← Chapters

စည်းမကျော်နဲ့ကောင်လေး

Vol. 012 Ch. 1176

စည်းမကျော်နဲ့ကောင်လေး

Vol. 012 Ch. 1176

အင်ပါယာရှားဘုံမှ လူများ ထွက်ခွာသွားပြီးနောက် ယောင်းထိုင်နန်းတော်မှ ပြန်လည်၍ ငြိမ်သက်တိတ်ဆိတ် သွားခဲ့ပြီဖြစ်သည်။

ယောင်းချီကား မူလနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ ထိုအခိုက်တွင် သူမ၏ဘေး၌ အလွန်တရာ လှပကာ ကျက်သရေရှိသော မိန်းမတစ်ယောက်‌ ပေါ်လာ၏။ သူမ၏ ဆွဲဆောင်အားကား ယောင်းချီထက်ပင် ပိုအားကောင်း၏။

သူမကား လက်ရှိ အနောက်ဘက်ဒေသ အရှင်သခင်မ ဖြစ်ပေသည်။

ယောင်းချီက သူမအား ကြည့်ကာ ပြုံးသည် … “အမေ …”

“အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်က လူတွေရဲ့စိတ်ဆန္ဒကို လှုပ်နှိုးနိုင်တယ်။ သမီးက ယောက်ျားတစ်ယောက်ရဲ့စိတ်ခံစားချက်ကို ခဏတာ ထိန်းချုပ်နိုင်ရင်တောင်မှ သူ့နှလုံးသားကိုတော့ ရမှာ မဟုတ်ဘူး။ ဘယ်လိုပြောပြော ဒါက အလိုဆန္ဒတစ်ခုတည်းပဲ မလား” အနောက်ဘက်ဒေသ အရှင်မက ပြောသည်… “နောက်ဆို အဲလို မလုပ်တော့နဲ့”

“ဒါကြောင့်ပဲ အမေက ဧကရီရှောင်ကို ရှုံးနိမ့်ခဲ့တာလား” ယောင်းချီက ပြုံးလျက်ပြောသည်… “အမေက နှလုံးသားရေးရာတွေကို မေ့လျော့ပြီး တိတ်တဆိတ်ပဲ လေ့ကျင့်တော့တယ်။ ဒါပေမဲ့ သူက အမေ့ကို ပိုဂရုစိုက်လား”

“ရှားရှင်းယွန်ပြောတာ မှန်တယ်။ သူက ငါ့ကို နန်းတော်သို့ ဝင်ဖို့ ပြောတယ်။ အတိတ်ကို ဖြတ်တောက်ချင်လို့ ငြင်းခဲ့တာက ငါပဲ။ ဒါက ငါ့ဆုံးဖြတ်ချက်ဖြစ်လို့ နောင်တရစရာ မရှိဘူး” အနောက်ဘက်ဒေသ အရှင်မက ပြောသည်။

“ဒါပေမဲ့လည်း သူ့လူတွေကို စေလွှတ်တုန်းပဲမလား” ယောင်းချီက ဆက်ပြောသည်… “အရင်တုန်းက အမေ ဧကရီရှောင်ကို ရှုံးခဲ့တယ်။ ဒါပေမဲ့ သမီးကတော့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး”

“ယောင်းချီ …” ယောင်းထိုင် နန်းတော်သခင်မက သူမ၏သမီးအား ကြည့်ကာ ပြောသည် … “မင်းက တဖြည်းဖြည်း ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖြစ်သွားမှာ ငါစိုးတယ်”

ရီဖူရှင်းကား အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ် အောက်တွင်ပင် စိတ်ကို ရှင်းလင်းစွာ ထားနိုင်သည်။ သူကား သာမန်မဟုတ်ပေ။

အင်ပါယာရှားက ရီဖူရှင်း၏ကျင့်ကြံခြင်းကို အလေးထားကာ သူနှင့် ရှားရှင်းယွန်တို့ နီးစပ်မည်ကို စိုးရိမ်ဟန်မရပေ။

အနာဂတ်တွင် “သူ” နောက်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

ပုံမှန်အားဖြင့် ယောင်းချီအား သူမကဲ့သို့ မမှားစေလိုပေ။

“အခွင့်အရေးရရင် သမီးအဖေကို သွားကြည့်လိုက်ပါ။ သူက သမီးကို အသိအမှတ် ပြုနေတာပဲ” ယောင်းထိုင် နန်းတော်သခင်မက ပြောသည်။

ယောင်းချီက ပြုံးလျက်ပြောသည် … “ကောင်းပါပြီ အမေ…”

***

သည်နှစ်ယောင်းထိုင် တည်ခင်းဧည့်ခံပွဲမှာ အလုံးစုံ အထမမြောက်ခဲ့သော်လည်း အင်ပါယာရှားဘုံကိုတော့ ကြီးစွာ လှုပ်ခတ်စေခဲ့ပေသည်။

အင်ပါယာရှားက ယောင်းချီအား ရှားမျိုးရိုးခံစေကာ ချီမင်းသမီးလေးအဖြစ် ဘွဲ့နာမပေးခဲ့သည်။

ယောင်းချီ၏ နာမည်အစစ်မှာ ရှားချီဖြစ်ပေမည်။

မည်သို့ဆိုစေ သူမကား အင်ပါယာရှား၏သမီး ဖြစ်ပေသည်။

အနောက်ဘက်ဒေသ၏ အရှင်မသည် ယခင်က အင်ပါယာရှား၏ မိဘုရားခေါင်နေရာကို ဧကရီရှောင်နှင့် ယှဉ်ပြိုင်ခဲ့ဖူးပေသည်။ နောက်ကွယ်၍ ဤသို့သော ပုံပြင်တစ်ပုဒ် ရှိနေမည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

အင်ပါယာရှားကား အမှန်တကယ် ကျော်စောထိုက်ပေသည်။ သူကား အင်ပါယာရှားဘုံမှ အလှဆုံးမိန်းမ နှစ်ယောက်အား အပိုင်သိမ်းထားခဲ့၏။

အနောက်ဘက်ဒေသ၏ အရှင်သခင်၊ ယောင်းထိုင်နန်းတော် သခင်မမှာ အင်ပါယာရှား၏ အမျိုးသမီးဖြစ်နေသည်။

လူအများအပြားက အင်ပါယာအား လေးစား အားကျကြသည်။

သို့သော်လည်း ယနေ့တွင် နောက်တစ်ယောက်က သူ၏ခြေရာကို နင်းမည့်ပုံပေါ်နေ၏။

သူကား … ရီဖူရှင်း …

နတ်သမီးကျွန်းတွင် ရီဖူရှင်းနှင့် ယောင်းချီတို့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်များလား။

ရှားရှင်းယွန်က ရီဖူရှင်းအား ကိုယ်တိုင် လာရောက် ခေါ်သွားခဲ့သည်။

ဤသည်က …

ရှားရှင်းယွန်၊ ရီဖူရှင်းနှင့် တခြားလူများက အင်ပါယာရှား နန်းတော်သို့ ပြန်နေကြသည်။ လမ်းတွင် ရှားရှင်းယွန်မှာ တစ်ချိန်လုံး တိတ်ဆိတ်နေပြီး ရီဖူရှင်းနှင့် ရှားလွင်တို့သည် အချင်းချင်း စကားစမြည်‌ ပြောနေကြ၏။

သိမ်းငှက်နက်ကား ရီဖူရှင်းနောက်တွင်သာ ကြောက်လန့်တကြား ပုန်းနေသည်။ သူကား မည်သည့်စကားမှ မဆိုရဲတော့။

သူက မင်းသမီးအား ဘာမှ မပြောရဲတော့။ သည်မိန်းမရိုင်းက သူ့ကို တကယ် မီးကင်မှာလား … သိမ်းငှက်ကလေးက ကြောက်အားလန့်အားဖြင့် တွေးနေသည်။

“နန်းတော်သို့ လိုက်ခဲ့ …” သူတို့က အင်ပါယာရှားဘုံ၏ အလယ်သို့ ရောက်သောအခါ ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ကော့တေးမှ လူများအား အိမ်ပြန်လွှတ်လိုက်၏။

သိမ်းငှက်နက်က အမြီးကုပ်ကာ အသာလစ်ထွက်ရန် ပြင်လိုက်သည်။

“မင်းကို သွားလို့ရပြီလို့ ငါပြောလား” ရှားရှင်းယွန်က သိမ်းငှက်နက်အား စိုက်ကြည့်ကာ ပြောသည်။

သိမ်းငှက်နက်မှာ ဆတ်ခနဲ တောင့်တင်းသွား၏။ မိန်းမရိုင်းကြီးကား သူ့သခင်အပေါ် မကျေနပ်ချက်များအား သူ့အပေါ်တွင် ပုံချနေလေပြီ။

သူက သခင်အား ပျော်ရွှင်ခဲ့သလားဟုသာ တစ်ခွန်တည်း မေးခဲ့ရ၏။ သည်မိန်းမက ဘာဖြစ်လိုနေသနည်း။

သူက တုန်ယင်စွာ နောက်လှည့်၍ ရှားရှင်းယွန်ကို ပြောသည် … “မင်းသမီး အမိန့်အတိုင်းပါ … သိမ်းငှက်ကလေး နာခံပါ့မယ်”

“ဒါဆို ငါနဲ့နန်းတော်ကို လိုက်ခဲ့ …” ရှားရှင်းယွန်က ပြောသည်။

သိမ်းငှက်နက်၏ခန္ဓာကိုယ်က ပိုမိုတောင့်တင်း သွားသည်။ သူက ရီဖူရှင်းအား သနားစဖွယ် ကြည့်ကာ ပြောသည် … “သခင် … ကယ်ပါ”

သည်မိန်းမရိုင်းက တကယ်ကြီး မီးကင်တော့မှာလား …

နန်းတော်ကို သွားမည့်အစား သည်နေရာတွင် အသေခံလိုက် ပေတော့မည်။

“မင်းသမီးက မင်းကို ခေါ်ပေမဲ့ တကယ် မီးမကင်ဘူး …” ရီဖူရှင်းက စိတ်အေးလက်အေး ပြောသည်။

သိမ်းငှက်နက်က မျက်လုံးပြူးသွားကာ ရှားရှင်းယွန်ကို ထပ်ကြည့်သည်။

“ငါက ဘာလို့ မကင်ရမှာလဲ” ရှားရှင်းယွန်က ပြောသည်။

သတ်ဖြတ်လိုသော အငွေ့အသက်များအား ခံစားမိလျှင် သိမ်းငှက်လေး၏ အမွေးအမျှင်များ အားလုံး ထောင်တက်သွားသည်။

ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်သည် … “မင်းသမီးက ဘာလို့ စိတ်ဆိုးတာလဲ။ သိမ်းငှက်လေးက ဘာလုပ်လို့လဲ”

သူမ ဘာလို့ ဒေါသထွက်နေရ သနည်း။

ရှားလွင်က ရီဖူရှင်းအား ကြည့်ကာ တခြားတစ်ဖက်သို့ တိတ်တဆိတ် လှမ်းသွားသည်။

သည်ကိစ္စတွင် ဝင်မပါသည်က အကောင်းဆုံး …

တခြားလူများကလည်း ဝေးဝေးသို့ ပြေးကြလေပြီ။ သူတို့က ဘာမှ မမြင်သလို ဘာမှလည်း မကြား။

“သူ့မျက်လုံးတွေက မလေးစားဘူး။ ဘာလို့ ငါက အပြစ်ပေးလို့ မရရမှာလဲ” ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။

“ဒါဆိုလည်း သူ့ကို အပြစ်ပေးပါ။ မခြောက်လှန့်ပါနဲ့” ရီဖူရှင်းက ဆက်ပြောသည် … “ကျုပ်က ဘယ်တုန်းက မင်းသမီးရဲ့လူ ဖြစ်သွားတာလဲ”

“အမေက နင့်ကို ငါ့ရဲ့ ကိုယ်ရံတော် ခန့်ထားတယ်။ ပြဿနာ တစ်ခုခုရှိလား” ရှားရှင်းယွန်က အေးစက်စွာ ပြောသည် … “နင့်ကို နန်းတော်က ရွှေကြာပန်း နန်းဆောင်မှာ သွားလေ့ကျင့်ဖို့ ပြောတယ်။ နင်က ဘာလို့ ယောင်းထိုင် နန်းတော်သို့ သွားခဲ့တာလဲ”

ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “ကျုပ်က ချုပ်ချယ်တာ မကြိုက်ဘူး။ မင်းသမီးက ကျုပ်ဟာ အမိန့်မနာခံဘူးလို့ တွေးရင် ကိုယ်ရံတော်အဖြစ်က ကျုပ်နုတ်ထွက်မယ်”

“နုတ်ထွက်တာက နင့်ဆန္ဒနဲ့ဖြစ်တယ်လို့ ဘယ်သူက ပြောလဲ” ရှားရှင်းယွန်၏လေသံက ပိုမို တင်းလာလာသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “နင် နုတ်ထွက်မှာကို ငါငြင်းပယ်တယ်”

အဝေးတွင် ရှားလွင်နှင့် တခြားလူများက ရှောင်ဖယ် နေကြသော်လည်း ခိုး၍တော့ နားထောင်နေကြသည်။

သည်အရာက တကယ့်စစ်ပွဲ …

ရှားလွင်သည် သူ၏ညီမ ဤကဲ့သို့ ဒေါသထွက်သည်ကို တစ်ခါမှ မမြင်ဖူးပေ။

သူတို့ ယောင်းထိုင်နန်းတော်မှ ထွက်လာစဉ်က ယောင်းချီ၏ နောက်ဆုံးစကားသည် များစွာသော အဓိပ္ပာယ်များအား ဖော်ဆောင်နေသည်။

လမ်းတစ်လျှောက်လုံး၌ ရီဖူရှင်းကလည်း မရှင်းပြခဲ့။

ရှားရှင်းယွန်၏ နောက်လိုက်များကလည်း ခံစားမိကြသည်။ မင်းသမီးသည် အမြဲတမ်းအားဖြင့် တိတ်ဆိတ်စွာ နေလေ့ရှိကာ ဒေါသထွက်သည်မှာ အလွန်ရှား၏။

တစ်ဖက်တွင် မည်သည့် ကိုယ်ရံတော်က မင်းသမီးအား ပြန်ပြောရဲသနည်း။

အရူးသည်သာ ရီဖူရှင်းအား ကိုယ်ရံတော်အဖြစ် သတ်မှတ်ပေမည်။

ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ အသာအယာ ပြောသည် … “ကျုပ်ကို လာကယ်တာ ကျေးဇူးတင်ပါတယ် မင်းသမီး။ ဒါပေမဲ့ ကျုပ်က မင်းသမီးကို တစ်သက်လုံး ခစားနိုင်မှာ မဟုတ်ဘူး။ မကြာခင် ကျုပ်က အရှင်မင်းကြီးကို အသိပေးပြီး လုပ်စရာတွေကို လုပ်ရပါမယ်”

ရှားရှင်းယွန်အား အတန်ကြာ မှင်တက်နေခဲ့သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်ကာ မေးသည် … “နင့်မှာ ဘာလုပ်စရာရှိလဲ”

“တစ်စုံတစ်ယောက်ကို ရှာရမယ်” ရီဖူရှင်းက အဝေးသို့ကြည့်ကာ ပြောသည်။ ရှားရှင်းယွန်က သူပြောသည်ကို ကြားလျှင် တိတ်ဆိတ်သွား၏။

သူမကလည်း အဝေးသို့ ကြည့်ကာ တီးတိုးပြောသည် … “ကောင်းပြီ …”

သူမက ထိုသို့ပြောကာ ရှေ့သို့ ဆက်သွားလျှင် အားလုံးက အံ့အားသင့်သွားသည်။

ဘာဖြစ်နေသနည်း။

မုန်တိုင်းက အဘယ်ကြောင့် ရုတ်တရက် ငြိမ်သက်သွားသနည်း။

“သခင်  ... ကျွန်တော် သွားလို့ ရပြီလား …” သိမ်းငှက်လေးက သူ့အား စိတ်ဖြင့် လှမ်းမေးသည်။

ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ ဘာမှ မပြောဘဲ ရှားရှင်းယွန်နောက်သို့ လိုက်ပါသွားသည်။ သိမ်းငှက်နက်က ထိုနေရာတွင်ပင် တွေဝေနေ၏။ နောက်ဆုံးတွင် သူက အံကို ကြိတ်ကာ ရီဖူရှင်းနောက်သို့ လိုက်ပါသွားတော့သည်။

ရှားလွင်နှင့် တခြားလူများကလည်း နားမလည်ခြင်းများစွာဖြင့် သူတို့နောက်မှ လိုက်ပါလာခဲ့ကြတော့၏။

နန်းတော်တွင် သူတို့အုပ်စုက အသီးသီး ကွဲသွားကြသည်။ ရှားရှင်းယွန်က ရီဖူရှင်းအား တစ်နေရာသို့ ခေါ်လာ၏။ ထိုနေရာကား အင်ပါယာရှား နန်းတော်၏ ကိုးလွှာသို့ ဘုံဌာနေဖြစ်သည်။

ရီဖူရှင်းက ရှားရှင်းယွန်ခေါ်လာသော နေရာကို သိလိုက်ကာ သူက ဘယ်သူနှင့်တွေ့ရမည်ကို သိလိုက်၏။

သူ့ရှေ့တွင် မြူခိုးများ ဖုံးလွှမ်းနေသော မျှော်စင်၌ လူတစ်ယောက် တိတ်ဆိတ်စွာ ရပ်နေသည်။

“သွား …” ရှားရှင်းယွန်က ပြောကာ ထွက်သွားသည်။ ရီဖူရှင်းက ရှေ့သို့ လျှောက်သွားကာ ဦးညွှတ်လျှင် တစ်ဖက်လူက သူ့အား ကြည့်သည်။ သည်တစ်ကြိမ်ကား သူ့အနေဖြင့် အင်ပါယာရှားကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။

ထို့အတူ အင်ပါယာရှားကလည်း ရီဖူရှင်းကို ပထမဆုံးအကြိမ် အနီးကပ် တွေ့ခြင်းဖြစ်၏။

သည်ကောင်လေးကား အလွန်အတင့်ရဲသည်။

သူက အောက်ဘုံ၌ ပြည်နယ်ကိုးခုကို မြေလှန်ခဲ့ကာ အင်ပါယာရှား ကိုယ်တိုင်အား ဖြေရှင်းစေခဲ့ရ၏။

ယခု အထက်ဘုံတွင်လည်း ပြဿနာများပေးသည်။

“မင်း ယောင်းချီကို ထိတွေ့ခဲ့လား” အင်ပါယာရှားက သူ့အား စိုက်ကြည့်ကာ မေးသည်။

ရီဖူရှင်း တုန်ယင်သွား၏။ ကံကောင်း၍ သူက မထိခဲ့ပေ။

“မထိခဲ့ပါဘူး” ရီဖူရှင်းက ခိုင်မာစွာ ပြောသည်။

အင်ပါယာရှားက ရှေ့သို့ တက်လာကာ သူ့ပုခုံးအား ပုတ်လျက်ပြောသည် … “လူငယ်တစ်ယောက်က ဒီလောက် ချုပ်တည်းဖို့ခက်တယ်။ ငါငယ်ငယ်တုန်းကလည်း အချစ်ရေးမှာ တော်တော်စွံခဲ့တယ်။ သိပ်မလွန်နဲ့ကောင်လေး”

“အာ…”

ရီဖူရှင်းက အင်ပါယာရှားအား ကြည့်ကာ မျက်လုံးပြူးသွားပြီးမှ အပြစ်ကင်းသော မျက်လုံးများဖြင့် ကြည့်သည်။

လွန်ကဲသည်လား။

ထိုစကားလုံး၏ဆိုလိုရင်းကို သူနားမလည်။

သူ၏အပြစ်ကင်းသော မျက်လုံးများအား ကြည့်ကာ အင်ပါယာရှားက ရီဖူရှင်းအား အမှန်တကယ် ထရိုက်လိုစိတ်များ ဖြစ်လာသည်။ သို့သော်လည်း သူက ပခုံးအား အသာပုတ်ကာ ပြောသည် … “ရှင်းယွန်ပဲဖြစဖြစ်၊ ယောင်းချီပဲဖြစ်ဖြစ် မင်းက ဘယ်သူ့ကိုပဲ ရွေးရွေး သူတို့သာ သဘောတူရင် ငါဘာမှ မပြောဘူး။ ဒါပေမဲ့ မင်း လွန်လာရင်တော့ ငါခွင့်လွှတ်မှာ မဟုတ်ဘူး”

“…”

ရီဖူရှင်းက မသက်မသာ ခံစားရကာ အင်ပါယာရှား ဆိုလိုသည်ကို နားလည်လိုက်၏။

ယောင်းချီသည် အင်ပါယာရှား၏သမီးဖြစ်ကာ အင်ပါယာတွင် သမီးနှစ်ယောက်ရှိ၏။

သူက မလွန်ကဲ့နှင့်ဟု ဆိုလိုသည်က …

သည်အဘိုးကြီးကား ဉာဏ်ကြီးရှင်တည်း …

***

All Chapters