← Chapters

အခန်း (၃၄၈)

Vol. 24 Ch. 348

အခန်း (၃၄၈)

Vol. 24 Ch. 348

ဓားမောက် ချီစွမ်းအင်များက မီးခိုးငွေ့များကဲ့သို့ ထာဝရရှိနေသလို ထင်မှတ်ရသည်။ ထိုအရာက နှလုံးသားထဲတွင် ပေါက်ဖွားလာသလိုမျိုး မေ့ပစ်၍ မရနိုင်သော စွဲလမ်းမှုမျိုးကို ဆက်တိုက်သတိပေးနေခဲ့၏။

လူသားကမ္ဘာကြီးထဲတွင် ရှိနေသော သာမန်လူများက ချစ်ခြင်းမေတ္တာ၊ ဝမ်းနည်းပူဆွေးမှု၊ မကျေနပ်မှုနှင့် ခွဲခွာမှုမျိုးစုံကို ဖြတ်ကျော်ကြရသည်။ ထိုကဲ့သို့ မမေ့လျော့နိုင်သော မှတ်ဉာဏ်များက သူတို့အိပ်စက်နေသည့်အချိန် သူတို့၏ နှလုံးသားထဲ၌ တဖြည်းဖြည်းကြီးထွားလာပြီး နောင်တတရားများ၊ ဝမ်းနည်းမှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

မီးတောက်နတ်ဆိုးက နတ်ဆိုးတစ်ကောင်အဖြစ် မွေးဖွားလာခြင်း မဟုတ်ချေ။ တစ်ချိန်တုန်းက လူသားတစ်ယောက် ဖြစ်ခဲ့သည့်အတွက် သူ့ဆီတွင်ပေါ်လာနိုင်သော စိတ်ဒဏ်ရာများ ရှိနေနိုင်သည်။

မုန့်ချီ၏ ပြင်းထန်သော တန်ပြန်သက်ရောက်မှုက ဥပမာတစ်ခုဖြစ်သည်။ ယခုသူ၏ ခေါင်းထဲတွင် လောင်ကျွမ်းနေသော မီးတောက်များ ပြည့်နှက်နေ၏။ သူ၏အမြင်အာရုံကိုလည်း မီးတောက်များက တားဆီးထားပြီး အပူရှိန်က တခြားခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သူကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်း၏ ဆန့်ကျင်ဖက် အခြေအနေဖြစ်နေခဲ့၏။

သူက ကျန်းဟန်ချွန်နှင့် တိုက်ခိုက်ထားခဲ့သည့်အတွက် ဖြစ်လာနိုင်သော တန်ပြန်တိုက်ခိုက်မှုများကို ပြင်ဆင်ထားခဲ့သည်မှာ ကံကောင်းသွားသည်။ သူက ခဏကြာမှင်တက်သွားပြီးနောက် နှလုံးကျင့်စဉ်ကိုသုံးပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားလိုက်ရသည်။

သို့သော် သူ အံ့သြသွားခဲ့သည်မှာ မီးနတ်ဆိုးက သူ၏အတိတ်တွင် နစ်မျောနေခဲ့ခြင်း မရှိချေ။ သူက မကောင်းဆိုးဝါးချီစွမ်းအင်များကို အသုံးချပြီး စိတ်ဒဏ်ရာများကြောင့် ထွက်ပေါ်လာသည့် အမုန်းတရားများ၊ မကျေနပ်ချက်များအားလုံးကို စုပ်ယူပြီး လောင်စာအနေနှင့် အသုံးချလိုက်သည်။

မကောင်းဆိုးဝါးချီစွမ်းအင်များက ပို၍များပြားလာသည့်အချိန်တွင် အမွေးမရှိသော သူ၏အရေပြားပေါ်၌ ပုံသဏ္ဍာန်မဲ့ မီးတောက်အလွှာတစ်ခု ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်က ပို၍ပူလောင်လာသည်။

မီးတောက်နတ်ဆိုးက အော်ဟစ်လိုက်ပြီးနောက် မီးတောက်များကို မီးလျှံငရဲကြီးတစ်ခု ဖန်တီးလိုက်သည်။ သူ၏ညာလက်က လက်သည်းတစ်ခုဖြစ်လာပြီး လက်သည်းပေါ်တွင် အနီရောင်မီးတောက်များ လွှမ်းခြုံလိုက်၏။

ထို့နောက် ထိုလက်သည်းက ကောင်းကင်ပြစ်ဒဏ်ဓားကို လျင်မြန်စွာ လှမ်းဖမ်းလိုက်သည်။ မကောင်းဆိုးဝါးချီစွမ်းအင်များက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များအားလုံးကို ထိန်းချုပ်နိုင်သည်။

နတ်ဆိုးတစ်ကောင်က ပို၍ဒေါသထွက်လာလေလေ ပို၍စွမ်းအားကြီးလာလေလေ ဖြစ်၏။ မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာကို စတင်အသုံးပြုခဲ့သည့် အချိန်ကတည်းကစပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးနိုင်ခြင်းဖြစ်သည်။

သူ့ဓားက ရပ်တန့်သွားခဲ့၏။ မီးတောက်များ မြင့်တက်လာသည့်အချိန်တွင် သူတို့က ဓားဆီမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပုံရသည်။ ထိုအချိန်တွင် မီးတောက်နတ်ဆိုးက ဓား၏အတွင်းထဲတွင် မည်သည့်အရာမျှမရှိကြောင်း ခံစားလိုက်ရ၏။

မုန့်ချီက ထိုအရာကို ကြိုသိနေပြီး ပြင်ဆင်ထားပုံရသည်။ သူက နောက်သို့ အနည်းငယ် လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။ မီးတောက်ထဲတွင် ရှိနေသော မကောင်းဆိုးဝါး ချီစွမ်းအင်များကတော့ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ စုပ်ယူနေပြီး သူ့ကို ထိခိုက်ရမည့်အစား နောက်ပြန်လွင့်သွားအောင် တွန်းပို့လိုက်သည့်အတွက် သူ့အရှိန်က အလွန်အမင်းကို လျင်မြန်လာခဲ့သည်။

သူက နောက်တစ်ကြိမ် လှည့်စားခံလိုက်ရ၏။ ထို့ကြောင့် မီးတောက်နတ်ဆိုးက ပို၍ဒေါသထွက်လာခဲ့သည်။ သို့သော် သူကတော့ သူ၏တွန်းပို့မှုကြောင့် သူ့ကို မမီနိုင်သလို ချီစွမ်းအင်များကိုသုံးပြီး အဝေးမှ တိုက်ခိုက်ခြင်းလည်း မလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ခြေဆောင့်လိုက်ပြီး သူ့ကိုယ်သူ မီးတောက်များအဖြစ် ပြောင်းလဲ၍ မုန့်ချီဆီကို ပြေးသွားခဲ့သည်။ သူက မုန့်ချီကို အရှင်လတ်လတ် မီးရှို့ပစ်ချင်နေခဲ့၏။

မုန့်ချီက လေထဲတွင် ပျံသန်းနေသည့်အလား နောက်သို့အလွန်လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ၏အတွင်းထဲတွင် ရှိနေသော အင်္ကျီများက ဖောင်းကားလာပြီး သူ့ပုံစံက ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသော အင်မော်တယ်တစ်ပါးကဲ့သို့ဖြစ်လာသည်။

ထိုအချိန်တွင် သူက ရဲမက်နတ်ဆိုးဆီသို့ သူ့ဓားနှင့် လွှဲယမ်းတိုက်ခိုက်လိုက်၏။ သူ၏စိုးရိမ်မှုအရ အနတ္တကျိန်စာဖျက်ဓားသိုင်းပညာ(၂)ခုက နတ်ဆိုးများကိုအနိုင်ရရန် အကျိုးသက်ရောက်မှုမရှိချေ။ ထိုအစား နတ်ဆိုးများကို ပို၍ရူးသွပ်သွားစေနိုင်၏။ သို့သော် သူက တခြားသောသိုင်းကွက်များကိုသုံးပြီး သူတို့ကို ရင်ဆိုင်၍ရသည်။

အမုန်းတရားနှင့် ဒေါသကဲ့သို့သော စိတ်ဆန္ဒများအားလုံးက မကောင်းဆိုးဝါး ချီစွမ်းအင်များကို အားဖြည့်ပေးနိုင်ပြီး နတ်ဆိုးများကို သူတို့၏အတိတ်တွင် ပိတ်မိနေခြင်းမှ တားဆီးနိုင်သည်။ ထို့ပြင် သူတို့၏အစွမ်းကပင် တိုးတက်လာနိုင်သေး၏။

နတ်ဆိုးများအပါအဝင် သတ္တဝါအားလုံးက ခံစားချက်များ အဆုံးစွန်အထိ ဖိနှိပ်ခံရလျှင် စိတ်လွတ်ပြီး ရူးသွပ်သွားနိုင်ကြသည်။ ထွက်ပေါ်လာသော စွဲလမ်းမှုများက မီးတောက်နတ်ဆိုးကို အနည်းငယ်ပို၍ ရူးသွပ်သွားစေခဲ့၏။

ထို့ကြောင့် သူက မီးတောက်များအပေါ် သာမန်ထိန်းချုပ်မှုမျိုး မလုပ်တော့ပေ။ သူက အလွန်ကြောက်စရာကောင်းသော မီးတောက်များကို အသုံးပြုခဲ့၏။ သူက နောက်တစ်ကြိမ် လှည့်စားခံရနိုင်သည်ကိုပင် မေ့လျော့သွားခဲ့သည်။

ရလဒ်အနေနှင့် မုန့်ချီက သူ၏တန်ပြန်စွမ်းအားများကို ငှားယူပြီး နောက်ပြန်လွင့်သွားသည့်အချိန်တွင် သူ၏အစစ်အမှန်ပစ်မှတ်ဖြစ်သော ရဲမက်နတ်ဆိုးကို တိုက်ခိုက်နိုင်ခဲ့သည်။

မူလအစီအစဉ်တွင် သူက မီးတောက်နတ်ဆိုးကို အချိန်ဆွဲထားပြီး ချီကျန်းရန်နှင့် ပူးပေါင်း၍ ရဲမက်နတ်ဆိုးကို တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို လိုချင်နေခဲ့သည်။ စလာသည့်အချိန်ကတည်းကစပြီး သူက ခုခံခဲ့ခြင်း မရှိချေ။ သူက အစ်ကိုချီနှင့် ပူးပေါင်းပြီး နတ်ဆိုး(၂)ကောင်ကို တစ်ကောင်ချင်းဆီ ရှင်းပစ်ရန် စဉ်းစားထားခဲ့၏။

အနည်းငယ် ထိခိုက်သွားသည့်အတွက် သူ၏သွေးကြောများက လောင်ကျွမ်းသွားပြီး နှာခေါင်းထဲမှနေ၍ သွေးစီးကြောင်း(၂)ခု ထွက်ပေါ်လာသည်။ ထိုသို့ဆိုရာတွင် သူက နာကျင်မှုကို ဖိနှိပ်ပြီး အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုသုံး၍ ကောင်းကင်ပြစ်ဒဏ်ဓားကို လေထဲတွင် (၉)ချက်တိတိ တိုက်ခိုက်လိုက်သည်။

"ဂျိမ်းးး…."

လေစီးကြောင်းများ စုစည်းလာပြီး ခရမ်းရောင်မိုးကြိုးကြီးက ကြောက်စရာကောင်းသော နဂါး(၉)ကောင် ဖြစ်လာပြီး ရဲမက်နတ်ဆိုးကို တိုက်ခိုက်လိုက်သည်။

ရဲမက်နတ်ဆိုးက ချီကျန်းရန်နှင့် အပြင်းအထန်တိုက်ခိုက်နေရသည့်အတွက် အသာစီးမရခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့နောက်မှနေ၍ အလစ်ချောင်း တိုက်ခိုက်လိမ့်မည်ဟု သူလည်း လုံးဝမတွေးခဲ့ပေ။

သူ၏မျက်လုံးထဲတွင်တော့ မီးတောက်နတ်ဆိုးက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသည်။ မုန့်ချီကတော့ တံခါး(၉)ပေါက်အဆင့်ပင် မရောက်သေးပေ။ ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် မရှုံးလျှင်ပင် ကံကောင်းသည်ဟု တွေးထားသည်။ မုန့်ချီက သူ့ကို လာရောက်တိုက်ခိုက်လိမ့်မည်ဟု လုံးဝမတွေးထားခဲ့ပေ။

လေစီးကြောင်းများအားလုံးကို စုပ်ယူလိုက်သည့်အချိန်တွင် ကမ္ဘာကြီးက သေးငယ်လာသလို ထင်မှတ်လိုက်ရသည်။ ခရမ်းရောင်မိုးကြိုးနဂါး(၉)ကောင်ကလည်း အချင်းချင်း ရောယှက်လာပြီး အစစ်အမှန်ကောင်းကင်အပြစ်ပေးမှု တစ်ခုကဲ့သို့ ကြောက်စရာကောင်းသောအစွမ်းများ ထွက်ပေါ်လာခဲ့၏။

မည်သည့်နေရာမှ ထွက်လာမှန်း မသိသော မိုးကြိုးများကို သူက အသုံးပြုနိုင်သည်။ သူ၏ဓားမောက်အရှိန်အဝါကလည်း အလွန်မာကျောပြီး ကြံ့ခိုင်၏။ သူ၏ပတ်ပတ်လည်တွင်လည်း ခရမ်းရောင်လျှပ်စီးကြောင်းလေးများ လှုပ်ရှားနေသည်။ မိုးကြိုးများက အလွန်တောက်ပပြီး ကြောက်စရာကောင်း၏။

ဟွမ်တိုင်နှင့် ဖန်းယုတို့ကတော့ စိတ်ရော လူရော တုန်လှုပ်သွားခဲ့ကြသည်။ ယခုတော့ သခင်လေးစုက ကောင်းကင်(၉)သွယ်မှ အစစ်အမှန်မိုးကြိုးနတ်ဘုရားတစ်ယောက်ဟု စဉ်းစားမိလာကြသည်။

"ခလွပ်… "

ရဲမက်နတ်ဆိုးက ချီကျန်းရန်ကြောင့် ဒဏ်ရာရနေသော်လည်း အလွန်ထိတ်လန့်သွားသည့်အတွက် အစွမ်းကုန်သုံးပြီး ဓားမောက်အရှိန်အဝါကို တားဆီးလိုက်သည်။

အကယ်၍ သူကသာ ထိုတိုက်ခိုက်မှုကို တားဆီးနိုင်မည်ဆိုလျှင် အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေနိုင်သေးသည်။ မီးတောက်နတ်ဆိုးက သူ့ကို လာရောက်ကယ်တင်နိုင်၏။

ချီကျန်းရန်ကလည်း ချက်ချင်းလေးနက်လာပြီး ရေခဲချီစွမ်းအင်များကိုသုံး၍ ရွှေနဂါးဓားကို အသက်သွင်းလိုက်သည်။ သေရေးရှင်ရေးအခြေအနေမျိုးတွင် မုန့်ချီက သူ့ဆီသို့ ပျံသန်းလာကြောင်း မြင်လိုက်သည်နှင့် မုန့်ချီ၏အတွေးများကို သူက သိနေခဲ့သည်။ ထို့ကြောင့် သူက လျှို့ဝှက်အသံပို့ဆောင်မှုသုံးစရာမလိုဘဲ ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့ထက်ပို၍ အဆင့်မြင့်သော နတ်ဆိုးများက သူတို့၏စကားများကို ခိုးနားထောင်ရန် အခွင့်အရေးမရှိတော့ပေ။

ရုတ်တရက်ဆိုသလို ပတ်ပတ်လည်၌ ရှိနေသော အပူချိန်က အေးခဲသည်အထိ လျော့ကျသွားခဲ့သည်။ နှင်းပွင့်လေးများလည်း ကျဆင်းလာပြီး ရေခဲအလွှာများအဖြစ် အေးခဲလာခဲ့၏။ ဦးချိုမဲ့နဂါးတစ်ကောင်ကဲ့သို့ အေးစက်သော ရေခဲချီစွမ်းအင်များက လေထဲကို ထိုးဖောက်လာပြီး ရဲမက်နတ်ဆိုးကို တိုက်ခိုက်လိုက်သည်။

ရဲမက်နတ်ဆိုးက တိုက်ခိုက်မှုကို ခုခံတော့မည့်အချိန်တွင် သူက သူ၏ဝှက်ဖဲနှင့် ကောင်းကင်မိုးကြိုးကို တားဆီးရန် ပြန်လှည့်လာလိုက်သည်။ သို့သော် ရောက်လာသော ရေခဲအလင်းတန်းများကို မြင်လိုက်ရသည့်အခါ သူက ဓားချီစွမ်းအင်များကို ခုခံရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။

အကယ်၍ အနီးအနားတွင် ရှိနေသော မကောင်းဆိုးဝါးချီစွမ်းအင်များကိုသာ စုပ်ယူလိုက်မည်ဆိုလျှင် သူတို့က လေထဲတွင် ပျောက်ကွယ်သွားနိုင်သည်။ ထို့နောက် အနက်ရောင်လက်နက်များက သူ၏အရေပြားအောက်တွင် ထွက်ပေါ်လာသည်မှာ ရဲမက်(၁၀၀၀)ခန့် ပေါ်လာသလို ထင်မှတ်ရသည်။

သူတို့က လက်နက်များ၏ တိုက်ခိုက်သံမျိုးစုံကို ကြားလိုက်ရ၏။ ထိုလက်နက်များက ရေခဲအလင်းတန်းကို ချိုးဖောက်နိုင်သော်လည်း သူတို့က လေထဲတွင် ရှိနေသော ရေခဲအလွှာထဲတွင် ပိတ်မိနေပြီး အနက်ရောင်နှင်းပွင့်လေးများ ဖြစ်လာခဲ့သည်။

ချီကျန်းရန်က သူ၏ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော နတ်ဆိုးများကို အဝေးသို့ တွန်းပို့လိုက်သည်။ သူကလည်း နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရ၏။ ထိုအခါ ရဲမက်နတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲလှိုင်းတချို့ ထွက်ပေါ်လာပြီး သူ၏လှုပ်ရှားမှုများကို တားဆီးလိုက်သည်။

ဝေ့ကျင်းအဆင့်သိုင်းကွက်များက စက္ကန့်ဝက်ခန့်သာ ကြာမြင့်သည်။ သို့သော် ထိုအချိန်က လူတစ်ယောက်ကိုသတ်ရန် လုံလောက်သည်။ ထို့ပြင် ရဲမက်နတ်ဆိုး၏ သွေးများက အေးခဲနေ၏။

ခရမ်းရောင်လျှပ်စီးကြောင်းများ တောက်ပလာသည့်အချိန်တွင် မိုးကြိုးများအဖြစ် ပြောင်းလဲနေသော ဓားမောက်က နောက်မှကပ်ပါလာခဲ့၏။

"ဘုန်းးး…"

ခရမ်းရောင်လျှပ်စီးကြောင်းများက နေရာတိုင်း ပျံ့နှံ့သွားပြီး မြေပြင်ကြီးကပင် မည်းနက်သွားခဲ့သည်။ ထိုအရာက မီးဖိုပေါ်တွင် မီးရှို့လိုက်သလို ဖြစ်သွား၏။ ကောင်းကင်ပြစ်ဒဏ်ဓားက ရဲမက်နတ်ဆိုးကို ခေါင်းမှနေ၍ နှစ်ခြမ်းခွဲပစ်လိုက်သည်။

ရဲမက်နတ်ဆိုးက အလွန်ထိတ်လန့်စွာ သေဆုံးသွားခဲ့ရသည့်အတွက် သူ၏မျက်လုံးထဲတွင် မကျေနပ်မှုများ ၊ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။ ထို့နောက် ခန္ဓာကိုယ်နှစ်ခြမ်းက တစ်ဖက်ဆီသို့ လဲကျသွားခဲ့ပြီး ပြန်လည်ရှင်သန်ရန် အခွင့်အရေးမရှိတော့ချေ။

အစောပိုင်းတွင် ခရမ်းရောင်မိုးကြိုးများ၏ လောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ၊ ပြည်များ စီးထွက်လာခြင်းလည်း မရှိချေ။ နတ်ဆိုးတစ်ကောင်က ကောင်းကင်မိုးကြိုးကို မည်သို့ခုခံနိုင်မည်နည်း။

သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီစွမ်းအင်များက စီးထွက်လာပြီး အနား(၁၂)ဖက်ရှိနေသော အနက်ရောင်ရတနာကျောက်တုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုကျောက်တုံး အပြင်ဖက်တွင် မည်းမှောင်နေသော်လည်း အတွင်းထဲတွင်တော့ လင်းထိန်နေခဲ့၏။

ထိုအရာလေး၏နောက်တွင် ရှိနေသော မြေပြင်ပေါ်တွင် ဆင်းသက်လိုက်ပြီးနောက် မုန့်ချီက သူ့ဆီသို့ ပြေးလာနေသော မီးတောက်နတ်ဆိုးကို ဓားနှင့်ချိန်လိုက်သည်။ သူက အလွန်ဒေါသထွက်နေသော မျက်လုံးများနှင့် စိုက်ကြည့်ပြီး ရေရွတ်လိုက်၏။

"အခု မင်းအလှည့်ပဲ…"

"ဘုန်းးး"

ခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုက မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားသည့် အချိန်တွင် မီးတောက်နတ်ဆိုး၊ ဟွမ်တိုင်နှင့် ဖန်းယုတို့က အာရုံစိုက်မိခဲ့ကြသည်။ မုန့်ချီ၏ အရှိန်အဝါကလည်း ယခင်တုန်းကထက် ပို၍ကြောက်စရာကောင်းနေ၏။ သူ့ပုံစံက အစစ်အမှန် မိုးကြိုးနတ်ဘုရားကဲ့သို့ ထင်မှတ်ရ၏။

……..

တစ်ဖက်တွင်တော့ ကျိုးဟမ်က သူ၏ဘယ်လက်ကို လှုပ်ရှားလိုက်ပြီးနောက် သူ၏အရှိန်အဝါများက လုံးဝပြောင်းလဲသွားခဲ့သည်။ အစောပိုင်းတွင်တော့ သူ့ဆီတွင် တောက်ပသော မျက်လုံးများရှိနေပြီး ချောမောခန့်ညားသည်။ သို့သော် သူ၏ခန့်ညားမှုကို ဖုံးကွယ်ထားသေး၏။

ယခုတော့ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဝါရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး နောက်ကျောတွင် ရှိနေသော လေစီးကြောင်းများက ကြောက်စရာကောင်းသော နဂါးကြီးတစ်ကောင်အဖြစ် စုစည်းလာသည်။

ယခုသူက လူသားအရှင်သခင်တစ်ယောက် ဖြစ်လာပြီး အလွန်အဆင့်မြင့်လွန်းလှသည့်အတွက် အင်မော်တယ်များကပင် သူ့ကို အရိုအသေပေးရပြီး နတ်ဆိုးများ၊ မကောင်းဆိုးဝါးများက ရှောင်တိမ်းကြရသည်။

သူက ညာလက်ကို လက်သီးအဖြစ် ဆုပ်လိုက်ပြီးနောက် ဖြည်းညင်းစွာ တွန်းလွှတ်လိုက်သည်။ ထိုလက်သီး၏အရှိန်က လျင်မြန်လာခဲ့၏။ သူ၏ချီစွမ်းအင်များကလည်း လေထဲတွင် ကျယ်လောင်စွာ တိုက်ခိုက်လိုက်မိသည်။

"ဘုန်းးး.."

သူ့လက်သီး၏ အရှိန်အဝါအတိုင်း နဂါးကြီးက ပျံသန်းသွားခဲ့ပြီး ကောင်းကင်ကြီးက မည်းမှောင်သွားခဲ့၏။ လှုပ်ရှားနေသော လေစီးကြောင်းများကလည်း အကူအညီများအဖြစ် လိုက်ပါသွားခဲ့သည်။ ကမ္ဘာမြေကြီးကတော့ ငလျင်လှုပ်ရှားနေသည့်အလား တုန်လှုပ်လာခဲ့၏။

နဂါးကြီးက အပေါ်သို့ ထောင်တက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သို့သော် အလောင်းနတ်ဆိုး ခေါ်လာခဲ့သော ဖုတ်ကောင်အများစုကတော့ မြေပေါ်တွင် ရပ်နေနိုင်စွမ်းမရှိဘဲ လဲကျသွားကြ၏။ဖုတ်ကောင်ပေါင်းများစွာက ရပ်နေသေးသော်လည်း သူတို့က မိန်းမောနေကြသည်။

ကျိုးဟမ်က အသက်ကိုပြင်းပြင်းရှူနေရင်း သူ့လက်သီးချက်ကို အတော်လေး ကျေနပ်နေခဲ့၏။ ထို့နောက်သူက ဓားရှည်တစ်ချောင်းကဲ့သို့ ရှေ့ကို လျှောက်သွားပြီး ကျန်ရှိနေသော ဖုတ်ကောင်များကို မြက်ရှင်းသလို ရှင်းပစ်ခဲ့သည်။

………

တစ်ခြားတစ်ဖက်တွင်တော့ …

အလောင်းအငွေ့များနှင့် အဆိပ်ငွေ့များ၏ သက်ရောက်မှုကြောင့် တုံယောင်နှင့် ကျူးဝမ်ကျုံးတို့၏ခန္ဓာကိုယ်က ခဲရောင်နှင့် အနက်ရောင် တစ်လှည့်ဆီ ပြောင်းလဲနေသည်။

တုံယောင်၏ဓားချက်က မိုးကြိုးကဲ့သို့ အစွမ်းထက်ပြီး သူမ၏အကာအကွယ် ချီစွမ်းအင်များက လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်ပုံရသည်။ ကျူးဝမ်ကျုံး၏ အစွမ်းထက်သော လက်ဖဝါးကတော့ ကျောက်တုံးများကိုပင် ခွဲပစ်နိုင်သော စွမ်းရည်မျိုးရှိ၏။

ထိုအချက်များကလွဲလျှင် သူတို့က အလောင်းနတ်ဆိုး၏ တိုက်ခိုက်မှုအောက်တွင် အသက်ရှင်ရန် အကောင်းဆုံးကြိုးစားနေရ၏။

သူတို့က ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း သံနတ်ဆိုးကလည်း မြင်နေရသည်။ အကယ်၍ သူတို့ကသာ စွမ်းအားများ ပိုသုံးလိုက်မည်ဆိုလျှင် ထိုလူများကို ချက်ချင်း သတ်ပစ်နိုင်သည်။ ရန်သူများ သေဆုံးသွားမည်ဆိုလျှင် သူတို့က ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို အလွယ်တကူ ရှာဖွေနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့က အပျက်အစီးထဲတွင် ဗရမ်းဗတာမဖြစ်စေပဲ သူတို့၏ စွမ်းအားများကို ဖြုန်းတီးရန်လည်း မလိုအပ်ပေ။

အကယ်၍ သူကသာ အပျက်အစီးထဲသို့ ဝင်သွားမည်ဆိုလျှင် တာအိုသခင်ပိုင်ကျန်းနှင့် တွေ့နေနိုင်သည်။ ထိုသို့ဆိုလျှင် အလောင်းနတ်ဆိုးနှင့် မီးတောက်နတ်ဆိုးတို့ အကူအညီမပေးနိုင်ခင် သူက သေဆုံးသွားနိုင်၏။

တာအိုသခင်ပိုင်ကျန်းကို တွေးလိုက်မိသည့်အချိန်တွင် သူက သံနတ်ဆိုးဆီသို့ ပျံသန်းလာကြောင်း တွေ့လိုက်ရ၏။

"ငါက တော်တော်ကံဆိုးတာပဲ.."

သူက ရင်ထဲတွင် ရေရွတ်လိုက်မိသည်။ အလောင်းနတ်ဆိုးက သူ့ကို တားဆီးထားရန် သံနတ်ဆိုးကို အမိန့်ပေးထားသည်။ သူတို့က စွမ်းအားနည်းပြီး အဆိပ်မိနေသည့်အတွက် အ‌နှေးနှင့် အမြန် ပျက်စီးသွားမည်သာ ဖြစ်၏။

ထို့နောက် သူက အလောင်းနတ်ဆိုးနှင့်ပေါင်းပြီး ‌တာအိုသခင်ပိုင်ကျန်းကို သတ်ပစ်၍ ရနိုင်သည်။ သူတို့က ထို(၃)ယောက်ကို ခုခံနေသည့်အချိန်တွင် မီးတောက်နတ်ဆိုးနှင့် ရဲမက်နတ်ဆိုးတို့က သူတို့၏ ပြိုင်ဖက်များကို မြန်မြန်ဆန်ဆန်ရှင်းပစ်နိုင်ရန် မျှော်လင့်နေခဲ့သည်။ သူတို့သာ ထိန်းချုပ်ထားနိုင်မည်ဆိုလျှင် သိုင်းလောက သူရဲကောင်းများအားလုံးကို သတ်ပစ်နိုင်၏။

"ဂျိမ်းးးး…"

ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် သံနတ်ဆိုး၊ အလောင်းနတ်ဆိုးနှင့် ‌တာအိုသခင်ပိုင်ကျန်းတို့က အနောက်ဖက် ကောင်းကင်ကြီးပေါ်တွင် လျှပ်စီးကြောင်း(၉)ခုကို မြင်လိုက်ရ၏။ ထိုအလင်းတန်းများက အချင်းချင်းချိတ်ဆက်နေပြီး ဧရာမမိုးကြိုးကြီးတစ်ခုဖြစ်လာခဲ့၏။ ထိုအရာကြောင့် သူတို့၏ မျက်လုံးထဲတွင် ေ၀ဝါးသွားရသည်။

"အဲဒီမှာ ဘာတွေဖြစ်နေတာလဲ.."

လူတိုင်း၏ခေါင်းထဲတွင် ထိုအတွေးတစ်ခုသာ ပေါ်လာလေ၏။

Translated by Hein Htet.

All Chapters