နင် စိတ်ကျေနပ်အောင် ဒယ်ဒီလို့ ခေါ်ပေးမယ်
Vol. 98 Ch. 1463
“ အတွင်းရေးမှူးလျန်က သိပ်တော်တာပဲ… ငါ လက်မအကြီးကြီးပေးမယ်..”
“ ဒီလို အချိန်မျိုးမှာတောင် မျက်နှာပိုးက မသေနိုင်သေးဘူးပေါ့…” လျန်ရူရွှယ် ဒေါသထွက်နေပြီး “ ငါ ဖုန်းဆက်လိုက်ဦးမယ်…”
“ မလုပ်နဲ့… မင်း အဲ့လိုလုပ်ရင် ရန်သူကို တပ်လှန့်သလို ဖြစ်သွားမယ်..” လင်းရီ ပြောလိုက်ပြီး “ မနေ့ညတုန်းက ငါ စွန်းမန်လုံနဲ့ သူ့လူတွေကို သင်ခန်းစာ ပေးခဲ့တယ်… ပုံမှန်ဆို အဲ့လို ဖြစ်ပြီးသွားရင် သူတို့ နောက်တစ်ကြိမ် ငါ့ကို ရန်လာစဝံ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး… ပြီးတော့ သူတို့က လက်စားချေဖို့ကို ခုလိုမျိုး မတရား အစွန်းရောက်တဲ့ နည်းလမ်းမျိုးကို အသုံးပြုလာတယ်.. ဒီတော့ ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး..”
အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လျန်ရူရွှယ်က “ နင် ပြောချင်တာ စွန်းမန်လုံ နောက်ကွယ်က လူက ဒီကိစ္စကို လုပ်ခဲ့တာလို့ ပြောချင်တာလား…”
“ အဲ့လိုထင်တာပဲ… ဒါပေမယ့်… သက်သေမှမရှိပဲလေ…” လင်းရီ ပြောလိုက်ပြီး “ မင်းမှတ်မိသေးလား…. ငါ ဒီလာတုန်းက မင်း ပြောခဲ့တာ ဒီ မြောက်ပိုင်းက ဝမ်မိသားစုရဲ့ ပိုင်နက်ဟုတ်တယ်ဆို…”
ထိုစကားကြားတော့ လျန်ရူရွှယ်၏ မျက်ဝန်း လင်းလက်သွားခဲ့၏။
“ စွန်းမန်လုံက ရန်ကျင်း ဝမ်မိသားစုနဲ့ ပတ်သက်ဆက်နွယ်နေတာလား…”
“ ဖြစ်ဖို့များတယ်… အင်အားကြီးမားတဲ့ ကျောထောက်နောက်ခံတစ်ခု မရှိဘဲနဲ့တော့ စွန်းမန်လုံက ဒီလောက်ထိ မကြီးထွားလာနိုင်ဘူး… ပြီးတော့ ဒီနေရာက ဝမ်မိသားစုရဲ့ ပိုင်နက် .. ဒီတော့ သူတို့နှစ်ယောက်ကြား အဆက်အစပ်တော့ ရှိကိုရှိရမယ်.. မင်း အဲ့ကိစ္စ စုံစမ်းပေးလို့ရမလား…”
“ ရတယ်… ပြဿနာ မရှိဘူး… ငါ မနက်ဖြန်ကျရင် နင့်ကို အဖြေပြန်ပေးမယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ တကယ်လို့ ဝမ်မိသားစုကသာ တကယ်ကြီး ဒီလိုဖြစ်အောင် လုပ်ခဲ့တာဆိုရင် ငါတို့ ဒီကိစ္စကို အသုံးချပြီး သူတို့ကို အငိုက် တိုက်ခိုက်လို့ ရတယ်…”
“ မဖြစ်နိုင်ဘူး…” လင်းရီ တည်ကြည် လေးနက်သည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်ပြီး “ ငါတို့ အရင်တစ်ခေါက်က အောင်မြင်သွားခဲ့တယ်ဆိုတာ ဝမ်မိသားစုက ငါတို့ကို အထင်သေးခဲ့တာကြောင့်လည်း ပါတယ်… ဒီတစ်ကြိမ်တော့ သူတို့ ဘယ်လို သက်သေ အချက်အလက်မျိုးမှ ချန်ထားရစ်ခဲ့မှာ မဟုတ်လောက်ဘူး… သူတို့ ကြံရွယ်ခဲ့တာမှန်း သေချာရင်တောင် ငါတို့မှာ သက်သေက ရှိတာမဟုတ်ဘူး…”
“ အဲ့တော့ ငါတို့က ဘာလုပ်ကြမှာလဲ…”
“ သူတို့ဖော်တဲ့ဆေး သူတို့ ပြန်သောက်ရအောင် လုပ်မယ်… အရင်ဆုံး စွန်းမန်လုံနဲ့ ဝမ်မိသားစုကြားက ဆက်နွယ်မှုကို စစ်ဆေးမယ်.. ပြီးရင် ဝမ်မိသားစုရဲ့ လတ်တလော လှုပ်ရှားမှုတွေကို စစ်ဆေးမယ်… မင်း အဲ့တာကလွဲပြီး တခြား ဘာမှလုပ်စရာ မလိုဘူး…”
“ ဒါဆို နင့်ရဲ့ ဒဏ်ရာအတွက်ကျတော့ရော… ငါတို့ ဒီအတိုင်း မေ့ထားလိုက်လို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား…”
“ မပူနဲ့.. ငါလုပ်နေတာကို ငါနားလည်တယ်… ငါ မင်းကို ဒီမလာခဲ့စေချင်တာကလည်း အခွင့်အရေးကောင်းကို စောင့်နေလို့ပဲ…”
“ ဘာ အခွင့်အရေးလဲ…”
“ တစ်ဖက်သူရဲ့ ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့ .. ဒါပေမယ့် အပန်းဖြေစခန်းမှာတုန်းက သူတို့ ရည်မှန်းချက် မပြည့်ဝလိုက်ဘူး… ငါ့စိတ်ထင် …. သူတို့ နောက်ရက်နည်းနည်းလောက်ကြာရင် ထပ်ပြီး လှုပ်ရှားလာမယ်လို့ ထင်တယ်…”
“ နင်ပြောချင်တာ သူတို့က နင့်ကို အဆုံးသတ်ပေးဖို့ ဆေးရုံကို လာခဲ့မယ်လို့ ပြောချင်တာလား ဟုတ်လား…”
“ ဖြစ်နိုင်တယ်.. ဒါကြောင့်မို့ ငါ မင်းကို မလာခဲ့စေချင်တာ.. မင်းရဲ့ အထောက်အထား ပေါ်လာတာနဲ့ ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်သွားလိမ့်မယ်…”
“ ငါ စီရင်စုက စစ်တပ်အကြီးအကဲဆီ နင့်အတွက် ဖုန်းဆက်ထားပေးရဦးမလား…”
“ မင်း ဘာမှ လုပ်စရာမလိုဘူးလို့ ဆိုနေ… မင်း လုပ်စရာရှိတာကိုပဲ လုပ်… တစ်ခုခုဆို ငါမင်းဆီ ဖုန်းဆက်လိုက်မယ်…”
“ အိုကေလေ… ဒါဆိုလည်း နင် ဂရုတော့ စိုက်ဦး…”
“ စိတ်ချစမ်းပါ… ငါက အသက်ပြင်းပါတယ်…”
လျန်ရူရွှယ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်သည်။
အရင်ဦးဆုံး သူတို့တွေ လင်းယွင် အုပ်စုနှင့် ချောင်ယွမ် အုပ်စုအကြောင်း ပြောကြသည်။ ထို့နောက် လင်းရီ၏ အခြေအနေအကြောင်း မေးမြန်း၏။ သူတို့တွေ အဓိပ္ပာယ် မရှိသည့် အကြောင်းအရာများကိုသာ ပြောဆိုနေရင်း အချိန်တို့ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ကာ နာရီဝက် ကျော်လွန်သွားခဲ့၏။ ဖုန်းချပြီးနောက် အန်းနင် အထုပ်များကိုင်ရင်း အခန်းထဲသို့ ဝင်လာသည်။
သူမ စားစရာ အများအပြား ဝယ်လာခဲ့သည်။သို့သော် အများစုက ပေါ့ပေါ့ပါးပါး စားသောက်စရာ များသာ ဖြစ်၏။ လင်းရီ တောင်းဆိုသည့် ဘီယာနှင့် အကင်တော့ ပါမလာချေ။
ထပ်ပြောပြန်လျှင်လည်း တုတ်ဆာမိချင်နေသည့် လင်းရီ ဖြစ်သွားလိမ့်မည်။
“ စီကျင်းရော… သူ ဘယ်သွားခဲ့တာလဲ…”
“ မနက်ဖြန်ကျရင် အလုပ်သွားရဦးမှာမို့လို့ ငါ ပြန်ပြီး နားခိုင်းလိုက်တာ..” လင်းရီ ပြောလိုက်ပြီး “ မင်းလည်း စားပြီးရင် ပြန်သွားသင့်တယ်… အန်ကယ်လည်း ဒီမှာ ရှိနေတာဆိုတော့ မင်း ငါ့နားချည်းပဲ နေနေလို့ ဘယ်သင့်မှာ..”
“ ငါ့အဖေရဲ့ အခြေအနေက ပိုကောင်းလာနေပြီ… ငါ့အမေ တစ်ယောက်တည်း ဂရုစိုက်ပေးလို့ ဖြစ်တယ်..” အန်းနင် ပြောလိုက်ပြီး “ ဒီမှာကျတော့ နင်က တစ်ယောက်တည်းလေ… ငါသာ နင့်ကို လာမကြည့်ပေးဘူးဆိုရင် စွန့်ပစ်ခံထားရတဲ့ လူငယ်လေး ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား…”
“ အင်း … မင်း မှန်တယ်… ငါကလည်း မင်းရဲ့ 'ဒယ်ဒီ' ဆိုတော့ မင်း ဒီလိုလုပ်တာလည်း မမှားပါဘူး…”
အန်းနင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ကိုးရို့ကားယားဖြစ်စွာနှင့် မလွယ်ကူသယောင် ခံစားလာခဲ့ရသည်။
“ ဒီအခြေအနေအထိ ရောက်နေတာတောင် နင့် ဦးနှောက်က လောင်းကြေး ကိစ္စ သတိရသေးတယ်ပေါ့ ဟုတ်လား…”
“ အဲ့လို ကိစ္စကြီးကို ငါက မေ့စရာလား..” လင်းရီ ပြောလိုက်ပြီး “ အခု ဘယ်သူမှလည်း မရှိဘူးဆိုတော့ မင်းရဲ့ ကတိကို ဖြည့်ဆည်းပေးသင့်ပြီလို့ မထင်ဘူးလား..”
“ နင် … နှလုံးသားမရှိတဲ့လူ… အသည်းနှလုံး မရှိတဲ့လူ... ငါကတော့ ငါ့အဖေကိုတောင် ဘေးချိတ်ထားပြီး နင့်ဆီလာ ဂရုစိုက်ပေးတာတောင် နင်က တကယ်ကြီး ငါနဲ့ လောင်းကြေးကိစ္စကို ပြောနေသေးတယ်ပေါ့… နင့်မှာ အသိတရား မရှိဘူးလား…”
“ ကောင်းပြီလေ… ဒါဆို မင်းငါ့ကို ဂရုစိုက်ပေးစရာ မလိုဘူး… ကတိသာ တည်ပေး…”
“ အမ်ဟမ့်…” အန်းနင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ မရဘူး.. ငါ နင့်ကို ဂရုစိုက်ပေးမှ ရမှာ..”
“ မင်းသာ ဒီမှာနေပြီး ငါ့ကို ဂရုစိုက်ပေးမယ်ဆိုရင် ငါတို့ရဲ့ သားအဖ ဆက်ဆံရေးက အတည်ဖြစ်သွားမှာနော်…”
လုပ်ကြံရေးသမားက နောက် ရက်အနည်းငယ်အတွင်း အချိန်မရွေး ရောက်ရှိလာနိုင်သဖြင့် လင်းရီသည် အန်းနင်အား ပြဿနာ မတက်စေချင်ပေ။
“ ထားတော့ ထားတော့.. နင်က အတည်ဆိုတော့လည်း အတည်ဖြစ်ပြီပေါ့…”
အန်းနင် လက်မြောက် အရှုံးပေးလိုက်ပြီး သူမ ဝယ်လာသည့် ပစ္စည်းများအား ဖွင့်၍ လင်းရီနှင့် အတူ စားသောက်ရန် ပြင်ဆင်သည်။
လင်းရီ ဆွံ့အသွားခဲ့ရ၏။
ဟေ့ မှားနေပြီလေ။ မင်းက ငြင်းရမှာလေ။
“ မင်း တကယ်ကြီး ဝန်ခံတယ်ပေါ့…”
“ ငါ ဝန်ခံတယ်..” အန်းနင် ပြောလိုက်ပြီး “ နင် ခံစားလို့ကောင်းအောင် ‘ဒယ်ဒီ’ လို့ရော ခေါ်ပေးရဦးမလား…”
ချီးလိုပဲ…
တကယ်တော့ လင်းရီသည် ထိုကဲ့သို့ အဖေနှင့် သမီး သားအဖဆက်ဆံရေးမျိုးကို လုံးဝကြီး စိတ်ဝင်စားတာမျိုးတော့ မဟုတ်ချေ။ မည်သို့ပင် ဆိုစေ အနှီ မော်ဒယ်လ်တို့က သူနှင့် နီးကပ်ရန် အလို့ငှာ အသံမျိုးစုံနှင့် ခေါ်လေ့ ရှိသဖြင့် ရိုးလွန်း၍ပင် အီချင်သလို ဖြစ်နေခဲ့၏။
သို့သော် ယခု အန်းနင်က ဆေးရုံတွင် သူနှင့် အတူနေရန်သာ ခေါင်းမာနေပြီး သူ့အား ပြုစုပေးချင်နေသည်က အနည်းငယ် အခက်တွေ့စေသည်။
သို့သော်လည်း လင်းရီ ဘာမျှတော့ မပြောလိုက်ပေ။
သူမက ကြင်နာမှုကို ပြသနေခြင်းပင်။ အကယ်၍ သူက အတင်းခေါင်းမာပြီး မောင်းထုတ်နေမည်ဆိုပါက သူမကို ဝမ်းနည်းအောင် ပြုလုပ်သလို ဖြစ်သွားလိမ့်မည်။
တိတ်ဆိတ်သည့် ညတွင် အေးမြသည့် လရောင်က ပြတင်းပေါက်ကတဆင့် လူနာခန်းထဲသို့ အလင်းပေးနေသည်။
အန်းနင်မှာ သူ၏ ဘေးရှိ ကုတင်ပေါ်၌ လဲလျောင်း၍ အိပ်ပျော်နေလျက် ရှိ၏။
ယခုလို မရင်းနှီးသည့် သူစိမ်းတို့ရှိရာ မြို့တော်၌ ယခုလို မိန်းကလေးတစ်ယောက်နှင့် ဆုံတွေ့ရသည်က သူ၏ ကံကောင်းမှုဟု ခံစားနေရ၏။ သို့သော် တစ်နည်းအားဖြင့် ကံမကောင်းမှုတစ်ခုလည်း ဖြစ်သည်။
………….
ပင်းချိန်၊ ကျန်းပေ၊ ဝမ်ကျန်း ဗီလာ။
စွန်းညီအစ်ကိုက ဆိုဖာပေါ်တွင် ထိုင်နေပြီး ကျန်းခွန်ဖန့်ကတော့ ဘေးတွင် ထိုင်နေသည်။
လင်းရီအား တိုက်ခိုက်ခဲ့သည့် အမျိုးသား နှစ်ယောက်မှာ သူတို့ သုံးဦးရှေ့တွင် စိတ်လှုပ်ရှားနေသည့် အမူအရာတို့ဖြင့် မတ်တပ်ရပ်နေလျက် ရှိသည်။
နာမည်ကျော် ဒိတ်ဒိတ်ကျဲ တစ်ဦးဖြစ်သည့် စွန်းမန်လုံက ယခု သူတို့၏ အရှေ့တွင် ရှိနေသည်။ သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်၍ တည်ငြိမ်ဖို့ ကြိုးစားသော်လည်း မည်သို့မျှ မရချေ။
အနှီ လူမိုက် ဂိုဏ်းသားများအတွက်တော့ စွန်းမန်လုံသည်ကား သူတို့၏ အိုင်ဒေါ၊ သူတို့ လေးစား အားကျရသူပင်။ ၎င်း၏ ရှေ့တွင် သူတို့ တည်တည်ငြိမ်ငြိမ် နေရန် မည်သို့မျှ မဖြစ်နိုင်ပေ။
“ မင်း လင်းရီကို ထိအောင် ပစ်ခဲ့တာ သေချာလား…”
စွန်းမန်လုံ စီးကရက် ကိုင်ထားရင်း ပုံမှန်အတိုင်း မေးလိုက်၏။
“ လုံးဝ သေချာတယ်… ဒါပေမယ့် သူ ဘာလို့ ကြိုသိပြီး ရှောင်လိုက်သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားမရဘူး.. ဒါကြောင့်မို့ သူ့ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းနဲ့ လွဲချော်ပြီး ပခုံးကိုပဲ မှန်သွားခဲ့တာ….”
အမျိုးသားမှာ စိတ်လှုပ်ရှားနေပြီး စွန်းမန်လုံ စဉ်းစားနေသည့် အရာအား ခန့်မှန်း၍ မရနိုင် ဖြစ်နေခဲ့သည်။
“ သူ ဘယ်လောက်ထိ ထိခိုက်သွားလဲဆိုတာတော့ ခန့်မှန်းလို့ မရသေးဘူး.. သိချင်ရင်တော့ ကျွန်တော်တို့တွေ ဆေးရုံသွားကြည့်ဖို့ လိုမယ်…”