နောင်တမရှိဘဲ သေရအောင်
Vol. 98 Ch. 1460
“ အိုကေ… ဗွီဒီယို ယူထားပြီးပြီ… နှင်းဘုတ်ပြား သွားငှားကြစို့.. နင် ဒီတစ်ခေါက်လည်း ငါ့ကို နိုင်ဦးမယ်ဆို ငါနင်နဲ့ မငြင်းတော့ဘူး..”
အန်းနင်ရဲ့ စကားတို့က ကြားကောင်းသော်လည်းပဲ သူမ၏ ကောက်ကျစ်မှုတို့ကတော့ ရက်စက်လှ၏။
လင်းရီမှာ နှင်းဘုတ်ပြား တစ်ခါမှ မစီးဖူးမှန်းလည်း သူမ သိသည်။ ယခုတော့ သူ့ကို နှင်းဘုတ်ပြား အတင်းလိုက်ယူခိုင်း၍ ယှဉ်ပြိုင်ခိုင်းနေသည်။ သင်ယူဖို့ အခွင့်အရေးလည်း မပေးချေ။ ဒါကို နိုင်လျှင်လည်း မငြင်းဘူးဟူ၍ အသံကောင်း ဟစ်နေလိုက်သေးသည်။ သူ နိုင်ဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။
တစ်ချိန်တည်းတွင် လင်းရီစိတ်ထဲ၌ သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာဖြင့် စောနတုန်းက လီရှီတို့နှင့် ရှိစဉ်တွင် နှင်းဘုတ်ပြား စီးခြင်းကိုလည်း လေ့လာသင်ယူထားခဲ့မိ၍ပင်။ မဟုတ်ပါက ယခုလောက်ဆို သူတော့ အကြီးကြီး ဂွမ်းလေပြီ။
မကြာမီ နှစ်ယောက်သား နှင်းဘုတ်ပြား သွားငှားလိုက်ကြပြီး လီစီကျင်းကတော့ ပါဝင်ရန် စိတ်မဝင်စားခဲ့ချေ။ နှင်းစကိတ်စီးသည်က သူမနှင့် ပိုသင့်လျော်သည်ဟု ခံစားနေရ၏။
“ မင်းဘက် အခြေအနေ ဘယ်လိုရှိလဲ…” ဆံပင် ညာခွဲနှင့် အမျိုးသားက မေးလိုက်သည်။
“ အခွင့်အရေး မရှိသေးဘူး..” “ မင်းဘက်ကရော…”
“ အတူတူပဲ….”
“ ဆက်စောင့်ကြည့်ကြတာပေါ့…”
မည်သူကမျှ အလျင်မလိုကြပေ။ တစ်ချက်တည်းနှင့် အဆုံးသတ်မည်ဟူသည့် စိတ်ကို မွေးမြူထားပြီး အကယ်၍ သူတို့သာ အခွင့်ကောင်း မရှိခဲ့ဘူးဆိုပါက တစ်နေ့လုံး အချိန်ပေးရပါစေ သူတို့ လုံးဝ လှုပ်ရှားမည် မဟုတ်ချေ။
တစ်ချိန်တည်းတွင် လင်းရီနှင့် အန်းနင်တို့က ကုန်းထိပ်သို့ ရောက်လာခဲ့ကြ၏။
“ နှင်းဘုတ်ပြားပေါ် ဘယ်လို တက်ရမလဲ သိလား… ငါ ကူပေးဖို့ရော လိုသေးလား…” အန်းနင် ဖော်ရွေသည့် အပြုံးလေးဖြင့် မေးလိုက်၏။
“ မလိုဘူး…” လင်းရီ သူ၏ ခြေထောက်ကို နှင်းဘုတ်ပြားပေါ်သို့ တင်၍ “ အဆင်သင့်ပဲ…”
“ အိုကေ .. 3,2,1 စကြစို့…”
အန်းနင် စကားဆုံးသည်နှင့် နှစ်ဦးစလုံး အတူ ထွက်ခွာကြသည်။
အန်းနင်၏ အတွေးက သူမ အသာစီးရပြီး လင်းရီကတော့ လမ်းဘေး သဝေထိုးသွားမည်ဟူ၍ပင်။ သို့သော် ရှော့ခ်ရဖို့ ကောင်းစွာဖြင့် လင်းရီသည် သူမကို ထပ်မံ၍ အသာစီး ယူသွားပြန်လေသည်။
အန်းနင် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့မိ၏။ ယခုလို ရလဒ်ကို သူမ လက်သင့်မခံနိုင်ချေ။
သူ အရင်က တစ်ခါမှ နှင်းဘုတ်ပြား မစီးဖူးဘူးမလား။ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။
နှင်းဘုတ်ပြား စီးသည့်အားကစားကို လင်းရီ သိပ်မကျွမ်းကျင်သော်လည်း အန်းနင်ထက်သာသည်ကတော့ လက်တွေ့ပင်။ ယခင် နှစ်ကြိမ်ကကဲ့သို့ အဆုံးထိတိုင် သူကချည်း ဦးဆောင်သွားခဲ့၏။
လင်းရီက အောက်သို့ အရင်ဦးဆုံး ရောက်ရှိလာခဲ့လေသည်။
လီစီကျင်း သက်ပြင်းချလိုက်သည်။
“ ဘာလို့ ဒီလို လုပ်ချင်ရတာလဲ အစ်မနင်ရယ်..”
မကြာမီ နှစ်ယောက်လုံး လီစီကျင်းဘေးသို့ ရောက်လာခဲ့ကြသည်။
“ နင် ဘာလို့ နှင်းဘုတ်ပြား စီးတတ်နေတာလဲ… ငါက နင် မစီးတတ်ဘူးထင်နေတာ..” အန်းနင် မကျေမချမ်း ဖြစ်စွာဖြင့် လင်းရီအား မေးလိုက်၏။
“ ငါ မစီးဖူးဘူးလို့ ဘယ်သူပြောလဲ…” လင်းရီပြောလိုက်ပြီး “ ငါ နှင်းစကိတ်စီးရင်းနဲ့ နှင်းဘုတ်ပြား ခဏ စီးကြည့်ဖူးတယ်.. အဲ့တုန်းက တစ်ခါတည်း သင်လိုက်တာပဲ..”
“ ချီးလိုမှပဲ… နင် မဟုတ်မဟတ်တွေ လျှောက်မပြောနဲ့…”
“ ငါတော့ ဒီအကြောင်းတွေ ပြောနေရမယ့် အချိန် မဟုတ်ဘူးလို့ ထင်တယ်နော်.. မင်းရဲ့ စကားကို တည်ရမယ့် အချိန်ပဲမလား…” လင်းရီ လက်ဝှေ့ရမ်းပြီး “ စီကျင်း … မင်းရဲ့ အစ်မနင်ကို သက်သေ ရိုက်ကူးထားတာလေး ပြလိုက်ပါဦး…”
“ နင် ငါ့ကို သတိပေးစရာ မလိုပါဘူး..” အန်းနင် ကိုးရို့ကားယား လေသံဖြင့် ပြောလိုက်၏။
“ ဒါဆိုလည်း သွားစို့… ငါတို့ ပြောတဲ့ နေရာက နှင်းတွေက တော်တော်လေး သန့်တယ်.. အဲ့နေရာကို သွားကြတာပေါ့…”
“ အစ်ကိုရီ… ရှင်ပဲ အစ်မနင်နဲ့ သွားလိုက်တော့နော်..” အန်းနင် သူမ၏ ski pole နှစ်ခုကို သယ်ရင်း ပြောလိုက်ပြီး “ ကျွန်မတော့ မသင့်လျော်တဲ့ ကိစ္စထဲ ဝင်မပါချင်ဘူး…”
“ နင် ဘာတွေလောနေတာလဲ… နှင်းတွေများ ပင်းချိန်တစ်မြို့လုံး လက်ညိုးထိုး မလွဲရှိနေတာကို အခွင့်အရေး ရတုန်း ကောင်းကောင်း အသုံးမချသင့်ဘူးလား…”
အကြမ်းနည်းသုံးမရ၍ အန်းနင် အနုနည်းဖြင့် ကစားရန် ဆုံးဖြတ်လိုက်ပြီး လင်းရီကိုပင် ကလူမြှူဆွယ်စွာ ပြုံးပြလိုက်လေသည်။ “ အရင်ဆုံး ဘယ်သူမှ မရှိတဲ့နေရာ သွားကြတာပေါ့..”
“ မင်း ငါ့ကို သုံးကြိမ် ရှုံးထားတယ်ဆိုတော့ နှင်း လက်သုံးဆုပ်စာထည့်ရမယ်… အခွင့်အရေး တစ်ခေါက် ဆုံးရှုံးလိုက်ရရင်တောင် နှစ်ခု ရှိသေးတာကို အဆင်ပြေပါတယ်…”
အန်းနင် “ ….. “
‘ နင်ငါ့ကို ခဲပြီး သေသွားစေချင်ရင်လည်း ပြောလိုက်.. ‘
လင်းရီ ဖိတ်မန္တက ပြုသည့် ကိုယ်ဟန်ကို ပြလိုက်ရင်း “ ကြွပါ မိန်းကလေးနင်… စီးတော်ယာဉ် ကေဘယ်ကားက မိန်းကလေးနင် လာမှာကို စောင့်နေပါတယ်…”
အေးစက်စက် အမူအရာဖြင့် အန်းနင်သည် လင်းရီနောက်ကနေ တွန့်ဆုတ်စွာ လိုက်ပါလာရင်း ကေဘယ်ကားထဲ ဝင်လိုက်၏။
သို့သော် သူမ၏ စကားကို ဘယ်လို ပြန်ရုတ်သိမ်းရပါ့မလဲ ဟူ၍ စိတ်ထဲတွင် အကြံအဖန် ထုနေတော့၏။
ကေဘယ်ကားထဲတွင် လင်းရီ သူ၏ ဖုန်းကို ထုတ်၍ အန်းနင် ဘေးတွင် ထိုင်လိုက်သည်။ စခရင်ပေါ်တွင် သူတို့ နှစ်ယောက်လုံး၏ ပုံရိပ်က ပေါ်ပေါက်လာသည်။
“ မိန်းကလေးအန်း… ငါတို့ အခု သွားမယ့် နေရာရောက်တော့မှာဆိုတော့ ဘာ ပြောစရာများ ရှိသေးလဲ…”
“ နင်တော့ သေတော့မှာ…”
အန်းနင် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်ဝံ့သည်အထိ ရှက်ရွံ့နေမိ၏။
“ ငါတော့ နင် ငါ့ကို သတ်ချင်နေတာလို့ပဲ မြင်တယ်…”
“ အဲ့လို မပြောစမ်းပါနဲ့… ဘယ်သူ အရင် ဒီလိုမျိုး လောင်းကြေးထပ်တာလဲ ပြော…”
“ အင်း… ဒါပေမယ့် ငါ ရှုံးမယ်လို့ ဘယ်သူကရော ထင်ထားလို့လဲ…” အန်းနင် ပြောလိုက်ပြီး “ ပြီးတော့ ငါက ကြင်နာတတ်တဲ့ မိန်းမကောင်းလေးကို တကယ်လို့ နင်ရှုံးသွားတယ် ဆိုရင်တောင် နင့်ကို စကားတည်ခိုင်းဖို့ မစဉ်းစားပါဘူး… နင် ဒီလောက်ထိ နှလုံးသား မရှိတဲ့လူ ဖြစ်မယ်လို့ ငါ ထင်ကို ထင်မထားတာ… ငါ ဖျားပြီး ဆေးရုံ ရောက်သွားမှာကို နင် မကြောက်ဘူးလား…”
“ အင်း… အဓိပ္ပာယ်တော့ ရှိသားပဲ… ဒါပေမယ့် လောလောဆယ် အဲ့တာတွေ ဘေးချိတ်ထားကြတာပေါ့…” လင်းရီပြောလိုက်ပြီး “ ငါတို့တခြား လောင်းကြေးထပ်ထည့်ထားသေးတယ်မလား… ငါ ရှုံးခဲ့ရင် မင်းကို မာမီလို့ ခေါ်ရမယ်… မင်း ရှုံးခဲ့ရင် ငါ့ကို ဒယ်ဒီလို့ ခေါ်ရမယ်… ငါတော့ မင်း အခု စလို့ ရပြီ ထင်…”
“ ငါ … ငါ ဒီတိုင်း စတာလေ… ဘယ်သူက အဲ့လိုမျိုး ခေါ်ကြလို့လဲ…”
အန်းနင်မှာ လောင်းကြေးအပေါ်တွင် အရမ်း အာရုံစိုက်မိနေသဖြင့် လင်းရီ စကားဆုံးအောင် မပြောလိုက်ရသည်အား သတိမမူမိချေ။
လင်းရီ အဖို့တော့ အန်းနင် စကားတည်ခြင်း ရှိမရှိအား အာရုံ မစိုက်နိုင်တော့ပေ။ အကြောင်းမူကား သူ့လက်ထဲရှိ စခရင်ထဲ၌ အဝေး၌ တစ်စုံတစ်ယောက်က သူ့အား သေနတ်ဖြင့် ချိန်ရွယ်နေသည်အား မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
“ ငုံ့ထား…”
ဘန်း …
လင်းရီ အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်၏။ တစ်ချိန်တည်းတွင် နားစည် ပေါက်ကွဲလုမတတ် ကျယ်လောင်သည့် သေနတ်သံ ထွက်ပေါ်လာပြီး လျှပ်ထနေသည့် အပူရှိန်ဖြင့် ကျည်ဆံ တစ်တောင့်က နှင်းနှင့် ရေခဲများအား ဖြတ်သန်းလာကာ ကေးဘယ်ကား၏ ပြာတာတာ ပြတင်းပေါက်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေပြီး လင်းရီထံ တည့်တည့် ဦးတည်လာသည်။
သို့သော် သေနတ်သံကြားပြီး စက္ကန့်ဝက်လောက်ကြာတော့ လင်းရီသည် အန်းနင်၏ ကော်လံကို ဆွဲ၍ ကြမ်းပြင်သို့ တစ်ပတ်လှိမ့်သွားလိုက်၏။
“ အား…”
ကျည်ဆံက လင်းရီ၏ ပခုံးသို့ ရှပ်ပြီး ဖြောင်ထွက်၍ အခြား ပြတင်းပေါက်သို့ သွားမှန်လေသည်။
လင်းရီ နာကျင်မှုကြောင့် အော်ဟစ်မိသွားခဲ့၏။ ကျည်ဆံ၏ ဖောက်ထွင်းအားက ယခင် တစ်ကြိမ် သူ ခံခဲ့ရသည်ထက် ပြင်းထန်နေသည်။
ရှပ်ထိသည် ဆိုသော်လည်းပဲ ပခုံးတွင် လက်တစ်ဖဝါးစာ ပြတ်ရှရာ တစ်ခုအား ချန်ထားရစ်ခဲ့၏။
“ ချီးတဲ့မှာကွာ… လစ်စို့…”
လင်းရီအား တစ်ချက်တည်းနှင့် အပြတ်မဖြတ်လိုက်နိုင်သည်ကို မြင်တော့ ဆံပင်အတိုနှင့်လူက အားမလိုအားမရဖြစ်စွာ ကျိန်ဆဲလိုက်သည်။
“ နားလည်ပြီ..”
ကေဘယ်ကားထဲတွင် လင်းရီ၏ ကိုယ်က အန်းနင်ပေါ်တွင် ဖိထားပြီး နီရဲသည့် သွေးတို့က အန်းနင်၏ မျက်နှာပင် ဖြန်းပက်သွားခဲ့လေသည်။
အန်းနင် ကြောင်အမ်းသွားခဲ့၏။
သူမ၏ မျက်ဝန်းတို့ ပြူးကျယ်နေပြီး ဘာမျှ မပြောနိုင်ဖြစ်နေသည်။
သာမန် မိသားစုက ကောင်မလေး တစ်ယောက်အဖို့ ယခုလို ကိုယ်တိုင် ကြုံတွေ့ဖို့ကို မပြောနှင့် မြင်တွေ့ခဲ့ရလျှင်ပင် နှလုံးတုန်ဖို့ ကောင်းလှ၏။ သူမရင်ထဲရှိ ကြောက်ရွံ့မှု လှိုင်းတံပိုးတို့က ဘောင်ဘင်ခတ်နေလေသည်။
“ လင်း … လင်းရီ…”
“ မကြောက်နဲ့ … မင်း မသေဘူး… အား…”
လောင်ကျွမ်းနေသည့် ခံစားချက်က လင်းရီအဖို့ သည်းမခံနိုင်လောက်သည်အထိပင်။
ထိုအချိန်တွင် အန်းနင် သတိပြန်ဝင်လာခဲ့ပြီး အောက်မှ ထွက်၍ လင်းရီကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ ထို့နောက် အသည်းအသန် အော်ဟစ်တော့၏။
“ ကယ်ကြပါ… ကယ်ကြပါ… ဒီမှာ လူသေတော့မယ်…”
“ အဲ့လောက်ထိ မထိတ်လန့်နဲ့ဟ… ဒီမှာ ငါ အသက်နဲ့ အဝေးကြီး ရှိသေးတယ်…” လင်းရီ အံကြိတ်၍ ပြောလိုက်ပြီး “ ရဲကို အရင် ဖုန်းဆက်ပြီး အပန်းဖြေစခန်း တစ်ခုလုံး ပိတ်ချထားဖို့ ပြောလိုက်… ကျန်တာကို ငါကိုင်တွယ်လိုက်မယ်…
“ အိုကေ အိုကေ… ငါ ငါ အခုပဲ ရဲကို ခေါ်နေပြီ… “
ကတုန်ကယင် ဖြစ်စွာဖြင့် အန်းနင် 110 သို့ ဖုန်းဆက်ပြီး အခြေအနေကို သတင်းပို့လိုက်သည်။ မြန်နိုင်သမျှ မြန်မြန် လူလွှတ်ပေးဖို့လည်း တောင်းဆိုလိုက်လေသည်။
အန်းနင်ကို ရဲစခန်းသို့ ဖုန်းဆက်ခိုင်းလိုက်သော်လည်းပဲ တရားခံကို ဖမ်းမိဖို့ရာတော့ လင်းရီ သိပ်ပြီးမှ မျှော်လင့်ချက် သိပ်မရှိပေ။
ဒီအတိုင်း ကိစ္စများက ပေါက်ကွဲထွက်သွားမည်ကို မလိုချင်သောကြောင့်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေ ဤသည်က သေနတ်ပစ်ခတ်သည့် အဖြစ်အပျက် ဖြစ်ပြီး အပြင်သို့ ပျံ့နှံ့သွားမည်ဆိုပါက မကောင်းသည့် အကျိုးသက်ရောက်မှုတို့ စတင် ဖြစ်ပျက်လာနိုင်သည်။
“ အဟင့်ဟင့် … လင်းရီ… ငါ တောင်းပန်ပါတယ်.. ငါ နင့်ကို ဒီမခေါ်လာခဲ့သင့်ဘူး… ဝူးဝူး…. နင် သေသွားခဲ့ရင် ငါ ငွေစက္ကူတွေ အများကြီး ရှို့ပေးပါ့မယ်… ”
လင်းရီ “ ….. “
“ အန်းနင်… ငါ … ငါ မရတော့ဘူး.. ဒီနားမှာ လူတွေလည်း မရှိဘူးဆိုတော့ ... ငါ့ကို ပျော်အောင် လုပ်ပေးပါလား.. ဒါဆို ငါ နောင်တမရှိဘဲ သေလို့ရပြီ…”