အခန်း (၃၄၇)
Vol. 24 Ch. 347
"မင်းတို့က ရောက်နေမှတော့ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ... "
စလာသည့် အချိန်ကတည်းကစပြီး မုန့်ချီက အလစ်ချောင်း တိုက်ခိုက်မှုတိုင်းကို အလွန်အမင်း သတိထားနေခဲ့သည်။ သူက သူ၏စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ပတ်ပတ်လည်သို့ ထုတ်လွှတ်ထားပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ထားခဲ့သည်။
တခြားသော အစိတ်အပိုင်းကိုတော့ သူ၏ဓားမောက်ထဲသို့ ပို့ဆောင်ထားသည့်အတွက် ဓားက သူ၏လက် ၊ နားနှင့် မျက်လုံးများ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့ပုံစံက ငြိမ်သက်နေသော်လည်း သူ့အာရုံများက လှုပ်ရှားနေခဲ့သည်။
သူက မမြင်ရ ၊ မကြားရ ၊ အာရုံခံ၍ မရနိုင်သော မြေခွေးဘုရင်၏ အလစ်ချောင်း တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထိုတိုက်ပွဲက သူ့အတွက်တော့ အိပ်မက်ဆိုးကြီး တစ်ခုထဲတွင် ပိတ်မိနေသလို ဖြစ်နေခဲ့၏။ ပြန်စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူ့ရှေ့၌ တိုက်ပွဲပြန်ဖြစ်နေသလို ခံစားနေရသေးသည့်အတွက်သူက အတော်လေးကို စိုးရိမ်နေခဲ့၏။
မြေခွေးဘုရင်၏ အလစ်ချောင်းတိုက်ခိုက်မှုက ကြောက်စရာကောင်းသော်လည်း သူက ဝေ့ကျင်းတစ်ဝက်အဆင့် မရောက်သေးပေ။ အကယ်၍ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေသော လူတစ်ယောက်ကသာ အလစ်ချောင်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ၏တိုက်ခိုက်မှုက အလွန်ကြောက်စရာ ကောင်းနေနိုင်သည်။
နတ်ဆိုး (၄) ယောက်ထဲတွင် တစ်ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့် ဖြစ်၏။ ထို့ပြင် နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နိုင်ပြီး အလစ်ချောင်း တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။ အကယ်၍ သူတို့ကသာ အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် အနီးကပ် တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွားရပါလိမ့်မည်။
မုန့်ချီက သူ၏ကောင်းကင်ပြစ်ဒဏ်ဓားကိုသုံးပြီး အန္တရာယ်အငွေ့အသက်များကို ခံစားမိခဲ့သည်။ သို့သော် ဘာကြောင့်မှန်း မသိခဲ့ပေ။ ထို့ကြောင့် သူက သူတို့ကို အာရုံခံမိကြောင်း သူ့ရန်သူများ သိစေရန် ချက်ချင်း အော်ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့က ပုန်းနေသည့်စွမ်းရည်ကို စွန့်လွှတ်ပြီး သူ့ရှေ့၌ ပေါ်လာရန် မျှော်လင့်နေခဲ့သည်။
"ဟားဟား ဟားဟား ဟားဟား... ။ မင်းက ငါ့ကို အံ့သြအောင် လုပ်နိုင်ခဲ့တာပဲ…"
နံရံအနားတွင် ရှိနေသော နေရာတစ်ခုမှနေ၍ အေးစက်သော စကားသံများ ထွက်ပေါ်လာသည်။
ထို့နောက် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အတွင်းထဲမှနေ၍ လူသားအရိပ်တစ်ခု ပေါ်လာခဲ့၏။ သူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဆံပင် ၊ မျက်ခုံးနှင့် ခန္ဓာကိုယ် အမွှေးအမျှင်များ မရှိပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များ လွှမ်းခြုံနေသည့်အလား တစ်ကိုယ်လုံး တောက်ပနေခဲ့၏။ သူက မုန့်ချီဆီသို့ ပျံသန်းလာခဲ့သည်။
မုန့်ချီ အလွန်အံ့သြသွားခဲ့သည်မှာ ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် နတ်ဆိုးများထဲမှ တစ်ယောက်ဖြစ်သော မီးတောက်နတ်ဆိုး ဖြစ်နေသည်။
မုန့်ချီ၏ အနားသို့ ကပ်လာသည့်အချိန်တွင် သူ၏လက်ဖဝါးက တဖြည်းဖြည်း ပို၍ကြီးမားလာပြီး သူ၏မြင်ကွင်းကို တားဆီးထားလိုက်သည်။ ထိုလက်ဝါးကြီးက ကောင်းကင်တစ်ခုလုံး ပြည့်နှက်လာခဲ့၏။ သူ၏ပတ်ပတ်လည် အပူချိန်ကလည်း ချက်ချင်း မြင့်တက်လာပြီး မီးတောက်များက ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို လောင်ကျွမ်းပစ်နေခဲ့၏။
သူ၏အစိမ်းရောင်ဝတ်စုံ တစ်ဝက်ခန့်က မီးလောင်နေပြီး မီးတောက်များက အရေပြားပေါ်တွင် လှုပ်ရှားလာကြသည်။ သူ အသက်ရှုလိုက်သည့်အချိန်တိုင်း ပူလောင်သော လေအမြောက်အမြားကို ရှုရှိုက်နေရ၏။ အကယ်၍ သူကသာ အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိလျှင် မီးတောက်များက သူ၏အဆုတ်နှင့် လည်ချောင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပါလိမ့်မည်။
မီးတောက်နတ်ဆိုးက အမှန်တကယ်ကို ဝေ့ကျင်းတစ်ဝက်အဆင့် ဖြစ်၏။ ထိုအရာက ကောက်ကျစ်စဉ်းလဲသော မြွေဘုရင်ကဲ့သို့ မဟုတ်သလို စွမ်းအားနှင့် အဆင့်လျော့ကျသွားသော အစိမ်းရောင် ကျင့်ကြံသူကဲ့သို့လည်း မဟုတ်ချေ။ သာမန် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ဖြစ်သော မီးတောက်နတ်ဆိုးက ထူးချွန်မှု မရှိသော်လည်း သူ့အစွမ်းက ဒိုအာချာနှင့် တူညီနေသည်။
မုန့်ချီက ထိုကဲ့သို့ ပြိုင်ဘက်မျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရသည့်အတွက် စိတ်ထဲတွင် စိုးရိမ်လာခဲ့၏။ သူက ဓားကို လျင်မြန်စွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဓားက မီးတောက်များနှင့် လောင်ကျွမ်းနေသော အပူလှိုင်းများကို ဖြတ်ကျော်ပြီး အစွမ်းထက်လက်ဝါးကို တိုက်ခိုက်လိုက်၏။
မုန့်ချီက ဓားအရှိန်အဝါနှင့်အတူ မီးတောက်များ လွှမ်းခြုံနေသော နံရံထဲမှ ထွက်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော သူ၏ခန္ဓာကိုယ်ဆီမှ အနီရောင် မကောင်းဆိုးဝါးမီးတောက်များကို ဆန့်ကျင်နေသော အငွေ့အသက်များ ထွက်ပေါ်လာနေ၏။ ထိုအရာက ရွှေထည်များကို သန့်စင်နေသော ကြောက်မက်ဖွယ်ရာ မီးတောက်များကဲ့သို့ ဖြစ်နေသည်။
ဟွမ်တိုင်နှင့် ဖန်းယုတို့ကတော့ အလွန်ကြောက်လန့်နေကြပြီး ခြေထောက် (၂) ဖက်က ပျော့ခွေနေကြ၏။ အလွန်ကြောက်စရာကောင်းသော မီးတောက်နတ်ဆိုး ရောက်လာမည်ဟု သူတို့လည်း လုံးဝ မတွေးထားခဲ့ကြပေ။
ယခင်တုန်းက အလွန်အစွမ်းထက်သော သူတို့၏ဆရာက မကောင်းဆိုးဝါး ချီစွမ်းအင်များ ပေါင်းစပ်လာခဲ့ဖူးသည်။ ယခုတော့ မကောင်းဆိုးဝါး ချီစွမ်းအင်များ၏ အကူအညီနှင့် သူက ယခင်တုန်းကထက် ပို၍ အစွမ်းထက်လာခဲ့၏။
သူ၏လှုပ်ရှားမှုတိုင်းက ကမ္ဘာမြေကြီးကို သက်ရောက်စေနိုင်ပြီး ပြိုင်ဘက်များကို လောင်ကျွမ်းပစ်နိုင်သည်။ သူက ပို၍ပင် ဒေါသကြီးလာသည်ဟု ကြားခဲ့ကြရ၏။ သူက သက်ရှိတိုင်းကို အရှင်လတ်လတ် မီးရှို့ပစ်ရခြင်းကို သဘောကျပြီး ခန္ဓာကိုယ်ကို စားသုံးပစ်တတ်သည်။
သို့သော် ပြိုင်ဘက်ကင်းဓားမောက် သခင်လေးစုကတော့ သူ၏မီးတောက်များကို ကြောက်လန့်ပုံ မရချေ။ သူက လက်ဝါးကို တားဆီးရန် တန်ပြန်တိုက်ခိုက်လိုက်၏။
မုန့်ချီ တိုက်ခိုက်လိုက်သည့်အချိန်တွင် ချီကျန်းရန်ကလည်း သူ့အနားသို့ ရောက်လာပြီး ပူးပေါင်းတိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သူက ကြာပန်းများကဲ့သို့ ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် သူလည်း ဘယ်ကမှန်းမသိ ထွက်လာသော သံချိတ်ကြီးကို ရှောင်လိုက်ရ၏။
လေထဲတွင် အရပ်ရှည်ရှည် နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ညာဘက်လက်နှင့် လှမ်းရိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏သံချိတ်ကြီးကတော့ ဘယ်လက်မှ ပြောင်းလဲနေခြင်း ဖြစ်သည်။
သူ့လက်က ချက်ချင်းပင် နက်မှောင်နေသော ဓားမောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ အနက်ရောင်အငွေ့များ လွှမ်းခြုံနေသည့်အတွက် သူက အရာအားလုံးကို တိုက်စားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သလို ထင်မှတ်ရသည်။
"အဲဒါက ရဲမက်နတ်ဆိုးပဲ…"
ဖန်းယုနှင့် ဟွမ်တိုင်တို့က အလွန်ကြောက်လန့်သွားကြသည်။
"နတ်ဆိုး (၂) ယောက်က ဒီကိုရောက်လာပြီ…"
သူတို့၏ နာမည်အတိုင်း ရဲမက်နတ်ဆိုးက သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းဆီတိုင်းကို လက်နက်များ ၊ လျှို့ဝှက်လက်နက်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။ သူ၏လက် ၊ ခြေထောက် ၊ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် ၊ လျှာ ၊ နား ၊ ဆံပင် ၊ လက်သည်း ၊ ဆံချည်မျှင်များနှင့် အရာအားလုံးကို လက်နက်အဖြစ် ပြောင်းလဲ၍ရနိုင်၏။
သူ၏လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက သတ်ဖြတ်ရေး သိုင်းကွက်တစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရဲမက်နတ်ဆိုးက ရင်ဆိုင်ရန် အတော်လေး ခက်ခဲလှ၏။ ထို့ပြင် သူက မကောင်းဆိုးဝါး ချီစွမ်းအင်များ လွှမ်းမိုးခံထားရသော သာမန် မကောင်းဆိုးဝါး ဝိညာဉ်များကိုလည်း အမိန့်ပေးနိုင်စွမ်း ရှိသည်။
အနက်ရောင်ဓားနှင့် ချီကျန်းရန်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ရဲမက်နတ်ဆိုးက သူ့ဆံပင်များနှင့် ချီကျန်းရန်ကို လှမ်းပစ်လိုက်သည်။ ဆံပင်တစ်ချောင်းချင်းဆီက ဆူးချွန်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရေပြားကို ထိလိုက်ရုံနှင့် ခန္ဓာကိုယ်က အဆိပ်မိသွားနိုင်သည်။
ချီကျန်းရန်က နှေးကွေးနေခြင်းမရှိဘဲ နေဝင်ဆည်းဆာဓားသိုင်းကိုသုံး၍ သူ၏ဆံပင်ရှည်များကို ဖယ်ရှားလိုက်ပြီး သူ့ဓားကို တားဆီးလိုက်သည်။
ထို့နောက် ခရမ်းရောင်နှင့် အစိမ်းရောင် မီးရှုးမီးပန်းများ ထုတ်လွှတ်ပြီး အကူအညီတောင်းလိုက်၏။ သူတို့ကို မီးတောက်နတ်ဆိုးနှင့် ရဲမက်နတ်ဆိုးများ တိုက်ခိုက်နေကြောင်း အချက်ပြလိုက်သည်။
မီးတောက်များ လေထဲ၌ ပေါက်ကွဲပြီး ခရမ်းရောင်နှင့် အစိမ်းရောင်မီးပွားများ ထွက်ပေါ်လာသည့်အချိန်တွင် ချီကျန်းရန်၏ အနားပတ်လည်တွင်တော့ အဖြူရောင် မြူခိုးများ လွှမ်းခြုံနေခဲ့သည်။ ထိုမြူခိုးများက အလွန်ပူလောင်ပြီး သိပ်သည်းလွန်းလှသည့်အတွက် လူတိုင်း၏ အမြင်အာရုံကို တားဆီးထားသည်။
ထိုအချိန်တွင် သူက အဝေးသို့ ဆုတ်ခွာသွားခဲ့၏။ တစ်ချိန်တည်းတွင် သူ၏ဘယ်လက်ကိုသုံးပြီး သန့်စင်ထားသော သံတုံးများကို လှမ်းပစ်လိုက်သည်။ ညာလက်ကတော့ သူ့ဓားနှင့် လှမ်းထိုးလိုက်သည်အတွက် အလွန်အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာပြီး ရေခဲချီစွမ်းအင်များ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းလိုလိုပင် အပျက်အစီးများထဲမှနေ၍ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ပတ်လည်မှနေ၍ ရဲမက်နတ်ဆိုးကို တိုက်ခိုက်လိုက်သည်။
အလွန်အစွမ်းထက်သော ချီကျန်းရန်ကို မြင်လိုက်ရသည့်အချိန်တွင် ဟွမ်တိုင်နှင့် ဖန်းယုတို့ (၂) ယောက်လုံးက အံ့သြသွားကြသည်။ သူက လက်မြှောက်လိုက်ရုံနှင့် မြေပြင်ကြီးက အက်ကွဲသွားစေခဲ့၏။ သူ့ဓားထဲတွင် ရေခဲအလင်းတန်းများ ထွက်ပေါ်လာနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း အဖြူရောင် မြူခိုးများထဲတွင် အလင်းတန်းများ လွှမ်းခြုံနေသလို ထင်မှတ်ရ၏။
သူတို့က နတ်ဆိုးများ တိုက်ခိုက်ခံနေရသော အခြေအနေကိုပင် မေ့လျော့ပြီး အလွန်အံ့သြနေခဲ့ကြသည်။
"သူက တကယ့်ကို နတ်ဘုရားတစ်ပါးလိုပဲ…."
"ဟင်းးးး.. "
ရဲမက်နတ်ဆိုးက ခနဲ့သလို ပြုံးလိုက်၏။ ချီးကျန်ရန်က အဝေးမှ တိုက်ခိုက်သော သိုင်းပညာကိုသုံး၍ သူ့ကို စွမ်းအားကုန်ဆုံးသွားစေရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း နားလည်နေသည်။
သူက အရှိန်အဝါကို အမြင့်ဆုံးထိ သုံးလိုက်ပြီးနောက် သူ၏ဘယ်ဘက်လက်က အလွန်သိပ်သည်းသော မကောင်းဆိုးဝါး ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ပတ်ပတ်လည် လေဟာနယ်က မည်းမှောင်၍ လေစီးကြောင်းများ ပျက်စီးသွားသည်။
မီတာ (၁၀၀၀) ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေကြီးကလည်း ညှီစို့စို့ရနံ့များ ထွက်ပေါ်လာပြီး ချီကျန်းရန်၏ မြူခိုးများကို ဖယ်ရှားလိုက်၏။ အလင်းတန်းများကလည်း တိုက်စားခံလိုက်ရပြီး ရေခဲအလင်းတန်းများက အားနည်းသွားခဲ့၏။ သူက မကောင်းဆိုးဝါး ချီစွမ်းအင်များကို အသုံးချပြီး လူသားနှင့် ကောင်းကင် ဆက်သွယ်မှုတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
………………
တုံယောင်နှင့် ကျူးဝမ်ကျုံးတို့က တံခါးတစ်ဖက်ကို စောင့်ကြပ်နေကြသည်။ သူတို့က နတ်ဆိုးများကို တိတ်တဆိတ် စောင့်နေကြ၏။ သူတို့က အချင်းချင်း စကားမပြောခဲ့ကြပေ။ အခြေအနေက အတော်လေး ဖိအားများပြီး လေးနက်နေ၏။
သူတို့၏အစွမ်းက အားအနည်းဆုံး နတ်ဆိုးထက်ပင် ဆိုးရွားကြောင်း သိနေကြသည်။ ထို့ကြောင့် သူတို့က သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချထားကြ၏။
ထိုအချိန်တွင် ကြည်လင်နေသော သူမ၏ ကျောက်စိမ်းလက်ကောက်လေးက မီးခိုးရောင် အနည်းငယ် လွှမ်းခြုံသွားကြောင်း တုံယောင်က တွေ့လိုက်ရသည်။
"အလောင်းနတ်ဆိုး ရောက်လာပြီ…"
သူမက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။ ထိုကဲ့သို့ အဖိုးတန်လက်နက်၏ အကူအညီကြောင့် သူမက အလောင်းအငွေ့များကို အာရုံခံနိုင်သည်။
ချက်ချင်းဆိုသလိုပင် ကျူးဝမ်ကျုံးက မီးရှူးမီးပန်းများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူက တုံယောင်နှင့် ပူးပေါင်းပြီး ကယ်တင်သူများ ရောက်လာသည့်အချိန်ထိ တိုက်ခိုက်သူကို တားဆီးထားရန် ကြိုးစားလိုက်သည်။
သူတို့၏ရှေ့တွင် ရှိနေသော အမှောင်ထဲတွင် အရပ်ရှည်ရှည် လူရိပ်တစ်ခု ပေါ်လာခဲ့၏။ ရှည်လျားသော သူ၏ဆံနွယ်များက ခါးထိအောင် ကျဆင်းနေသည်။ နက်မှောင်နေသော မျက်နှာနှင့် လက်သည်း (၂) ဖက်ကဲ့သို့ ဖြစ်နေသော လက်များနှင့်အတူ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးခိုးရောင်အငွေ့များ လွှမ်းခြုံနေ၏။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း ကမ္ဘာမြေကြီးက လှုပ်ရှားသွားသည်။
သူ့နောက်တွင်တော့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော နတ်ဆိုးတစ်ကောင် ရှိသည်။ သူ့ကိုတော့ အနက်ရောင်မြူခိုးများ လွှမ်းခြုံနေပြီး ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်အင်္ကျီတစ်ခုကဲ့သို့ ဖြစ်နေ၏။
"နတ်ဆိုး (၂) ကောင်... "
တုံယောင်နှင့် ကျူးဝမ်းကျုံးတို့က တာအိုသခင်ပိုင်ကျန်း လာရောက် ကယ်တင်သည့်အချိန်ထိ ထိန်းထားနိုင်ရန် မျှော်လင့်နေကြ၏။
………….
တာအိုသခင်ပိုင်ကျန်းနှင့် ကျိုးဟမ်တို့က လေထဲတွင် ပေါက်ကွဲသွားသော မီးရှူးမီးပန်းများကို မြင်လိုက်ရသည်။ အရပ်မျက်နှာ (၂) ဖက်တွင် ဝေ့ကျင်းတစ်ဝက်အဆင့် နတ်ဆိုးများက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း သူတို့လည်း နားလည်သွားခဲ့၏။
"ဒကာလေးကျိုးနဲ့ ငါက ဒကာမလေးတုံနှင့် ဒကာကြီးကျူးတို့ကို သွားကယ်လိုက်မယ်.။ ဒကာမလေးကျန်းတို့ကတော့ တခြားတစ်ဖက်သွားပြီး ကယ်ခိုင်းလိုက်ပေါ့... "
တာအိုသခင်ပိုင်ကျန်းက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
ကျိုးဟမ်က ပြန်ဖြေတော့မည့်အချိန်တွင် မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်စရာကောင်းသော ဖုတ်ကောင် (၁၀၀) ကျော်က သူတို့ဆီကို ပြေးဝင်လာကြောင်း မြင်လိုက်ရ၏။ သူတို့ထဲမှ တချို့ကတော့ ခန္ဓာကိုယ်ထဲမှ ပြည်များ စီးကျလာနေပြီး တချို့ကတော့ အစွမ်းထက်သော အစွယ်များ ၊ အစွမ်းထက်သော ချပ်ဝတ်အင်္ကျီများ ရှိသည်။
ကျိုးဟမ်က ရှာဖွေရန် အလုပ်များနေသော သိုင်းလောကသားများကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။
"ဆရာကြီးပိုင်ကျန်း ..
ဆရာကြီးက သူတို့ကို ကူညီပေးဖို့ သွားလိုက်ပါ... ။ ကျွန်တော်က ဒီနေရာမှာ သူတို့ကို ကာကွယ်ဖို့အတွက် နေခဲ့မယ်... "
"ဒကာလေးက အဆင်ပြေရဲ့လား... "
အလွန်များပြားသော ဖုတ်ကောင်များကို မြင်လိုက်ရသည့်အချိန်တွင် တာအိုသခင်ပိုင်ကျန်းက အနည်းငယ် စိုးရိမ်နေခဲ့သည်။
"ဒါက ငါ့အတွက်တော့ လွယ်ကူတဲ့တာဝန်တစ်ခုဖြစ်နိုင်တယ်... ။ ဒါပေမယ့် သူ့မှာ အဲဒီလိုအရည်အချင်မျိုးရှိပါ့မလား... "
ကျိုးဟမ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့သိုင်းလောကနာမည်က ကျွန်တော့်ရဲ့အစွမ်းကို ပြောပြနိုင်တယ် မဟုတ်ဘူးလား... "
သူ၏သိုင်းလောကနာမည်က ကမ္ဘာမြေလှုပ်ရှားခြင်းဖြစ်ပြီး သူ့အစွမ်းက ကမ္ဘာမြေတစ်ခုလုံးကို အမှန်တကယ်လည်း တုန်ဟီးသွားစေနိုင်သည်။
သူက အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် တုံယောင်နှင့် ကျူးဝမ်ကျုံးတို့ သေဆုံးသွားနိုင်ကြောင်း တာအိုသခင်ပိုင်ကျန်းက သိနေသည်။ ထို့ကြောင့် သူက ကျိုးဟမ်ကို သတိထားရန် ပြောပြီးနောက် လေထဲသို့ ပျံသန်းသွားသည့်အလား ပျောက်ကွယ်သွားခဲ့၏။
ဖုတ်ကောင် ရာပေါင်းများစွာနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျိုးဟမ်က သူ့ဓားကို ဆွဲမထုတ်ခဲ့ပေ။ ထိုအစား သူ၏ညာလက်ကို ဖြည်းညင်းစွာ တွန်းထုတ်လိုက်၏။
………
ကျန်းကျိဝေက လက်ထဲတွင် ဓားကို ကိုင်ထားပြီး အပျက်အစီးများ၏ အပြင်ဘက်တွင် ရပ်နေသည်။ သူမ၏ပုံစံက ဓားအိမ်ထဲတွင် ထည့်ထားသော အဖိုးတန် လက်နက်တစ်ခုကဲ့သို့ ဖြစ်နေ၏။
ရွမ်ယုရှုကတော့ နံရံဘေးတွင် တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ အိပ်တန်းတက် ဇာမဏီဗျပ်စောင်းကို ကိုင်ထားသည်။ သူမက ခံစားချက်များကို လေ့ကျင့်နေပုံရ၏။ မဟုတ်လျှင် သူမက မျက်လုံးဖွင့်ပြီး အနားယူနေမည် ဖြစ်သည်။
လေထဲ၌ မီးရှူးမီးပန်းများ ပေါက်ကွဲလာသည့်အချိန်တွင် ကျန်းကျိဝေက မုန့်ချီနှင့် ချီကျန်းရန်တို့ကို အကူအညီပေးရန် လှည့်ကြည့်လိုက်သည်။ ထို့ကြောင့် ရွမ်ယုရှုကလည်း သူမ၏စောင်းကို အဆင်သင့်ပြင်လိုက်၏။
ထိုအချိန်တွင် ပတ်ပတ်လည်မှနေ၍ သူတို့ဆီကို လူသားအရိပ်ပေါင်းများစွာ ရောက်လာခဲ့၏။ တချို့က ခါးကုန်းနေပြီး တချို့က မပြည့်စုံသော ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါး ချီစွမ်းအင်များ ပြည့်နှက်နေသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် သွေးများ လွှမ်းခြုံနေပြီး မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။ မကောင်းဆိုးဝါး ချီစွမ်းအင်များကလည်း အလွန်ကြီးမားသော အနက်ရောင် တိမ်တိုက်ကြီးအဖြစ် ပြောင်းလဲလာသည်။
"အစ်မကျိဝေ …
အစ်မက သူတို့ကိုသွားပြီး ကူညီပေးလိုက်ပါ... ။ ကျွန်မက ဒီမကောင်းဆိုးဝါးတွေကို ကာကွယ်ထားလိုက်မယ်... "
ရွမ်ယုရှုက သူမ၏ဗျပ်စောင်းပေါ်သို့ လက်တင်လိုက်သည်။ ရွမ်ယုရှုက အလွန်များပြားသော ရန်သူများကို ရင်ဆိုင်ရန် သူမထက် ပို၍သင့်တော်ကြောင်း ကျန်းကျိဝေက နားလည်နေသည်။ သူမက ဖျက်စီးရေးလက်နက်တစ်ခုဟုပင် မုန့်ချီက တိတ်တဆိတ် စနောက်တတ်၏။
ထို့ပြင် ဝေ့ကျင်းတစ်ဝက်အဆင့် နတ်ဆိုး (၂) ယောက်လည်း ပေါ်လာသည့်အတွက် ရွမ်ယုရှုက ထိုမကောင်းဆိုးဝါးများကို တစ်ယောက်တည်း အလွယ်တကူ ရင်ဆိုင်နိုင်သည်။ ကောင်းကင်ဖျက် မကောင်းဆိုးဝါးမဟုတ်သော လူတစ်ယောက် ရောက်လာမည်ဆိုလျှင်ပင် ကျန်းကျိဝေက သူမကို ပြန်လာကူညီ၍ ရနိုင်သည်။
"ကောင်းပြီလေ... "
ကျန်းကျိဝေက ဆုံးဖြတ်လိုက်ပြီးနောက် မုန့်ချီတို့ဆီကို ပြေးသွားခဲ့သည်။ ထို့နောက် သူမက လေထဲသို့ခုန်လိုက်ပြီး အပျက်အစီးထဲသို့ ခုန်ဆင်းလာခဲ့၏။
ရွမ်ယုရှုကတော့ အလွန်အေးစက်သော အမူအရာနှင့် သူမ၏စောင်းကို လှပစွာ တီးခတ်လိုက်သည်။ ကြည်လင်တောက်ပသော အသံများ ထွက်ပေါ်လာပြီး ဗုဒ္ဓကျမ်းစာများ ရွတ်ဖတ်နေသလို အသံများ ထွက်ပေါ်လာသည့်အတွက် မကောင်းဆိုးဝါး ချီစွမ်းအင်များ ၊ ဝမ်းနည်းမှုများ ၊ မကျေနပ်မှုများ အားလုံးကို ဖယ်ရှားလိုက်သည်။
"အား... "
ထိုအသံကို ကြားလိုက်ရသည့်အချိန်တွင် သာမန်မကောင်းဆိုးဝါးများက ခေါင်းကို လက်(၂) ဖက်နှင့်အုပ်ပြီး အော်ဟစ်နေကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့၏။ အနက်ရောင် မီးခိုးငွေ့များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
နတ်ဆိုးဖျက်ကျိန်စာ တစ်ဝက်ကျော်ကို သုံးလိုက်ပြီးနောက် မကောင်းဆိုးဝါး အတော်များများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက စပါးခင်းကြီး ရိတ်သိမ်းလိုက်သလို ထင်မှတ်ရ၏။
သို့သော် အသက်ရှင်ကျန်နေသူများက ပို၍အစွမ်းထက်သည်။ သူတို့ကတော့ နောက်ပြန်ဆုတ်ရမည့်အစား ဆက်တိုက်ကို ရှေ့တက်လာကြ၏။ ရွမ်ယုရှုက အဖြူရောင်ဝတ်စုံလေးတစ်ခုကို ဝတ်ဆင်ထားသည်။ သူမက လရောင်အောက်တွင် စောင်းတီးနေသော အင်မော်တယ် တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
သို့သော် သူမက တီးခတ်သည့်ပုံစံကို ပြောင်းလဲလိုက်ပြီး သံစဉ်ထဲတွင် သတ်ဖြတ်ရေးစွမ်းအား အနည်းငယ် ပေါင်းထည့်လိုက်သည်။
"ဒင် ဒေါင်….... "
နတ်ဆိုးတစ်ကောင်က မြေပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏မျက်လုံး ၊ နား ၊ ပါးစပ်နှင့် နှာခေါင်းထဲမှနေ၍ အနက်ရောင်သွေးများ စီးကျလာခဲ့၏။ ထိုအချိန်တွင် ပို၍များပြားသော နတ်ဆိုးများ သေဆုံးသွားပြန်သည်။
ကြံ့ခိုင်ပြီး အစွမ်းထက်သော နတ်ဆိုးများကတော့ သူတို့၏ အဖော်များကိုကိုင်ပြီး ရွမ်ယုရှုကို စောင်းတီး၍ မရစေရန် လှမ်းပစ်လိုက်သည်။
ရွမ်ယုရှုက သူမ၏လက်ချောင်းလေး (၂) ခုကို လှပစွာ လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် ဓားအရှိန်အဝါတစ်ခုက ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး နတ်ဆိုးများကို ထိုးဖောက်လိုက်၏။ ထိုသို့ တိုက်ခိုက်နေစဉ် အတော်အတွင်း သူမ၏ဗျပ်စောင်းသံကလည်း ချောမွေ့နေသေးသည်။
……….
တစ်ချိန်တည်းတွင် တခြားတစ်ဖက်၌ …
ဓားမောက်စွမ်းအင်များက မီးပင်လယ်ကြီးကို ထက်ပိုင်းဖြတ်လိုက်ပြီး အနီရောင်လက်ဝါးကို တိုက်ခိုက်လိုက်သည်။ နတ်ဆိုးကတော့ ထိုတိုက်ခိုက်မှု ရောက်လာမည်ကို သိနေသည့်အလား သူ၏မီးတောက်များ အားလုံးကို လက်ချောင်းလေးများပေါ်တွင် စုစည်းလိုက်သည်။ ထို့နောက် မုန့်ချီ၏ ဘယ်ဘက် ရင်ဘတ်ရှိရာကို လက်ညှိုးနှင့် တိုက်ခိုက်လိုက်၏။
မုန့်ချီကတော့ သူ့ဆီသို့ ရောက်လာသော အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက ရွှေနှင့်ကျောက်တုံးများကိုပင် သန့်စင်နိုင်သော မီးတောက်တစ်ခုကဲ့သို့ ခံစားနေရသည်။
ထိုအရာက မုန့်ချီ၏ ချီစွမ်းအင်လှည့်ပတ်မှုနှင့် ကြွက်သားတုန့်ပြန်မှုများအရ မီးနတ်ဆိုး ဖန်တီးထားခဲ့သော ထောက်ချောက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သူက လက်ညှိုးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သလို ဖြစ်သွားနိုင်သည်။
သို့သော် သူ၏တိုက်ခိုက်မှုက အလွန်လျင်မြန်လွန်းလှသည့်အတွက် ရပ်တန့်နိုင်ခြင်း ရှိပုံမရချေ။ မုန့်ချီက သူ၏ခန္ဓာကိုယ်ကို လှည့်ရန်အတွက် သူ၏ဓားမောက် အရှိန်အဝါကို ပြောင်းလဲလိုက်သည်။
အစောပိုင်းတွင် သူ၏တိုက်ခိုက်မှုက ဟန်ဆောင်ထားခြင်း ဖြစ်၏။ သူက လက်ချောင်းလေးများကို ဖြတ်ကျော်သွားခဲ့သည်။ သူ၏ဓားချီစွမ်းအင်များကလည်း ပို၍ပင် စစ်မှန်လာခဲ့၏။ စလာကတည်းက သူက တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။
ဝမ်ကိုက်နှင့် အစ်ကိုကြီးကျန်းတို့ကဲ့သို့ မဟုတ်ဘဲ သူ၏အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့က ထိပ်တိုက် ရင်ဆိုင်ရာတွင် ပို၍ကောင်းမွန်သည်။ ခုခံရာတွင် ကောင်းမွန်ခြင်း မဟုတ်ချေ။
Translated by Hein Htet