နောက်ဆုံးသော ရုန်းကန်လှုပ်ရှားမှု
Vol. 98 Ch. 1468
“ မဟုတ်ဘူး .. မလုပ်ပါနဲ့… ကျေးဇူးပြုပြီး …”
ကောင်းယောင်တုံ သူ၏ ခေါင်းကို တွင်တွင် ခါရမ်းရင်း သူ၏ ယခင် မာရည်ကြောရည် နိုင်လှသည့် အမူအရာမှာ ယခု ကြောက်လန့်မှုတို့ဖြင့် အစားထိုးသွားခဲ့၏။
“ မင်း ဘာသိချင်လဲ… ငါသူ့ထက်သိတယ်… ငါသူ့ထက် သာအောင် ဖြေပေးနိုင်တယ်…
“ ငါ ဘာမှ မသိချင်တော့ဘူး… မင်းက အခု အမှိုက်လောက်တောင် တန်ကြေးမရှိတဲ့ကောင် ဖြစ်သွားပြီ..”
လင်းရီ သူ၏ လက်ကို ကောင်းယောင်တုံ၏ လည်စောင်းအား ခုတ်ရင်း သတိလစ်အောင် ပြုလုပ်လိုက်သည်။
ချိုးယွီလော့လည်း သူမ သေနတ်ကို ပြန်သိမ်းထားလိုက်သည်။
လင်းရီ အန်းနင်၏ တင်ပါးကို ခပ်သာသာ ရိုက်လိုက်၏။ “ အိုကေ ရပြီ… ထတော့ … အားလုံး ဖြေရှင်းပြီးသွားပြီ…”
အိပ်ရာ ကုတင်ပေါ်မှ ဂရုတစ်စိုက်နှင့် ထလိုက်ရင်း အန်းနင်၏ ကမ္ဘာကြီးပေါ် ရှုမြင်သည့် ရှုထောင့်သည် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ပြီဟု ခံစားလိုက်ရတော့၏။
‘ သူနဲ့ ရင်းနှီးတဲ့လူက ဘယ်လိုလူတွေပါလိမ့်…’
“ ငါမင်းကို လန့်အောင် လုပ်မိသလိုတော့ ဖြစ်မသွားဘူးမလား…” လင်းရီ စကား အစ်ကြည့်လိုက်၏။
“ မလန့်ဘူး… သေအောင်ပဲ ကြောက်သွားခဲ့တာ…”
“ မပူနဲ့တော့… ခုကစပြီး ဘာ အန္တရာယ်မှ ရှိတော့မှာ မဟုတ်ဘူး…” လင်းရီ မိုးတိုးမတ်တပ်ပြု၍ ကိုယ်ညောင်းဆန့်လိုက်သည်။ ပခုံးထက်ရှိ အနာက အနည်းငယ် သက်တောင့်သက်သာ မရှိအောင် ပြုလုပ်နေသည်။
“ မလှုပ်နဲ့… မဟုတ်ရင် သွေးထွက်လာလိမ့်မယ်…”
“ အဆင်ပြေပါတယ်… ခု အတော်လေး သက်သာ နေပါပြီ…”
“ အတော်လေး သက်သာနေပြီ ဟုတ်လား..” အန်းနင် ကြက်သေသေသွားခဲ့ပြီး “ ဆရာဝန်က နင့်လက် ဖြတ်ပစ်ရနိုင်ချေ ရှိတယ်လို့ ပြောတယ် မဟုတ်ဘူးလာ…”
“ သူတို့ကို အဲ့လို ပြောပေးပါဆိုပြီး ငါကိုက တောင်းဆိုထားတာ… မဟုတ်ရင် ဒီလူတွေကို ဘယ်လိုလုပ် မျှားနိုင်မှာလဲတဲ့….”
ပထမဆုံးအကြိမ် အန်းနင်သည် သူမကိုယ်သူမ ဉာဏ်မမီဟု ခံစားလိုက်ရသည်။
ခုက ဘာတွေ ဖြစ်ပျက်နေတာလဲ။ ဘာလို့ စပိုင် ဒရာမာဇာတ်လမ်းလိုမျိုး ခံစားနေရတာလဲ။
“ ခုလောလောဆယ် တခြား ကိစ္စတွေ အသာထားဦး… ငါတို့ လက်ထဲရှိတဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်ကြမှာလဲ…”
“ နင်ချဲ့က စွန်းမန်လုံရဲ့ လိပ်စာကို ရထားပြီးပြီ… ငါ အခုချက်ချင်း သွားပြီး သူနဲ့ အရင် ကိုင်တွယ်လိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီအတောအတွင်းတော့ ဆေးရုံမှာ ခဏလောက် ကစားနေပြီး သူတို့ကို တပ်မလှန့်အောင် လုပ်ရမယ်…”
“ ငါ ကျန်တဲ့လူတွေကို လူစုဖို့ သွားပြောလိုက်မယ်..”
“ ဟင်… ဘာကို လူစုမှာ…”
“ ဒီတစ်ခေါက် ငါတို့ လာခဲ့တာ နင်ချဲ့နဲ့ ငါနဲ့ပဲ မဟုတ်ဘူးလေ…”
“ တကယ်ကြီးလား… ဒီလောက်ထိ ရေးကြီးခွင်ကျယ်တွေ ဖြစ်လာတယ်ပေါ့…”
“ အကြီးအကဲလု စီစဉ်ပေးလိုက်တာလား…”
“ ဟုတ်တယ်…”
လင်းရီ ရင်ထဲ ထိသွားခဲ့ပြီး တစ်ချိန်တည်းတွင် လုပေချိန်မှာ ယခု အခွင့်အရေးကို အသုံးချ၍ ဝမ်မိသားစု၏ အင်အားစုကို ရနိုင်သလောက် အင်အားနည်းစေရန် ကြိုးပမ်းနေသည်ဟု ခံစားလိုက်ရသည်။
“ ဒါဆိုလည်း စလိုက်ကြတာပေါ့…”
လုပေချိန်က ပါဝင်ရန် အလို့ငှာ သူ၏ ရပ်တည်ချက်ကို ဖော်ပြထားပြီးသဖြင့် လင်းရီလည်း ထွေထူး ပြောစရာ မရှိချေ။ သူ စီစဉ်ထားသည့်အတိုင်း လှုပ်ရှားလိုက်ရုံပင်။
ထို့ပြင် ယင်းကလည်း သူ နဂို စီစဉ်ထားသည့်အတိုင်း ဖြစ်၏။
မထွက်ခွာမီ၊ လင်းရိ သူ၏ ကိုယ်ပေါ်ရှိ ပတ်တီးအား လဲ၍ အဝတ်အစား ပြန်ဝတ်လိုက်သည်။ ကောင်းယောင်တုံ၏ ဖုန်းကို ယူ၍ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
“ နင်တို့… သွားကြတော့မလို့လား….” အန်းနင် မေးလိုက်သည်။
“ ဒီည အပြင် မထွက်နဲ့ဦး… ငါ လူလွှတ်ပြီး မင်းကို ကာကွယ်ပေးထားမယ်..” လင်းရီ အန်းနင်၏ ခေါင်းကို ပုတ်၍ ပြောလိုက်ပြီး “ ဂွတ်နိုက်… အိပ်မက်လှလှ မက်ပါစေ…”
လင်းရီနှင့် ချိုးယွီလော့တို့ အတူ ထွက်ခွာသွားသည်ကို အန်းနင် ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေမိသည်။
ထိုညတွင် သူမ လင်းရီကို ပထမဆုံး မြင်တွေ့တုန်းက မြင်ခဲ့သည့် အမြင် အလုံးစုံတို့သည် ကပြောင်းကပြန် ဖြစ်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် သူမတို့ နှစ်ဦးကြားရှိ အကွာအဝေးသည်လည်း တစနှင့်တစ ဝေးကွာလာသည်ဟု ခံစားနေရ၏။
သူတို့ သုံးဦးသားလုံး ဆေးရုံထဲက အတူထွက်လာခဲ့ကြပြီး ချိုးယွီလော့၏ တိုရိုတာကားထဲ ဝင်လိုက်ကြသည်။ ထို့နောက် ကျန်းပေ၏ ဝမ်ကျန်း ဗီလာသို့ ဦးတည်လိုက်လေသည်။
………….
“ ဆေးရုံက အခြေအနေတွေ ဘယ်လိုရှိလဲ…”
ဗီလာထဲတွင် စွန်းမန်လုံသည် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလျက် ရှိ၏။ မနက်ခင်း အစောပိုင်းမျှသာ ရှိသေးသည်ဆိုသော်လည်းပဲ ငိုက်ခြင်း ပြုခြင်း လုံးဝ မရှိချေ။
“ ခုထိတော့ တုံ့ပြန်မလာသေးဘူးပဲ…” ကျန်းခွန်ဖန့် သူ၏ နာရီကို ကြည့်ရင်း ပြောလိုက်ပြီး “ ဒီလောက် ကြာနေပြီကို ဒီခုလောက်ဆို ပြီးသင့်နေပြီ… ငါသူတို့ဆီ မက်ဆေ့ချ်ပို့ပြီး မေးကြည့်လိုက်မယ်…”
“ မလိုဘူး…” စွန်းမန်လုံ ပြောလိုက်ပြီး “ ငါ ကောင်းယောင်တုံရဲ့ အစွမ်းအစကို သိတယ်… ဒီလို ကိစ္စလေးလောက်နဲ့ သူ့ကို အလျင်လို ခိုင်းစရာ မလိုဘူး… သူ့ကို နှောင့်နှေးအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်…”
ဒူ ဒူ ဒူ …
နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ကျန်းခွန်ဖန့်၏ ဖုန်းက တုန်ခါလာခဲ့၏။
“ ပြီးသွားပြီ…”
ကျန်းခွန်ဖန့် သူ၏ ပေါင်ကို အားပါးတရ ရိုက်၍ ပြောလိုက်ပြီး “ သူ အခု ဘေးလွတ်ရာကို ရွေ့နေပြီ…”
ဟင်း…
စွန်းမန်လုံလည်း ယခုမှ စိတ်သက်သာရစွာ ‘ ဟင်း ‘ ချနိုင်တော့သည်။ သူ၏ စိတ်ဖိစီးနေသည့် အမူအရာသည်လည်း အများအပြား ပြေလျော့သွားခဲ့လေသည်။
“ လှလှပပလေး ပြီးသွားခဲ့တာပဲ… သူ ပြန်လာခဲ့ရင် ယွမ်တစ်သန်းပေးပြီး နိုင်ငံခြား ထွက်ဖို့ စီစဉ်ပေးရမယ်… အချိန်တစ်ခုလောက်အထိတော့ ပြန်မလာခိုင်းသေးနဲ့ဦး…”
“ အင်း … ငါနားလည်တယ်…”
“ ဟားဟား.. သေလိုက်စမ်းကွာ… ဒီလောက်ထိ အားစိုက်ထုတ်ပြီးမှပဲ သူ့ကို သတ်လိုက်နိုင်တယ်…”
စွန်းမန်ကျား မတ်တပ်ရပ်၍ ဝီစကီ တစ်ပုလင်း ထုတ်လိုက်ပြီး ဝိုင် သိုလှောင်ခန်းထဲကနေ ဖန်ခွက် သုံးခွက် ထုတ်လိုက်၏။
“ သောက်ကြစို့…”
“ ဟားဟား … ငါတို့ နောက်ဆုံးတော့ ကောင်းကောင်းသောက်နိုင်ပြီ…” ကျန်းခွန်ဖန့် ပြောလိုက်ပြီး “ ဒီလောက်ထိ အားစိုက်ထုတ်ပြီးမှပဲ ဒီကောင့်ကို သတ်လိုက်နိုင်တယ်… သိပ်လည်း အသက်ပြင်းတဲ့ကောင်…”
လင်းရီ၏ သေဆုံးမှုက ဗီလာထဲရှိ လေထုကို မည်မျှ ပေါ့ပါးသွားစေကြောင်း ကွယ်လွယ်သူ လင်းရီပင် သတိပြုမိမလား မသိပေ။
စွန်းမန်လုံပင် သူ၏ မျိုသိပ်ထားသည့် ခံစားချက်တို့ကို ဖွင့်ထုတ်သည့် အနေဖြင့် တစ်ခွက်လုံးကို တစ်ချက်တည်း ကစ်ချလိုက်၏။
“ အစ်ကို… ဘယ်လိုပဲ ဖြစ်ဖြစ် လင်းရီဆိုတာ နာမည်ကြီး ပုံရိပ်တစ်ခုပဲနော်… သူ့ရဲ့ နာရေးသတင်းက အာရုံစိုက်မှုတစ်ချို့ကို ဆွဲဆောင်သွားနိုင်လောက်တယ်…” စွန်းမန်ကျား ပြောလိုက်ပြီး “ ငါတို့ အခုခေတ် မီဒီယာတွေရဲ့ စွမ်းအားကို အထင်သေးလို့ မဖြစ်ဘူး… တကယ်လို့ သက်ရောက်မှုက အတအား ကြီးလာမယ်ဆိုရင် ငါတို့ဖို့ ကောင်းမှာ မဟုတ်ဘူး…”
“ ငါ အဲ့ကိစ္စတွေ စဉ်းစားထားပြီးသားပါကွာ…. ခဏကျရင် လူလွှတ်ပြီး ကိုင်တွယ်ခိုင်းလိုက်မယ်..”
လင်းရီ၏ သေဆုံးမှုက စွန်းမန်လုံ ဘဝ၏ အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းပင်။
ကောင်းသရုံ ပြန်ရောက်သည်နှင့် ဆေးရုံရှိ အခြေအနေများကို မေးမြန်းပြီး ဝမ်မြန်ထံ သတင်းကောင်း ပါးလိုက်မည်။ ထို့နောက် ဝမ်မြန်အား ကျန်သည့် ကိစ္စ ကိုင်တွယ်ပေးဖို့ ပြောလိုက်မည်။
“ အဲ့လိုဆို ကောင်းတာပေါ့..” စွန်းမန်ကျား သူ၏ ဖန်ခွက်ကို မြင့်မြင့်မြှောက်၍ “ အစ်ကို… ဒီနေ့ ကောင်းကောင်းသောက်လိုက်ကြစို့… ဟားဟား… နောက်ဆုံးတော့ ဒီ ဝန်ထုပ်ဝန်ပိုးကြီးကို ရှင်းလိုက်နိုင်ပြီ…”
“ လာကြ… ကမ်းပေ့….”
“ အို… ဘာတွေများ ပျော်စရာရှိလို့ ဒီလောက်တောင် ရွှင်ရွှင်မြူးမြူးနဲ့ သောက်နေကြတာပါလိမ့်…”
သုံးယောက်သား ခွက်ချင်းတိုက်နေစဉ်မှာပဲ တံခါးဝကနေ အသံတစ်ခု ထွက်ပေါ်လို့ လာပြီး သုံးယောက်လုံး၏ စိတ်လှုပ်ရှားမှုများကို ရေခဲရေနှင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားခဲ့တော့သည်။
ယင်းက ဘာကြောင့်လဲဆိုတော့ ထို အသံပိုင်ရှင်ကို သူတို့ ကောင်းကောင်းကြီး ရင်းနှီးနေကြသောကြောင့်ပင်။
သူတို့ လှည့်ကြည့်လိုက်တော့ လင်းရီနှင့် အမျိုးသမီး အထဲသို့ ဝင်လာသည်ကို ရှော့ခ်ရစွာ မြင်တွေ့လိုက်ရသည်။
ခလွမ်း….
စွန်းမန်ကျား၏ လက်ထဲရှိ ဖန်ခွက်က ကြမ်းပြင်သို့ လွှတ်ကျသွားခဲ့ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့၏။
“ မင်း … မင်း သေနေရမှာ မဟုတ်ဘူးလား…. ဘာလို့ ဒီကို ရောက်လာတာလဲ…”
“ ငါ သေပြီလို့ ဘယ်သူက ပြောလဲ…” လင်းရီ မေးမြန်းလိုက်ပြီး ကောင်းယောင်တုံ၏ ဖုန်းကို ထုတ်ပြလိုက်သည်။ “ သူကလား…”
“ မင်း … မင်း တကယ်ကြီး….”
သုံးယောက်လည်း အံ့အားသင့်ကုန်ကြပြီး စွန်းမန်လုံပင် ယခုလို အခိုက်အတန့်၌ တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ချေ။
“ မင်းတို့ လွှတ်လိုက်တဲ့ လူသုံးယောက်လုံးက ငါ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်ကုန်ပြီ..” လင်းရီ ပြောလိုက်ပြီး “ စောနက မက်ဆေ့ချ်ကိုတော့ ငါကပဲ ပို့လိုက်တာ… စိတ်တော့မကောင်းဘူး… မင်းတို့ ငါ့ထောင်ချောက်ထဲ ကျသွားခဲ့ပြီ…”
စွန်းမန်ကျား ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ မည်သို့ တုံ့ပြန်ရကောင်းမှန်း မသိတော့သည်အထိ ထိတ်လန့် တုန်လှုပ်နေမိ၏။
သို့သော် စွန်းမန်လုံနှင့် ကျန်းခွန်ဖန့်တို့ကတော့ အလျင်အမြန်ပဲ စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။
“ လင်းရီ … ငါ မင်းကို တကယ်ကြီး အထင်သေးခဲ့မိတာပဲ… မင်း ငါ့ကို အထင်ကြီးအောင် လုပ်လိုက်နိုင်တယ်…”
လင်းရီ မျက်ခုံးပင့်၍ ကြည့်လိုက်သည်။
“ အိုး… မင်းလေသံ နားထောင်ရတာ နောက်ထပ် အကွက်တွေ ရှိသလိုပါလား…”
“ ဟက်…” စွန်းမန်လုံ နှာခေါင်းရှုံ့လိုက်ပြီး “ ငါ့မှာ အရည်အချင်းတစ်ချို့ မရှိဘူးဆိုရင် မင်းကို ဒီလိုမျိုး ကိန်းကြီးခမ်းကြီး လှုပ်ရှားဝံ့မယ် ထင်လား…”
တောက်…
စွန်းမန်လုံ စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“ မင်းငါ့ကို ဒီလိုပုံစံနဲ့ အနိုင်ယူနိုင်မယ်ထင်ရင် မင်း ငါ့ကို အထင်သေးလိုက်တာပဲ… အစောင့်တွေ…”
စွန်းမန်လုံ၏ အသံကြားသည်နှင့် လူဆယ်ယောက်ကျော်မှာ အပြင်ဘက်ကနေ ပြေးဝင်လာခဲ့လေသည်။
“ လာခဲ့စမ်း.. မင်း အခု ထွက်ပြေးနိုင်ဦးမလား ကြည့်စမ်းမယ်…”