အခန်း (၃၅၀)
Vol. 24 Ch. 350
ထိုမိန်းမပျို၏ ပုံပန်းသဏ္ဍာန်က မျက်နှာဖုံးအတိုင်း ပြင်ဆင်ထားခြင်းဖြစ်သည်။ ချိုင့်နေသောမျက်ခုံးနှင့် ကြည်လင်တောက်ပသော မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများကို တွေ့မြင်နိုင်သည်။ သူမဆီတွင် ဘုရင်မတစ်ပါး သို့မဟုတ် ဒဏ္ဍာရီထဲမှ နတ်ဘုရားမတစ်ပါး၏ အမူအရာမျိုး ရှိနေ၏။
သူမက ရုပ်တုတစ်ခုကဲ့သို့ ရပ်နေသော်လည်း မည်သူကမျှ သူမကို အထင်မသေးရဲပေ။ သူမ ရှိနေခြင်းကပင် သူတို့ကို ရိုသေလေးစား ကြောက်ရွံ့သွားစေနိုင်၏။ ကြီးကျယ်ခမ်းနားသော သူမ၏အမူအရာကြောင့် မိုးကြိုးဓားနတ်ဘုရားမ၏ တပည့်များက ခေါင်းပင် မော့မကြည့်ရဲကြပေ။ သူတို့က မျက်နှာဖုံးနောက်တွင် ရှိနေသော ရုပ်ရည်ကို ခိုးကြည့်နေမိကြသည်။
သူက အလွန်သေးငယ်သော ရှေးဟောင်း သုံးချောင်းထောက်လေးကို တုန်ယင်နေသော လက် (၂) ဖက်နှင့် ဖြည်းညင်းစွာ ကမ်းပေးလိုက်၏။ သူက လက်ဆောင် ဆက်သရန် ကြောက်ရွံ့နေသော လက်အောက်ငယ်သား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
"အရမ်းကောင်းတယ်... "
မျက်နှာဖုံးနောက်မှနေ၍ ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
အလွန်စိုးရိမ်ပြီး ရူးသွပ်နေသော တပည့်ကတော့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူမက သူ့ကို ချီးကျူးခဲ့၏။ သူ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခဲ့သည်။
ထိုအချိန်တွင် မျက်နှာဖုံးဝတ် မိန်းမပျို၏ အင်္ကျီလက်ထဲမှနေ၍ ဖြူဖွေးနေသော လက်ချောင်းလေးများ ထွက်ပေါ်လာသည်။ သူမ၏လက်ချောင်းလေးများက ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို လက်နှင့် ကိုင်လိုက်မိသည့်အချိန်တွင် သုံးချောင်းထောက်ထဲမှနေ၍ အလင်းတိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ညကောင်းကင်ကြီးပေါ်တွင် လမင်းကြီးတစ်ခုအလား လင်းထိန်သွားခဲ့၏။
ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကြောင့် မျက်နှာဖုံးဝတ် မိန်းမပျိုကလည်း အံ့ဩမှင်တက်သွားခဲ့ပြီး ပြောစရာစကားလုံး မရှိတော့ပေ။ သူမက ထိုကဲ့သို့ အလှည့်အပြောင်းမျိုးကို ထင်မှတ်မထားခဲ့ချေ။ ထိုတပည့် ကိုင်ထားခဲ့သည့်အချိန်တွင် အရာအားလုံးက အဆင်ပြေနေသော်လည်း ထိုသုံးချောင်းထောက်ကို သူမ ထိလိုက်မိသည့်အချိန်တွင် ဘာကြောင့် ယခုလို ဖြစ်လာရသနည်း။
သူမက ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး သူမ၏စွမ်းအားများကိုသုံး၍ ထိုအရာကို ဖိနှိပ်လိုက်သည်။ သူမက စွမ်းအားများကိုဘယ်လက်ထဲတွင် ရှိနေသော ကျောက်စိမ်းလက်စွပ်ထဲသို့ ပြန်လည်ပိတ်လှောင်လိုက်၏။
သူမက ခဏကြာ စဉ်းစားနေပြီးနောက် အရှေ့ဘက်ကို လှမ်းကြည့်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူမက လျင်မြန်စွာ လှုပ်ရှားလိုက်ရာ အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ခြေရာလက်ရာပင် မကျန်တော့ပေ။
မိန်းမပျို ထွက်သွားသည်ကိုကြည့်ပြီး ထိုတပည့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက အသက်ရှူရပ်ပြီး မြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့သည်။
……….
တာအိုသခင်ပိုင်ကျန်းက ပြင်းထန်စွာ တိုက်ခတ်နေသော မုန်တိုင်းတစ်ခုအလား လက်ဝါးချက်များနှင့် တိုက်ခိုက်နေသည်။ လေပွေလှိုင်းများကဲ့သို့ တိုက်ခတ်နေသော ကျိုးဟမ်ကပင် ရှုပ်ထွေးပြီး မှင်တက်နေခဲ့၏။ ထိုတိုက်ခိုက်မှုက အလောင်းနတ်ဆိုးဆီကို ကျရောက်လာခဲ့သည်။
"ကမ္ဘာမြေ ချီလှုပ်ရှားရေးကျင့်စဉ်... ။ တော်တော်ကြောက်စရာကောင်းတာပဲ…"
ကျိုးဟမ်က အံ့ဩနေခဲ့သည်။
တာအိုသခင်ပိုင်ကျန်းက ဝေ့ကျင်းအဆင့် သိုင်းသခင်များကိုပင် သေချာပေါက် ယှဉ်နိုင်သည်။ မကောင်းဆိုးဝါး ချီစွမ်းအင်များကို အားကိုးနေရသော အလောင်းနတ်ဆိုးနှင့် မီးတောက်နတ်ဆိုးများကပင် သူနှင့်ယှဉ်လိုက်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။ ထို့ကြောင့်လည်း သူက ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင် (၃)ယောက်ထဲမှ ဖြစ်နေခြင်း ဖြစ်သည်။
ကျန်ရှိနေသော ဖုတ်ကောင်များကို ရှင်းလင်းလိုက်ပြီးနောက် သူလည်း တာအိုသခင်ပိုင်ကျန်းကို အကူအညီပေးရန် ပြေးထွက်လာခဲ့ပြီး နတ်ဆိုး (၂)ကောင်ကိုရှင်းပစ်ရန် ကူညီချင်ခဲ့သည်။
ပေးအပ်လိုက်သော တာဝန်အရ အနည်းဆုံး မကောင်းဆိုးဝါး (၆) ကောင်ဆီမှ သလင်းကျောက်များ ရရှိမည်ဆိုလျှင် နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။ တစ်လသာ အချိန်ရှိသည့်အတွက် သူတို့က များပြားသော နတ်ဆိုးသလင်းကျောက်များကို ရရှိရန် ပို၍များပြားသော မကောင်းဆိုးဝါးများကို ရှင်းပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
တစ်ဖက်တွင်တော့ သူက ကျန်းကျိဝေ ၊ စုမုန့် ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ကို စိတ်အေးထားခဲ့၏။ သူတို့သာ စိတ်အေးမနေလျှင် အဆင်ပြေနိုင်သည်။ သူတို့၏ ရဲစွမ်းသတ္တိနှင့် ခွန်အားများကြောင့် မီးတောက်နတ်ဆိုးနှင့် ရဲမက်နတ်ဆိုးတို့ကို သတ်ပစ်ရန် အခက်အခဲ မရှိနိုင်ပေ။
အဆုံးသတ်တွင်တော့ တာအိုသခင်ပိုင်ကျန်းက ကျန်းကျိဝေထက် စွမ်းအားပိုမြင့်နိုင်ပြီး မိုးကြိုးဓားနတ်ဘုရားမနှင့် လက် (၈) ချောင်း ကောင်းကင်လက်ဝါးတို့က သတ်ဖြတ်ရေးဓား၏ စွမ်းရည်မျိုး ရှိကြသည်။
အဆိုးဆုံးအရာကတော့ အလောင်းနတ်ဆိုးနှင့် သံနတ်ဆိုးတို့ စိတ်ဓာတ်မကျခင် သူ ကူညီပေးနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ချောင်ပိတ်ခံရသော ကြွက်တစ်ကောင်က အလွန်အမင်းကို အန္တရာယ်များ၏။
အသက်ကို ပြင်းပြင်းရှုလိုက်ပြီးနောက် သူက ဓားနှင့် ရှေ့သို့တက်လိုက်ပြီး သံနတ်ဆိုးကို ခုတ်လိုက်သည်။ သူ၏တိုက်ခိုက်မှုထဲတွင် အလွန်အစွမ်းထက်သော စွမ်းအားများ ထွက်ပေါ်လာပြီး လွှမ်းခြုံလာသော နဂါးကြီးတစ်ကောင်ကဲ့သို့ သူ၏ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါး အငွေ့အသက်များကို ဖယ်ရှားပေးလိုက်သည်။
တာအိုသခင်ပိုင်ကျန်းကလည်း အကူအညီရောက်လာကြောင်း သတိထားမိသည့်အတွက် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။ သူက ဖျက်ဆီးရေး လေလှိုင်းတစ်ခု ဖန်တီးလိုက်ရာ ကြောက်စရာကောင်းသော စွမ်းအားများက အလောင်းနတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ တူနှင့် ထုလိုက်သလို ကျဆင်းလာခဲ့သည်။
အလွန်အစွမ်းထက်ပြီး လျင်မြန်သော တိုက်ခိုက်မှုများကြောင့် နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ရုံသာ လုပ်ဆောင်နိုင်ကြသည်။ တာအိုသခင်ပိုင်ကျန်းကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်နိုင်ခြင်း မရှိသည့်အတွက် အလောင်းနတ်ဆိုးက အတော်လေး အရေးနိမ့်နေခဲ့သည်။ သူက အလွန်ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကို အသုံးချပြီး ပြင်းထန်သော ထိခိုက်မှုများကို ရင်ဆိုင်နိုင်၏။
သို့သော် သူကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း မရှိသေးပေ။ ဒဏ်ရာအနည်းငယ်ဆီမှ ညှီစို့စို့ရနံ့များ ၊ ပြည်ပုပ်များ စီးထွက်လာခြင်းသာ ရှိသည်။
မည်သို့ဖြစ်စေကာမူ အချိန်လုံလုံလောက်လောက် ပေးလိုက်မည်ဆိုလျှင် တာအိုသခင်ပိုင်ကျန်းကလည်း ဤနယ်မြေတစ်ခုလုံး လွှမ်းခြုံနေသည့် အဆိပ်ငွေ့များ၏ သက်ရောက်ခြင်းကို သေချာပေါက် ခံရပါလိမ့်မည်။
သူတို့ (၂) ယောက်လုံးက ယခုအချိန်အထိ သေစေနိုင်လောက်သော တိုက်ခိုက်မှုမျိုးကို အသုံးမချရသေးပေ။ သူတို့က သာမန်တိုက်ခိုက်မှုများ ၊ ခုခံမှုများကိုသုံးပြီး ဟာကွက်တစ်ခုကို ရှာဖွေနေကြ၏။ ရုတ်တရက်ဆိုသလို အဝေးတွေ ရှိနေသော တိုက်ပွဲကွင်းပြင်ဆီမှ ကျယ်လောင်သော အော်သံကြီးတစ်ခုကို ကြားလိုက်ရသည်။
"အဲဒါက မီးတောက်နတ်ဆိုးမဟုတ်လား... "
အလွန်စူးရှသော အော်သံကြီး၏ ပိုင်ရှင်ကို သိလိုက်ရသည့်အချိန်တွင် တာအိုသခင်ပိုင်ကျန်း ၊ မိုးကြိုးဓား နတ်ဘုရားမ ၊ လက် (၈) ချောင်း ကောင်းကင်လက်ဝါးအပြင် အလောင်းနတ်ဆိုးနှင့် သံနတ်ဆိုးတို့ကလည်း အံဩမှင်တက်သွားကြ၏။
ကြည့်ရသည်မှာ မီးတောက်နတ်ဆိုးက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည့်အတွက် သေလုမျောပါး အခြေအနေကို ရောက်နေပုံရသည်။ အလောင်းနတ်ဆိုးထက် အနည်းငယ်လေးသာ ပို၍အားနည်းသော မီးတောက်နတ်ဆိုးက ဘာကြောင့် ထိုမျှကျယ်လောင်စွာ အော်ဟစ်လိုက်ရသနည်း။ သူတို့က ထိုကဲ့သို့ အခြေအနေကို ရောက်ရှိနေခြင်းပေလော။ သူတို့ထဲတွင် ပြိုင်ဘက်ကင်း စွမ်းရည်ရှိနေသော ပညာရှင်များ ရှိနေခြင်းပေလော။
ရုတ်တရက် ထွက်ပေါ်လာသော အော်သံကြောင့် လူတိုင်းက ရှုပ်ထွေးပြီး မှင်တက်နေသည့်အချိန်တွင် အလောင်းနတ်ဆိုးကတော့ လွဲချော်၍ မရနိုင်သော အခွင့်အရေးတစ်ခုကို မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကြီးက ရုတ်တရက် ကြီးထွားလာခဲ့ပြီး တာအိုသခင်ပိုင်ကျန်းဆီသို့ ပြေးသွား၍ လက်ဝါး (၂) ဖက်နှင့် သူသေကိုယ်သေ တိုက်ခိုက်လိုက်၏။
"သတ်ဖြတ်ရေးသိုင်းကွက်... "
နတ်ဆိုးစွမ်းရည်များနှင့် အဆိပ်မြူခိုးများက မကောင်းဆိုးဝါး ဝိညာဉ်၏ ဆင့်ခေါ်မှုကို ရသည့်အလား ထွက်ပေါ်လာခဲ့သည်။ သူတို့က အဖြူရောင်ပုံသဏ္ဍာန်များအဖြစ် တာသခင်ပိုင်ကျန်းကို ရှူရှိုက်စေခဲ့သည်။ မီးတောက်နတ်ဆိုး၏ ကံကြမ္မာကို မသိသေးသည့်အတွက် သူ့အတွက် လျင်မြန်စွာ နောက်ဆုတ်သွားခြင်းက အကောင်းဆုံးဖြစ်သည်။
သိုင်းလောကတွင် ရက်စက်ကြမ်းကြုတ်မှု၊ ကောက်ကျစ်ယုတ်မာမှုများနှင့် နှစ်ပေါင်းများစွာ စိုးမိုးလာပြီးနောက် အလောင်းနတ်ဆိုးက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
အလွန်အမင်းကို ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် တာအိုသခင်ပိုင်ကျန်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏ဘယ်ဘက် လက်ချောင်းလေးများနှင့် တံဆိပ်ပုံသဏ္ဍာန်တစ်ခု ဖန်တီးလိုက်ပြီး ညာဘက်လက်ဝါးနှင့် ရိုက်ချလိုက်သည်။
ထိုအချိန်တွင် လေလှိုင်းတစ်ခုထွက်လာပြီး တာအိုသခင်ပိုင်ကျန်းကို လွှမ်းခြုံသွားသည်။ ဖိအားများလည်း တဖြည်းဖြည်း စုစည်းလာခဲ့၏။ တာအိုသခင်၏ ပတ်ပတ်လည်တွင် ကြောက်စရာကောင်းသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး လှုပ်ရှားသွားခဲ့သည်။
မြေပြင်တွင် ရှိနေသော မြက်ပင်များ ၊ သစ်ပင်များကပင် အမြစ်မှ ကျွတ်ထွက်လာပြီး ပြင်းပြင်းထန်ထန်ကို လှုပ်ရှားလာကြ၏။ သူ၏လက်ဖဝါးက တိုက်ခိုက်လိုက်သော နတ်ဆိုး၏ တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်လိုက်သည်။
"ဗုန်း... "
မုန်တိုင်းကြီးက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး အဆိပ်မြူခိုးများ ရှိနေသည့်နေရာတွင် ပျောက်ကွယ်သွားသည်။ မြေကြီးအပိုင်းအစများ ပျက်စီးသွားသော သစ်ပင်များကလည်း လေထဲတွင် လွင့်မျောပြီး သဘာဝကပ်ဘေးကြီးများက တည်ငြိမ်သွားခဲ့သည်။
အလွန်ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အလောင်းနတ်ဆိုးက နောက်ပြန်ဆုတ်လိုက်ရ၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါက်လာပြီး ခန္ဓာကိုယ်ထဲမှနေ၍ သွေးကဲ့သို့ ပြည်ပုပ်များ ကျဆင်းလာခဲ့သည်။
တာအိုသခင်ပိုင်ကျန်းက အဆိပ်မိနေသော်လည်း အသက်ရှူနိုင်သည်နှင့် နှောင့်နှေးနေခြင်းမရှိဘဲ အပြင်သို့ ဖယ်ထုတ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှနေ၍ အဆိပ်သင့်နေသော အနက်ရောင်သွေးများ စီးကျလာ၏။ သူ၏မျက်နှာကတော့ အဆိပ်ကြောင့် မဲမှောင်နေသည်။
ရုတ်တရက်ဆိုသလို ကောင်းကင်ကြီးပေါ်သို့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်တိုင်လုံးကြီးက ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တိမ်တိုက်များကို လင်းလက်သွားစေသည်။ အလွန်အံ့သြစရာကောင်းသော အဖြစ်အပျက်ကြောင့် လူတိုင်းက လှည့်ကြည့်လိုက်မိကြ၏။
တာအိုသခင်ပိုင်ကျန်းက အလွန်ဝမ်းသာသွားခဲ့သည်။ ထိုအရာက ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ပေလော။ သို့သော် သူ၏ပျော်ရွှင်မှုက ခဏလေးသာ ကြာလိုက်သည်။ ထိုစွမ်းအင်တိုင်လုံးကြီးက ပေါ်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ထိုကဲ့သို့ ရှုပ်ထွေးသွားသည့်အချိန်တွင် အလောင်းနတ်ဆိုးအတွက် အချိန်ရသွားခဲ့သည်။ သူက ဘယ်လက်ကို မြှောက်လိုက်ရာ နတ်ဆိုးခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့၏။ ပေါက်ကွဲမူက သူတို့၏နားထဲတွင် မိုးခြိမ်းသံပမာ ကျယ်လောင်လွန်းလှသည်။
တာအိုသခင်ပိုင်ကျန်းက ထိတ်လန့်သွားခဲ့ပြီး ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြောင့် နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်သွားလိုက်ရ၏။ အဆိပ်မြူခိုးများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူက စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိသည်။ အလောင်းနတ်ဆိုးကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။
အလောင်းနတ်ဆိုးက မြေပြင်နှင့် ရောနှောနိုင်သည့် နည်းလမ်းများ ကိုယ်ယောင်ဖျောက်ခြင်း နည်းလမ်းများကို အလွန်ကျွမ်းကျင်သည်။ ထို့ကြောင့် သူ ထွက်ပြေးရန် အလွန်လွယ်ကူလှ၏။
တုံယောင်ကသာ သူ၏နတ်ဆိုးအငွေ့အသက်များကို အာရုံခံနိုင်သော ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားခြင်း မရှိလျှင် အလွယ်တကူ အလစ်ချောင်း တိုက်ခိုက်ခံရပါလိမ့်မည်။
သူက ထွက်ပြေးသွားသည့်အချိန်တွင် သံနတ်ဆိုးကတော့ ကံမကောင်းနိုင်တော့ပေ။ ကျိုးဟမ်က ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို လျစ်လျူရှုထားပြီး နတ်ဆိုးများကိုသာ အာရုံစိုက်နေခဲ့သည်။ သူက ထိုနတ်ဆိုးကို လျှပ်စီးကြောင်းသဖွယ် ဆက်တိုက် တိုက်ခိုက်လိုက်၏။ ထို့ကြောင့် ထိုနတ်ဆိုးက ထွက်ပြေးရန် ဟာကွယ်မရှိပေ။
အလောင်းနတ်ဆိုး ထွက်ပြေးသွားပြီးနောက် တာအိုသခင်ပိုင်ကျန်းက ကူညီပေးလိုက်သည့်အတွက် သူ၏ကံကြမ္မာက သေချာသွားခဲ့၏။ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် အခွင့်အရေးပင် မရခဲ့ချေ။
နောက်ဆုံးတွင်တော့ သံနတ်ဆိုး ပျောက်ကွယ်သွားသောနေရာမှ အနက်ရောင် သလင်းကျောက်လေးတစ်ခု ပေါ်လာခဲ့သည်။ ကျိုးဟမ်က အနက်ရောင် သလင်းကျောက်လေးကိုကောက်ပြီး မေးလိုက်၏။
"ဆရာကြီးပိုင်ကျန်း …
ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်က တစ်ခုခုဖြစ်လို့လား... "
သူက သလင်းကျောက်ကို ကောက်ယူလိုက်သည့်အတွက် တုံယောင်နှင့် ကျူးဝမ်ကျုံးတို့က တားဆီးနေခြင်း မရှိချေ။ လက်ရှိအချိန်တွင် သူက ထိုသလင်းကျောက်ကို လုံခြုံစေရန် သိမ်းထားခြင်းသာ ဖြစ်နိုင်၏။ သူတို့က စာရွက်အပိုင်းအစများ အပါအဝင် သံနတ်ဆိုး၏ ပစ္စည်းများကို စုဆောင်းထားခဲ့သည်။
တာအိုသခင်ပိုင်ကျန်းက ခေါင်းညိတ်ပြလိုက်ပြီး ထွက်ပေါ်လာသည့် အပျက်အစီး၏ အလယ်ကို အလျင်အမြန် ပျံသန်းသွားခဲ့သည်။
……….
မီးတောက်နတ်ဆိုးဆီမှ ထွက်ပေါ်လာသော မီးတောက်များက သူ၏ခန္ဓာကိုယ်ကို လောဘတကြီး ဝါးမျိုသွားပြီးနောက် မည်သည့်အရာမျှ မကျန်တော့ပေ။ ပြာများနှင့် အလင်းရောင် မှေးမှိန်သွားသော သလင်းကျောက်များသာ ကျန်ခဲ့၏။
မုန့်ချီက ထိုပြာများထဲတွင် ရှာဖွေကြည့်လိုက်ရာ အနက်ရောင် သလင်းကျောက် တစ်ခုကို တွေ့လိုက်ရသည်။ စုစည်းထားသော နတ်ဆိုးချီစွမ်းအင်များက သူတို့လိုချင်နေသော အရာတစ်ခုဖြစ်သည်။
သူတို့၏မျက်လုံးထဲတွင် တစ်စုံတစ်ခုကိုလည်း တွေ့လိုက်ရ၏။ ထိုပြာများ၏ အလယ်တွင်တော့ တောက်ပသော သလင်းကျောက်လေးတစ်ခုရှိနေပြီး ထိုအထဲတွင် အနီရင့်ရောင် မီးတောက်လေးတစ်ခု လောင်ကျွမ်းနေသည်။
ထို မီးတောက်လေးက အလွန်သေးငယ်လွန်းလှသည့်အတွက် ဖန်တီးထားသော မီးပွားလေးတစ်ခုပမာ ထင်မှတ်ရ၏။ သို့သော် ထိုးမီးတောက်ငယ်လေးက ကြောက်စရာကောင်းသော အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပုံ မရချေ။
မုန့်ချီက လောင်ကျွမ်းနေသော အဝတ်အစားများကိုချွတ်ပြီး မီးတောက်လေးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါက ဘာလဲ... "
"အဲဒါက နတ်ဆိုးမီးတောက်နှလုံးသားလေ... "
ရွမ်ယုရှုက ပြန်ဖြေလိုက်သည်။ သူမက ကျန်ရှိနေသောနတ်ဆိုးများကို ရှင်းပစ်လိုက်ပြီးနောက် သူတို့ကို အကူအညီ ပေးရန် ရောက်လာခဲ့ခြင်းဖြစ်၏။
"နတ်ဆိုးတွေက ဝေ့ကျင်းအဆင့် နည်းလမ်းတွေကိုသုံးပြီး ကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ စုစည်းနိုင်တယ်လို့ ကြားဖူးတယ်..။ အဲဒီစွမ်းအားတွေကို စုစည်းပြီး နတ်ဆိုးမီးတောက်နှလုံးသားထဲမှာ သိမ်းဆည်းထားကြတာ... "
တစ်ဖက်တွင်တော့ ရဲမက်နတ်ဆိုးက ပျက်စီးသွားပြီး သူ၏နတ်ဆိုး သလင်းကျောက်တစ်ခုတည်းသာ ကျန်နေတော့သည် ။ ထိုအရာကလည်း သူက လက်နက်များအဖြစ် ဆက်တိုက် ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သည်။
ရွမ်ယုရှုက စကားပြောပြီးသွားသည့်အချိန်တွင် စွမ်းအင်တိုင်လုံးကြီးက လေထဲသို့ မြောက်တက်လာပြီး ကောင်းကင်တခွင်လုံး လင်းထိန်သွားခဲ့သည်။
"ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်လား... "
မုန့်ချီက အံ့ဩသွားခဲ့သည်။ သို့သော် စွမ်းအင်အလင်းတိုင်လုံးကြီးက တခဏသာပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ထိုအရာက သဘာဝတရားတစ်ခုပေလော ၊ သို့မဟုတ် တစ်စုံတစ်ယောက်က ဖိနှိပ်လိုက်ခြင်းပေလော။ ထိုသို့ဆိုလျှင် အပျက်အစီးထဲ၌ တခြားသူများ ရှိနေခြင်းပေလော။ သူတို့ (၄) ယောက်က အချင်းချင်း ကြည့်လိုက်မိကြသည်။
နတ်ဆိုးသလင်းကျောက်နှင့် နတ်ဆိုးမီးတောက်နှလုံးသားကို လုံလုံခြုံခြုံ ထိန်းသိမ်းလိုက်ပြီးနောက် သူတို့က အပျက်အစီးအလယ်သို့ ပြေးသွားကြသည်။
မုန့်ချီက ရပ်နေခြင်းမရှိဘဲ ဆေးပင်(၁၀၀) ဆေးလုံးတစ်လုံးကိုထုတ်၍ သူ၏စွမ်းအားကိုပြန်ဖြည့်ပြီး လမ်းတလျှောက်တွင် သူ့ကိုယ်သူ ကုသလိုက်သည်။ သူက အစောပိုင်းတွင် မီးတောက်နတ်ဆိုးကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိနေသည့်အတွက် တိုက်ခိုက်နေစဉ် အတောအတွင်း သူပိုင်ဆိုင်သောအရာများကို ဘေးသို့ဖယ်ထားသည့်အတွက် သူ၏ပစ္စည်းများက မီးတောက်များကြောင့်ပျက်စီးသွားခြင်း မရှိချေ။
သူက တိုက်ပွဲပြီးနောက် သူ၏ပစ္စည်းများကို ပြန်လည်သိမ်းယူလိုက်သည်။ ရွမ်ယုရှုက သူမ၏လေဟာနယ်လက်စွပ်ထဲမှ အစိမ်းရောင်ဝတ်စုံတစ်စုံ ထုတ်ပေးပြီး သူ့ဆီသို့ ပစ်ပေးလိုက်သည်။ သူတို့က တာအိုသခင်ပိုင်ကျန်းတို့အဖွဲ့ထက် ပို၍ရှေ့ရောက်နေသည်။ သို့သော် ထိုအဖွဲ့က သူတို့ထက် ပို၍နီး၏။
သူတို့ရောက်လာသည့်အချိန်တွင် ထိုအဖွဲ့က မျက်နှာပျက်နေသည်ကို သတိထားမိသည်။ ကြမ်းပြင်ပေါ်တွင်လည်း အလောင်းတစ်လောင်း လဲကျနေ၏။ သေဆုံးသွားသည်ကိုပင် ထိုတပည့်ကတော့ ပျော်ရွှင်သော အိပ်မက်တစ်ခုကို ကြုံနေရသည့်အလား မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
"တော်တော်လေးကို ပြင်းထန်တဲ့ အတွင်းအားတွေက သူ့ကိုသတ်သွားခဲ့တာ... ။ သူ့ရဲ့ဦးခေါင်းခွံအတွင်းထဲမှာတောင် လုံးဝကို ပျက်စီးသွားတယ်... "
မိုးကြိုးဓားနတ်ဘုရားမက တိုးတိုးလေး ပြောလိုက်သည်။ သူမက မုန့်ချီတို့အဖွဲ့ကို လှည့်ကြည့်လိုက်ပြီး သူတို့မသိနိုင်သော သဲလွန်စများ ရှာဖွေပေးနိုင်ရန်မျှော်လင့်နေခဲ့သည်။
သူ၏အဓိပ္ပာယ်ကို နားလည်နေသည့်အတွက် မုန့်ချီက ခေါင်းခါပြလိုက်၏။
"ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ယူသွားတာလား..။ ဒါမှမဟုတ် တခြားနတ်ဆိုးတွေက ရသွားတာလား... ဒါမှမဟုတ် တခြားနတ်ဆိုးတွေ ရောက်လာတာလား... "
"အဲဒါတော့ လုံးဝမဖြစ်နိုင်ဘူး..။ ငါတို့က ဒီနေရာတစ်ခုလုံးကို ဝိုင်းထားတာလေ..။ ငါတို့လာကယ်နေတဲ့အချိန်မှာ နတ်ဆိုးတွေက ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ပစ်မှတ်ထားဖို့ အချိန်မလုံလောက်ဘူး... "
ကျိုးဟမ်က ချက်ချင်းငြင်းဆန်လိုက်သည် ။
မုန့်ချီက ထိုအချက်ကို ပြန်လည်စဉ်းစားခဲ့၏။ ကျူးကျော်သူက နတ်ဆိုးတစ်ယောက် မဟုတ်လျှင် တခြားအရာတစ်ခုဖြစ်နိုင်သည်။ သူတို့က သံသရာခရီးသွားများထဲမှ တစ်ယောက် ဖြစ်နေမည်လော။
"နတ်ဆိုးတစ်ယောက်က အပျက်အစီးပုံထဲမှာ တစ်ချိန်လုံး ပုန်းနေခဲ့တာလည်း ဖြစ်နိုင်တယ်..။ သူက ငါတို့မရှာရသေးတဲ့နေရာမှာ စိတ်ရှည်လက်ရှည်စောင့်နေပြီး တခြားသူတွေကို ငါတို့ရင်ဆိုင်နေတဲ့အချိန်ထိ ရှောင်နေတာ ဖြစ်နိုင်တယ်... "
တာအိုသခင်ပိုင်ကျန်းက ပြောလိုက်ပြီး တခြားဖြစ်နိုင်ခြေများကို သုံးသပ်ပြလိုက်သည်။
"ဒါပေမယ့်သံနတ်ဆိုးက သူ့ရဲ့အဖော် (၃) ယောက်ကိုပဲ အကူအညီ တောင်းထားတယ်ဆိုတာ သေချာတယ်..။ ဒါကြောင့် ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက် ပျောက်ကွယ်သွားတာ ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာ လုံးဝနားမလည်နိုင်ဘူး ဖြစ်နေတယ်... "
အကယ်၍ ထိုအရာကသာ သံသရာခရီးသွားတယောက် ဖြစ်နေမည်ဆိုလျှင် သူက အစွမ်းထက်နိုင်ခြင်းမရှိချေ။ အထူးသဖြင့် သူက ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ရှောင်တိမ်းနေသည့်အတွက် သူတို့အားလုံးထက် ပိုသာမည်ဆိုလျှင်ပင် ထူးထူးခြားခြား အစွမ်းမထက်နိုင်ပေ။
မုန့်ချီက မေးလိုက်၏။
"တခြားသဲလွန်စတွေရော ရှိလား... "
တုံယောင်က သံနတ်ဆိုးဆီမှ ရခဲ့သော စာရွက်အပိုင်းအစများကို သေချာစိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမက တစ်စုံတစ်ခုကို မြင်သွားခဲ့၏။
"သူတို့က ကံကြမ္မာကာကွယ်ခြင်းရတနာ (၃) ခုရဲ့ တည်နေရာကို တွေ့သွားပြီ.."
"တခြားရတနာ (၂) ခုက ဘယ်နေရာမှာလဲ... "
ကျိုးဟမ်က မေးလိုက်သည်။
"တိုင်းပြည်တည်ငြိမ်ရေးတံဆိပ်က ဉာဏ်ပညာဘုန်းတော်ကြီးနဲ့အတူရှိနေတယ်..။ သံနတ်ဆိုးရဲ့ အချက်အလက်တွေအရ တော်ဝင်ကျောက်စိမ်းခေါင်းလောင်းကတော့ ကျူးကျန်းဘုန်းတော်ကြီးရဲ့ နှလုံးမေ့မီးဖိုထဲမှာ ရှိတယ်... "
တုံယောင်က စာရွက်ပေါ်တွင် ရှိနေသော အချက်အလက်များကိုကြည့်ပြီး ရှင်းပြလိုက်သည်။
"သူတို့က နှလုံးမေ့မီးဖိုရဲ့တည်နေရာကို တွေ့သွားပြီလား... "
တာအိုသခင်ပိုင်ကျန်းက ထိတ်လန့်ကြောက်ရွံ့စွာ ရေရွတ်လိုက်မိသည်။
မုန့်ချီကတော့ တခြားလူများ၏ စိုးရိမ်ထိတ်လန့်ခြင်းကို နားလည်နိုင်ခြင်း မရှိချေ။ သို့သော် ဉာဏ်ပညာဘုန်းတော်ကြီးက ကမ္ဘာမြေကယ်တင်ခြင်းသူတော်စင် (၃) ပါးထဲမှ တစ်ပါးဖြစ်ကြောင်း ကျိုးဟမ်ပြောသည်ကို ကြားခဲ့ဖူးသည်။
တုံယောင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်... ။ အဲဒါက ဒီကနေ လဝက်လောက် ခရီးသွားရတဲ့ ရန်ရှန်မှာရှိတယ်... "
သူမက ထိုစာရွက်ကို တာအိုသခင်ပိုင်ကျန်းနှင့် ကျူးဝမ်ကျုံးတို့ဆီသို့ ပေးလိုက်သည်။
"ဘုရားရေ ၊ တကယ့်ကို နှလုံးမေ့မီးဖိုပေါ်လာပြီပဲ…"
ကျူးဝမ်ကျုံးက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သူကတော့ ထိုအချက်အလက်များကို မယုံကြည်နိုင်သလို ခံစားနေရ၏။
မုန့်ချီနှင့် တခြားလူများက နားမလည်ကြောင်း သတိထားမိသည့်အခါ တာအိုသခင်ပိုင်ကျန်းက သက်ပြင်းချပြီး ရှင်းပြလိုက်သည်။
"ဘုန်းတော်ကြီးကျူးကျန်းက ဒဏ္ဍာရီတစ်ပါးဆိုတာကို မင်းတို့က နားလည်မှာ မဟုတ်ဘူး...။ ရှေးအချိန်တုန်းက နတ်ဆိုးကမ္ဘာကြီးကနေ ဒီကမ္ဘာကြီးကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခု ရှိခဲ့တယ်။ ကုန်းမြေကြီးတွေမှာလည်း လူသားတွေကို သတ်နေတဲ့ နတ်ဆိုးတွေနဲ့ပဲ ပြည့်နှက်နေတယ်။ သူတို့က နေရာတိုင်းမှာ ဖျက်ဆီးသတ်ဖြတ်နေကြတာ။ အဲဒီအချိန်တုန်းက သိုင်းပညာတွေ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေတာ ကံကောင်းသွားတယ်။ သိုင်းပညာတတ်တဲ့ပညာရှင်တွေက နတ်ဆိုးတွေကို သတ်ပစ်ကြတယ်။ အဲဒီအရာရဲ့ကျေးဇူးကြောင့်လူသားတွေက ခံနိုင်ရည်ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘာကြောင့်မှန်း မသိပေမယ့် ဘုန်းတော်ကြီးကျူးကျန်းက နတ်ဘုရားအတွေးအမြင်တွေရခဲ့ပြီး ဗုဒ္ဓလော်ဟန့်ကိုတောင် ယှဉ်နိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူက နှလုံးမေ့မီးဖိုကြီးကို ဖန်တီးခဲ့တယ်။ လူသားကမ္ဘာကြီးထဲမှာ ပျက်စီးဆုံးရှုံးမှုတွေ ဆက်ဖြစ်လာတဲ့အချိန်မှာ သူက နတ်ဆိုးကမ္ဘာကြီးထဲကို တစ်ယောက်တည်း သွားခဲ့တယ်။ သူက သူ့ရဲ့လက်ဝါးတစ်ချက်တည်းနဲ့ မကောင်းဆိုးဝါးဘိုးဘေးကို အနိုင်ရခဲ့ပြီး သူ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေခဲ့တယ်။ လူသားကမ္ဘာကြီးနဲ့ နတ်ဆိုးကမ္ဘာကြီးရဲ့ ဆက်သွယ်မှုကိုလည်း ဖြတ်တောက်နိုင်ခဲ့တယ်။ သူက လူသားကမ္ဘာကြီးကို တည်ငြိမ်းအေးချမ်းအောင် လုပ်ဆောင်ပေးခဲ့တာပဲ။ သူကိုယ်တိုင်က နတ်ဆိုးကမ္ဘာကြီးထဲမှာ သေဆုံးသွားခဲ့တာတော့ ကံဆိုးသွားတယ်။ နှလုံးမေ့မီးဖိုကြီးကလည်း ဒဏ္ဍာရီထဲမှာ ပျောက်ကွယ်သွားတဲ့အတွက် ငါတို့အားလုံးက မသိတော့ဘူး။ နတ်ဆိုးတွေကတော့ နတ်ဆိုးကမ္ဘာကြီးရဲ့ အချက်အလက်တွေအရ သူ့ရဲ့တည်နေရာကို ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး... "
သူက လက်ထဲတွင် ကိုင်ထားစောရွက်ကိုခေါက်ပြီး မုန့်ချီတို့ဆီသို့ ပေးလိုက်သည်။ အစောပိုင်းတိုက်ပွဲတွင် သူတို့က သူ၏ယုံကြည်မှုကို ရရှိသွားခဲ့၏။
"ကောင်းကင်ဖျက်မကောင်းဆိုးဝါးနဲ့ တခြားနတ်ဆိုးတွေက ဒီအကြောင်းကို ဘာမှမသိဘူး။ ဒါပေမယ့် အလောင်းနတ်ဆိုးက ပြန်ရောက်တဲ့အချိန်ကျရင် ဒီကိစ္စကို သေချာပေါက် သတင်းပို့မှာပဲ။ ငါက သူတို့ထက်အရင် တော်ဝင်ကျောက်စိမ်း ခေါင်းလောင်းကို ယူမှဖြစ်မယ် မင်းတို့တွေက အကူအညီပေးချင်လား... "
တာအိုသခင်ပိုင်ကျန်းက ဦးညွှတ်ပြီး မေးလိုက်သည်။
"ကောင်းကင်ဖျက်မကောင်းဆိုးဝါးနဲ့ တခြားနတ်ဆိုးတွေက ဘယ်အချိန် ရောက်လာမှာလဲ... "
နတ်ဆိုးသလင်းကျောက်(၃)ခုသာရှိသေးသည့်အတွက် သူတို့က နောက်ထပ်(၃)ခု လိုအပ်နေသေးသည်။ ထို့ကြောင့် မုန့်ချီတို့က ရန်ရှန်သို့သွားသော ခရီးစဉ်ကို လိုက်ပါရန် စဉ်းစားနေကြ၏။
"ရန်ရှန်နဲ့ ကောင်းကင်ဖျက်နန်းတော်က တစ်ခုနဲ့တစ်ခုအရမ်းဝေးတယ်။ တစ်ခုက မြောက်ဘက်မှာရှိပြီး တစ်ခုက တောင်ဘက်မှာ ရှိတယ်။ တကယ်လို့ ငါတို့ကသာ သတင်းရောက်နိုင်တဲ့အချိန်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ကောင်းကင်ဖျက် မကောင်းဆိုးဝါး ရောက်လာဖို့ (၁၀) ရက်လောက် အချိန်ပေးရလိမ့်မယ်။ ပြီးတော့ ငါတို့ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက် ယူသွားတဲ့တစ်ယောက်ကိုလည်း သတိထားရဦးမယ်... ။ ဒါကြောင့် အချိန်က အရေးကြီးတယ်... "
တာအိုသခင်ပိုင်ကျန်းက တွက်ချက်ပြီး ရှင်းပြလိုက်သည်။
"တခြားနတ်ဆိုးတွေကတော့ အနည်းဆုံး ရန်ရှန်ကိုရောက်ဖို့ တစ်လလောက် အချိန်ပေးရလိမ့်မယ်..။ အမှန်အတိုင်းပြောရရင် သူတို့ကိုယ်တိုင် ကောင်းကင်ဖျက်မကောင်းဆိုးဝါးနဲ့ လိုက်လာမယ်လို့တောင်မထင်ဘူး... ။ သူတို့လိုက်လာတော့ရော ဘာထူးမှာလဲ... "
ထိုသို့ဆိုလျှင် သူတို့က အချိန်အလုံအလောက် မရှိတော့ပေ။ မုန့်ချီတို့အဖွဲ့က မျက်မှောင်ကြုတ်နေမိကြ၏။
Translated by Hein Htet