အခန်း (၃၅၂)
Vol. 24 Ch. 352
"မကောင်းဆိုးဝါးဘိုးဘေး … ဟုတ်လား…"
ချီကျန်းရန်က မျက်မှောင်ကြုတ်လိုက်မိသည်။ မကောင်းဆိုးဝါးဘိုးဘေး၏ အကြောက်တရားက နတ်ဆိုးကမ္ဘာအပိုင်းအစ ပြန်လည်ဝင်စားခြင်းနှင့် ညီမျှနေသည်။
ပထမတွင် ကျန်းကျိဝေက ဇဝေဇဝါဖြစ်နေပြီး အတွေးနှင့် ခေါင်းညိတ်ပြလိုက်၏။
"မကောင်းဆိုးဝါးဘိုးဘေးက လုံးဝနိုးထလာတာ မဟုတ်ဘူးဆိုရင်တောင် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တွေက ဖိနှိပ်နိုင်မှာ မဟုတ်လောက်ဘူး။ တကယ်လို့ မကောင်းဆိုးဝါးဘိုးဘေးကသာ အင်မော်တယ်တွေ ၊ ဒဏ္ဍာရီတွေရဲ့ တာဝန်ဖြစ်လိမ့်မယ်ဆိုရင် တော်တော်လေးကို ခက်ခဲလိမ့်မယ်…"
ကျိုးဟမ်ကလည်း အနည်းငယ် လေးနက်သွားသည်။
"ဗုဒ္ဓဘုန်းတော်ကြီး ကျူးကျန်းက ဓမ္မကာရအဆင့်ရှိတယ်။ ဒါပေမယ့် မကောင်းဆိုးဝါး ဘိုးဘေးကတော့ အထွဋ်အထိပ် အခြေအနေမှာ သူ့ထက်ပိုပြီး အစွမ်းထက်တယ်။ ဒါကြောင့် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့အတွက် လုံးဝနိုးထမလာသေးဘူး ဆိုရင်တောင် သူရဲ့အစွမ်းက ထိပ်တန်းသိုင်းသခင် တစ်ယောက်ကိုတော့ ယှဉ်နိုင်လိမ့်မယ်။ ဒီတော့ အင်မော်တယ်တွေ ၊ ဒဏ္ဍာရီတွေထဲမှာ ပြိုင်ဘက်ကင်း ထိပ်တန်းပညာရှင်တစ်ယောက် အနည်းဆုံး ရှိနိုင်တယ်။ ဒါကြောင့် ငါတို့က သတိထားရလိမ့်မယ်…"
ထိုအရာကို စဉ်းစားမိလိုက်သည့်အချိန်တွင် ကျိုးဟမ်နှင့် တခြားလူများက သိုသိုသိပ်သိပ် လှုပ်ရှားရန် အကောင်းဆုံး ကြိုးစားလိုက်ကြသည်။ သူတို့က ထိုတာဝန်ထဲတွင် ဝင်ရှုပ်လိုခြင်း မရှိပေ။ မဟုတ်လျှင် သူတို့က မြှုပ်စရာနေရာမရှိဘဲ သေဆုံးသွားရပါလိမ့်မည်။
ကောင်းကင် (၉)သွယ် မိုးကြိုးနတ်ဘုရားက ဒုတိယကောင်းကင် ၊ တတိယကောင်းကင် ဝေ့ကျင်းအဆင့်သာ ရှိသေးသော်လည်း အဖွဲ့တစ်ဖွဲ့လုံးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ကျိုးဟမ် တစ်ယောက်တည်းကသာ သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြောက်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ကင်း ထိပ်တန်းပညာရှင်တစ်ယောက်နှင့် လုံးဝ ရင်ဆိုင်ဖူးသည့် အတွေ့အကြုံ မရှိသေးချေ။
"ငါတို့က ထွက်ပြေးနိုင်မှာ မဟုတ်ဘူး…"
ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်၏။
"ဟုတ်တယ်။ အတိအကျပဲ ။ တကယ်လို့ သူတို့ရဲ့တာဝန်ကသာ မကောင်းဆိုးဝါး ဘိုးဘေးကို ရှင်းပစ်ဖို့ဆိုရင် သူတို့က နတ်ဆိုးကမ္ဘာအပိုင်းအစထဲကို သေချာပေါက် ဝင်သွားရမှာပဲ။ ပြောရမယ်ဆိုရင် သူတို့တွေက နတ်ဆိုးကမ္ဘာအပိုင်းအစကို တခြားသူတွေ ဖျက်ဆီးတာ ကာကွယ်ဖို့အတွက် ကောင်းကင်ဖျက်နန်းတော်ကြီးထဲမှာ စခန်းချထားလောက်တယ်။ မဟုတ်ရင် အဲဒီတာဝန်က သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ကျရှုံးသွားရမှာ…”
“ဒါဆိုရင် ငါတို့တာဝန်ရဲ့အခက်ခဲဆုံး အပိုင်းကတော့ အချိန်ကို ထိန်းချုပ်ဖို့ပဲ။ ငါတို့က စောစောသွားပြီး နတ်ဆိုးကမ္ဘာကြီးထဲကို သူတို့ထက် အရင်ဝင်ရမယ်။ တကယ်လို့ ငါတို့သာ နောက်ကျသွားပြီဆိုရင်တော့ ငါတို့ရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားသွားလိမ့်မယ်…"
"မဟုတ်သေးဘူး ။ဒီတာဝန်က တော်တော်လေးကို ထူးဆန်းတယ်လို့ထင်တယ် "
ကျန်းကျိဝေက နှုတ်ခမ်းကို ကိုက်ပြီး မုန့်ချီ၏ ထင်မြင်ချက်ကို ဖယ်ရှားလိုက်သည်။
"တကယ်လို့ ငါသာ သူတို့ဆိုရင် လုံလောက်တဲ့ အင်အားမရှိဘဲ လမ်းကြောင်းကို ကာကွယ်နေမှာ မဟုတ်ဘူး။ ကောင်းကင်ဖျက် မကောင်းဆိုးဝါးက အပြင်ထွက်သွားတဲ့အချိန်မှာ ငါက ကျန်ရှိနေတဲ့ တခြားမကောင်းဆိုးဝါးတွေကို ရှင်းပစ်မှာပဲ။ ဒါဆိုရင် နတ်ဆိုးသလင်းကျောက်တွေက ငါ့လက်ထဲမှာ ရှိနေတဲ့အတွက် ဘယ်သူမှ အဲဒီအရာကို ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ကတော့ နတ်ဆိုးကမ္ဘာကြီးရဲ့ အတွင်းထဲကို သွားပြီး အစွမ်းထက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ရှာဖွေပြီး သတ်ရလိမ့်မယ်။ မဟုတ်ရင် ငါတို့က သီးခြားတာဝန်ကို ပြီးဆုံးအောင် ကြိုးစားပြီး နှုတ်ယူခံရနိုင်တဲ့ ကံကြမ္မာအမှတ်ကို ပြန်ဖြည့်ဖို့ လုပ်ရမယ်…"
အမှန်အတိုင်းပြောရလျှင်တော့ မုန့်ချီတို့ အဖွဲ့က ယခုပြန်ရမည်ဆိုလျှင်ပင် ကံကြမ္မာအမှတ် မလုံလောက်မှုကြောင့် ဖယ်ရှားခံရလိမ့်မည် မဟုတ်ချေ။ သံသရာအရှင်သခင်က သူတို့၏အမှတ်ကို နှုတ်ရန် သူတို့၏ လက်နက် ၊ ဆေးလုံးနှင့် တခြားပစ္စည်းများကို အမှတ်များအဖြစ် အရင်ဆုံး ပြောင်းလဲမည်ဖြစ်သည်။
သို့သော် ထိုအခြေအနေတွင် ပြောင်းလဲမှုက ဈေးလျော့မည်ဖြစ်ပြီး မုန့်ချီ ပိုင်ဆိုင်ထားသောအရာများက ကံကြမ္မာအမှတ် အများဆုံး (၁၀၀၀)ခန့်သာ ရှိနိုင်သည်။
ကျန်းကျိဝေ၏ ယူဆချက်ကို စဉ်းစားမိသည့်အခါ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ အကယ်၍ ပြိုင်ဘက်ကသာ အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေပြီး တာဝန်က မှန်ကန်နေမည်ဆိုလျှင် သူတို့က ချက်ချင်း လှုပ်ရှားရပါလိမ့်မည်။
ကျန်းကျိဝေကလည်း တူညီစွာ လှုပ်ရှားလိုက်ပြီး သူမ၏ဓားကို ဆုပ်ကိုင်လိုက်၏။ အစွမ်းထက်သော ပညာရှင်တစ်ယောက်၏ လှုပ်ရှားမှုများကို ဖယ်လိုက်မည်ဆိုလျှင် သူမ၏တွက်ချက်မှုက တခြားလူများထက် ပို၍ တိကျသသည်။
"တကယ်လို့ အဖွဲ့နှစ်ဖွဲ့မှာရှိတဲ့ သံသရာခရီးသွားတွေက တိုက်ရိုက်ယှဉ်ပြိုင်ရမှာ မဟုတ်ဘူးဆိုရင် သူတို့ရဲ့တာဝန်ကလည်း ရှုပ်ထွေးမှာ မဟုတ်ဘူး။ အဲဒါက ငါတို့တာဝန်ရဲ့ အခက်အခဲကို တိုက်ရိုက်မြှင့်တင်လိုက်သလို ဖြစ်သွားနိုင်တယ်…"
ကျိူးဟမ်က ရှုပ်ထွေးနေခဲ့သည်။
မုန့်ချီက မချိပြုံး ပြုံးလိုက်၏။
"သူတို့ရဲ့ ကျေးဇူးကြောင့် ငါတို့က မကောင်းဆိုးဝါး (၃)ကောင်ကို သတ်နိုင်ခဲ့တယ်။ မဟုတ်ရင် သူတို့က ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ဘာလို့ သွားရှာရမှာလဲ။ တကယ်လို့ နတ်ဆိုး (၇)ယောက်လုံးကသာ ကောင်းကင်ဖျက် နန်းတော်ထဲမှာ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် နေရာတစ်နေရာဆီကို စောင့်ကြပ်နေမယ်ဆိုရင် ငါတို့က အချိန်ကန့်သတ်ချက်ကြောင့် သူတို့ကို တိုက်ခိုက်ဖို့ အတွက် ကန့်သတ်ချက်တွေရှိတယ်။ ငါတို့က ကောင်းကင်ဖျက် မကောင်းဆိုးဝါးနဲ့ မဆင်မခြင် တိုက်ခိုက်ရဖို့ပဲ ရှိတော့တာလေ။ ဒါဆိုရင်တော့ ရလဒ်ကို ခန့်မှန်းကြည့်လို့ မရနိုင်ဘူး…”
“ငါတို့က ကောင်းကင်ဖျက် မကောင်းဆိုးဝါးနန်းတော်ကို မြန်မြန်သွားပြီး နတ်ဆိုးကမ္ဘာကြီးထဲကို တိုက်ရိုက်ဝင်မှပဲ ရမယ်။ တကယ်လို့ အဲဒီမှာ တခြားနတ်ဆိုးတွေ မရှိဘူးဆိုရင် ငါတို့က တခြားအစွမ်းထက်တဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို သတ်ပစ်နိုင်တယ်။ မကောင်းဆိုးဝါး ဘိုးဘေး အသက်ရှင်မလာခင် ငါတို့က ထွက်သွားနိုင်ဖို့ မျှော်လင့်ရတာပဲ.. "
သူတို့က မကောင်းဆိုးဝါးဝိညာဉ် (၃)ကောင်ကိုသာ သတ်ရန် လိုအပ်သည်။ ထိုအရာက အတော်လေးကို လျင်မြန်နိုင်၏။
"ဒါက ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငါတို့က တာဝန်ကျရှုံးဖို့ပဲ မျှော်လင့်ရတော့မယ် … "
ကျိုးဟမ်ကတော့ တော်ဝင်မိသားစုမှ မင်းသားတစ်ပါးဖြစ်သည့်အတွက် တည်ငြိမ်နေနိုင်သော်လည်း မုန့်ချီတို့ကတော့ ထိုသို့မဟုတ်ပေ။
ရုတ်တရက်ဆိုသလို သူတို့က မိန်းမပျိုတစ်ယောက်၏ အသံကို ကြားလိုက်ရ၏။
"မင်းတို့မှာ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိနေသေးတယ်…"
တစ်စုံတစ်ယောက် သူ့ကိုယ်သူ ဖုံးကွယ်ပြီး သူတို့၏ အနားသို့ ကပ်လာခြင်းပေလော။ မုန့်ချီက အံ့ဩမှင်တက်သွားခဲ့ပြီး သူ့စိတ်ကို မနည်းတည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။
သူက တစ်ဖက်ကို ခေါင်းငဲ့ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုတစ်ယောက်က သစ်တောထဲမှနေ၍ ဖြည်းညင်းစွာ ထွက်လာကြောင်း တွေ့လိုက်ရသည်။ သူမက မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထား၏။
သူမ၏ ပုံသဏ္ဌာန်က ရေလှိုင်းများ၊ မီးတောက်များကဲ့သို့ သိမ်မွေ့ညင်သာမှု မရှိသော်လည်း တောင်တန်းများ ၊ သစ်ပင်ကြီးများကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်။ မျက်နှာဖုံးပေါ်တွင်တော့ အနီရောင် အစက်များ ရှိနေသော မိန်းမပျိုတစ်ယောက်၏ မျက်နှာပုံသဏ္ဌာန် ရှိသည်။ မျက်ခုံးပေါ်တွင်တော့ အပြာရောင်သဲများ ရှိနေသည်။
"တိမ်တိုက်ပြာဘိုးဘေးလား … "
ကျိုးဟမ်က တီးတိုးရေရွတ်လိုက်မိသည်။
ထိုမျက်နှာဖုံးကို နေရာပေါင်းများစွာတွင် မြင်ခဲ့ဖူး၏။ ထိုအရာက အလွန်နာမည်ကျော်ကြားသော နတ်ဘုရားမတစ်ပါးဖြစ်သည့် တိမ်တိုက်ပြာ ဘိုးဘေးဖြစ်သည်။ ထိုမိန်းမပျိုက အင်မော်တယ်တစ်ယောက်ပေလော။ မုန့်ချီက ကျန်းကျိဝေတို့ကို လှမ်းကြည့်လိုက်သည်။
ထိုမိန်းမပျိုက မုန့်ချီတို့နှင့် (၁၀)ပေခန့် အကွာတွင် ရပ်လိုက်ပြီး သူတို့ မသက်မသာ ခံစားရစေရန် အနားသို့ အလျင်စလို ကပ်လာခဲ့ခြင်း မရှိချေ။ သူမက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့်အလား အသက်ရှူသံက အနည်းငယ် မတည်မငြိမ် ဖြစ်နေ၏။
"ငါက အင်မော်တယ်အဖွဲ့က တိမ်တိုက်ပြာဘိုးဘေးပဲ "
သူမက ပြောလိုက်သည်။
"ခင်ဗျားက ဘာလို့ ဒီကိုရောက်လာရတာလဲ…"
မုန့်ချီက မေးလိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
သူမက ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ယူသွားခဲ့သည့် တစ်ယောက်ပေလော။ ထို့ကြောင့် သူမက အမြဲစိမ်းကျောင်းဆောင် အပျက်အစီးထဲမှနေ၍ သူတို့၏ နောက်ကိုတစ်လျှောက်လုံး လိုက်လာခြင်းပေလော။ သူမက ဝေ့ကျင်းအဆင့် စွမ်းအားများ ရှိနေသည့်အတွက် သူမ၏ ရည်ရွယ်ချက်က မည်သို့ရှိနေသနည်း။
"နတ်ဆိုးကမ္ဘာကြီးရဲ့အတွင်းထဲကို သွားတာက လွဲရင် ငါတို့နဲ့ ပူးပေါင်းဖို့လည်း ရွေးချယ်လို့ ရသေးတယ်…"
တိမ်တိုက်ပြာဘိုးဘေးက မနှေးမမြန် ပြောလိုက်သည်။
"အမြဲစိမ်းကျောင်းဆောင်အပျက်အစီးထဲမှာ ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ယူသွားတာကတော့ ဒဏ္ဍာရီအဖွဲ့က အနောက်ပိုင်း သခင်မပဲ.. "
ဘာကြောင့် ဒဏ္ဍာရီများလည်း ပါဝင်ပတ်သက်နေရသနည်း။ မုန့်ချီက မျက်မှောင်ကြုတ်နေမိသည်။ ထိုအရာက သူတို့ထိပ်တိုက်ရင်ဆိုင်ရမည့် တာဝန်တစ်ခုပေလော။
တိမ်တိုက်ပြာဘိုးဘေးက ဆက်ပြောလိုက်သည်။
"မြောက်ပိုင်းဓူဝံကြယ်လည်း အဲဒီမှာ ရှိနေတယ်။ သူက ငါ့ကို ထိခိုက်အောင်လုပ်ခဲ့တာ။ တကယ်လို့ ငါတို့ကသာ အဲဒါကို လိုချင်မနေခဲ့ဘူးဆိုရင် သူတို့နှစ်ယောက်က မင်းတို့အားလုံးကို သတ်ပစ်နိုင်တယ်။ သူတို့အတွက်တော့ ပြောင်းလဲမှု နည်းလေ ပိုကောင်းလေလေပဲ… "
သူတို့က ထိုကဲ့သို့ အန္တရယ်များသော အခိုက်အတန့်ကို ကြုံတွေ့ခဲ့ရလိမ့်မည်ဟု မုန့်ချီတို့က မထင်ထားခဲ့ပေ။ ထိုတာဝန်က အတော်လေး ထူးဆန်းလာကြောင်း တွေ့နေရ၏။ သူတို့ကိုယ်တိုင် လှုပ်ရှားခြင်းမရှိသော်လည်း သေဆုံးခြင်းများစွာကို ရင်ဆိုင်နေရသည်။ သူတို့၏ ပင်မတာဝန်ကလည်း ပို၍ ခက်ခဲလာခဲ့၏။
"ဒါဆိုရင် သူတို့ရဲ့တာဝန်က မကောင်းဆိုးဝါးဘိုးဘေးကို သတ်ပစ်ဖို့လား…"
မုန့်ချီကတော့ ပြဿာနာ၏ အရင်းအမြစ်ကို တည့်တည့်သာ မေးလိုက်သည်။
တိမ်တိုက်ပြာဘိုးဘေးက သူတို့၏ နောက်မှနေ၍ အပျက်အစီးထဲသို့ လိုက်လာခဲ့၏။ ထို့ကြောင့် သူမ၏ ပုန်းကွယ်ရေးနည်းလမ်းက အလွန်မြင့်မားလှသည်။
"တိတိကျကျ ပြောရမည်ဆိုလျှင် အဲဒါက ငါတို့ရဲ့ တာဝန်ပဲ။ ဒါပေမယ့် သူတို့က သတင်းအချက်အလက်တချို့ကို သိသွားတဲ့အတွက် သံသရာတံဆိပ်တွေကို သုံးပြီး အဖွဲ့သားတွေ အများကြီး ရောက်လာခဲ့တာ။ သူတို့က နတ်ဆိုးကမ္ဘာကြီးရဲ့ အတွင်းထဲကို သွားဖို့အတွက် ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ယူဆောင်ခဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးဘိုးဘေးကို ဖိနှိပ်မှာပဲ…"
တိမ်တိုက်ပြာ ဘိုးဘေးက ရှင်းပြလိုက်၏။
"ဘယ်လိုအချက်အလက်တွေလဲ…. "
ကျိုးဟမ်က စိုးရိမ်စွာ မေးလိုက်သည်။
သံသရာကမ္ဘာကြီးထဲတွင် အချက်အလက်များက အလွန်တန်ဖိုးရှိသည်။ မျှော်လင့်ချက်မဲ့နေသော အခြေအနေမှ လူပေါင်းများစွာကိုပင် ကယ်တင်ပေးနိုင်၏။
သူတို့၏ မေးခွန်းကို ပြန်ဖြေရမည့်အစား တိမ်တိုက်ပြာဘိုးဘေးက ပြောလိုက်သည်။
"ဒဏ္ဍာရီအဖွဲ့က ကျိ ၊ မြောက်ပိုင်းဓူဝံကြယ် ၊ တိုက်ခိုက်ရေးကြယ်နဲ့ အနောက်ပိုင်းသခင်မတို့ ရောက်လာကြတယ်။ သူတို့က တကယ့်ကို ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိ ပညာရှင်တွေပဲ။ အနောက်ပိုင်းသခင်မကတော့ လူသစ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ကျိက ထိပ်တန်းသိုင်းသခင်တစ်ယောက်ရဲ့ အဆင့်ကို ရောက်နေပြီ…"
ကျိ ဟူသည်မှာ ဒဏ္ဍာရီထဲမှ ရှေးဟောင်းအင်ပါယာတစ်ပါး၏ နာမည်ဖြစ်ပြီး လက်ရှိအချိန်အထိ လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။
"ငါတို့အဖွဲ့သားတွေထဲမှာတော့ ငါ အပါအဝင် ဘိုးဘေးကွမ်ချန်းနဲ့ ယွင်ကျုံးကျိတို့ ရောက်လာခဲ့တယ်။ ငါတို့က သူတို့လောက် အစွမ်းမထက်တဲ့အတွက် မင်းတို့နဲ့ ပူးပေါင်းချင်တယ်…"
သူမက အဖွဲ့နှစ်ဖွဲ့၏ စွမ်းအားများကို နှိုင်းယှဉ်ပြခဲ့သည်။ ဘိုးဘေးကို ကွမ်ချန်းကို ကွမ်ချန်းကျိ ဟုလည်းခေါ်ပြီး သူက ဂိုဏ်း (၉)ဂိုဏ်း ဘိုးဘေးများထဲမှ တစ်ယောက် ဖြစ်သည်။
မုန့်ချီက သူ့အကြောင်းကို ကြားခဲ့ဖူးသည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် သူက အံ့ဩနေခဲ့ခြင်းမရှိချေ။ သို့သော် ယွင်ကျုံးကျိနှင့် ပတ်သက်ပြီး အင်မော်တယ်များထဲတွင် မှတ်တမ်းများ မရှိချေ။ သူက အရင်ဘဝရှိ ဝတ္ထုတစ်ခုထဲတွင်သာ ထိုအရာကို မြင်ခဲ့ဖူး၏။
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"အင်မော်တယ်တွေက ရှေးဟောင်းအင်မော်တယ်တွေရဲ့ နာမည်ကို ယူထားတယ်လို့ ကြားဖူးတယ်။ ဘာလို့ ယွင်ကျုံးကျိဆိုတဲ့ နာမည်ကို မကြားဖူးရတာလဲ…"
သူက သူ့အဖော်များ၏ တုံ့ပြန်မှုကို သတိထားမိခဲ့သည်။ သူတို့ကလည်း ထိုလူနာမည်ကို မကြားဖူးကြောင်း ခေါင်းညိတ်ပြလိုက်၏။
တိမ်တိုက်ပြာဘိုးဘေးက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ရှေးဟောင်းအင်မော်တယ်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်းတို့က တစ်ယောက်ချင်းဆီကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…"
ထိုကဲ့သို့ ပြီးပြည့်စုံသော အဖြေကိုကြားလိုက်ရသည့်အခါ မုန့်ချီက စိတ်ထဲတွင် မှင်တက်သွားခဲ့သည်။ သူက အံ့ဩနေခြင်းမရှိသလို တုန်လှုပ်နေခြင်းလည်း မရှိပေ။ ထိုအရာက အဆင့်မြင့်ကမ္ဘာကြီးတစ်ခုပေလော။ သို့မဟုတ် ထိုအရာက ကောင်းကင်အုပ်စိုးသူတစ်ယောက် ရှိနေသော ကမ္ဘာကြီးပေလော။
သို့သော် သူတို့ကတော့ ကောင်းကင်ဘိုးဘေးနှင့် ပတ်သက်ပြီး ပြောနေစရာ မလိုအပ်ပေ။ သူက ပင်မကမ္ဘာကြီးထဲရှိ ထိပ်တန်းဘိုးဘေး(၃)ယောက်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ ထိုထိပ်တန်းဘိုးဘေး (၃)ယောက်ကတော့ ကောင်းကင်ဘိုးဘေး ၊ လူသားဘိုးဘေးနှင့်လင်းပေါင်ဘိုးဘေးတို့ဖြစ်ကြ၏။
"ကျွန်တော် နားလည်ပါပြီ…"
မုန့်ချီက ပြောလိုက်၏။
"ကျွန်တော်တို့က ခင်ဗျားတို့နဲ့ ဘယ်လိုပူးပေါင်းရမှာလဲ။ ဒဏ္ဍာရီတွေကရော ဘာဖြစ်လို့ အတင်းအကြပ် ဝင်လာရတာလဲ။ တကယ်လို့ ခင်ဗျားတို့ကသာ လျှို့ဝှက်ထားမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ အဆင်ပြေမှာ မဟုတ်ဘူး…"
တိမ်တိုက်ပြာဘိုးဘေးက အနည်းငယ် ချောင်းဆိုးလိုက်ရသည်။ သူမက ဒဏ်ရာမှ ပြန်ကောင်းပုံ မရသေးပေ။
"တကယ်လို့ အချက်အလက်တွေသာ ရုတ်တရက် ပေါ်မလာဘူးဆိုရင် ငါတို့ (၃)ယောက်တည်းနဲ့ လုံလောက်တယ်။ အခုတော့ ငါတို့က ဒဏ္ဍာရီအဖွဲ့က အဖွဲ့သား (၄)ယောက်ကို ရင်ဆိုင်နေရတဲ့အတွက် တော်တော်လေး အရေးကြီးသွားပြီ။ မင်းတို့က ဒီအချက်အလက်တွေကို ပြန်မပြောပါဘူးလို့ ကျိန်ဆိုနိုင်မလား … "
မုန့်ချီနှင့် သူ၏မိတ်ဆွေများက စွမ်းအားကန့်သတ်ချက်ကြောင့် ပင်မပြဿနာများကို ပါဝင်နိုင်ခြင်း မရှိသည့်အတွက် ထိုအရာဆီမှ အကျိုးအမြတ်ရသွားမှာကို သူမက စိုးရိမ်နေစရာ မလိုအပ်ပေ။
မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ထိုအခြေအနေက လက်ခံနိုင်ဖွယ်ရှိသည်ဟု တွေးမိကြသည်။ ထို့ကြောင့် သူတို့အားလုံးက ကျိန်ဆိုလိုက်ကြ၏။
"ဒဏ္ဍာရီအဖွဲ့တွေ ကျူးကျော်လာတဲ့အတွက် မင်းတို့ရဲ့ ပင်မတာဝန် အခက်အခဲက ပြောင်းလဲသွားပြီ။ တကယ်လို့ ငါတို့အဖွဲ့တွေပဲ အဲဒီနေရာမှာ ရှိနေမယ်ဆိုရင်တော့ မင်းတို့သာ စောင့်နိုင်မယ်ဆိုရင် ငါတို့က နတ်ဆိုးကမ္ဘာကြီးထဲကို မဝင်ခင် နတ်ဆိုးကမ္ဘာသလင်းကျောက်ကို ချန်ထားမှာပဲ…"
တိမ်တိုက်ပြာဘိုးဘေးက ရန်သူများအပေါ် မုန်းတီးမှုများကို မုန့်ချီတို့အဖွဲ့နှင့် မျှဝေနေသည်။ နတ်ဆိုးကမ္ဘာကြီးထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့က ပုံမှန်အတိုင်း ထွက်လာရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"သူတို့က ဒီလောက်အထိ ချိုးဖောက်ဝင်ရောက်လာဖို့ အသည်းအသန် ကြိုးစားနေရတဲ့ အကြောင်းပြချက်ကတော့ ဗုဒ္ဓဘုန်းတော်ကြီး ကျူးကျန်းဆီက အချက်အလက်တွေကို လိုချင်လို့ပဲ…"
မုန့်ချီတို့အားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။ ဒဏ္ဍာရီအဖွဲ့က အဖွဲ့သားများကို စုစည်းရန် သံသရာတံဆိပ်(၄)ခုကို သုံးလိုက်သည်မှာ ရိုးရှင်းမှု မရှိနိုင်ပေ။
"တကယ်လို့ ငါတို့သာ အချိန်ကြာသွားမယ်ဆိုရင် အရှေ့ပိုင်းဘိုးဘေး၊ ဆူးချုံမည်းကြယ်နဲ့ ဒဏ္ဍာရီအဖွဲ့ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်ဘိုးဘေး အပါအဝင် တခြားပညာရှင်တွေတောင် ဒီအချက်အလက်အတွက် ရောက်လာလိမ့်မယ်”
တိမ်တိုက်ပြာ ဘိုးဘေးက သူတို့၏သိချင်စိတ်များကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်ပြန်သည်။
အရှေ့ပိုင်းဘိုးဘေးက သေသွားသည့်အတွက် ရောက်လာနိုင်တော့မည် မဟုတ်ချေ။ မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး လုံးဝမှတ်ချက်မပေးခဲ့ပေ။
တိမ်တိုက်ပြာ ဘိုးဘေး၏ အသံက တည်ငြိမ်လေးနက်လာခဲ့၏။
"ဘုန်းတော်ကြီးကျူးကျန်းက စွန့်စားခန်းတစ်ခုမှာ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ သိုင်းပညာတစ်ခုကို နားလည်သွားခဲ့တယ်။ အဲဒီအရာကြောင့် သူက ဓမ္မကာရအဆင့်ကိုတောင် ရောက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက စွန့်စားခန်းကနေ ရလာတဲ့ ပစ္စည်းနဲ့အတူ နတ်ဆိုးကမ္ဘာကြီးထဲကို သွားခဲ့ပြီး မကောင်းဆိုးဝါးဘိုးဘေးကို ဖိနှိပ်ခဲ့တယ်။ သူကိုယ်တိုင်လည်း အတွင်းထဲမှာ သေဆုံးသွားတယ်.."
ထိုအရာကိုတော့ သူတို့လည်း သိထားသည်။ မုန့်ချီတို့၏ စိတ်ဝင်စားမှုများက ပို၍ မြင့်တက်လာသည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေးက တစ်ကြိမ်တည်း မပြောခဲ့သည့်အတွက် အနည်းငယ် မကျေမနပ်ဖြစ်လာ၏။
"အချက်အလက်တွေ အရ အဲဒီအရာက … "
တိမ်တိုက်ပြာဘိုးဘေးက ရပ်လိုက်ပြီး သူမ၏အသံက တိုးသွား၏။ သူမ၏ စကားသံက လေထဲတွင် လှုပ်ရှားနေပြီး မည်သည့်နေရာကိုမျှ ရောက်သွားခဲ့ခြင်း မရှိချေ။
"အဲဒါက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ပဲ … "
Translated by Hein Htet