← Chapters

သက်သေ အထောက်အထားဆိုတာ သာမန်လူတွေ အတွက်ပဲ

Vol. 98 Ch. 1462

သက်သေ အထောက်အထားဆိုတာ သာမန်လူတွေ အတွက်ပဲ

Vol. 98 Ch. 1462

“ ဟုတ်ပြီ ဟုတ်ပြီ… စိတ်မလောနဲ့…”

လင်းရီ စိတ်ထဲ နွေးထွေးမှုကို ခံစားနေရပြီး “ ငါ အခု လူနာတင်ယာဉ်ထဲမှာမို့ ပြီးမှ ဖုန်းပြန်ခေါ်လိုက်မယ်…”

“ အင်း…”

“ ငါ လာတာကို စောင့်နေ… မလောနဲ့… ဒီလောက်လေးကို ရေးကြီးခွင်ကျယ် လုပ်စရာ မလိုဘူး…”

“ နင့်ကို တစ်ခါတည်း ပြောလိုက်မယ်… ဒီခုက နောက်ဆုံး အကြိမ်ပဲ … နင် ပြန်လာပြီဆိုတာနဲ့ ကျိုးဟိုင်မှာပဲ နေတော့ … လိုက်လျားလိုက်လျား လျှောက်မသွားနဲ့တော့…”

“ အေးပါ… ဟုတ်ပါပြီ… မင်းစကားကို နားထောင်ပါ့မယ်..”

စိတ်ပူစိန်လေးအား ဖြောင်းဖြနှစ်သိမ့်ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

နေစမ်းပါဦး။ ဒဏ်ရာရတဲ့လူက ငါမဟုတ်လား။ ဘာလို့ ငါကပဲ ပြန်ပြီး နှစ်သိမ့်ပေးနေရတာပါလိမ့်။

ထို့နောက် လျိုဟုန်ထံက ဖုန်းဝင်လာခဲ့သည်။

နှစ်ယောက်လုံးက ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန်နဲ့ ဟီးလားဟားလား လုပ်၍ စကားပြောခဲ့ကြသော်လည်း ထိုဖက်တီး၏ ပုံစံက ဒေါသထွက်နေသည့်ပုံပင်။

ဖုန်းစ ဝင်ပြီဆိုကတည်းက အဆဲနှင့် နှုတ်ခွန်းဆက်ပြီး ဖြတ်ရိုက်ချင်အောင် ဆွနေတော့၏။

လင်းရီလည်း မတတ်နိုင်ပေ။ လျိုဟုန်အား စိတ်ငြိမ်ငြိမ်ထားပြီး ရေးကြီးခွင်ကျယ်မလုပ်ရန်နှင့် ဤကိစ္စအား အကောင်းဆုံး ဖုံးဖိထားပေးရန် ပြောလိုက်ရသည်။

ပထမတစ်ချက် ရန်သူကို တပ်လှန့်မိသလို ဖြစ်သွားမှာကို သူစိုးရွံ့မိသည်။ ဒုတိယကတော့ ဤကိစ္စ ပျံ့နှံ့သွားမှာကို သူ ကြောက်မိလေသည်။

လျန်ရူရွှယ်ပင် သူမ၏ စိတ်ခံစားချက်များကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်လေရာ ကျီချင်းရန်ဆိုပါက….

လျိုဟုန်အား စိတ်ငြိမ်အောင် ပြုလုပ်ပြီးနောက် လူနာတင်ယာဉ်က နောက်ဆုံးတွင် ပင်းချိန် ဆေးရုံသို့ ရောက်ရှိလာသည်။

“ ဒါရိုက်တာလင်း… နည်းနည်းကြာကြာ ထပ်တောင့်ခံထားဦး… ငါတို့ ဆေးရုံ ရောက်တော့မှာ…” ကားထဲတွင် ဆရာဝန်ကနေပြီး ပြော၏။

လင်းရီ ခေါင်းညိမ့်ပြီး လူတိုင်းအား တစ်ချက် သိမ်းကျုံးကြည့်လိုက်သည်။

“ ကျုပ် လူတိုင်းကို တစ်ခု ပြောချင်တယ်…”

“ ဘယ်သူပဲ လာမေးမေး ကျုပ်ရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်တယ်လို့ပဲ ပြောရမယ်.. တခြား ကျုပ်ဘယ်သူဆိုတာ ၊ ဒါမှမဟုတ် တခြား အချက်အလက်တွေ ပေါက်ကြားတာမျိုး မလိုချင်ဘူး…. ဒါအမိန့်ပဲ..”

လူနာတင်ယာဉ်အတွင်းရှိ လေထုမှာ လေးလံလာခဲ့၏။

“ နားလည်ပါပြီ…”

“ ကျန်းသရုံကိုဖုန်းဆက်ပြီး ကျုပ်ကို အရေးပေါ် လူနာဌာနမှာ လာတွေ့ပေးနိုင်မလား မေးပေးစမ်းပါ…”

“ အိုကေ… ငါအခု ဆက်ကြည့်လိုက်မယ်..”

လင်းရီ အဘယ်ကြောင့် ယခုလို လုပ်ရသလဲဆိုတာကို မည်သူကမျှ နားမလည်ကြချေ။ သို့သော် သူ၏ အဆင့်အတန်းကြောင့် ပြန်လည် မေးခွန်း မထုတ်ဝံ့ကြချေ။

လူနာတင်ယာဉ်က အရေးပေါ်လူနာ ဌာနကို ရောက်တော့ ကျန်းသရုံနှင့် အခြား ဆေးရုံ ဒါရိုက်တာ နှစ်ယောက် ရောက်ရှိလာပြီး ဆရာဝန် ဆယ်ယောက်ကျော်က ဝင်ပေါက်ဝတွင် လင်းရီ ဝင်လာမည်ကို စောင့်ဆိုင်းနေကြလေသည်။

ကားထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် တွန်းလှည်းပေါ်တွင် လဲလျောင်း၍ အရေးပေါ် ဆေးကုခန်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။

ဆေးရုံ ဒါရိုက်တာ သုံးယောက်၊ ခေါင်းဆောင် ခွဲစိတ်ဆရာဝန်နှင့် နာ့စ် ခေါင်းဆောင်တို့က သူ၏ အနာကို ဆေးကုသရန် ရောက်လာခဲ့သည်။

“ ဒါရိုက်တာလင်း… ငါ အခုလေးတင် စစ်ဆေးကြည့်လိုက်တာ မင်းရဲ့ အနာက ကြီးတယ်ဆိုပေမယ့် ဒဏ်ရာက ပြင်းတော့ မပြင်းဘူး… စိတ်မပူနဲ့… တခြား ဘာဘေးထွက် ဆိုးကျိုးမှ ရှိမှာ မဟုတ်ဘူး..” ခေါင်းဆောင် ခွဲစိတ်ဆရာဝန်၊ စွန်းပေါ်ထောင်က ပြောလိုက်သည်။

“ သိတယ်…” နာကျင်မှုကြောင့် လင်းရီ အံကြိတ်လျက် ပြောရင်း “ ဒါပေမယ့် ကျုပ် ခင်များတို့ကို တစ်ခု သတိပေးချင်တာ ရှိတယ်…”

“ ဒါရိုက်တာလင်း…. ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်..” ကျန်းသရုံ ပြောလိုက်၏။

“ ဒဏ်ရာက မပြင်းထန်ဘူးဆိုပေမယ့် တခြား ဘယ်သူ့ကိုမှ ဒီအကြောင်း မပြောနဲ့… ဆေးမှတ်တမ်းမှာ ဒဏ်ရာက ပြင်းထန်ပြီး စိုးရိမ်ရတယ် ၊ လက်မောင်းတောင် ဖြတ်တောက်ရနိုင်တယ်လို့ ရေးပေးပါ…”

“ ဟင်…”

ကျန်းသရုံနှင့် ကျန်သူများ ဘာဖြစ်နေလဲဆိုတာကို နားမလည်ကြချေ။ ဤသည်က လုပ်ရိုးလုပ်စဉ်နှင့် ကွဲထွက်နေသည်။

“ ဘာကြောင့်လဲ မေးစရာမလိုဘူး… ကျုပ် ပြောတဲ့အတိုင်းသာ လုပ်ပေး…” လင်းရီ လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး “ ပြီးတော့ ကျုပ် ခိုင်းတဲ့အတိုင်း လုပ်ရမယ်… တကယ်လို့ တစ်ယောက်ယောက် သတင်းပေါက်ကြားခဲ့သည်ရှိသော် တရားဥပဒေအတိုင်း အကျိုးဆက်တွေ ခံစားရမယ်…”

အခန်းထဲရှိ လူတိုင်း ထိတ်ကနဲ ဖြစ်ကုန်ကြသည်။

“ နားလည်ပြီ…”

အနာကို ကုသရန်အတွက် အချိန် သိပ်မပေးရချေ။ တစ်နာရီကျော်တော့ အားလုံး ပြီးစီးသွားခဲ့၏။

သို့ဖြစ်သည့်တိုင် လင်းရီ ထွက်ခွာရန် အလျင်မလိုချေ။ သူ၏ အခန်းထဲတွင် နောက်ထပ် တစ်နာရီလောက် ထပ်လဲလျောင်းနေလိုက်သေး၏။

လင်းရီ ယခုလို ပြုနေရခြင်းက သူ၏ အကြောင်းအား တစ်ဖက်ရန်သူက စုံစမ်း ထောက်လှမ်းနေမည်ကို သံသယ ရှိသောကြောင့်ပင်။ မသေချာသော်ငြားလည်းပဲ ပြင်ဆင်ခြင်းဖြင့် ကြိုတင်ကာကွယ်သည်က အကောင်းဆုံးဖြစ်၏။

ကျန်းသရုံကလည်း တွေးပေးတတ်စွာဖြင့် နာ့စ်နှစ်ယောက်ကို ခေါ်၍ လင်းရီအား ပြုစုခိုင်းထားသည်။

အသီးများနှင့် သောက်စရာများ ပြင်ထားပေးပြီး တစ်ယောက်က ခွံ့ကျွေး၊ ကျန်တစ်ယောက်က နှိပ်နယ်ပေးရင်းဖြင့် လင်းရီအား ဘုရင်တစ်ပါးကဲ့သို့ ထားထားပေးသည်။

အဆိုပါ ကုသခန်းထဲတွင် နေပြီးနောက် လင်းရီ စောင့်ကြည့်ရေး ပစ္စည်း ကိရိယာ အစုံအလင်နှင့် အထူးကြပ်မတ် ကုသခန်းထဲတွင် နေထိုင်ရန် စီစဉ်လိုက်၏။

မသိသူများဆိုပါက သေခါနီး ဖြစ်နေပြီဟုတောင် အတွေးကျွံသွားနိုင်လေသည်။

“ အစ်ကိုရီ… ရှင် ဘာစားချင်လဲ … ကျွန်မ အခု သွားဝယ်ပေးမယ်…” လီစီကျင်း မျက်ရည်များအား သုတ်ရင်း ပြောလိုက်သည်။

အန်းနင် အတွင်လည်း ထို့အတူပင်။ သူမ၏ မျက်လုံးတို့က နီရဲနေပြီး ငိုထားသောကြောင့် မို့အစ်နေတော့၏။

“ မင်းတို့တွေ ငိုတာ ရပ်ပေးလို့မရဘူးလား… ဒီမှာ ငါ အရှင် လတ်လတ်ကြီး ရှိပါသေးတယ်ဟ… မသိရင် ဈာပနာ ရောက်နေတဲ့ အတိုင်းပဲ…”

“ ဝူးဝူး….” လီစီကျင်း ပို၍ပင် သည်းသည်းထန်ထန် ငိုကြွေးလာခဲ့၏။

“ ဆရာဝန်က အစ်ကိုရီရဲ့ အခြေအနေက အရမ်း စိုးရိမ်ရတယ်လို့ ပြောတယ်… ညာဘက် လက်မောင်းကိုတောင် ဖြတ်တောက်ပစ်ရင် ပစ်ရမှာတဲ့… အူးဝူးဝူး…”

“ အာ….”

ဘိုးတော်ကတော့ အတည်ကြီးတွေ လုပ်နေတာပဲ။ ကိုယ့်လူကိုယ်တောင် ပြန်ပြီး လှည့်စားသွားတယ်။

“ ဆရာဝန်က ဖြစ်နိုင်တယ်လို့ပဲ ပြောသွားခဲ့တာမလား… ကြီးကြီးမားမား မဟုတ်သေးပါဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါ ဗိုက်နည်းနည်းဆာတယ်… မင်းတို့နှစ်ယောက် ငါ့ဖို့ တစ်ခုခု သွားဝယ်ပေးကြပါလား… ည ဆယ်နာရီတောင် ကျော်နေပြီ.. မင်းတို့ရော မစားရသေးရင် မင်းတို့ဖို့ပါ ဝယ်ခဲ့လိုက်လေ…”

“ ဟင်… အစ်ကိုရီ ဘာစားမလဲ… ကျွန်မ ခုချက်ချင်း သွားဝယ်ပေးမယ်… စားချင်တာ ပြောနော်… ဆန်ပြုတ်လား … ခေါက်ဆွဲလား… ”

“ အကင် ငါးချောင်းလောက်နဲ့ တရွှယ်ဟွား ဘီယာ နှစ်ပုလင်းလောက်… ပြီးတော့ …..”

“ နင်က ဒီလို ဖြစ်နေတာတောင် သောက်ဖို့ စဉ်းစားနေသေးတယ်ပေါ့ ဟမ်… နင် တအား သေချင်နေတာလား ဟုတ်လား…” အန်းနင် ခါးထောက်လျက် လင်းရီကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

“ သူ့ဖို့ ပေါ့ပေါ့ပါးပါး စားစရာလေးတွေပဲ ဝယ်ပေးလိုက်… မာတဲ့ အစားအစာတွေ မဝယ်လာခဲ့နဲ့… ထားတော့ ငါပဲ သွားဝယ်လိုက်မယ်… နင် ဒီမှာ သူ့ကို စောင့်ကြည့်ထားလိုက်…”

ပြောပြီးနောက် အန်းနင်သည် သူမ၏ အိတ်ကိုလွယ်၍ လင်းရီအတွက် ညစာ သွားဝယ်ပေးရန် ဟန်ပြင်သည်။

အားအင် ပြည့်ဝလျက် တက်ကြွနေသည့် အန်းနင်ကို ကြည့်ရင်း လင်းရီမျက်လုံးထဲ လျန်ရူရွှယ်ကို ဝိုးတဝါးတား မြင်ယောင်လာခဲ့မိသည်။

“ စီကျင်း… မင်းလည်း ပြန်တော့…” လင်းရီ ပြောလိုက်ပြီး “ စင်တာမှာ မင်း လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်မလား… ဒီမှာ မင်း အာရုံစိုက် လုပ်ပေးစရာ ဘာ ကိစ္စမှ မရှိဘူး… ပြန်ပြီး နားတော့…”

“ ကျွန်မ မသွားဘူး..” လီစီကျင်း သူမ၏ မျက်ရည်များအား သုတ်ရင်း ခေါင်းမာစွာ ပြောလိုက်၏။ “ ကျွန်မ အစ်ကိုရီ ဘေးနားမှာ အဆုံးထိ နေသွားပေးမယ်…”

လင်းရီတော့ ကိုယ်ရှူးကိုယ် ပြန်ပတ်ပြီဟု ခံစားနေရတော့သည်။

“ စီကျင်း… မင်းရဲ့ စိတ်ကို ငါနားလည်တယ်… ဒါပေမယ့် တကယ်ကြီး ဒီမှာ ဘာမှ လုပ်စရာမရှိတာ.. မပူနဲ့… သွား … မင်း လုပ်စရာရှိတာတွေ သွားလုပ်…”

“ ရတယ်… ကျွန်မ မနက်ကျတော့မှ သွားလိုက်မယ်… ခု မသွားလည်း ဘာမှ မဖြစ်ဘူး..”

“ ဟင်း.. အလိုက်မသိလိုက်တာကွာ…” လင်းရီ သက်ပြင်းချလိုက်ပြီး “ မင်း ဒီမှာ ရှိနေမယ်ဆိုရင် ငါနဲ့ မင်း အစ်မနင်က ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူးလေ…”

နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူများ ဖြစ်သဖြင့် လီစီကျင်းသည် လင်းရီ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့၏။

“ အိုး… ဒါဆို ကျွန်မ အရင်သွားနှင့်တော့မယ်…” လီစီကျင်း ပြောလိုက်ပီဲး “ တကယ်လို့ တစ်ခုခု လိုရင် ကျွန်မကို ခေါ်ဖို့ မမေ့နဲ့နော်…”

“ ကောင်းပြီ… ငါ သိတယ်…”

လီစီကျင်း မသွားချင် သွားချင်နှင့် ထွက်ခွာသွားခဲ့၏။ လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း လျန်ရူရွှယ်ထံ ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။

“ နင် ငါ့ကို သတ်နေတာလား… ခုမှ ဖုန်းခေါ်လာတယ်ပေါ့…”

ဖုန်းတစ်ဖက်ခြမ်းတွင် လျန်ရူရွှယ်မှာ ညအိပ်ဝတ်စုံနှင့် ဖြစ်ပြီး သူမ၏ ဆံပင်တို့က ရှုပ်ပွနေကာ အလုပ်စားပွဲ၌ ရှိနေဆဲဖြစ်၏။

“ အားလုံး အဆင်ပြေပါတယ်လို့ ပြောထားတာကို ဘာမှစိတ်မပူနဲ့…”

“ နင်ကသာ စိတ်မပူနဲ့ စိတ်မပူနဲ့ လွယ်လွယ်လေး ပြောထွက်နေတာ ဒီလို ကိစ္စကြီး ဖြစ်ပျက်ပြီးမှတော့ လူက စိတ်မပူဘဲ ဘယ်နေနိုင်မှာလဲ…”လျန်ရူရွှယ် ဒေါမာန်တကြီးဖြင့် ပြောလိုက်ပြီး “ အနာက နာသေးလား… တခြားနောက်ဆက်တွဲတွေရော ရှိလား….”

“ အဆင်ပြေတယ်… ဒီလောက်လေးက ငါ့ရဲ့ စွမ်းဆောင်ရည်ကို အကျိုးမသက်ရောက်နိုင်ဘူး.. မင်း ဘာမှ မပူနဲ့…”

“ သေနာကောင် မသာ… ငါ နင့်ကို စကား အကောင်းပြောနေတာဟဲ့… ငါကန်ထည့်လိုက်ရ…”

လျန်ရူရွှယ် မျက်လုံးလှန်၍ လင်းရီအား ကြည့်လိုက်ပြီး တခြား အကြောင်းအရာဘက်သို့ ခေါင်းစဉ်လှည့်လိုက်၏။

“ ဘယ်သူလုပ်လဲဆိုတာ နင် သိလား..”

“ ငါ ဒီမှာ စွန်းမန်လုံလို့ ခေါ်တဲ့ လူနဲ့ တွေ့ခဲ့တယ်… သူက မြောက်ပိုင်းမှာရှိတဲ့ အကြီးဆုံး ဂိုဏ်းရဲ့ ခေါင်းဆောင်… သူက ဒီဘက်ခြမ်းမှာ တော်တော်လေး လွှမ်းမိုးမှုရှိတယ်…”

လျန်ရူရွှယ် ခေတ္တမျှ အတွေးနက်သွားခဲ့၏။ တစ်ဖက်သူက တော်တော်လေး လွှမ်းမိုးမှုရှိသည်ဟု လင်းရီ ပြောလာခဲ့သဖြင့် ထိုသူကလည်း ပါမွှားလေးတော့ မဖြစ်နိုင်လောက်ချေ။ သူ့တွင်လည်း အဆက်အသွယ်တစ်ချို့တော့ ရှိနိုင်လောက်သည်။

“ နင်ပြောသလိုသာဆိုရင် အဲ့ဒီ စွန်းမန်လုံရဲ့ နောက်မှာ ကျောထောက်နောက်ခံ တစ်ချို့တော့ ရှိရမယ်..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒီတော့ သူလုပ်တာလို့ နင် သံသယ ရှိတယ်ပေါ့..”

“ ငါ ဒီမြောက်ပိုင်းကို ရောက်လာပြီးတဲ့နောက်မှာ စွန်းမန်လုံကပဲ ငါနဲ့ အချင်းများခဲ့တဲ့ တစ်ယောက်တည်းသောလူ… သူကလွဲရင် ဒီလိုလုပ်ဝံ့တဲ့ တခြားတစ်ယောက် မရှိနိုင်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သက်သေတော့ မရှိဘူး…”

“ သက်သေက သာမန်လူတွေ အတွက်ပဲ… ငါ့အတွက် မလိုဘူး…”

All Chapters