နောက်ဆုံးနိဂုံး
Vol. 98 Ch. 1469
လင်းရီ ဘေးဘီကို လှည့်ကြည့်လိုက်၏။
“ မင်းမှာ လူတော်တော်များများတော့ ရှိသားပဲ… “
စွန်းမန်လုံ ပခုံးတွန့်ပြလိုက်သည်။ “ မင်းက ဘယ်လို ထင်ထားလို့… ဒီနှစ်တွေမှာ ငါ အပြစ်ပြုခဲ့တဲ့ လူတွေဆိုတာ နည်းတာ မဟုတ်ဘူး.. ပြင်ဆင်ထားတာမှ မရှိရင် ဒီနေ့ထိ အသက်ရှင်နိုင်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာ…”
“ တော်တော်လေး တိုက်ဆိုင်ချက်ပဲ… ဖြစ်ချင်တော့ ငါတို့ နှစ်ယောက်ရဲ့ အတွေ့အကြုံတွေကလည်း တူညီနေတာပဲ…” လင်းရီပြောလိုက်ပြီး “ ငါလည်း မရေမတွက်နိုင်တဲ့ ရန်သူတွေ ဖန်တီးခဲ့တယ်… အဲ့တာတောင် ခုချိန်ထိ အသက်ရှင်နေတုန်းပဲ…”
“ ဒါဆိုလည်း ငါတို့ထဲက ဒီနေ့ … ဘယ်သူ အသက်ရှင်လျက် ထွက်သွားနိုင်မလဲ ကြည့်ကြတာပေါ့…”
“ ကောင်းပြီလေ…”
လင်းရီ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်၏။
“ သူတို့ လူတွေတောင် ဒီရောက်နေပြီကို မင်းတို့က ဘာလို့ မဝင်လာကြသေးလဲ… မရှက်နဲ့ … ဝင်လာခဲ့ကြ..”
ထိုစကားလုံးတို့ ပြောပြီးသည်နှင့် အလျင်လိုနေသည့် ခြေလှမ်းသံတို့ ထွက်ပေါ်လာပြီး ယူနီဖောင်း၊ လက်နက် တပ်ဆင်ထားသည့် လူအုပ်တစ်အုပ်က အပြင်ဘက်ကနေ ပြေးဝင်လာသည်။ ထို့နောက် စွန်းမန်လုံနှင့် သူ၏ လက်အောက်ငယ်သားများအား သေနတ်များဖြင့် ချိန်ရွယ်ထားလိုက်ကြ၏။
“ ဒါ … ဒါ မဖြစ်နိုင်ဘူး..” စွန်းမန်လုံ လုံးဝ အံ့ဩဘနန်း ဖြစ်သွားခဲ့သည်။ တဒင်္ဂမျှကြာအောင် သူ၏ ဦးနှောက်က ကွက်လပ်ဖြစ်သွားခဲ့ပြီး ကျိုးကြောင်းဆက်စပ်နိုင်စွမ်း အားလုံး ဆုံးရှုံးသွားခဲ့သည်။
“ မင်းတို့ရဲ့ လက်နက်တွေ ချထားကြစမ်း..”
ချိုးယွီလော့ အေးစက်စက် နှာမှုတ်ပြီး တစ်ဖက် အုပ်စုကို ကြောက်လန့်၍ ချက်ချင်းလက်ငင်း လက်နက်ချ အရှုံးပေးသွားစေခဲ့၏။
“ လာလေ…. ဆက်ကြတာပေါ့…” လင်းရီ စွန်းမန်လုံကို ကြည့်လိုက်ပြီး “ မင်းမှာ တခြား ပြင်ဆင်ထားတာ ဘာတွေ ရှိသေးလဲ… ရှိလည်း ငါနဲ့ တိုက်ခိုက်ဖို့ လုံလောက်မှာ မဟုတ်ပါဘူးလေ…”
စွန်းမန်လုံသည် ဆိုဖာပေါ်သို့ ဘိုင်းခနဲ ခြေပစ်လက်ပစ် ဖြစ်သွားခဲ့တော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ဝိဉာဏ်ပင် နှုတ်ယူခံလိုက်ရသကဲ့သို့ အသက်မပါတော့ချေ။
“ မင်းက ဒီတိုင်း ကုမ္ပဏီ တစ်ခုက ဥက္ကဌလေးပဲ မဟုတ်ဘူးလား… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
“ တကယ်တမ်းကျ ငါလည်း အဲ့တာပဲ သိချင်နေတာ… ယုတ္တိကျကျ ပြောကြေးဆို မင်းက ဝမ်မြန်ရဲ့ လူတွေထဲက တစ်ယောက်… ဒီတော့ သူ မင်းကို ငါ့အကြောင်း ပြောဖူးလောက်ရောပေါ့…”
“ မင်းက သခင်လေးဝမ်ကို သိနေတယ်….”
“ မသိဘဲ ဘယ်နေပါ့…” လင်းရီ ပြုံးလိုက်ပြီး “ ဝမ်မိသားစုကို သူတို့ရဲ့ နံပါတ်တစ်ဆိုတဲ့ ပလ္လင်ပေါ်ကနေ ငါပဲ ဆွဲချခဲ့တာလေ… သူ ငါ့ကို မသိဘူးဆိုရင်တာ ထူးဆန်းနေဦးမယ်…”
“ မဖြစ်နိုင်ဘူး… ဒါ မဖြစ်နိုင်ဘူး…”
စွန်းမန်လုံး ကယောင်ချောက်ချား ဖြစ်စွာ အော်ဟစ်လိုက်ပြီး “ သခင်လေးဝမ်က မင်းကို မသိဘူးလို့ ပြောထားပြီးပြီ…”
“ မင်းပြောတဲ့အတိုင်းဆို ငါ အခု နားလည်သွားပြီ..” လင်းရီ ပြောလိုက်ပြီး “ ဝမ်မိသားစုရဲ့ လက်ရှိ လုပ်နိုင်စွမ်းတွေနဲ့ဆိုရင် သူတို့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်တာက ဘာမှ သိပ်မရှိဘူး… ဒါပေမယ့် သူတို့က ငါ့ကို သေစေချင်ကြတယ်… ဒီတော့ မင်းကို အသုံးချပြီး ငါ့ကို ဖယ်ရှားချင်ကြတာ… တစ်နည်းပြောရရင် ငါတို့နှစ်ယောက်ကို ပျက်စီးစေချင်ကြတာ… ပြီးရင် ဝမ်မိသားစုက လက်ဆေးပြီး အေးဆေးနေရုံပဲ… “
“ အဲ့တာ မဖြစ်နိုင်ဘူး…” စွန်းမန်လုံ ပြောလိုက်ပြီး “ ဝမ်မိသားစုက ငါ့ကို နှစ်ပေါင်းများစွာ ပံ့ပိုးပေးလာခဲ့တာ သူတို့ ငါ့ကို ဒီလို လွယ်လွယ်နဲ့ စွန့်ပစ်မှာ မဟုတ်ဘူး…”
“ မင်းကိုယ်မင်းတော့ အတော်လေး သိသားပဲ…” လင်းရီ ပြောလိုက်ပြီး “ ဝမ်မိသားစုက မင်းကို ဒီနေရာရောက်တဲ့အထိ လုပ်ပေးနိုင်တဲ့ အစွမ်းအစ ရှိမှတော့ တခြားသူတွေကိုလည်း ဒီလိုနေရာမျိုးရောက်အောင် လုပ်ပေးနိုင်တာပဲလေ… မင်းက ဒီလောက် အတိုင်းအတာအထိ ကြီးထွားခဲ့ပြီးတာတောင် အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတွေရဲ့ စိတ်ကို ပေါ့သေးသေး တွက်နေတယ်ုတ်လား… ဒီအတိုင်းသာဆို မင်း ဘယ်သူ့စနက်ကြောင့်နဲ့ သေလို့သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး…”
စွန်းမန်လုံ၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ တရစပ် တုန်ခါနေသည်။
ဝမ်မြန်က သူနှင့်လင်းရီကြားရှိ ပတ်သက်ဆက်နွယ်မှုကို တမင်တကာ ဖုံးကွယ်ထားကြောင်း သံသယ ဖြစ်စရာ မရှိချေ။
သူ လင်းရီကို သိသည်။
ပြီးတော့ ကမ္ဘာမကြေသည့် ရန်ဘက်များလည်း ဖြစ်သည်။
သို့တိုင် ဝမ်မြန်က သူနှင့် မသိပါဘူးဟု လိမ်ပြောခဲ့၏။
စွန်းမန်လုံက တုံးအသူ တစ်ယောက် မဟုတ်ချေ။ ဤကိစ္စက တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်းကို သူ ပြောနိုင်သည်။
အကယ်၍ အကြောင်းတစ်ခုခုကြောင့်သာ မဟုတ်ပါက ဝမ်မြန်သည် သူနှင့် လင်းရီကြားရှိ ပတ်သက်မှုကို ဖုံးကွယ်ထားစရာ အကြောင်း မရှိချေ။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ခုက စောသေးတယ်… ငါ မင်းကို ဝမ်မြန်ဆီ ဖုန်းဆက်ဖို့ အခွင့်အရေးပေးလိုက်မယ်… ပြီးရင် သူ့ကို ငါသေပြီ ပြောလိုက်… သူ ဘယ်လို တုံ့ပြန်လာမလဲ ကြည့်ကြည့်ကြတာပေါ့…. အဲ့တာ မကောင်းဘူးလား…”
စွန်းမန်လုံ ဘာမျှ မပြောဘဲ ကတုန်ကယင် ဖြစ်နေသည့် လက်ဖြင့် ဖုန်းထုတ်၍ ဝမ်မြန်၏ နံပါတ်ကို နှိပ်လိုက်သည်။ လင်းရီ ပြောသည့်အတိုင်း လုပ်၍ ဝမ်မြန်၏ သဘောထားကို စမ်းသပ်ကြည့်ချင်သည်။
ယင်းက အရာအားလုံး ပြောပြသည်ထက် ပိုပြီး ထိရောက်၏။
“ သခင်လေးဝမ်… ငါ လုပ်လိုက်နိုင်ပြီ… ငါ လင်းရီကို သတ်လိုက်ပြီ…”
“ ခင်များ လုပ်လိုက်ပြီပေါ့… သေချာလို့လား…”
ဝမ်မြန်၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ သေချာတယ်… ငါ ဒီနေ့ သူ တက်နေတဲ့ ဆေးရုံကို လူလွှတ်ပြီး ရှင်းခိုင်းလိုက်တာ…”
ပြောရင်းဖြင့် စွန်းမန်လုံ၏ ခန္ဓာကိုယ်သည် မရပ်မနား တုန်ခါနေခဲ့၏။
ယင်းက ဘာကြောင့်လဲဆိုတော့ ဝမ်မြန်၏ သဘောထားသည် သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သောကြောင့်ပင်။
“ စွန်းမန်လုံ … မင်း ဘာတွေ လုပ်လိုက်တာတုန်းကွ…”
ရုတ်ချည်းဆိုသလို ဝမ်မြန်၏ လေသံသည် တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားခဲ့ပြီး “ လင်းရီ ဘယ်သူတုန်း မင်းသိလား… မင်း သူ့ကို ဘယ်လိုတောင် သတ်ဝံ့တာလဲ…”
ဝမ်မြန်၏ လေသံကို လူတိုင်း ရှင်းလင်းစွာ ကြားနိုင်သည်။
သို့သော် စွန်းညီအစ်ကိုနှစ်ဦးမှာတော့ ယခုကဲ့သို့သော အလှည့်အပြောင်းကို လက်သင့်မခံနိုင်ဆုံး လူများ ဖြစ်ကြသည်။
“ သခင်လေးဝမ်… မင်းပဲ သူ့ကို သတ်ဖို့ ငါတို့ကို ပြောခဲ့တာ မဟုတ်ဘူးလား…”
“ စောက်ရေးမပါတာတွေ… လင်းရီနဲ့ငါက မိတ်ဆွေကောင်းတွေ… ငါ ဘာလို့ သူ့ကို သေစေချင်ရမှာလဲ…” ဝမ်မြန် ပြောလိုက်ပြီး “ သူမင်းကို အပြစ်ပြုမိတာနဲ့ပဲ မင်းက လူလွှတ်ပြီး သူ့ကို သတ်လိုက်တယ်ပေါ့ ဟုတ်လား… စွန်းမန်လုံ .. စွန်းမန်လုံ … မင်း သတ္တိတွေ သိပ်ကောင်းနေပါလား… ထားလိုက်တော့… ငါ မင်းကို ဒီနေ့ ကိုယ်တိုင် ကိုယ်ကျ ကိုင်တွယ်မှ ဖြစ်တော့မယ်…”
“ သခင်လေးဝမ်… မင်း တကယ်ကြီး…..”
“ တော်ပြီ… မင်း ဘာမှ မပြောနဲ့… ငါတို့ အားလုံးက လူကြီးတွေ ဖြစ်နေကြပြီ… ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်တာဝန်ယူရမှာပဲ…”
စွန်းမန်လုံကို စကားပြောရန် အခွင့်အရေး မပေးဘဲ ဝမ်မြန် ဖုန်းချသွားခဲ့သည်။
ဗီလာကြီးထဲ တိတ်ဆိတ်သွားခဲ့၏။ စွန်းမန်လုံ၏ အမူအရာမှာ အေးခဲနေဟန် ရှိပြီး ခံစားချက်များ အားလုံး ပျောက်ဆုံးသွားသည့် လူတစ်ယောက်ကဲ့သို့ လုံးဝ ရွေ့လျားခြင်း မရှိတော့ချေ။
ချိုးယွီလော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ထိုအချိန်၌ သူမ စွန်းမန်လုံ အတွက် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်မိသည်။
အာဏာနှင့် ရမ္မက်တို့က လူတစ်ဦးကို အမှန်ပင် ပျောက်ဆုံးသွားစေနိုင်စွမ်းရှိသည်။
“ ငါ ဘာမှ ပြောစရာ မရှိတော့ဘူး…” စွန်းမန်လုံ သက်ပြင်းချလိုက်ပြီး “ မင်း ဘာသိချင်လဲ…”
“ စွန်းမန်လုံ အခု ဘယ်မှာလဲ…”
“ မော်စကိုမှာ… ရုရှားနဲ့ ဘရာဇီးက ကုမ္ပဏီတွေနဲ့ သစ်တွေ သွင်းမယ့်အကြောင်း ဆွေးနွေးနေကြတာ…”
“ ဘယ်ကုမ္ပဏီတွေနဲ့လဲ…”
“ ရုရှားက Segby ကုမ္ပဏီ… ဘရာဇီးက ဘရက်စကို ကုမ္ပဏီ…” စွန်းမန်လုံ အက်ရှရှ အသံဖြင့် ပြောလိုက်ပြီး “ ငါလည်း အဲ့လောက်ပဲ သိတယ်.. အသေးစိတ်တော့ ငါလည်း မသိဘူး…”
“ ဒါဆို ငါလည်း တခြား မေးစရာ မရှိတော့ဘူး…”
“ ကောင်းပြီ…”
စွန်းမန်လုံ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ဝီစကီ ပုလင်းကို ကောက်ယူ၍ ခွက်ထဲ အပြည့်အမောက် ထည့်လိုက်၏။
တစ်ဂွတ်တည်း အပြတ်ဖြတ်လိုက်သည်။
“ အစ်ကိုကြီး…”
စွန်းမန်လုံ မတုံ့ပြန်ချေ။ သူ ဝီစကီ ပုလင်းကို ဖြည်းညင်းစွာ မြောက်လိုက်ပြီး
ခေါင်းအထက်သို့ လောင်းချလိုက်၏။
“ လင်းရီ….”
စွန်းမန်လုံ ခါးသီးစွာ ပြုံးလျက် “ ငါတို့ အချင်းချင်း သိကြတာ မကြာသေးဘူးဆိုပေမယ့် မင်းက စကားတည်တဲ့ လူဆိုတာ ငါ မှန်းလို့ ရတယ်…”
“ ငါကိုက ကံဆိုးတာ… ငါ့ ဘဝကို လူမှားပြီး ထည့်ပေးခဲ့မိတယ် … ငါသာ မင်းနောက်လိုက်ခဲ့မယ်ဆိုရင် ငါ့ဘဝကြီးက မတူညီတဲ့ အချိုးအကွေ့ တစ်ခု ဖြစ်သွားခဲ့နိုင်တယ်…”
“ ခုတော့ အဲ့တာတွေ အတွက် အရမ်းနောက်ကျသွားခဲ့ပြီ…”
“ ငါ သိတယ်… ငါ ဒီလမ်းကြောင်းပေါ် စပြီးလျှောက်ကတည်းက တစ်နေ့ ဒီလိုမျိုး ဖြစ်မယ်လို့ ငါ မျှော်လင့်ထားခဲ့ပြီးသား… အခု ဒီအိမ်ထဲက လူတွေ တစ်ယောက်မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး… ငါပြောတာ မှန်လား…”
“ အမှန်ပဲ…”
“ ငါ့မှာ အမေရိကားမှာ နေတဲ့ ဇနီးနဲ့ ကလေးတစ်ယောက်ရှိတယ်… နောက်ပိုင်း မင်းစုံစမ်းတဲ့အခါ သိသွားမယ် ဆိုတာ ငါသိတယ်… သူတို့က သန့်ရှင်းပါတယ်… ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး သက်ညှာပေးလိုက်ပါ.. ငါ မင်းကို တောင်းဆိုပါတယ်…” စွန်းမန်လုံ တောင်းဆိုလိုက်သည်။
“ ရတယ်…”
“ ဒီခုမှတော့ ငါ သုံးနိုင်တဲ့ လူလည်း တစ်ယောက်မှ မရှိဘူးဆိုတော့ ငါမင်းကို တစ်ခု ဒုက္ခပေးရဦးမယ်..”
ပြောရင်းဖြင့် စွန်းမန်လုံသည် ကော်ဖီ စားပွဲအောက်က သေနတ်တစ်လက် ထုတ်၍ သူ၏ ဦးနှောက်တည့်တည့် ချိန်ရွယ်ထားလိုက်၏။
“ ငါ့ အလောင်းတော့ ကောက်ပေးပါ…”
ဘန်း ..
သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့၏။
သွေးနှင့် ဦးနှောက် အပိုင်းအစတို့က နေရာအနှံ့ ပျံ့ကျဲသွားခဲ့သည်။
တစ်ချိန်က အာဏာကြီးမားခဲ့သည့် ပုံရိပ်တစ်ခုသည် ယခုတော့ သမိုင်း၏ ဇာတ်ခုံထက်၌သာလျှင် ကျန်ရှိတော့ပြီး နောက်ဆုံး နိဂုံးကို ချုပ်သွားခဲ့သည်။