အခန်း (၃၅၁)
Vol. 24 Ch. 351
ရန်ရှန်တွင် ရှိနေသော နှလုံးမေ့မီးဖိုဆီသို့ သွားရန် ဆုံးဖြတ်လိုက်မည်ဆိုလျှင် မုန့်ချီတို့အဖွဲ့က သူတို့၏ပင်မတာဝန်မှ လွဲချော်သွားပါလိမ့်မည်။ သူတို့က ပင်မတာဝန် အောင်မြင်ရန်အတွက် တခြားသောလမ်းကြောင်းတစ်ခုကို လုပ်ဆောင်ရန် လိုအပ်နေသည်။ လုံခြုံမှုကလည်း အရေးကြီးနေသေး၏။
ကောင်းကင်ဖျက် မကောင်းဆိုးဝါး ရောက်လာသည်ဖြစ်စေ ရောက်မလာသည်ဖြစ်စေ ပျောက်ဆုံးသွားသော ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက် လူစိမ်းများ၏ လက်ထဲတွင် ရှိနေနိုင်သည်။
လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးပြီး မုန့်ချီတို့က သူတို့၏ ထင်မြင်ချက်များကို အနည်းငယ် ဆွေးနွေးနေကြသည်။ ထို့နောက် မုန့်ချီက ကျိုးဟမ်ကို အဓိပ္ပာယ်ရှိရှိ လှမ်းကြည့်လိုက်ပြီး သိမ်မွေ့စွာ ခေါင်းခါပြလိုက်၏။
ကျိုးဟမ်က သူတို့၏ကိုယ်စား ငြင်းပယ်ပေးစေချင်သည်။ သူတို့က တခြားသော အရာများကို စစ်ဆေးနိုင်ခြင်း ရှိမရှိ သိချင်၏။
ကျိုးဟမ်က နေရာတွင် မတ်မတ်ရပ်နေပြီး တာအိုသခင်ပိုင်ကျန်းကို ကြည့်၍ လက်နှစ်ဖက် ဆုပ်လိုက်သည်။
"တာအိုသခင်ပိုင်ကျန်း …
ဒီတာဝန်မှာ အရှိန်က အရေးကြီးဆုံးပဲ။ အရေအတွက်က ကိစ္စမရှိဘူး။ ကျွန်တော်တို့ရဲ့ စုပေါင်းစွမ်းအားက ကောင်းကင်ဖျက်မကောင်းဆိုးဝါးလို ရန်သူမျိုးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ အသုံးဝင်မှာ မဟုတ်ဘူး။ တာအိုသခင်ပိုင်ကျန်းရဲ့ ကိုယ်ဖော့ပညာအရ နှလုံးမဲ့မီးဖိုကြီးဆီကို ရန်သူနဲ့ တစ်ချိန်လုံး ရောက်နိုင်မယ်ဆိုရင်တောင် ကျွန်တော်တို့က အဝေးကြီး ကျန်ခဲ့နိုင်တယ်…"
ကျိုးဟမ်က သူတို့နှောင့်နှေးရမည့်အဖြစ်ကို အဓိက မပြောဘဲ တာအိုသခင်၏ အရှိန်ကို မီအောင် မလိုက်နိုင်ကြောင်းသာ ပြောခဲ့သည်။ မဟုတ်လျှင် သူတို့က ဘာမျှမရှိတော့သော မီးဖိုကြီးထဲတွင် စိတ်ဓာတ်ကျစွာ စောင့်ဆိုင်းနေရမည်ဖြစ်၏။
"ဆရာကြီးပိုင်ကျန်း …
ဆရာကြီးက လေလှိုင်းလို အရှိန်မျိုးနဲ့ မြန်မြန်ဆန်ဆန် သွားနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့က ဆရာကြီးနှင့်အတူ ရန်ရှန်ကို လိုက်လာခဲ့မယ်ဆိုရင် ဆရာကြီးကို အနှောင့်အယှက် ပေးသလိုပဲ ဖြစ်လိမ့်မယ်။ ဒီတော့ ကျွန်တော်တို့က ကောင်းကင်ဖျက်နန်းတော်ကိုပဲ တိုက်ရိုက်သွားပြီး နန်းတော်ထဲမှာ ရှိနေတဲ့ နတ်ဆိုးတွေကို ရှင်းပစ်လိုက်မယ်…"
"တခြားနတ်ဆိုးတွေကို ရှင်းပစ်နိုင်ဖို့က အရေးအကြီးဆုံးပဲ…"
ကောင်းကင်ဖျက်နန်းတော်ထဲတွင် ကျန်ရှိနေသော နတ်ဆိုး (၃)ကောင်က ရေနတ်ဆိုး ၊ အရိပ်နတ်ဆိုးနှင့် သွေးနတ်ဆိုးများ ဖြစ်နိုင်သည်။
သူတို့ထဲမှ နှစ်ယောက်ကတော့ မကောင်းဆိုးဝါး ချီစွမ်းအင်များကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်နိုင်ကြသည့်အတွက် လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေနိုင်၏။ သူတို့က တခြားနည်းလမ်းကို သုံး၍ လေ့ကျင့်ထားသော ကျန်းဟန်ချွန်ထက်တော့ နိမ့်ကျနိုင်သည်။
ရေနတ်ဆိုးကတော့ မကောင်းဆိုးဝါး ချီစွမ်းအင်များ၏ အားဖြည့်မှုဖြင့် လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်နေနိုင်၏။ ထိုအရာက သံနတ်ဆိုးကဲ့သို့ ဖြစ်နိုင်သည်။
ကျန်းကျိဝေ၊ ကျိုးဟမ်နှင့် မုန့်ချီတို့က သူတို့ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကလည်း သူတို့ကို ညီတူညီမျှ ရင်ဆိုင်နိုင်ကြ၏။ အလောင်းနတ်ဆိုးက ကောင်းကင်ဖျက်နန်းတော်ဆီသို့ ပြန်သွားနေသည့်အတွက် မုန့်ချီတို့က အလစ်ချောင်း တိုက်ခိုက်၍ ရနိုင်ပြီး သူတို့လူမစုနိုင်သေးခင် နတ်ဆိုး (၃)ကောင်ထဲမှ တစ်ကောင်ကို ချက်ချင်း ရှင်းပစ်နိုင်သည်။
ထိုအချိန်တွင် မုန့်ချီကတော့ အလောင်းနတ်ဆိုး မဟုတ်သော တခြားနတ်ဆိုး တစ်ယောက်ကို ထိန်းချုပ်ထား၍ ရ၏။ ကျိုးဟမ်က (၃)ကောင်ထဲတွင် တခြားတစ်ကောင်ကို ရင်ဆိုင်နေသည့်အချိန်၌ ကျန်းကျိဝေ ၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က နောက်ဆုံးတစ်ကောင်ကို လျင်မြန်စွာ ရှင်းလင်းပစ်၍ ရနိုင်သည်။
ရန်သူအရေအတွက်ကို လျှော့ချနိုင်ခြင်းကလည်း အတော်လေး သိသာ၏။ ထို့ပြင် နတ်ဆိုးသလင်းကျောက် (၆)ခုတည်းသာ လိုအပ်နေသည့်အတွက် သူတို့က အလောင်းနတ်ဆိုးကို ထိပ်တိုက်ရင်ဆိုင်ရန် မလိုအပ်ပေ။ ထို့ပြင် သူတို့ဆီ၌ နတ်ဆိုးချုပ်နှောင်ခြင်း ကျောင်းဆောင်လည်း ရှိနေသေးသည်။
"မင်းတို့ ပြောတာမှန်တယ်။ ငါက တော်တော်လေး အလျင်လိုသွားတာပဲ … "
တာအိုသခင်က သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
"ဒကာလေးကျိုးနဲ့ ဒကာလေးစု …
မင်းတို့ပြောတဲ့ စကားက အမှန်ဆုံးပဲ။ ကျားကွက်ခုံပေါ်က နတ်ဆိုးတွေက်ု ရှင်းပစ်လိုက်မယ်ဆိုရင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးရဲ့ လွှမ်းမိုးမှုက သိသိသာသာ လျော့ကျသွားနိုင်တယ်…"
နတ်ဆိုး (၇)ကောင်က သူတို့၏ လွှမ်းမိုးမှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ထားကြခြင်း ဖြစ်သည်။ ဤနယ်မြေကြီးပေါ်တွင် သူတို့လွှမ်းမိုးထားသော မြို့ပေါင်းများစွာကလည်း နတ်ဆိုးမျိုးနွယ်ဝင်များ ၊ မကောင်းဆိုးဝါးဝိညာဉ်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင်(၃)ယောက်ကပင် ထိုနတ်ဆိုးတစ်ကောင် ၊ နှစ်ကောင်ကို ရှင်းပစ်ချင်သည်ဆိုလျှင် အတော်လေး ပြဿနာများ၏။
အမှန်အတိုင်းပြောရလျှင် သူတို့ (၃)ယောက်ကလည်း ထောင်ချောက်တစ်ခုထဲသို့ ကျရောက်ခဲ့ဖူးပြီး ကောင်းကင်ဖျက် မကောင်းဆိုးဝါး၏ လက်ထဲတွင် ရှင်းပစ်ခံရလုနီးပါး ကြုံခဲ့ရသည်။ ထို့ကြောင့်လည်း သူတော်စင် (၃)ယောက်က အောင်မြင်ရန် သေချာမှု မရှိဘဲ အလောင်းအစား မလုပ်ရဲတော့ပေ။
အကယ်၍ နတ်ဆိုး (၇)ယောက်ကိုသာ အမြစ်မှ နှုတ်ပစ်နိုင်မည်ဆိုလျှင် ကျန်ရှိနေသော နတ်ဆိုးများက ကြောက်လန့်တကြား ပြိုကွဲသွားနိုင်ပြီး နတ်ဆိုးများ၏ အန္တရာယ်က ပျောက်ကွယ်သွားနိုင်သည်။
သူ၏ ပြိုင်ဘက်ကင်းအရည်အချင်းများကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးက ဆက်ရှိနေနိုင်သေးသော်လည်း သူက တစ်ကောင်တည်းသော နတ်ဆိုးတစ်ကောင် ဖြစ်သွားနိုင်သည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်တိမ်းပြီး နတ်ဆိုးများ၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်မည်ဆိုလျှင် အခြေအနေက အတော်လေး ကောင်းမွန်လှ၏။
ထိုသို့ဆိုလျှင် တဖြည်းဖြည်းနှင့် သူတို့က အသာစီးရလာပြီး တစ်ကောင်တည်းသော နတ်ဆိုးကလည်း ထွက်သွားရပါလိမ့်မည်။
"မိန်းကလေးတုံနဲ့ ဒကာကြီးကျူး … "
တာအိုသခင် ပိုင်ကျန်းက မိုးကြိုးဓား နတ်ဘုရားမနှင့် လက် (၈)ချောင်း ကောင်းကင်လက်ဝါးတို့ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ နှစ်ယောက်စလုံးက တိုက်ပွဲထဲမှာ တော်တော်လေး ရဲရင့်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်စလုံးက မကောင်းဆိုးဝါး ချီစွမ်းအင်တွေနဲ့ အဆိပ်ငွေ့တွေရဲ့ သက်ရောက်မှုကြောင့် ဒဏ်ရာရနေတယ်။ မင်းတို့က ကိုယ့်နယ်မြေ ကိုယ်ပြန်ပြီး အနားယူတာ အကောင်းဆုံးဖြစ်မယ်။ မင်းတို့က ငါနဲ့အတူ ရန်ရှန်ကို လိုက်လာဖို့ မလိုပါဘူး။ ဒဏ်ရာအခြေအနေက ပိုဆိုးလာမယ်ဆိုရင် မင်းတို့ရဲ့ပင်မဝိညာဉ်ကို ထိခိုက်သွားမှာပဲ ငါက စိုးရိမ်နေတာ…။ ဒါဆိုရင် ထာဝရ ပျက်စီးသွားလိမ့်မယ်။ နတ်ဆိုးတွေရဲ့လွှမ်းမိုးမှုက မင်းတို့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေကို ဆက်တိုက် ဖျက်ဆီးပစ်လိမ့်မယ်…"
သူက မကောင်းဆိုးဝါး ချီစွမ်းအင်များ၏ အန္တရာယ်များကို သတိပေးနေသည်။ မကောင်းဆိုးဝါး ချီစွမ်းအင်များက ခေါင်းထဲတွင် လှုပ်ရှားနေပြီး သူတို့၏ အကျင့်စရိုက်များကို လွှမ်းခြုံပစ်နိုင်သည်။ နတ်ဆိုးများ၊ ဝိညာဉ်များ၏ လွှမ်းမိုးခြင်းကို ခံရသူများက မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားနိုင်၏။ သို့သော် အနည်းစုကတော့ ကောင်းသော အင်အားများကို ပေးနိုင်ကြသည်။
မုန့်ချီတို့ကတော့ နတ်ဆိုးရနံ့ထုတ် ဆေးလုံးများကို ကြိုတင်ပြင်ဆင်ထားခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိ၏။ ထို့ကြောင့်လည်း ကျန်းကျိဝေနှင့် သူက အစောပိုင်း တိုက်ပွဲတွင် အန္တရာယ် မတွေ့ခဲ့ခြင်းဖြစ်သည်။
သူ၏အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်တို့ကသာ လုပ်ဆောင်နေဦးမည်ဆိုလျှင် သူက နတ်ဆိုးချီစွမ်းအင်များကို အထိအခိုက် မရှိ ဖယ်ရှားနိုင်သေး၏။
တုံယောင်က သူ၏စိုးရိမ်မှုကို နားလည်နေသည့်အတွက် လျင်မြန်စွာ သဘောတူလိုက်သည်။ သူမက လက်နှစ်ဆုပ်၍ အရိုအသေပေးလိုက်၏။
"အားလုံးပဲ .. နတ်ဆိုး (၃)ကောင်ကို ဖျက်ဆီးလိုက်ရုံနဲ့ ကောင်းကင်ဖျက်နန်းတော်ရဲ့ အင်အားစုတွေက ထိခိုက်သွားမှာ မဟုတ်ဘူး။ အရာအားလုံးကို တွက်ချက်ဖို့ လိုသေးတယ်။ ကျွန်မကတော့ ကျွန်မရဲ့နယ်မြေကိုပြန်ပြီး တပည့်တွေ အတွက် စီစဉ်ပေးလိုက်ဦးမယ်။ အခုတော့ ကျွန်မလည်း သွားတော့မယ်။ အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်…"
"သွေးနတ်ဆိုးက နောက်ထပ် အန္တရာယ်မပေးနိုင်တော့ဘူးဆိုတာ ငါက ယုံကြည်ချက်ရှိတယ်။ တရားမျှတမှုကို လိုလားတဲ့ သူရဲကောင်းတွေက သေချာပေါက် လက်တုံ့ပြန်ပေးမှာပါ…"
ကျူးဝမ်ကျုံးက တလေးတစားပြောလိုက်ပြီး ထွက်ခွာသွားခဲ့သည်။
အရာအားလုံးက တိတ်ဆိတ်သွားပြီး သိပ်မကြာခင် အပျက်အစီးပုံကြီးက အနက်ရောင်ခြုံလွှာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတွင် အမှောင်ထုကြီးနှင့် ကျီးကန်း အနည်းငယ်သာ ရှိတော့၏။
"ဒကာလေးတို့ …
ရန်ရှန်နဲ့ ကောင်းကင်ဖျက်နန်းတော်ကို သွားမယ့် ငါတို့ရဲ့ ခရီးလမ်းကြောင်းက ရေလှိုင်းတောင်ကြားမြို့ထိ တူတယ်။ ဒီတော့ ငါတို့က အဲဒီနေရာအထိ အတူတူ သွားကြတာပေါ့။ လမ်းတစ်လျှောက်မှာလည်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မျှဝေနိုင်တယ်လေ…"
တာအိုသခင်ပိုင်ကျန်းက အကြံပေးလိုက်သည်။
"ကောင်းပါပြီ … "
ကျိုးဟမ်ကလည်း ရယ်ကာမောကာနှင့် သဘောတူလိုက်၏။
………
ရေလှိုင်းတောင်ကြား မြို့ထဲတွင် ရှိနေသော မြင်ကွင်းများက မုန့်ချီတို့ တွေးထားသလို ကြောက်စရာ မကောင်းပေ။ လမ်းမကြီးများက လူသူကင်းမဲ့နေခြင်း မရှိသလို တံခါးများ ၊ ပြတင်းပေါက်များကလည်း ပိတ်ထားခြင်း မရှိပေ။ လူနေအိမ်များတွင် နေထိုင်သူများ ရှိနေသေးပြီး လမ်းမပေါ်တွင် နေ့စဉ်အသက်ရှင်ရန် ရပ်တည်နေသော မြင်ကွင်းများ ရှိနေကြ၏။ သို့သော် လူတိုင်းကတော့ တက်ကြွနေသော ခံစားချက်များ မရှိကြပေ။
"ဒီနေရာမှာရှိတဲ့လူတွေက နတ်ဆိုးတွေရဲ့ နယ်မြေကျူးကျော်မှုကို ခံခဲ့ကြရတယ်။ အဲဒါကြောင့် သူတို့က မြို့ထဲကနေ ထွက်ပြေးပြီး သစ်တောတွေ တောင်တန်းတွေပေါ်မှာ ခိုလှုံကြရတယ်။ ဒါပေမဲ့ အဲဒီနေရာတွေထဲမှာလည်း အန္တရာယ်များတာပဲလေ။ ကျူးကျော်လာတဲ့ နတ်ဆိုးတွေက ပမာဏမများသလို နေ့စဉ်နေ့တိုင်း မရှိတာကို မြင်လိုက်ရတဲ့ အချိန်မှာ သူတို့က မြို့ဆီ ပြန်လာခဲ့ကြတယ်။ ဒီမြို့ထဲမှာ ရှိတဲ့ စည်ကားသိုက်မြိုက်မှုတွေ ပျော်ရွှင်မှုတွေကတော့ အတိတ်မှာပဲ ကျန်နေခဲ့ပြီ။ အခုဒီမှာရှိတဲ့ မြို့သူမြို့သားတွေက သွေးလန့်စရာ မြင်ကွင်းတွေကြောင့် အထိတ်ထိတ် အလန့်လန့်နဲ့ နေကြရတာ။ ဒီနေရာရဲ့ အုပ်ချုပ်သူကတော့ နတ်ဆိုးတွေ ထိန်းချုပ်တာကို ခံထားရတယ်။ သူက တစ်လကို တစ်ကြိမ် နှစ်ကြိမ်လောက် သွေးဆာတတ်တယ်။ ပုံမှန်အားဖြင့်တော့ သူက အသက်ကြီးတဲ့လူတွေ ရောဂါရနေတဲ့ လူတွေကို ရွေးချယ်တတ်တယ်။ ဒါကြောင့်လည်း ဒီနေရာမှာ အရာအားလုံးက လှုပ်ရှားနေသေးတာ…"
တာအိုသခင် ပိုင်ကျန်းက သက်ပြင်းချလိုက်ပြီး ပြောပြလိုက်သည်။
အခြေအနေကို နားလည်သွားကြသည့်အချိန်တွင် မုန့်ချီတို့ အဖွဲ့က ငြိမ်သက်သွားကြ၏။ သူတို့က တာအိုသခင်၏ နောက်မှနေ၍ လမ်းမကြီးပေါ်သို့ လိုက်လာပြီး အလွန်ကြီးမားသော အဆောက်အဦကြီး၏ အနောက်ဘက်တံခါးဆီကို သွားရန် လမ်းကြားငယ်လေးတစ်ခုထဲသို့ ဝင်သွားခဲ့သည်။
ထို့နောက် တာအိုသခင်က နံရံကို ခုန်ကျော်သွားပြီး အိမ်ကြီး၏ ဥယျာဉ်ထဲသို့ ရောက်လာခဲ့၏။ မုန့်ချီနှင့် တခြားလူများကလည်း သူ့နောက်မှ ဆက်လိုက်လာခဲ့သည်။ သူတို့က ထိုနေရာသို့ ရောက်လာသည့်အချိန်တွင် အဆောက်အဦ၏ အတွင်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူတို့က ဥယျာဉ်နှင့် လမ်းမကြီးများကို ဖြတ်ကျော်ပြီး စာကြည့်ခန်းထဲသို့ ရောက်လာခဲ့၏။ တာအိုသခင်ကတော့ သူတို့ကို စောင့်ကြည့်နေနိုင်သော မျက်လုံးများနှင့် ဝေးရာသို့ ခေါ်လာပြီး အစေခံမိန်းကလေးများ ၊ အစောင့်များ အားလုံးကို ရှောင်တိမ်းသွားခဲ့သည်။
"နတ်ဆိုးတွေက ရက်စက်ကြမ်းကြုတ်တယ်။ သိမ်းပိုက်ခံထားရတဲ့ လူသားတွေကလည်း မျိုးနွယ်တူ အချင်းချင်း အမြဲတမ်းစောင့်ကြည့်နေကြတာ။ သူတို့က အချင်းချင်းလည်း စောင့်ကြည့်နေပြီး အခွင့်အရေးရပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သစ္စာဖောက်ဖို့ ဝန်မလေးကြဘူး။ ဒါကြောင့် ငါတို့ကို အမြင်ခံလို့မရဘူး"
စာကြည့်ခန်း၏ ဝင်ပေါက်သို့ ရောက်သည့်အချိန်တွင် တာအိုသခင် ပိုင်ကျန်းက ရှင်းပြလိုက်သည်။
တာအိုသခင်ပိုင်ကျန်းက ထိန်းချုပ်ခံထားရသော မြို့စားကို တွေ့ရန် ခေါ်လာခြင်း ဖြစ်ကြောင်း မုန့်ချီတို့က ချက်ချင်းနားလည်သွားခဲ့သည်။
တာအိုသခင်က စကားတစ်ခွန်းမျှ မပြောဘဲ တံခါးပေါ်တွင် စည်းချက်ကျကျ ခေါက်လိုက်သည်။ ထို့နောက် စောင့်နေခဲ့၏။ သို့သော် တုံ့ပြန်မှု တစ်ယောက်မျှ မရှိခဲ့ပေ။ ထို့ကြောင့် သူလည်း စာကြည့်ခန်း၏ ပင်မတံခါးကိုဖွင့်ပြီး တခြားလူများကို အတွင်းထဲသို့ ဝင်ခိုင်းလိုက်၏။
သူက သူတို့ဆီသို့ လျှောက်သွားပြီး သူတို့အားလုံးကို တိတ်တိတ်စောင့်နေရန် အချက်ပြလိုက်သည်။ ခဏကြာပြီးနောက် ထူးဆန်းသော စွမ်းအင်များ ရှိနေသည့် လူတစ်ယောက် ရောက်လာသည်ကို ခံစားမိကြသည်။
သူက စြင်္ကံဆီသို့ လျှောက်လာပြီး စာကြည့်ခန်းထဲသို့ ရောက်လာသည့်အချိန်တွင် ထိုလူက သူ့အစေခံများကို ထိုနေရာတွင် နေခဲ့ရန် ညွှန်ကြားလိုက်၏။ ထို့နောက် ထိုလူက စြင်္ကံကို တစ်ယောက်တည်း ဖြတ်လာပြီး စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲတွင် မုန့်ချီနှင့် တခြားလူများရှိနေသည်ကို သတိထားမိသည့်အခါ သူလည်း မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူကတော့ နောက်တွင်ရှိနေသော တံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။
"ဆရာကြီးပိုင်ကျန်း … သူတို့က … "
သူက အလွန်ရင်းနှီးနေပုံရသော တာအိုသခင်ပိုင်ကျန်းကို မေးလိုက်သည်။
ပိုးဖဲဝတ်ရုံဝတ်ဆင်ထားပြီး ကျောက်စိမ်းခါးပတ် ပတ်ထားသော မြို့စားက သက်လတ်ပိုင်းအရွယ်သာရှိနေသေး၏။
"မင်းက ကမ္ဘာမြေထိတ်လန့်ခြင်း ကျိုးဟမ်ကို ကြားဖူးတယ် မဟုတ်လား မြို့စားရှုံ …"
တာအိုသခင်ပိုင်ကျန်းက အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ကမ္ဘာမြေထိတ်လန့်ခြင်း ဟုတ်လား …။ ငါက မင်းရဲ့ နာမည်ကို ကြားဖူးတယ်…”
မြို့စားက အနည်းငယ် အံ့အားသင့်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အမူအရာနှင့် ပုံစံက တာအိုသခင်ပိုင်ကျန်းနှင့် အနည်းငယ် တူညီနေ၏။
"ဒီသူရဲကောင်းတွေကတော့ ဒကာကြီးကျိုး ခေါ်လာခဲ့တဲ့လူတွေပါ…"
မုန့်ချီတို့ အဖွဲ့နှင့် ပတ်သက်သည့် အရာများကိုတော့ တာအိုသခင် ပိုင်ကျန်းက အသေးစိတ် မိတ်ဆက်ပေးလိုက်သည်။
မြို့စားရှုံက မုန့်ချီတို့ အဖွဲ့ကို ခဏကြာ စိုက်ကြည့်နေပြီး မေးလိုက်၏။
"မင်းတို့က အရင်ရက်တွေအတွင်း ဘာလုပ်ခဲ့တာလဲ။ အလောင်းနတ်ဆိုးက မနေ့တုန်းကမှ ဒီနေရာကနေ ဖြတ်သွားတာ ။ သူ့ပုံစံက စူပုတ်ပုတ်နဲ့ လူ (၃၀၀)လောက်ကို ဒေါသတကြီး သတ်သွားတယ်။ ငါ့ကိုလည်း အသုံးမကျဘူးလို့ ပြောသွားတယ်…"
"ငါတို့က မီးတောက်နတ်ဆိုး ၊ ရဲမက်နတ်ဆိုးနဲ သံနတ်ဆိုးတို့ကို အမြဲစိမ်းကျောင်းဆောင် အပျက်အစီးထဲမှာ သတ်ပစ်ခဲ့တယ်။ အဲဒါကလည်း ဒီသူရဲကောင်းတွေ အားလုံးရဲ့ အကူအညီကြောင့်ပဲ…"
တာအိုသခင် ပိုင်ကျန်းက သူတို့၏ အောင်မြင်မှုကို ဝမ်းသာအားရ ပြောလိုက်သည်။ အကယ်၍ ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်သာ ပျောက်ဆုံးမှုသာ မရှိလျှင် ထိုအရာက ပြီးပြည့်စုံသော အောင်မြင်မှုတစ်ခုဖြစ်သည်။
"ဘယ်လို … "
မြို့စားက အံ့ဩမှုကြောင့် မျက်လုံးပြူးသွားခဲ့၏။ သူက ထအော်မိမတတ် ဖြစ်သွားခဲ့သည်။ သူက ခဏကြာ အသက်ကို ဝဝရှူပြီးမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့၏။
သူက တုန်တုန်ယင်ယင်နှင့်မေးလိုက်သည်။
"မီးတောက်နတ်ဆိုး ၊ ရဲမက်နတ်ဆိုးနဲ့ သံနတ်ဆိုးတို့လား။ သူတို့အားလုံးက မင်းတို့သတ်လို့ သေသွားပြီလား … "
"ဟုတ်တယ် … "
တာအိုသခင် ပိုင်ကျန်းက ရှင်းပြလိုက်သည်။
"ရဲမက်နတ်ဆိုးနဲ့ မီးတောက်နတ်ဆိုးတို့ကိုတော့ ဒီသူရဲကောင်းတွေက သတ်လိုက်တာ။ တခြားသူတွေနဲ့ ငါက သံနတ်ဆိုးကို သတ်လိုက်တာ…"
ထိုသတင်းကြောင့် မြို့စားက အလွန်ထိတ်လန့်အံ့ဩနေခဲ့သည်။ နတ်ဆိုးများ အသတ်ခံလိုက်ရသည် ဟူသော သတင်းကြောင့် သူ့နားသူပင် မယုံကြည်နိုင်ခဲ့ပေ။
"အဲဒါ အမှန်ပဲပေါ့။ ပိုပြီး ထက်မြက်တဲ့ ဓားတစ်လက်ဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲ"
သူက တိတ်တဆိတ် တွေးနေမိသည်။
ထို့နောက် သူ့ကိုယ်သူ ထိန်းချုပ်ပြီး အားနည်းစွာ ပြောလိုက်၏။
"ငါ နားလည်သွားပြီ။ ဒါဆိုရင်တော့ ဒီသူရဲကောင်းတွေက တကယ့်ကို သူရဲကောင်းအစစ်တွေပဲ … "
"မြို့စားရှုံ …
မင်းက မကြာခင်အတောအတွင်း ဘာသတင်းတွေ ကြားခဲ့သေးလဲ … "
တာအိုသခင်က မေးလိုက်သည်။သူတို့က အတိတ်တွင်ဖြစ်ခဲ့သော အရာများကိုသာ ဆက်ပြောနေ၍ မရနိုင်ပေ။
"သတင်းကြားရတာတွေ ရှိတယ်။ ဉာဏ်ပညာဘုန်းတော်ကြီးက သေသွားပြီ…"
မြို့စား၏အမူအရာက တည်ငြိမ်လေးနက်သွားသည်။
"ဘယ်လို … "
တာအိုသခင်၏ လေသံက အနည်းငယ် အက်ရှရှဖြစ်သွားခဲ့၏။ ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင် (၃)ပါးထဲမှ တစ်ပါးဖြစ်သော ဉာဏ်ပညာဘုန်းတော်ကြီး သေဆုံးသွားခြင်းပေလော …။
မုန့်ချီတို့ကတော့ တခြားအရာတစ်ခုကို အလေးထားမိသွားသည်။
"တိုင်းပြည်တည်ငြိမ်ရေးတံဆိပ် … "
ဘုန်းတော်ကြီး သေဆုံးသွားခြင်းက ဒဏ္ဍာရီထဲမှ ရတနာနှင့် ပတ်သက်နေနိုင်မည်လော။
သူတို့၏ အတွေးကို သိနေသည့်အလား မြို့စားက အသေးစိပ် ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ (၁၀)ရက်လောက်မှာ ဘုန်းတော်ကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ လူစိမ်းတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူက အဲဒီလူစိမ်းနဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရတယ်။ တိုင်းပြည်တည်ငြိမ်ရေးတံဆိပ်ကိုလည်း ယူသွားကြပြီ…"
"လျှို့ဝှက်ဆန်းကြယ်တဲ့ လူစိမ်း ဟုတ်လား … "
ထိုကဲ့သို့ ရန်သူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့၏ ခေါင်းထဲ၌ ပထမဆုံး ပေါ်လာသည်မှာ ကောင်းကင်ဖျက် မကောင်းဆိုးဝါးဖြစ်သည်။
"ငါတို့က အဲဒီလူစိမ်းနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အဲဒီလူစိမ်းက မျက်နှာဖုံးတစ်ခု ဝတ်ထားပြီး ကြောက်စရာကောင်းတဲ့အစွမ်းတွေ ပိုင်ဆိုင်ထားတယ်…"
မြို့စားက ခေါင်းညိတ်ပြလိုက်သည်။
"ဒဏ္ဍာရီတွေလား ဒါမှမဟုတ် အင်မော်တယ်တွေလား…"
မြို့စား၏ ပြောပြချက်အရ မုန့်ချီတို့အဖွဲ့က အလွန်လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းနှစ်ခုကိုသာ တွေးမိလိုက်သည်။
"ငါတို့ရဲ့ တာဝန်နဲ့ သူတို့ရဲ့တာဝန်ကြားထဲမှာ တစ်ခုခု ပြဿနာရှိနေတာလား။ သူတို့ရဲ့တာဝန်က ကံကြမ္မာကာကွယ်ခြင်း ရတနာ (၃)မျိုးလုံးကို ရယူဖို့လား။ ဒါပေမယ့် ဒီတာဝန်က သူတို့အတွက် အရမ်းကို လွယ်လွန်းတယ် မဟုတ်လား..”
“ဒါဆိုရင် တိုင်းပြည်တည်ငြိမ်ရေးတံဆိပ်ကို ယူသွားကြပြီ။ ဒါဆိုရင် ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက် ပျောက်ဆုံးမှုရဲ့နောက်ကွယ်မှာလည်း အဲဒီမျက်နှာဖုံးဝတ် လူစိမ်းတွ ရှိနေနိုင်တယ်…"
တာအိုသခင် ပိုင်ကျန်းက တီးတိုးရေရွတ်လိုက်သည်။
ထို့ကြောင့် သူတို့က နှလုံးမေ့မီးဖိုထဲတွင် ရှိနေသော တော်ဝင်ကျောက်စိမ်းခေါင်းလောင်း နောက်ကိုပါ လိုက်နေသည်ဟု ဆိုလိုနေသည်။ ပို၍ အံ့ဩစရာကောင်းသော အကြောင်းအရာများ ဖြစ်ပျက်နေသည့်အတွက် လူစိမ်းများက မီးဖို၏တည်နေရာကို မသိသေးရန်သာ တာအိုသခင်က မျှော်လင့်နေခဲ့သည်။ မဟုတ်လျှင် သူတို့က ရန်ရှန်ကို အလျင်စလို သွားနေနိုင်၏။
ထိုသတင်းက ရုတ်တရက် ရောက်လာခြင်းဖြစ်သည်။ တာအိုသခင်ကတော့ ရုတ်တရက် ရောက်လာသည့် သတင်းကြောင့် ခေါင်းထဲတွင် ရှုပ်ထွေးနေခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က တခြားလူများထက်အရင် မြန်မြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူတို့က ချက်ချင်းပင် ရဲတိုက်ထဲမှ ထွက်သွားခဲ့၏။
သူတို့က မြို့တံခါးဝင်ပေါက်တွင် လူခွဲလိုက်ပြီး တာအိုသခင်က မြောက်ဘက်သို့ အလွန်လျင်မြန်စွာ ထွက်သွားခဲ့၏။
"ငါတို့က ဒဏ္ဍာရီ ဒါမှမဟုတ် အင်မော်တယ်ထဲက အဖွဲ့သားတွေနဲ့ တကယ်ပဲ တွေ့ရလိမ့်မယ်လို့ မယုံနိုင်ဘူး…"
မုန့်ချီက ပြောလိုက်သည်။
ထိုအဖွဲ့အစည်း နှစ်ခုနှင့် ပတ်သက်ရမည်ဆိုလျှင် သူတို့အတွက် ပြဿနာများသည်။ ဒဏ္ဍာရီနှင့် အင်မော်တယ်အဖွဲ့သားအများစုက ကြောက်စရာအကောင်းဆုံး စွမ်းအားများရှိနေပြီး သူတို့ကတော့ ထိုလူများထက် နိမ့်ကျနေသည်။ သူတို့က လုံခြုံသော နေရာတစ်ခုတွင် စုစည်းပြီး ဆက်လက်ဆွေးနွေးနေကြ၏။
"အဲဒီလိုလည်း မဟုတ်နိုင်ဘူး…"
ကျိုးဟမ်က ခေါင်းခါပြီး ပြောလိုက်သည်။
"ဒဏ္ဍာရီနဲ့ အင်မော်တယ်တွေရဲ့အစစ်အမှန် အဖွဲ့သားတွေကတော့ တော်တော်လေး အစွမ်းထက်တယ်။ ပုံမှန်အခြေအနေမျိုးမှာ သူတို့လေ့ကျင့်ပေးထားတဲ့ သံသရာခရီးသွားတွေက သေမင်းတမန် တာဝန်ပြီးဆုံးသွားတဲ့ အချိန်မှပဲ တရားဝင်ပူးပေါင်းဖို့ အခွင့်အရေးရှိတယ်။ သူတို့ရဲ့စစ်ဆေးမှုတွေကို အောင်မြင်သွားပြီ ဆိုရင်တော့ သူတို့က အစစ်အမှန်အဖွဲ့သားတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် အဖွဲ့သား မဖြစ်သေးတဲ့ သံသရာခရီးသွားတွေ တစ်ယောက်မှ လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို မရောက်သေးဘူးလို့ သတင်းကြားတယ်။ ဒီတာဝန်က တော်တော်လေးကို ခက်ခဲနိုင်ပြီး သူတို့ရဲ့အရည်အသွေးကလည်း ပြောစရာရှိတယ်။ ဒီတော့ လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို မရောက်သေးရင် ဒါမှမဟုတ် ဝေ့ကျင်းတစ်ဝက်နည်းလမ်းတွေပဲ ရှိမယ်ဆိုရင် သေချာပေါက်ကျရှုံးမှာပဲ..”
“ငါတို့က အစစ်အမှန် အဖွဲ့သားတွေရဲ့အစွမ်းကို အထင်ကြီးနေဖို့လည်း မလိုဘူး။ ငါတို့က အဲဒီအဖွဲ့က အတွေ့အကြုံရှိတဲ့ အကြီးအကဲတွေကို မယှဉ်နိုင်ဘူး ဆိုရင်တောင် အတွေ့အကြုံမရှိတဲ့ လူသစ်တွေကိုတော့ သေချာပေါက် ယှဉ်နိုင်ပါတယ်..”
“သေချာစဉ်းစားကြည့်လိုက်။ ဒီကမ္ဘာကြီးထဲမှာ အစွမ်းထက်ဆုံးက ကောင်းကင်ဖျက်မကောင်းဆိုးဝါးပဲ။ သံသရာအရှင်သခင်က သူတို့အတွက် လွယ်ကူနိုင်တဲ့ တာဝန်မျိုးကို ပေးမှာ မဟုတ်ဘူး။ဒါကြောင့် ငါတို့က သူတို့ရဲ့အစွမ်းကို အကြမ်းဖျင်း တွက်ကြည့်လို့ရတယ်။ ငါတို့က သူတို့နဲ့ ထိပ်တိုက်တွေ့မှာကိုလည်း သေချာပေါက် ရှောင်တိမ်းနိုင်တဲ့အတွက် သူတို့ကို အရမ်းကြောက်နေဖို့မလိုဘူး…"
"မင်းရဲ့အတွေးက မှန်တယ်လို့ ထင်တာပဲ…"
မုန့်ချီတို့ကလည်း ကျိုးဟမ်၏ သုံးသပ်ချက်ကို လက်ခံလိုက်ကြသည်။ သူတို့က စိုးရိမ်မှုများကို ယာယီဖယ်ရှားလိုက်ပြီး ကောင်းကင်ဖျက်နန်းတော်ဆီသို့ ထွက်လာကြ၏။
သူတို့က လမ်း၌ ရောက်နေသည့်အချိန်တွင် မုန့်ချီက ပင်မတာဝန်ဖော်ပြချက်ကို ပြန်လည်စဉ်းစားမိခဲ့သည်။
"တစ်လအတွင်း နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ပိတ်ဆို့ပြီး မကောင်းဆိုးဝါးဘိုးဘေးကို လုံးဝ နိုးထမလာအောင် တားဆီးရမယ်…"
သူက ချက်ချင်းပင် ရပ်လိုက်ပြီး ကျန်းကျိဝေတို့ကို လေးလေးနက်နက် လှည့်ပြောလိုက်၏။
"ဒီနေရာမှာ ဒဏ္ဍာရီနဲ့ အင်မော်တယ်အဖွဲ့က အကြီးအကဲတွေ ရောက်နေနိုင်တယ်လို့ ငါ ယုံတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပင်မပစ်မှတ်က ကောင်းကင်ဖျက်မကောင်းဆိုးဝါး မဟုတ်ဘူး … "
"ဒါဆိုရင် ဘယ်သူလဲ … "
ကျိုးဟမ်က မေးလိုက်သည်။
မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။
"မကောင်းဆိုးဝါးဘိုးဘေး … "
Translated by Hein Htet