← Chapters

ခေတ်ကို ဖန်တီးသူ

Vol. 98 Ch. 1464

ခေတ်ကို ဖန်တီးသူ

Vol. 98 Ch. 1464

“ စစ်ဆေးဖို့ မလိုဘူး..” စွန်းမန်လုံ ပြောလိုက်ပြီး “ မင်းတို့ မျက်နှာတွေကို အချိန်တစ်ခုလောက်အထိ မပြသေးနဲ့… တစ်နေရာရှာပြီး ပုန်းနေလိုက်… မကြာခင် မင်းတို့ ဟွာရှကနေ ထွက်သွားလို့ရအောင် စီစဉ်ပေးမယ်..”

စွန်းမန်လုံ၏ စကားလုံးတို့က သူတို့နှစ်ယောက်လုံးကို ထိတ်လန့်သွားစေခဲ့သည်။

“ ကျွန်တော်တို့ လုပ်ကြံတာ မအောင်မြင်လို့ အစ်ကိုကြီးကို မကျေမနပ် ဖြစ်စေတာကြောင့်လား…” ဆံပင်ညာခွဲနှင့် အမျိုးသားက မေးလိုက်သည်။

“ မဟုတ်ဘူး.. မင်း အတွေးလွန်နေပြီ… ငါ လင်းရီရဲ့ အရည်အချင်းတွေကို သိတယ်… မင်းတို့ သူ့ကို ဒီအခြေအနေထိ ရောက်အောင် လုပ်လိုက်နိုင်တာနဲ့တင် ကျေနပ်လှပြီ…” စွန်းမန်လုံ ပြောလိုက်ပြီး “ သူ့ရဲ့ အထောက်အထားက တမူထူးခြားတော့ ခုလောက်ဆို ဒီကိစ္စကို စပြီးတောင် စုံစမ်း စစ်ဆေးနေလောက်ပြီ… ငါ စိုးရိမ်တာက မင်းတို့ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့သွားမှာ ကြောက်တာ… မင်းတို့ ခုချက်ချင်းကြီး ဆေးရုံကို သွားလိုက်မယ်ဆို ဖော်ထုတ်ခံလိုက်ရမှာ … မျက်နှာမပြဘဲ ပုန်းနေခိုင်းတာက မင်းတို့လုံခြုံရေး အတွက်ပဲ… “

ပြောပြီးနောက် စွန်းမန်လုံသည် သူ၏ ကော်ဖီစားပွဲအောက်ကနေ ဘဏ်ကတ် နှစ်ခု ထုတ်လာပြီး နှစ်ယောက်ရှေ့ တွန်းပို့ပေးလိုက်၏။

“ တစ်ကတ်စီမှာ ယွမ် တစ်သန်းစီ ထည့်ထားပေးတယ်… ဒါ မစ်ရှင်ရဲ့ ဆုလဒ်… မင်းတို့ အခု အနားယူလို့ရပြီ… ငါ ပြန်ပြီး အကြောင်းကြားလာမှာကို စောင့်နေ..”

“ ကျေးဇူးကြီးလှပါတယ် အစ်ကိုကြီး..” နှစ်ယောက်မှာ အပျော်လွန်၍ နဖူးကို ဒူးနှင့်ထိအောင် ဦးညွှတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် သူတို့၏ ဘဏ်ကတ်ကိုယ်စီနှင့် ထွက်သွားခဲ့လေသည်။

မိနစ် အနည်းငယ်ကြာပြီးနောက် ကားအင်ဂျင်စက်နှိုးသံ ထွက်ပေါ်လာပြီး အသံမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့တော့၏။

“ လောင်ကျန်း … သူတို့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်… တကယ်လို့ မလုပ်သင့်တာတွေ လုပ်နေရင် ဂရုစိုက်ပေးလိုက်ကွာ…”

“ ငါ နားလည်တယ်.. ခုတောင် လွှတ်ထားပြီးပြီ…” ကျန်းခွန်ဖန့် ပြောလိုက်ပြီး “ ဒါပေမယ့် လင်းရီကိုကျတော့ ဘယ်လိုလုပ်မှာ..”

“ အရင်ဆုံး သူ့လက်ရှိ အခြေအနေအကြောင်း စုံစမ်းရမယ်… ပြီးရင် သူ့ကို ဂရုစိုက်ပေးဖို့ မျက်နှာ အသစ်တွေ လွှတ်ပေးလိုက်မယ်… ငါတို့ ဘယ်လို အမှားအယွင်းမှ လုပ်လို့ မရဘူး..”

“ အိုကေ… ငါသိပြီ..”

ကျန်းခွန်ဖန့် ခေါင်းညိမ့်ပြီး ထ၍ နောက်ဆက်တွဲ ကိစ္စများအား ကိုင်တွယ်ရန် ထွက်ခွာသွားခဲ့သည်။

ဗီလာတစ်ခုလုံးတွင် စွန်းညီအစ်ကို နှစ်ယောက်တည်းသာ ကျန်နေရစ်ခဲ့တော့၏။

“ အစ်ကို.. ငါတို့ ဒီလို လုပ်နေတာက နည်းနည်း မလွန်လွန်းဘူးလား…”

“ ညီလေး… မင်း ဘာလို့ အခုထိ မင်းနာမည်တစ်လုံးကို မတည်ဆောက်နိုင်သေးလဲ မင်းသိလား… “ စွန်းမန်လုံ အသံကို နိမ့်၍ မေးမြန်းလိုက်သည်။

“ လုံလောက်တဲ့ထိ မရက်စက်သေးလို့လား…”

“ မင်း … ဟားဟား…” စွန်းမန်လုံ တဟားဟား ရယ်မောလိုက်ပြီး “ ငါတို့ ဘယ်ခေတ်မှာ နေနေလဲ သတိရစမ်းပါဦးကွာ.. မင်းအဲ့လို ရက်စက်တာတွေ လုပ်နေရင် တခြား တစ်ယောက်ရဲ့ အသုံးချခံ ဓားတစ်လက် ဖြစ်လာမှာထက် မပိုဘူး… ငါသာ အဲ့လို လုပ်ခဲ့ရင် ဒီနေ့လို နေရာမျိုးတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး…”

စွန်းမန်ကျား ဘာမျှမပြောဘဲ သူ့အစ်ကိုကြီး၏ စကားကို စောင့်နေခဲ့သည်။

“ ဒီနေ့ခေတ်မှာ ဉာဏ်ကသာ ပဓာနကျတယ်…” စွန်းမန်လုံ ပြောလိုက်ပြီး “ မင်းက ကားတွေ ထုတ်ချင်တယ်.. ဒါပေမယ့် မင်းက ဒီတိုင်း ငါ့ညီလေး … မင်းသိတာဆိုလို့ ဘယ်လို အနိုင်ကျင့်ရမလဲပဲ ဟုတ်တယ်မလား… အဲ့လိုဆိုတိုင်း မင်းက ကားတွေ မထုတ်နိုင်တော့ဘူးလား… ဘယ်ဟုတ်မှာ.. မင်းမှာ ပိုက်ဆံရှိတယ်.. မင်းမှာ ဦးနှောက်ရှိတယ်.. ငါ့ရဲ့ ကျောထောက်နောက်ခံလည်း ရှိတယ်… ဒီတိုင်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ ငှားပြီး ထုတ်လိုက်လို့ရနေတာပဲ မဟုတ်လား… “

“ ခုလည်း အဲ့လို အခြေအနေမျိုးပဲ..” စွန်းမန်လုံ ပြောလိုက်ပြီး “ တကယ်လို့ ငါ့အလိုသာဆိုရင် ငါ လင်းရီကို ဆက်ပြီး မရှုပ်ချင်တော့ဘူး.. ဒါပေမယ့် ဝမ်မိသားစုက ငါ့ရဲ့ အပြုအမူအပေါ် သဘောမကျတဲ့ အရိပ်အယောင်တွေ ပြလာတယ်… ငါလည်း ရွေးချယ်စရာမှ မရှိတာ…” စွန်းမန်လုံ ရှင်းပြလိုက်သည်။

“ ငါ အဲ့တာကို နားလည်တယ်…” စွန်းမန်ကျား ပြန်ပြောလိုက်ပြီး “ ငါ ပြောချင်တာက ငါတို့ ဒီလောက်အထိ လုပ်မှ ဖြစ်မှာလား… ဘယ်လိုပဲ ပြောပြော လင်းရီက နာမည်ကြီးတဲ့ စီးပွားရေး သမား တစ်ယောက်ပဲလေ… ပြီတော့ မင်း ဒီလို လုပ်လိုက်မယ်ဆိုရင် မကောင်းတဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို ငါစိုးရိမ်တယ်… မတော်ရင် ကိုယ့်လက်ပြန်ပြီး မီးလောင်နိုင်တယ်နော်…”

“ ငါ့မှာ ရွေးချယ်စရာမှ မရှိတာ.. ငါ့ရှေ့မှာ ရှိတဲ့ လမ်းကို ဆက်လျှောက်ဖို့ပဲ တတ်နိုင်တယ်… ပြီးတော့ ဒီလိုနည်းပဲ လုပ်ရမှာ…” စွန်းမန်လုံ ပြောလိုက်ပြီး “ ဒီဟာက ငါ့အတွက် ခိုင်မာတဲ့ ခြေကုပ်ယူပြီး ရှေ့ဆက်တက်နိုင်ဖို့ အခွင့်အရေးကောင်းဆိုလည်း ဟုတ်တယ်… တကယ်လို့ အနာဂတ် တစ်ချိန်ချိန်မှာ ငါသာ ဝမ်မိသားစုထဲ အရေးပါတဲ့ တစ်နေရာကို ဝင်နိုင်ခဲ့မယ်ဆိုရင် ငါတို့ စွန်းမိသားစုက စားပွဲလှန်နိုင်လိမ့်မယ်…”

“ အစ်ကို မင်း အခု လုပ်နေတာတွေက….”

“ ဟုတ်တယ်… အာဏာရဖို့ပဲ…” စွန်းမန်လုံ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး “ ငါတို့ ဒီမှာ ဘယ်လောက်ပဲ အာဏာ လွှမ်းမိုးမှု ကြီးပါတယ် ပြောပြော ၊ ငါတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ဘယ်လောက်ရှိပါတယ် ပြောပြော၊ တကယ့် မိသားစုကြီးတွေနဲ့ယှဉ်ရင် ငါတို့က ဘာမှ မဟုတ်တဲ့လူတွေ… လင်းရီ လိုမျိုးပေါ့… သူ ချမ်းသာတော့ရော ဘာဖြစ်လဲ .. သခင်လေး ဝမ်က သူ့ကို သိတောင် သိတာ မဟုတ်ဘူး.. သူ့ရဲ့ သာမန် နှုတ်ထွက် စကားတစ်ခွန်းက သူ့ရဲ့ ဘဝကြီးကို ပြောင်းလဲပစ်လိုက်နိုင်တယ်… ဒါပေမယ့် မင်းမှာ စစ်မှန်တဲ့ အာဏာသာ ရှိလာခဲ့ပြီဆိုရင် အခြေအနေတွေကလည်း တူတော့မှာ မဟုတ်ဘူး…”

ထိုသို့ ပြောပြီးနောက် စွန်းမန်လုံ သက်ပြင်းချလိုက်သည်။

“ တကယ်လို့ စွန်းမန်လုံ တစ်ယောက် ကျဆင်းသွားခဲ့ရင် မရေမတွက်နိုင်တဲ့ စွန်းမန်လုံတွေ တက်လာလိမ့်မယ်… ချမ်းသာတဲ့ တစ်ယောက်က သူတို့ရဲ့ စည်းစိမ်ကို ဆုံးရှုံးသွားခဲ့မယ်ဆိုရင် ပိုပြီး သန်မာအားကောင်းတဲ့ သူကြွယ်တွေက သူ့နေရာကို ဝင်ယူလာလိမ့်မယ်.. ဘာလို့ဆို ငါတို့ရဲ့ ကြွယ်ဝမှုနဲ့ အောင်မြင်မှုတွေကို ခေတ်က အပ်နှင်းထားတာ.. ဒါပေမယ့် ခေတ်ကိုယ်၌ကိုလည်း အာဏာရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ အဲ့ဒီ လူတွေကပဲ ဖန်တီးထားတာ… ဒါကြောင့်မို့ ဒီရဲ့ အခွင့်အရေးက ဝမ်မိသားစုရဲ့ စမ်းသပ်မှုဆိုလည်း မမှားဘူး… ငါ ကျိန်းသေပေါက် ဆုပ်ကိုင်ရမယ်… “ စွန်းမန်လုံ ရှင်းပြလိုက်သည်။

“ ဒါဆို အစ်ကိုပြောချင်တာ ဝမ်မိသားစုက ရလဒ်ထက် ဖြစ်စဉ်ကို ပိုပြီး တန်ဖိုးထားတယ်လို့ ဆိုချင်တာလား…” စွန်းမန်ကျား မေးမြန်းလိုက်သည်။

“ မင်းက အဲ့ဒီ အာဏာရဲ့ အလယ်ဗဟိုက လူတွေက အရူးတွေလို့ ထင်နေတာလား.. သူတို့မှာ မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ လုပ်နိုင်စွမ်းတွေ ရှိတယ်… ပြီးတော့ စုန့်ဟွာမြစ်ကြီးကို အနီရောင် ပြောင်းဖို့ လုံလောက်တဲ့ သွေးတွေလည်း သူတို့လက်မှာ စွန်းထင်နေတယ်.. သူတို့နဲ့ ယှဉ်ရင် ငါက ပါမွှား ယင်ကောင်လေးပါပဲ ဟားဟား…” စွန်းမန်လုံ ပြောရင်းဖြင့် သူ့ကိုယ်သူ ရှုတ်ချရယ်မောလိုက်ပြီး “ ဒါကြောင့်မို့ ငါ့ဘက်က သူတို့ အထင်ကြီးအောင် မလုပ်ပြနိုင်ရင် ငါ့ကို သူတို့ အသိုင်းအဝိုင်းထဲ ဘောင်သွင်းကြမှာ မဟုတ်ဘူး… ဒါကြောင့်ပဲ ငါ လင်းရီကို သေစေချင်တာ…”

“ ပြီးတော့ သူ ငါ့ကို လူတွေ အများကြီး ရှေ့မှာ အနိုင်ကျင့်သွားခဲ့တယ်… သူ့ကို တစ်ခုခု ပြန်မလုပ်ဘူးဆိုရင် ဝမ်မိသားစုရှေ့မှာ အရှက်ရရုံတင် မကဘူး .. အောက်က လူတွေရဲ့ မျက်လုံးထဲမှာ ငါက သူဌေး မဖြစ်ထိုက်တဲ့လူလို့လည်း အမြင်ရောက်သွားစေနိုင်တယ်.. ဒီအချက်တွေကြောင့် လင်းရီ သေရမယ်.. ပြောရရင် ငါ့အတွက် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် သတ်လိုက်တာပဲ…”

“ အိုကေ ငါနားလည်ပြီ…”

စွန်းမန်လုံ သူ့ညီလေး၏ ပခုံးကို ပုတ်လိုက်ပြီး “ ဒီကိစ္စပြီးသွားရင် ငါလည်း ထွက်သွားရင် ထွက်သွားရနိုင်တယ်… အိမ်က အရာအားလုံးကို မင်းနဲ့ လွှဲထားခဲ့ရတော့မှာ… အဲ့ဒီ အချိန်ကျ မင်းက မြောက်ပိုင်းရဲ့ ကြီးမြတ်သူ အသစ် ဖြစ်ပြီပဲ…”

“ ဟားဟား .. အစ်ကို … မင်းတောင် အဲ့လို ပြောလာပြီဆိုမှတော့ ငါ့ကို မယဉ်ကျေးဘူး မပြောနဲ့နော်…”

……………..

မနက်ခင်း အစောပိုင်းတွင် လင်းရီသည် ဆေးရုံရှိ ကုတင်ထက်၌ လဲလျောင်းနေဆဲ ဖြစ်သည်။ အန်းနင်ကို အကြောင်းပြချက် တစ်ခုပေး၍ နံနက်စာ သွားဝယ်ခိုင်းလိုက်ပြီး လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။

“ တစ်ခုခု သိရပြီလား…” လင်းရီ မေးလိုက်သည်။

“ ဟုတ်တယ်.. နင် ထင်တဲ့အတိုင်းပဲ…” လျန်ရူရွှယ် ပြန်ပြောလိုက်ပြီး “ အဲ့ဒီ စွန်းမန်လုံကို ဝမ်မိသားစုက နောက်ခံ လုပ်ထားပေးထားတာ.. ပြီးတော့ ကျုံးဝေ့ တပ်ဖွဲ့ရဲ့ အချက်အလက်တွေ အရဆိုရင် သူက C အဆင့် ရှိတဲ့ ကျွမ်းကျင်သူ တစ်ယောက်ပဲ… ဝမ်မိသားစု လျှို့ဝှက် ပျိုးထောင်နေတဲ့ အင်အားစုထဲက တစ်ယောက်ဆိုလည်း မမှားဘူး… “

“ ကျန်တာကရော… ဝမ်မိသားစုရဲ့ ခုတလော မသင်္ကာစရာ ဖြစ်ရပ်တွေ မတွေ့မိဘူးလား…”

“ တခြား ဝမ်မိသားစုဝင်တွေကတော့ သာမန်အတိုင်းပါပဲ.. ဒါပေမယ့် ဝမ်မြန်ကတော့ လွန်ခဲ့တဲ့သုံးရက်လောက်တုန်းက သစ်တင်သွင်းဖို့ ကိစ္စနဲ့ ရုရှားကို သွားဖို့ ပင်းချိန်ကို သွားခဲ့တယ်…”

“ လွန်ခဲ့တဲ့ သုံးရက်ကလား….”

လင်းရီ ရေရွတ်ပြီး စိတ်ထဲ ကျိန်ဆဲလိုက်၏။

‘ သူ စွန်းမန်လုံနဲ့ တိုက်ခိုက်ခဲ့တာ ရှေ့ နှစ်ညတုန်းကမဟုတ်လား… ပြောရရင် ဝမ်မြန်က တစ်ရက်ကြိုရောက်ပြီး စွန်းမန်လုံနဲ့ တွေ့ခဲ့တယ်… ပြီးတော့ နောက်တစ်နေ့ကျတော့ နှစ်ဖက် အချင်းများကြတယ်…’

လင်းရီ၏ ဦးနှောက်က အဆက်မပြတ် အလုပ်လုပ်နေပြီး တစ်ခုခု သိရမလားဟု အရာအားလုံးကို ဆက်စပ်ကြည့်နေသည်။

ဝမ်မြန် အကြောင်း သူသိသလောက်တော့ အကယ်၍ သူသာ နှစ်ဖက်ကြားတွင် အချင်းများထားကြောင်း သိသည်ဆိုပါက စွန်းမန်လုံကို သူ့အား ယခုလို အစွန်းရောက်နည်းလမ်းဖြင့် တုံ့ပြန်ခိုင်းမည် မဟုတ်သည်မှာ သေချာသလောက်ရှိသည်။

အကယ်၍ သူ လက်စားချေချင်သည် ဆိုဦးတော့ နောက်ကွယ်တွင် ပြင်ဆင်မှုများတော့ လုပ်ရဦးပေမည်။

သို့သော် စွန်းမန်လုံကို အနိုင်ယူပြီးနောက် လင်းရီ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မကြုံတွေ့ရပါဘဲနှင့် ထွက်ခွာနိုင်ခဲ့လေသည်။

ဆိုလိုသည်က ဝမ်မြန်သည် သူနှင့် စွန်းမန်လုံကြား အချင်းများမှုကို သတိမမူမိခဲ့ခြင်းပင်။ သတိမူမိခဲ့လျှင်ပင် သူတို့ အချင်းများပြီးနောက်မှ ဖြစ်လောက်၏။

သို့သော် လင်းရီ နားမလည်နိုင်သည့် တစ်စုံတစ်ရာက ဝမ်မြန်သည် သူ၏ အခြေအနေကို ကောင်းစွာ နားလည်ထားပါလျက်နှင့် စွန်းမန်လုံကို နောက်တစ်ကြိမ် လက်တုံ့ပြန်ခိုင်းဖို့ ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ၏ မျက်လုံးတို့ ရွေ့လျားသွားခဲ့၏။

ဧကန္တ စွန်းမန်လုံကို အသေခံဗုံးခွဲရေးသမားလို အသုံးချချင်နေတာများလား။

All Chapters