှိ အကွာအဝေးက မီတာ ငါးဆယ်လောက် ခြားထားပြီး လင်းရီနှင့် တြိဂံသဏ္ဌာန် ဖြစ်နေသည်။
ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ကြက်ဥအားလုံးကို ခြင်းတစ်ခုတည်းတွင် ထည့်မထားကြချေ။ ပစ်ကွင်းကောင်းသည့်သူက ပစ်မည် ဖြစ်၏။ လင်းရီကို အသက်ရှင်နိုင်မည့် အခွင့်အရေး လုံးဝ ပေးမည် မဟုတ်ပေ။
“ သူတို့ရဲ့ ကေဘယ်ကားက တက်လာနေပြီ… မင်းဘက် အခြေအနေ ဘယ်ရှိလဲ…”
ဆံပင် ညာခွဲနှင့်အမျိုးသားက ဝေါ်ကီ တော်ကီကနေသဖြင့် ပြောလိုက်၏။
“ ပစ်ကွင်းမရှင်းသေးဘူးကွ… စောင့်နေတုန်းရှိသေးတယ်… မင်းဘက်ကကော…”
“ ငါရောပဲ…” ဆံပင် ညာခွဲနှင့် အမျိုးသားက ပြောလိုက်ပြီး “ ဒီတစ်ခေါက် အခွင့်အရေး မရှိဘူးဆိုရင် နောက်တစ်ခေါက်မှ ထပ်လှုပ်ရှားကြမယ်… တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမှာနော်… မင်းမှာ ယုံကြည်ချက် အပြည့်မရှိဘူးဆို မပစ်နဲ့…”
“ အေးပါဟ…”
ရိုးရှင်းသည့် စကားလုံး အနည်းငယ် ပြောကြားပြီးနောက် နှစ်ဦးလုံး မည်သည့် စကားမျှ ထပ်မဆိုကြတော့ချေ။ လင်းရီ ရှိနေသည့် ကေဘယ်ကားသို့သာ သေနတ် ချိန်ရွယ်ထားရင်း အခွင့်ကောင်းအား စောင့်ဆိုင်းနေကြ၏။
မကြာမီ လင်းရီတို့ နှစ်ဦးသားလုံး ကုန်းထိပ်သို့ ရောက်လာခဲ့ကြ၏။
“ အသင့်ဖြစ်ပြီလား..” လင်းရီ မေးလိုက်သည်။
“ အိုကေ… အချိန်မရွေး စလို့ ရပြီ…”
“ အခု စကြတာပေါ့… 3,2,1 သွားစို့…”
ရေတွက်မှု ပြီးဆုံးသည်နှင့် အန်းနင် ချက်ချင်း လက်ငင်း အောက်သို့ တဟုန်ထိုး ဆင်းသွားသည်။ သို့သော် လင်းရီမှာ နောက်က ပါမလာချေ။ ထိုအစား မထွက်ခွာမီ စက္ကန့်အနည်းငယ်ခန့် စောင့်ဆိုင်းနေလိုက်သေး၏။
အန်းနင်လည်း လင်းရီက ရည်ရွယ်ချက်ရှိရှိ သူမအား အကျောပေးနေသည်ကို သတိထားမိသည်။
သို့သော်လည်း ဘာမျှ ပြန်ပြောခြင်းမရှိ။ မည်သို့ ယှဉ်ပြိုင်သည်က ပဓာန မဟုတ်တော့ပဲ ရလဒ်သည်သာလျှင် သူမအတွက် အရေးကြီးဆုံး ဖြစ်လာခဲ့တော့သည်။
ဒုတိယ အကျော့ကို သူမ အနိုင်ရသည်နှင့် ပထမအကျော့က ရှုံးနိမ့်ခဲ့မှုအား ချေဖျက်လိုက်နိုင်မည်။ ပြီးလျှင် လင်းရီနှင့် ထပ်မပြိုင်တော့ချေ။ ဤသို့ဆိုပါက လင်းရီကို အနိုင်ယူဖို့ရာက သေချာသလောက် ဖြစ်နေချေပြီ။
“ ၂ နှစ်လောက် စကိတ်စီးလာခဲ့တာတောင် မင်း လုပ်နိုင်တာ ဒါ အကုန်ပဲလား မအန်းနင်…”
အန်းနင် ကိုယ့်ကိုယ် သိပ်ဟုတ်လှပြီ ထင်နေတခိုက် ဘေးကနေ အသံတစ်သံအား ကြားလိုက်ရ၏။
ရုတ်တရက် လှည့်ကြည့်လိုက်တော့ လင်းရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ နင် ဘာလို့ အဲ့လောက် အမြန်ကြီး ရောက်လာခဲ့ရတာလဲ…”
“ ဒီတိုင်းပဲလေ…” လင်းရီ ရယ်မောရင်း “ ကောင်းပြီ ၊ မင်း ကတိတည်မှာကို အောက်ကနေ စောင့်နေမယ် ဟုတ်ပြီလား… အကြာကြီး စောင့်ရအောင် မလုပ်နဲ့နော်… တာ့တာ…”
လင်းရီ အရှိန်တင်၍ မျက်တောင် တစ်ခတ်အတွင်း အန်းနင်းကို ကျော်တက်သွားခဲ့ကာ အခွင့်အရေး တစ်စက်မျှ မပေးချေ။
ကုန်းဆင်း၏ အောက်တွင် စောင့်နေသည့် လီစီကျင်းမှာ လင်းရီ အရင်ဦးဆုံး အောက်သို့ ရောက်လာသည်ကို မြင်တော့ အံ့အားသင့်ဟန် မပြခဲ့ပေ။
အစ်ကိုရီရဲ့ အစွမ်းအစတွေနဲ့ဆို အစ်မနင် အနိုင်ယူနိုင်ဖို့က ဘယ်တော့မှ မဖြစ်နိုင်ဘူး။
များမကြာမီ အန်းနင်က ရောက်လို့လာလေသည်။ သို့သော် သူမ၏ အမူအရာမှာ ကောင်းမွန်လှသည်တော့ မဟုတ်ဘဲ နှင်းခဲနေသည့် ခရမ်းသီးလေးကဲ့သို့ ဖြစ်နေတော့၏။
“ မင်း တောင်းဆိုတဲ့အတိုင်း ထပ်ပြိုင်ခဲ့ပေးပြီးပြီ… ပြီးတော့ မင်းကို သုံးစက္ကန့်တောင် အကျောပေးခဲ့သေးတယ်… ဒါတောင် ရှုံးသွားသေးတယ်ဆိုတော့ မင်း ပြောစရာ မရှိတော့ဘူးမလား…”
“ နင် တကယ်ကြီး စကိတ်စီးတာကို တစ်နာရီတည်း သင်ခဲ့တာရော ဟုတ်လို့လား…” အန်းနင် သင်္ကာ မကင်းဖြစ်စွာ မေးလိုက်သည်။
“ ဘာလို့… ငါအရင်က သင်ခဲ့ဖူးတယ်လို့တော့ မင်း ထင်နေတာလား…”
“ နင် စီးတတ်တာ တအား မြန်လွန်းတယ်… “
“ ငါ ဘာသာ စကားရှစ်မျိုး ပြောတတ်တာကို မင်းမေ့သွားပြီလား…”
လင်းရီ ပြောချည်တော့မှ ရုတ်တရက်ဆိုသလို ဤအကောင်က သာမန် ဦးနှောက်နှင့် လူမဟုတ်ကြောင်းကို အန်းနင် သတိရသွားခဲ့တော့သည်။ မဟုတ်ပါက နိုင်ငံခြား ဘာသာစကား အများအပြားကို တတ်မြောက်မည် မဟုတ်သည်မှာ ကျိန်းသေလေသည်။
ထို့ကြောင့် တစ်နာရီအတွင်း နှင်းစကိတ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သွားသည်က မဖြစ်နိုင်ဟု ပြော၍တော့ မရပေ။
သို့သော်လည်း ထိုသို့ ဖြစ်မည် ဆိုပါက သူမသည် အစကတည်းကရင် ရှုံးနေနှင့်ပြီးသား ဖြစ်နေသည် မဟုတ်လော။
အန်းနင် သူမကိုယ်သူမ ပြန်ရိုက်ချင်မိသွားခဲ့၏။ နှင်းစကိတ်စီးချင်တယ်ဆိုလည်း စီးလေ။ ဘာလို့ သူနဲ့ ပြိုင်မယ်ဆိုပြီး သွားပြောရတာလဲ။ တကယ်လို့ ပေးထားတဲ့ ကတိသာ တည်ရမယ်ဆို သူမ လွန်လွန်ကြူးကြူး အနိုင်ကျင့်ခံရတာနဲ့ အတူတူပဲမဟုတ်လား။
ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က နှင်းဘုတ်ပြားစီးလျက် အရှိန်ဖြင့် ကုန်းအောက်သို့ ဆင်းလာသည်ကို မြင်ပြီး သူမ၏ မျက်လုံးတို့ အရောင်လက်သွားခဲ့၏။
သူမက နှင်းဘုတ်ပြားစီးတာလည်း တော်တယ်လေ။ ဒါပေမယ့် လင်းရီကတော့ တစ်ခါမှ စီးဖူးတာ မဟုတ်ဘူး။ တကယ်လို့ သူမသာ ဒီ နှင်းဘုတ်ပြားစီးတဲ့ ဂိမ်းမှာ စိန်ခေါ်လိုက်ရင် နိုင်မှာ သေချာတယ်။
“ ဘာတွေ ငိုင်နေတာ… မင်း နှစ်ချီတောင် ရှုံးထားတာနော်… ခု မင်းရဲ့ စကားကို တည်ဖို့ အချိန်ရောက်ပြီ…”
“ အမ်…”
“ ဒီတိုင်း နှစ်ချီတည်းရှိသေးတာကို နင်ဘာတွေ လောနေတာလဲ…” အန်းနင် ပြောလိုက်ပြီး “ ပိုပြီး မယ်မယ်ရရ ဖြစ်အောင် လုပ်ကြစို့… ငါတို့ ငါးကြိမ်ကစားပြီး သုံးကြိမ်အောင်ရင် နိုင်ပြီ… နင် ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ယူနိုင်တယ်ဆို ငါ ကျိန်းသေပေါက် အရှုံးဝန်ခံမယ်…”
“ အစ်မနင်… ငါတော့ နင် လက်တွေ့ အမှန်တရားကို လက်ခံလိုက်တာ ကောင်းမယ်လို့ ထင်တာပဲ… အခြေအနေတွေက ဒီလောက်ထိ ဖြစ်နေပြီကို ခေါင်းမာ မနေနဲ့တော့… အစ်ကိုရီက နင့်ကို တစ်ဆက်တည်း နှစ်ကြိမ်တောင် အနိုင်ယူထားတာနော်… အဲ့တာက ဘယ်သူ နိုင်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်သွားပြီ…”
“ ခုနက ငါတို့ နှင်းစကိတ်စီး ပြိုင်နေကြတာလေ… ဒီတစ်ခေါက် ငါတို့ နှင်းဘုတ်ပြား စီးတာပြိုင်မယ်…”
“ ဟင် .. နှင်းဘုတ်ပြားလား…”
“ ဟုတ်တယ် … နှင်းဘုတ်ပြားစီးတာကလည်း နှင်းအားကစားနည်း တစ်မျိုးပဲ… နင့်မှာ ဒီလို လူတိုင်းသိတဲ့ အသိလေးတောင် မရှိဘူးလို့ မပြောနဲ့…”
အန်းနင် ဘဝင်ခိုက်စွာ ပြောလိုက်သည်။
“ မင်း အစောတုန်းကကျတော့ ဒါမျိုးလည်းပြိုင်မယ်လို့ မပြောပါလား…”
“ ပြောဖို့ လိုသေးတာလား… ဒီမှာ လူတွေ အများကြီး အဲ့တာစီးပြီး အောက်ဆင်းနေကြတာကို မျက်လုံးပါတဲ့လူဆို မြင်တယ်… “ အန်းနင် ပြောလိုက်ပြီး “ လာခဲ့… နှင်းဘုတ်ပြား နှစ်ခုသွားငှားပြီး အပေါ်မှာ ပြိုင်ကြစို့… ငါးကြိမ်နော်… နင် နောက်တစ်ကြိမ် ငါ့ကို အနိုင်ယူနိုင်မယ်ဆို ငါ အန်းနင် ငါ့ ကတိ ငါတည်မယ်..”
“ မင်း သေချာလား…”
“ ဒါပေါ့… သေချာတာပေါ့… ဘာပဲဆိုဆို ငါလည်း လူကြီးပဲလေ… ငါ့စကား ငါ ပြန်ရုတ်သိမ်းပါ့မလား…”
“ စီကျင်း … သူပြောတာ မှတ်တမ်းတင်ထားစမ်းပါ… ဒါမှ ခဏကျရင် ပြန်ငြင်းလို့ မရမှာ.. ငါ သက်သေနဲ့ အချက်အလက်နဲ့ လိုချင်တယ်…”
“ တော်စမ်းပါ… ငါ နင့်ကို တကယ်ကြီး ကြောက်မယ်များ ထင်နေလား…”
“ အပိုမပြောနဲ့.. မင်း စတော့…”
လီစီကျင်း သူမ ဖုန်းကို သုတ်၍ အန်းနင်ထံ ရမ်းပြလိုက်ရင်း “ အစ်မနင် … သေချာရဲ့လား..”
“ ဒါပေါ့… ငါလုံးဝ သေချာတယ်..” အန်းနင် သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး “ လင်းရီနဲ့ ငါ့ကြားက ပြိုင်ပွဲက ငါးကြိမ်ပြိုင်မယ်.. သူက နှစ်ကြိမ် နိုင်ထားပြီးပြီဆိုတော့ နောက်တစ်ကြိမ် ထပ်နိုင်ခဲ့ရင် ငါ့စကား ငါတည်ပြီး စကား ပြန်မရုတ်သိမ်းဘူး…”