အခန်း (၃၄၆)
Vol. 24 Ch. 346
အသက် (၂၀)သာ ရှိသေးသော်လည်း ချီကျန်းရန်က သူ၏လက်ရှိအသက်ထက် အတော်လေးကို အသက်ကြီးသလို ထင်မှတ်ရသည်။ သူက အစွမ်းထက်သော ပညာရှင် တစ်ယောက်ဟု သူတို့က အလွယ်တကူ လက်ခံနိုင်ကြ၏။
သို့သော် မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ အတော်လေး တည်ငြိမ်ရင့်ကျက်နေသော်လည်း ကျိုးဟမ်ထက် အဆပေါင်းများစွာ ငယ်ရွယ်နေပုံ ပေါ်သည်။
ရွမ်ယုရှု၏ ပန်းနုရောင် အသားအရည်လေးနှင့် လှပသော မျက်နှာလေးက ကလေးဆန်နေ၏။ သူမက အသက်ပင် မပြည့်သေးကြောင်း လူတိုင်းက သိနေသည်။ ထို့ကြောင့် သူမက ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက် ဖြစ်နေသည်ဟူသော အချက်ကို သူတို့က လက်မခံနိုင်ကြပေ။ အကယ်၍ သူမကသာ ပညာရှင် တစ်ယောက်ဆိုလျှင် သူတို့က နှစ်ပေါင်းမည်မျှ လေ့ကျင့်ထားခဲ့သနည်း။
ထို့ကြောင့် သူတို့က ရယ်စရာကောင်းပြီး မယုံကြည်နိုင်သလို ခံစားနေရသည်မှာ သာမန်သာဖြစ်သည်။ ကျိုးဟမ်က အခြေအနေတိုင်းနှင့် လိုက်လျောညီထွေရှိ၏။ သူက သူ၏တည်ငြိမ်ခန့်ညားမှုနှင့် မောက်မာမှုများကို ဖုံးကွယ်ထားပြီး အဆင့်မြင့်မြင့် မွေးဖွားလာသော သခင်လေးတစ်ယောက်အလား တည်ငြိမ်ရင့်ကျက်သည့် အမူအရာမျိုး ပြောင်းလဲထားသည်။
သူက အစစ်အမှန် သိုင်းလောကသား တစ်ယောက်ကဲ့သို့ သူတို့ကို မိတ်ဆက်ပေးပြီး ပြောလိုက်သည်။
"ဒါကတော့ ဆရာကြီး ပိုင်ကျန်း ၊ သူက သိုင်းသခင်တစ်ယောက်ပဲ။ အခု သူက ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင်အရှိန် (၃)ယောက်ထဲက တစ်ယောက်ပဲ။ ပြီးတော့ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေပြီ…"
ဤကမ္ဘာကြီးက သိုင်းပညာအဆင့် ခွဲခြားရာတွင် ပင်မကမ္ဘာကြီးနှင့် တူညီနေသည်။ တစ်ခုကွဲပြားသွားသည်မှာ သူတို့၏နာမည်သာဖြစ်၏။ ဥပမာအနေနှင့် ပြောရလျှင် ပင်မကမ္ဘာကြီးထဲတွင်တော့ သူ၏အစွမ်းအရ တာအိုသခင်ပိုင်ကျန်းကို သိုင်းသခင် တစ်ယောက်ဟု သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
တာအိုသခင်ပိုင်ကျန်းက အပြင်ဘက်တွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ အတော်လေး အံ့ဩနေခဲ့၏။ သူ့အဆင့်က နိမ့်ကျမှု မရှိသော်လည်း ကျိုးဟမ်က စကားပြောလိုက်သည့် အချိန်ထိအောင် တစ်စုံတစ်ယောက်က သူတို့အနားသို့ ကပ်လာသည်ကို ခံစားမိခဲ့ခြင်း မဟုတ်ချေ။
ထို့ကြောင့် ထို (၅)ယောက်က အလွန်အစွမ်းထက်ကြောင်း သိသာနေ၏။ သူတို့က သူပြောသည့်စကားများကိုလည်း ကြားထားလောက်သည်။ အကယ်၍ သူတို့ကသာ အဖိုးတန်လက်နက်များကို သုံးပြီး သူတို့၏ခြေရာလက်ရာများကို ဖုံးကွယ်ထားမည်ဆိုလျှင်ပင် သူက (၁၆)မီတာအတွင်း ရောက်လာသည်နှင့် ချက်ချင်း သတိထားမိပါလိမ့်မည်။
မုန့်ချီနှင့် တခြားလူများက တလေးတစား ဦးညွတ်လိုက်၏။
တာအိုသခင်ပိုင်ကျန်းက မောက်မာနေခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ ဦးညွတ်လိုက်သည်။
ကျိုးဟမ်က မိုးကြိုးဓား နတ်ဘုရားမ ၊ လက် (၈)ချောင်း ကောင်းကင်လက်ဝါးတို့နှင့် ရင်းနှီးမှု မရှိသည့်အတွက် သူက မုန့်ချီတို့ကို စတင်မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ ပထမဓားနတ်ဘုရား မိန်းကလေးကျန်းလို့ ခေါ်တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့စကားတွေအတွက် ခွင့်လွှတ်ပေးပါ။ သူက တံခါး (၉)ပေါက် မပွင့်သေးပေမယ့် သူ့ရဲ့ဓားသိုင်းပညာက အင်မော်တယ်တစ်ယောက်လိုပဲ။ သူက ဆရာကြီး ပိုင်ကျန်းလောက် နီးပါး အစွမ်းထက်တယ်…"
ယခု သူတို့က တခြားသော သံသရာခရီးသွားများနှင့် ကြုံတွေ့နိုင်ရသည့်အတွက် သူတို့၏ နာမည်များကို ပြောင်းလဲပြောဆိုရန် လိုအပ်သည်။ မိုးကြိုးဓား နတ်ဘုရားမ တုံယောင်နှင့် လက် (၈)ချောင်း ကောင်းကင်လက်ဝါး ကျူးဝမ်ကျုံးတို့က သူ့စကားကို ငြင်းဆန်ခဲ့ကြခြင်း မရှိချေ။
သူတို့က ကောင်းကင်နှင့်လူသား ဆက်သွယ်မှုအဆင့်ကို ရောက်လုနီးပါး ဖြစ်နေသည့်အတွက် ထိုမိန်းမပျိုက သူတို့၏ရှေ့တွင် အဖိုးတန်ဓားတစ်လက်ကဲ့သို့ ရပ်နေကြောင်း ခံစားမိနေသည်။ ကျန်းကျိဝေက သူမ၏ဓားကို ဆွဲထုတ်ခြင်းမရှိဘဲ လှပစွာ ရပ်နေသော်လည်း သူတို့က အန္တရာယ်အငွေ့အသက်များကို ခံစားနေရ၏။
သို့သော် တခြားတပည့်များကတော့ လှောင်ပြောင်သရော်နေကြသည်။ ကျိုးဟမ်၏ စကားက အတော်လေး ရယ်စရာကောင်းသည်ဟု သူတို့က သတ်မှတ်နေကြ၏။ အလွန်လှပသော မိန်းမပျိုလေးက ဆရာကြီးပိုင်ကျန်းထက် ပို၍ ကြည့်ကောင်းသော်လည်း သူမ၏သိုင်းပညာက သူ့ကို မည်သို့ယှဉ်နိုင်မည်နည်း။
သို့သော် သူတို့၏ အကြီးအကဲ (၃)ယောက်က ဝင်မပြောခဲ့သည့်အတွက် သူတို့က ထိုမေးခွန်းကို မမေးခဲ့ကြပေ။ သူတို့၏အကြီးအကဲများက ထိုလူများ၏ အစွမ်းကို လက်ခံနေပုံရ၏။ ထိုသို့ဆိုရာတွင် သူတို့အားလုံးကတော့ မကြားဖူးသည့်အရာတစ်ခုကို မြင်နေရသည့်အလား ထူးဆန်းနေကြသည်။
တာအိုသခင်ပိုင်းကျန်ကတော့ တခြားနှစ်ယောက်ထက်ပို၍ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ့အချိန်တုန်းက သူက လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရရှိပြီးမှသာ အဆင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုတော့ သူက အစွမ်းထက်သော ပင်မဝိညာဉ်နှင့် နှလုံးသားတုံ့ပြန်မှုကို အသုံးချပြီး ပညာရှင်တစ်ယောက်၏ ချီစွမ်းအင်နှင့်ကြွက်သားများ မည်သို့တုံ့ပြန်ကြောင်း သိနိုင်သည်။
သို့သော် သူကတော့ သူမကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည့်အချိန်၌ ဓားဆန္ဒတစ်ခုကိုသာ မြင်နေရသည်။ လူသားနှင့် ကောင်းကင်ဆက်သွယ်မှုက လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်နှင့် ကွဲပြား၏။
ပထမတစ်မျိုးက အရှိန်အဝါတချို့ကို အသက်သွင်းပြီးသွားလျှင် တစ်ဖက်လူက အထွဋ်အထိပ်အဆင့်ကို ရောက်သွားနိုင်ပြီး သတ်မှတ်အကွာအဝေးအတွင်း ရှိနေသော ကမ္ဘာမြေကြီးကို သက်ရောက်စေနိုင်သည်။ သို့သော် ဒုတိယတစ်မျိုးကတော့ ကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်နေပြီး ကမ္ဘာမြေကြီးက ထိုပညာရှင်၏ အမူအကျင့်အတိုင်း ဆက်သွယ်ပေးနေခြင်းဖြစ်သည်။
"တကယ်လို့ ဒကာမလေးကျန်းသာ ကူညီပေးမယ်ဆိုရင် ငါတို့က နတ်ဆိုး (၄)ယောက်ကို ကြောက်စရာမလိုတော့ဘူး … "
တာအိုသခင်ပိုင်ကျန်းက အလေးအနက်ပြောလိုက်သည့်အတွက် တခြားလူများက မှင်တက်သွားခဲ့သည်။ ဘာကြောင့် သူက ကျိုးဟမ်၏ စကားကို ယုံကြည်နေရသနည်း။ သူမက အမှန်တကယ်ကို ထိပ်တန်းပညာရှင်တစ်ယောက်ပေလော။
ကျိုးဟမ်က မုန့်ချီကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးတော့မည့်အချိန်တွင် မုန့်ချီက ဖြတ်ပြောလိုက်သည်။ သူက ရှေ့ထွက်လာပြီး လေးနက်တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်တော့်ကိုတော့ ပြိုင်ဘက်ကင်းဓားမောက်လို့ ခေါ်ကြတယ်…"
"ဟားဟားဟား … ဒါကတော့ ပြိုင်ဘက်ကင်းဓားမောက် သခင်လေးစုလို့ ခေါ်တယ်…"
ကျိုးဟမ်၏ မျက်နှာအမူအရာက လှုပ်ရှားသွားသည်။
မုန့်ချီက စိတ်ထဲတွင် အပြစ်တင်လိုက်မိ၏။ သူက သူ၏သိုင်းလောက နာမည်ကို တခြားလူများ ပေးခြင်းကို သဘောမကျပေ။
"ကမ္ဘာ(၃)ခု လှုပ်ရှားစေနိုင်သော ပြိုင်ဘက်ကင်းဓားမောက် … "
တပည့် တော်တော်များများကတော့ သူ့ကို အထင်သေးနေကြ၏။
"တော်တော် ရူးတာပဲ.."
တာအိုသခင်ပိုင်ကျန်းအနေနှင့် ပြောရမည်ဆိုလျှင်တော့ ပြိုင်ဘက်ကင်းဓားမောက်၏ လှုပ်ရှားမှုများ အားလုံးတွင် ကြောက်စရာကောင်းသော အရှိန်အဝါများ ပြည့်နှက်နေသည်။ သူက သူ၏အဖော်များကို လုံးဝ မယှဉ်နိုင်ပေ။
သို့သော် သူက မုန့်ချီ၏ ချီစွမ်းအင်လှုပ်ရှားမှုနှင့် ကြွက်သားများ တုံ့ပြန်မှုကို အာရုံခံပြီး မုန့်ချီ၏နောက်ထပ်လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်သည်။ ထို့ကြောင့် မုန့်ချီက အစွမ်းထက်သော်လည်း သံနတ်ဆိုးကို ခုခံရန် လုံလောက်သည့် အစွမ်းမျိုး မရှိနိုင်ပေ။
ထိုအရာက နတ်ဆိုး (၄)ယောက်ထဲတွင် အားအနည်းဆုံးဖြစ်သော်လည်း မကောင်းဆိုးဝါး ချီစွမ်းအင်များကို အသုံးချပြီး လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်နေနိုင်သည်။
မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး အပြုံးနှင့်ပြောလိုက်၏။
"မင်းတို့ကို ရယ်အောင်လုပ်မိတာက တော်တော်ဆိုးတာပဲ။ ဒီတော့ ကျေးဇူးပြုပြီး ငါ့ရဲ့ သိုင်းကွက်တစ်ခုကို ကြည့်လိုက်ပါ…"
ရုတ်တရက်ဆိုသလို ငွေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုအရာက သူ၏လှုပ်ရှားမှုဖြစ်ကြောင်း သူတို့က သတိထားမိသည့်အချိန်တွင် သူက ဓားကို ရုတ်သိမ်းလိုက်ကြောင်း မြင်လိုက်ရ၏။
"ကျေးဇူးပြုပြီး အဲဒါကို ကြည့်လိုက်ပါ…"
မုန့်ချီကတော့ လက်နောက်ပစ်ပြီး တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူ၏ အစိမ်းရောင်ဝတ်စုံက လှုပ်ရှားနေပြီး နောက်ကျောတွင် ဓားရှည်ကို လွယ်၍ ခါးတွင် ဓားမောက်ကို ချိတ်ထားသည်။
သူတို့အားလုံးက သူကြည့်နေသော နေရာကို လှမ်းကြည့်လိုက်ရာ အနီးအနားတွင် ရှိနေသော ထုတ်တန်းတွင် အလွန်နက်ရှိုင်းသော ဓားရာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဓားရာက အလွန်ချောမွေ့ပြီး ပုံသဏ္ဌာန်မမှန်သည့် အရာမျိုးမရှိပေ။
"သူက တကယ်ပဲ သူ့ဓားကို သုံးလိုက်တာလား …"
ဓားစွမ်းအင်များကို မြင်လိုက်ရသည့်ခဏတွင် သူက ဓားကို ရုတ်သိမ်းပြီးသွားပါပြီ။ အများစုက မျက်လုံးတံခါး ပွင့်နေသော်လည်း သူ့ဓား၏ လမ်းကြောင်းကို မမြင်လိုက်ရပေ။
သူတို့က အလွန်ထိတ်လန့်သွားသည့်အတွက် စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။ ယခုတော့ ကျိုးဟမ်က အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သူတို့က နားလည်သွား၏။
တုံယောင်နှင့် ကျူးဝမ်ကျုံးတို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီ၏ စွမ်းရည်က သူတို့ကို ယှဉ်နိုင်ကြောင်း အသိအမှတ် ပြုလိုက်သည်။ တာအိုသခင်ပိုင်ကျန်းကတော့ မှင်တက်သွားခြင်းမရှိပေ။ သူ၏အဆင့်နှင့် တိကျသော အမြင်အာရုံကြောင့် ထိုဓားချက်၏ လှပမှုကို နားလည်နေ၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
"ဒကာလေးစု …
မင်းက မိန်းကလေးတုံထက်စာရင် မိုးကြိုးဓားဆိုတဲ့ နာမည်နဲ့ ပိုပြီးလိုက်ဖက်တယ်…"
သူက တာအိုသခင်ပိုင်ကျန်းကို အပြုံးနှင့်ပြန်ပြောလိုက်သည်။
"သိုင်းလောကနာမည်တစ်ခုကို လုယူလိုက်တာက မိဘတွေကို သတ်လိုက်တာနဲ့ အတူတူပဲ။ ကျွန်တော်က အဲဒီလို အလုပ်မျိုး လုံးဝမလုပ်ဘူး…"
ကျိုးဟမ်က တခြားလူများကို ဆက်၍ မိတ်ဆက်ပေးလိုက်၏။
"ဒါကတော့ မှော်စောင်းနတ်ဘုရားမ မိန်းကလေးရွမ်လို့ ခေါ်တယ်။ ဒါကတော့ မှော်ဓားသမား သခင်လေးချီလို့ ခေါ်တယ်…"
မုန့်ချီက သူ၏စွမ်းရည်ကို ပြသလိုက်သည့် ကျေးဇူးကြောင့် မည်သူကမျှ သူတို့၏ အစွမ်းကို သံသယဝင်နေခြင်း မရှိတော့ပေ။ ထို့ကြောင့် ကျိုးဟမ်က ချောချောမွေ့မွေ့ မိတ်ဆက်ပေးနိုင်ခဲ့၏။
ထို့နောက် တာအိုသခင်ပိုင်ကျန်းက မိုးကြိုးဓားနတ်ဘုရားမနှင့် လက် (၈)ချောင်း ကောင်းကင်လက်ဝါးတို့ကို မိတ်ဆက်ပေးလိုက်သည်။ သူက ပြောလိုက်၏။
"ငါတို့က အလျင်လိုနေမှတော့ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြမယ်။ အခု ငါက မင်းတို့အားလုံးကို နတ်ဆိုး (၄)ယောက်နဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြမယ်။ သံနတ်ဆိုးက ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ရဲ့ တည်နေရာကို သိတယ်။ ဒါပေမယ့် သူ အကျိုးအမြတ်ရဖို့အတွက် ကောင်းကင်ဖျက် မကောင်းဆိုးဝါးဆီကို သတင်းမပို့ခဲ့ဘူး။ အဲဒီအစား သူက သူနဲ့မိတ်ဆွေ(၃)ယောက်ကို ဖတ်ခေါ်ပြီး အဲဒါကို တိတ်တဆိတ် သွားရှာချင်နေတယ်။ သူတို့တွေကတော့ အလောင်းနတ်ဆိုး၊ မီးတောက်နတ်ဆိုးနဲ့ ရဲမက်နတ်ဆိုးတို့ပဲ…"
ပြောရမည်ဆိုလျှင် နတ်ဆိုး (၇)ယောက်တွင် သူတို့၏ ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါး ချီစွမ်းအင်များ ရောက်မလာခင် သူတို့၏ ကိုယ်ပိုင်နာမည်နှင့် သိုင်းလောကနာမည်များ ရှိကြသည်။ ယခုသူတို့က လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်ဖြစ်လာသည့်အတွက် သိုင်းလောက သူရဲကောင်းများက သူတို့၏ပုံသဏ္ဌာန်ကို ကြည့်၍ နာမည်ခေါ်ရန် ရွေးချယ်လိုက်ကြသည်။
"သူတို့တွေထဲမှာ အလောင်းနတ်ဆိုးနဲ့ မီးတောက်နတ်ဆိုးက အစွမ်းထက်ဆုံးပဲ။ သူတို့ရဲ့စွမ်းအားက ငါ့ကိုတောင် ယှဉ်နိုင်ကြတယ်။ သူတို့ထက် အဆင့်နိမ့်တာက ရဲမက်နတ်ဆိုးပဲ။ သံနတ်ဆိုးကတော့ အားအနည်းဆုံးပဲ။ ငါတို့က တော်တော်လေး သတိထားဖို့ လိုအပ်တယ်…"
အချက်အလက်များကို မုန့်ချီတို့အဖွဲ့သိအောင် ပြောပြလိုက်ပြီးနောက် တာအိုသခင်ပိုင်ကျန်းက လည်ချောင်းရှင်းပြီး ဆက်ပြောလိုက်သည်။
"အဲဒီနတ်ဆိုးတွေက ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူတို့က နေရာတိုင်းကနေ ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်။ ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ရှာဖွေနေတဲ့ ငါတို့ရဲ့လူတွေကို ကာကွယ်ပေးဖို့အတွက် ငါတို့(၈)ယောက်က အဖွဲ့ (၄)ဖွဲ့ ခွဲဖို့ အကြံပေးချင်တယ်။ အဖွဲ့တစ်ဖွဲ့ဆီက အရပ်မျက်နှာ တစ်ဖက်ဆီကို စောင့်ကြပ်ကြရမယ်။ ပြီးရင်တော့ တိုက်ခိုက်ခံရတာနဲ့ ငါတို့က တခြားသူတွေကို မတူညီတဲ့ မီးပန်းတွေသုံးပြီး သတိပေးရမယ်..”
အရောင်မတူညီသော မီးပန်းများက မတူညီသော နတ်ဆိုးများကို အချက်ပြရန် အသုံးပြုနိုင်သည်။ အနီရောင်မီးပန်းက အလောင်းနတ်ဆိုး ၊ ခရမ်းရောင်မီးပန်းက မီးနတ်ဆိုး ၊ အစိမ်းရောင်မီးပန်းက ရဲမက်နတ်ဆိုးနှင့် အပြာရောင်က သံနတ်ဆိုးဖြစ်သည်။
ယခင်တုန်းကတော့ သူတို့(၃)ယောက်က အရပ်မျက်နှာတစ်ခုဆီကို ကာကွယ်ရန် မတတ်နိုင်ကြပေ။ ထို့ကြောင့် သူတို့ကိုယ်တိုင် အလွန်အန္တရာယ်များ၏။ ယခုတော့ သူတို့က အစွမ်းထက်သော အကူအညီ (၅)ယောက် ရလာသည့်အတွက် တာအိုသခင်ပိုင်ကျန်းက အတော်လေး စိတ်အေးသွားခဲ့သည်။
သို့သော် သူတို့က နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့်အတွက် သတိထားနေသေး၏။ သူက အပြုံးနှင့်မေးလိုက်သည်။
"ဒကာလေးကျိုး …
ငါတို့က မိတ်ဆွေဟောင်းတွေပဲ။ ငါတို့က အရှေ့ဘက်ကို အတူတူ ကာကွယ်ကြမလား.."
သူ့မျက်လုံးထဲတွင်တော့ ကျိုးဟမ်က ထိုလူများထဲတွင် ခေါင်းဆောင်ဖြစ်ပုံရသည်။ ထို့ကြောင့် သူ့ကို အနီးကပ် စောင့်ကြည့်ရန် သူနှင့်အတူ ခေါ်လိုက်ခြင်းဖြစ်ပုံရ၏။
တာအိုသခင်ပိုင်ကျန်း၏ စိုးရိမ်မှုကို နားလည်နေသည့်အတွက် ကျိုးဟန်က ရင်ဘတ်ပေါ်သို့ လက်တင်၍ ပြောလိုက်သည်။
"ကျွန်တော်လည်း အဲဒီလိုတွေးထားပါတယ်…"
တာအိုသခင်ပိုင်ကျန်းက ကျေနပ်စွာ ပြုံးလိုက်၏။
"မိန်းကလေးတုံ …
မင်းကတော့ ဆရာကြီးကျူးနဲ့ မိတ်ဆွေဟောင်းတွေပဲ။ မင်းတို့နှစ်ယောက်က အချင်းချင်း ပူးပေါင်းပြီး တိုက်ခိုက်နိုင်ကြတယ်။ ဒါကြောင့် မင်းတို့က တောင်ဘက်ကို ကာကွယ်လိုက်ပါ…"
အကယ်၍ တုံယောင်နှင့်ကျူးဝမ်ကျုံးတို့ကသာ လူသစ် (၅)ယောက်နှင့် ပူးပေါင်းရမည်ဆိုလျှင် သူတို့က အလစ်ချောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်နေရသေးသည်။ သူက အမှန်တရားဘက်တော်သားများစွာကို ဆုံးရှုံးခဲ့ဖူးသည့်အတွက် နောက်ထပ် မဆုံးရှုံးချင်တော့ပေ။
သိုင်းလောကတွင် အတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက် တုံယောင်နှင့် ကျူးဝမ်ကျုံးတို့က ချက်ချင်း သဘောတူလိုက်သည်။
"မင်းတို့ (၄)ယောက်က မိတ်ဆွေတွေ ဆိုမှတော့ အချင်းချင်း ကောင်းကောင်းကြီး သိနေမှာပဲ။ ကျန်တာကတော့ မင်းတို့ဘာသာပဲ ဆုံးဖြတ်လိုက်ပါ…"
သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး သူတို့အတွက် အတင်းအကြပ် စီစဉ်မပေးခဲ့ပေ။
မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးပြီး ကျန်းကျိဝေတို့နှင့် ဆက်သွယ်၍ ပြောလိုက်၏။
"မိန်းကလေးနှစ်ယောက်က မြောက်ဘက်ကို ကာကွယ်ပြီး အစ်ကိုချီနဲ့ ကျွန်တော်ကတော့ အနောက်ဘက်ကို ကာကွယ်မယ်… "
"ကောင်းတယ် ။ ဒါဆိုရင်တော့ တတ်နိုင်သမျှ မြန်မြန်ရှာလိုက်ကြစို့…"
တာအိုသခင်ပိုင်ကျန်းက ဦးဆောင်ပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။
…………..
အနောက်ဘက်တွင် ရှိနေသော နန်းတော်များက ပျက်စီးနေပြီး လောင်ကျွမ်းနေသော သစ်ပင်များကလည်း နေရာအနှံ့ ပြည့်နှက်နေသည်။ မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်ပြီး အစွန်တွင် ရပ်နေခဲ့၏။ သူက အနီးအနားတွင် ရှိနေသော နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီနေရာက တောင်တန်းတွေ သစ်တောတွေရဲ့အနားမှာ ရှိတယ်။ ဒါကြောင့် နတ်ဆိုးတွေက အဲဒီနေရာကနေ ထွက်လာနိုင်တယ်။ အစ်ကိုချီ … အစ်ကိုချီက ရှေ့ဘက်ကို လှမ်းကြည့်ထား။ ကျွန်တော်ကတော့ ဒီနေရာကို စောင့်ကြည့်နေမယ်.."
"ဒါဆိုရင် ကျွန်တော်တို့က အချင်းချင်း ကူညီပေးနိုင်တယ်။ တကယ်လို့ မီးတောက်နတ်ဆိုးနဲ့ အလောင်းနတ်ဆိုးတို့ ရောက်မလာဘူးဆိုရင် ကျွန်တော်တို့က တန်ပြန်တိုက်ခိုက်နိုင်တယ်။ တကယ်လို့ သူတို့ရောက်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ ပူးပေါင်းပြီး အချက်ပြလို့ရတယ်…"
ချီကျန်းရန်က သဘောတူလိုက်ပြီး သူ့ဓားကို ကိုင်၍ အပျက်အစီးအနားတွင် ရပ်နေခဲ့သည်။ မိုးကြိုးဓားနတ်ဘုရားမ၏ တပည့် (၁၀)ယောက်ကျော်က သူတို့၏ နောက်မှလိုက်လာကြသည်။ သူတို့က အဖွဲ့ငယ်လေးများ ခွဲပြီး အပျက်အစီးကို စတင်ရှာဖွေနေကြ၏။ သူတို့အားလုံးက မျက်လုံးတံခါးပွင့်နေသည့်တအတွက် အမှောင်ထဲတွင်ပင် လွတ်လပ်စွာ လှုပ်ရှားနိုင်ကြသည်။
"သူတို့က တကယ်ကို ပြိုင်ဘက်ကင်းပညာရှင်တွေလား … "
ရိုးရိုးရှင်းရှင်းပုံစံ ဝတ်ဆင်ထားသော ဟွမ်တိုင်က သူမ၏အဖော်ကို မေးလိုက်သည်။
သူမ၏အဖော်ကလည်း သူမကဲ့သို့ ခါးတွင် ဓားချိတ်ထားသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမ၏ နာမည်က ဖန်းယုဖြစ်၏။ သူမက အရပ်ရှည်ပြီး ချစ်စရာကောင်းသော အပြုံးလေးရှိနေ၏။
သူမက ပြောလိုက်သည်။
"ဟုတ်တယ်။ ငါတို့ဆရာနဲ့ တာအိုသခင်ပိုင်ကျန်းက သူတို့ကိုသံသယ မဝင်ခဲ့ဘူးလေ။ နင်က သူတို့ကို မယုံဘူးလား…"
ဟွမ်တိုင်က နှုတ်ခမ်းကို ကိုက်လိုက်၏။
"သူတို့က အရမ်းငယ်သေးတယ်လို့ ထင်တယ်။ အထူးသဖြင့် အစိမ်းဝတ်ဓားသမားပဲ။ သူက ငါတို့နဲ့ အသက်အတူတူလောက်ပဲ ရှိဦးမယ်…"
"နင်ပြောတာမှန်တယ်.."
ဖန်းယုက သက်ပြင်းချလိုက်၏။ သူတို့က မုန့်ချီကို မော့ကြည့်လိုက်ကြသည်။
အစိမ်းရောင်ဝတ်စုံဝတ်ထားသော သူက သစ်တောအနားတွင် ရှိနေသော အပျက်အစီးများဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ သူက နံရံတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ဓားကို ဒူးနှစ်ဖက်ပေါ်သို့ တင်ထား၏။ သူက မျက်လုံးတစ်ဖက် မှိတ်နေပြီး အလွန်တည်ငြိမ်နေပုံပေါ်သည်။
"သူက တကယ်အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…"
ဟွမ်တိုင်က သက်ပြင်းချလိုက်မိ၏။ အနည်းဆုံးတော့ ရုပ်ရည်အသွင်အပြင်အရ ပြောရမည်ဆိုလျှင် သူက သူတို့နှင့် ကွဲပြားနေသည်။
သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး အပျက်အစီးထဲတွင် ရှာဖွေရန်သာ အာရုံစိုက်နေကြ၏။ သူတို့က ရှာဖွေနေစဉ် အတောအတွင်း မုန့်ချီတို့ကို မကြာခဏ ခိုးကြည့်နေမိကြသည်။ သို့သော် သူကတော့ တစ်ချိန်လုံး ထိုပုံစံအတိုင်းသာ ရှိနေခဲ့၏။ ထိုအချိန်တွင် သူတို့၏ ခေါင်းထဲ၌ စကားလုံးတစ်ခုပေါ်လာခဲ့သည်။
“ထိပ်တန်းပညာရှင်တစ်ယောက်၏ အလှတရား …”
ညက တဖြည်းဖြည်း မှောင်မည်းလာသည့်အချိန်တွင် ဟွမ်တိုင်နှင့်ဖန်းယုတို့က အပျက်အစီး၏ အနားတွင် ရှိနေသော ခန်းမကြီးထဲတွင် ရှာဖွေမှုကို အဆုံးသတ်လိုက်သည်။ သူတို့က နံရံကို ကျောမှီ၍ တခြားသော ဂိုဏ်းသားများကို အကူအညီပေးရန် ပြင်ဆင်နေကြ၏။
ထိုအချိန်တွင် နဂါးတစ်ကောင်ကဲ့သို့ အော်သံတစ်ခုကို ကြားလိုက်ရသည့်အတွက် သူတို့အားလုံးက အံ့ဩသွားကြ၏။
သူတို့က ပြန်လှည့်ကြည့်လိုက်ရာ ဒူးနှစ်ဖက်ပေါ်တွင် ဓားတင်ထားသော အစိမ်းရောင်ဝတ် လူငယ်လေးက လေထဲသို့ ခုန်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
လူငယ်လေးက ပြောလိုက်၏။
"မင်းတို့က ရောက်လာမှတော့ ပေါ်လာလိုက်တော့ … "
Translated by Hein Htet