အခန်း (၃၅၃)
Vol. 24 Ch. 353
"ဗုဒ္ဓလက်ဝါးပထမသိုင်းကွက် ဟုတ်လား... "
မုန့်ချီက အော်ဟစ်လုနီးပါး အသံကျယ်သွားခဲ့ပြီး ရင်ထဲတွင် အတော်လေး လှုပ်ရှားသွားခဲ့သည်။
ထိုအရာက ဗုဒ္ဓလက်ဝါး ဖြစ်၏။ ဗုဒ္ဓလမ်းစဉ်အထွဋ်အထိပ် သိုင်းပညာတစ်ခုလည်း ဖြစ်သည်။ ဗုဒ္ဓလက်ဝါးသိုင်းနှင့် ကျဲတျန်းဓားသိုင်း (၇) ကွက်က လက်ရှိအခြေအနေတွင် အထွဋ်အထိပ်ဟု သတ်မှတ်နိုင်သည်။
ထိုအရာများကို လေ့ကျင့်လိုက်မည်ဆိုလျှင် အမှန်တကယ် အမြင့်ဆုံးကို ရောက်သွားနိုင်သည်။ အကယ်၍ မုန့်ချီ၏ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ထိုအရာနှင့် ယှဉ်နိုင်သည်ဟု ပြောရမည်ဆိုလျှင်ပင် ကံကြမ္မာအမှတ်နှင့် အရည်အသွေးအရ နိမ့်ကျနေသေးသည်။
ပင်မလမ်းညွှန်ချက် မရှိလျှင်ပင် ဗုဒ္ဓလက်ဝါး၏ သိုင်းကွက်တိုင်းက နှိုင်းယှဉ်၍ မရနိုင်သော ရတနာတစ်ခု ဖြစ်နေသည်။ ဘုန်းတော်ကြီးဓမ္မက တတိယသိုင်းကွက်ကို လေ့လာပြီး နတ်ဘုရားသိုင်းပညာများစွာကို ဖန်တီး၍ ရှောင်လင်ကျောင်းတော်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
အလားတူစွာပင် သွေးဓားဘုန်းတော်ကြီးကလည်း ဗုဒ္ဓလက်ဝါး၏ ပဉ္စမသိုင်းကွက်မှတဆင့် အလားတူ အခြေခံကျသော မှော်သိုင်းပညာကြီး (၂)ခုကို ဖန်တီး၍ ကျင်းကန်ကျောင်းတော်၏ အခြေခံကို တည်ဆောက်နိုင်ခဲ့သည်။
ထိုကျောင်းတော်ကြီး နှစ်ခုလုံးကလည်း နှစ် (၁၀၀၀) နီးပါးခန့် သမိုင်းကြောင်း ရှိနေသော ပင်မသိုင်းပညာအဖွဲ့အစည်းများ ဖြစ်ကြသည်။ ထိုကျောင်းဆောင်များကို တိုက်ခိုက်ခဲ့သော ဓမ္မကာရအဆင့် ပညာရှင်များလည်း နည်းပါးမှု မရှိချေ။ သို့သော် သူတို့ကတော့ ကပ်ဆိုးများနှင့် ဘေးဒုက္ခများကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်လာနိုင်ခဲ့သည်။
ကျောင်းဆောင်၏ ဖွံ့ဖြိုးတိုးတက်မှုက နာမည်ကျော် ဘုန်းတော်ကြီးများနှင့် သူတို့ စုဆောင်းဖန်တီးထားသော ဗုဒ္ဓလမ်းစဉ် မှော်သိုင်းပညာများကြောင့် ဖြစ်သော်လည်း သူတို့၏အခြေခံက ဗုဒ္ဓလက်ဝါးကို မှီခိုနေခြင်း ဖြစ်သည်။ သူတို့၏ ထိပ်တန်းသိုင်းပညာ တစ်ဝက်ကျော်က ထိုအရာမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် အဖိုးတန်ဆုံးနှင့် အထူးခြားဆုံးအရာကတော့ ဗုဒ္ဓလက်ဝါး ဖြစ်သည်။ အကွက်တစ်ကွက်ကို ရရှိခြင်းက သိုင်းကွက်ပေါင်းများစွာနှင့် ထိပ်တန်းပညာရှင်များစွာကို ရရှိနိုင်သည်။ ထိုအရာက ပင်မသိုင်းပညာများ၏ အခြေခံလည်း ဖြစ်၏။
ယခုတော့ ဗုဒ္ဓလက်ဝါးက မုန့်ချီတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအချိန်မျိုးတွင် သူက မအံ့ဩ မထိတ်လန့်ဘဲ နေနိုင်မည်လော။ ထို့ပြင် သူက ဗုဒ္ဓလက်ဝါးသိုင်းပညာကိုစောစောစီးစီး တွေ့ခွင့်ရခဲ့သည့်အတွက် စိတ်ဓာတ်မကျဘဲ နေမည်လော။ သူ့အစွမ်းက လိုအပ်နေသေးပြီး ထိုသိုင်းပညာများကို လေ့လာရန် စွမ်းရည် မရှိသေးပေ။
အကယ်၍ သူက ကံကောင်းပြီး ထိုသိုင်းပညာကို ရခဲ့မည်ဆိုလျှင်ပင် သူအတွက် ကံဆိုးမှုကြီးတစ်ခု ဖြစ်လာနိုင်သည်။ အခြေအနေကို နားမလည်သော လူတစ်ယောက်က အပြစ်ကင်းစင်သည်ဟု ဆိုနိုင်သော်လည်း တခြားလူများ၏ မနာလိုမှုကို လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
မုန့်ချီ တစ်ယောက်တည်းသာ အံဩနေခြင်း မဟုတ်ချေ။ အမြဲလိုလို တည်ငြိမ်အေးချမ်းသော ကျန်းကျိဝေ၏ အမူအရာကပင် ပြောင်းလဲသွားခဲ့၏။ ကျိကျန်းဓားစံအိမ်၏ အုတ်မြစ်က ကျဲတျန်းဓားသိုင်း (၇) ကွက်ထဲမှ ဓားသိုင်းကွက် တစ်ခုချင်းဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။
သူမ၏ဓားသိုင်းပညာကဲ့သို့ နာမည်ကျော်ကြားသော သိုင်းပညာတစ်ခုနှင့် တွေ့လိုက်ရသည့်အချိန်တွင် သူမကလည်း အရေးမပါသလို မည်သို့ သက်မှတ်ရမည်နည်း။
ရွမ်ယုရှုကတော့ အသက်ရှုရန်ပင် မေ့လျော့နေသည့်အလား တိတ်ဆိတ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ ခံစားချက် ကင်းမဲ့နေသော ချီကျန်းရန်၏ မျက်နှာပေါ်တွင်ပင် အတော်လေး စိတ်ဝင်စားသည့် အမူအရာလေးတစ်ခု ပေါ်လာခဲ့၏။ မူလတုန်းကတော့ ထိုအရာက အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို ယှဉ်နိုင်သော ကျင့်စဉ်တစ်ခု ဖြစ်မည်ဟု သူက တွေးခဲ့မိသည်။ သို့သော် ထိုအရာက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက် ဖြစ်နေမည်ဟု မည်သူကရော ထင်ထားမည်နည်း။
ကျိုးဟမ်၏ အသက်ရှုသံကလည်း လျင်မြန်လာပြီး သူ၏မျက်နှာပေါ်တွင် လောဘများ ပြည့်နှက်လာသည်။ သို့သော် ထိုလောဘများက ချက်ချင်းပင် စိတ်ဓာတ်ကျမှုနှင့် သတိထားမှုများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။ သူကလည်း မုန့်ချီကဲ့သို့ တူညီစွာ တွေးမိခဲ့သည်။
"သံသရာခရီးသွားတစ်ယောက်က ဒီကမ္ဘာကြီးထဲကိုရောက်လာပြီး နှလုံးမေ့မီးဖိုကြီးရဲ့ အပြင်အလွှာကနေ လက်ရေးကျမ်းစာတစ်ခုကို တွေ့ခဲ့ရတယ်..။ အဲဒီလက်ရေးကျမ်းစာက ဘုန်းတော်ကြီးကျူးကျန်း နတ်ဆိုးကမ္ဘာကြီးထဲကိုမသွားခင် ရေးခဲ့တဲ့အရာပဲ ။ သူ့ရဲ့စကားလုံးတွေအရ သူက ဗုဒ္ဓလက်ဝါးပထမသိုင်းကွက် ‘ ငါ ၊ ထူးခြားမှုနဲ့ အမှန်တရား’ ဆိုတဲ့သိုင်းကွက်ကို ရရှိခဲ့တယ်..။ ပြီးတော့ ဗုဒ္ဓနဲ့ပတ်သက်တဲ့ သိုင်းပညာပေါင်းများစွာကို ဖော်ထုတ်နိုင်ခဲ့တယ်..။ နောက်ပိုင်းမှာတော့ သူက ဗုဒ္ဓလက်ဝါးကလွဲရင် အဲဒီသိုင်းပညာတွေကို သူ့ရဲ့တပည့်တွေဆီ သင်ကြားပေးခဲ့တယ်..။ ဗုဒ္ဓလက်ဝါးကိုတော့ သူနဲ့အတူ နတ်ဆိုးကမ္ဘာကြီးထဲကို ယူသွားခဲ့ပြီး စိတ်ဝိညာဉ်လွှဲပြောင်းမှု ပါဝင်နေတဲ့ ဗုဒ္ဓရဲ့ရတနာကို သုံးပြီး မကောင်းဆိုးဝါးဘိုးဘေးကို လုံးဝဖိနှိပ်နိုင်ခဲ့တယ်..။ သူက တချိန်ချိန် နတ်ဆိုးကမ္ဘာကြီးထဲကနေ အဲဒီသိုင်းပညာကို ပြန်လည်ယူဆောင်ပေးနိုင်တဲ့ ပညာရှင်တစ်ယောက် ပေါ်လာဖို့ မျှော်လင့်နေတယ်..။ ပြီးတော့ သူသေသွားတဲ့အချိန်မှာ အဲဒီသိုင်းပညာကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းဖို့ ခွင့်ပြုထားခဲ့တယ်... "
တိမ်တိုက်ပြာဘိုးဘေး၏ ရှင်းပြမှုက အသေးစိတ်ကျသည့်အတွက် မုန့်ချီတို့က သေချာ နားလည်သွားခဲ့သည်။
သူမက ဆက်ပြောလိုက်၏။
"အဲဒီအချိန်မှာ သံသရာခရီးသွားက လုံးဝကို အံ့ဩသွားခဲ့ပြီး သူတွေ့ခဲ့တဲ့ အရာတွေအားလုံးကို ဖုံးကွယ်ထားခဲ့တယ်..။ သူက စွမ်းအားကြီးလာတဲ့အချိန်ကျမှ နတ်ဆိုးကမ္ဘာအပိုင်းအစထဲကိုဝင်ပြီး ရတနာကို ယူဖို့ စီစဉ်ထားခဲ့တယ်..။ ဒါပေမယ့် သူက သူ့ရဲ့နောက်ထပ် သံသရာတာဝန် အတောအတွင်း ကံဆိုးစွာ သေဆုံးသွားခဲ့ရတယ်..။ သူ့ရဲ့အကြွင်းအကျန်တွေကလည်း သံသရာကမ္ဘာကြီးထဲမှာ ကျန်နေခဲ့ပြီး ငါတို့ရဲ့အဖွဲ့သားတစ်ယောက်က အဲဒီအရာကိုတွေ့ပြီး သတင်းပို့ခဲ့တယ်..။ ဒါပေမယ့် အဖွဲ့သားတွေထဲမှာ တစ်ယောက်က သစ္စာဖောက်သွားပြီး ပိုကောင်းတဲ့ ဆုလာဘ်တွေအတွက် ဒဏ္ဍာရီတွေနဲ့ ပူးပေါင်းသွားခဲ့တယ်... ။ အဲဒီနောက် သူက ငါတို့အဖွဲ့ကနေ ထွက်သွားခဲ့တယ်... "
"ကျွန်တော်တို့ နားလည်ပြီ…."
မကြာခင် အတောအတွင်း သေရေးရှင်ရေး တိုက်ပွဲများတွင် ရှင်သန်လာခဲ့ရသည့် အတွက် မုန့်ချီက လျင်မြန်စွာ တည်ငြိမ်နိုင်ပြီး လောဘနှင့် စိတ်ဓာတ်ကျမှုများကို ဖယ်ရှားနိုင်သည်။
"ခင်ဗျားက ကျွန်တော်တို့ကို ဘာလုပ်စေချင်နေတာလဲ... "
ယနေ့အချိန်ထိ သူက ဗုဒ္ဓလက်ဝါး၏ ပထမသိုင်းကွက်ဖြစ်သော ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ ဟူသော သိုင်းကွက်ကို မတွေ့ဖူးသေးပေ။
သို့သော် ထိုအရာက သတ်ဖြတ်ရေးသိုင်းကွက်တစ်ခုအစား သမာဓိနှင့် သေချာပေါက် ပတ်သက်နေနိုင်သည်။ ငါ ဟူသော စကားလုံးက တစ်ဦးတစ်ယောက်ချင်းကို ရည်ညွှန်းနေခြင်း မဟုတ်ဘဲ ဗုဒ္ဓ၏သဘာဝ ၊ လူတစ်ယောက်၏သိစိတ်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ထူးခြားမှုနှင့် အမှန်တရားဟူသော စကားလုံးက ပုံရိပ်ယောင် ကမ္ဘာကြီးအပေါ် စိုးရိမ်မှုများကို ဆိုလိုနေခြင်း ဖြစ်နိုင်သည်။
မုန့်ချီနှင့် ကျန်းကျိဝေတို့က ပထမဆုံး တည်ငြိမ်သွားသည်ကို မြင်လိုက်ရသည့်အခါ တိမ်တိုက်ပြာဘိုးဘေးက အံ့သြသွားခဲ့သည်။ သူတို့က ဗုဒ္ဓလက်ဝါးအကြောင်းကို မမေးခဲ့ပေ။ ထို့ကြောင့် သူမက သူတို့၏ သဘောထားကို ပို၍လေးစားသွားမိသည်။
"ဒဏ္ဍာရီတွေရဲ့အစွမ်းက တော်တော်လေးကို ကြောက်စရာကောင်းတယ်..။ တကယ်လို့ ကျိတစ်ယောက်တည်းကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ဘိုးဘေးကွမ်ချန်းနဲ့ ယွင်ကျုံးကျိတို့ ပူးပေါင်းပြီးမှပဲ အနိုင်ရနိုင်တယ်..။ ဒါကြောင့် ငါတို့က အနိုင်မရမှာ စိုးရတယ်..။ ပြီးတော့ အဲဒါက ကျိတစ်ယောက်တည်းပဲ ရှိသေးတယ်.။ မြောက်ပိုင်းဓူဝံကြယ်နဲ့ တိုက်ခိုက်ရေးကြယ်တို့က ယွင်ကျုံးကျိနဲ့ ငါ့ထက် ပိုပြီးအစွမ်းထက်တယ်..။ သူတို့ဆီမှာရှိတဲ့ အနောက်ပိုင်းသခင်မကိုတော့ ခဏဖယ်ထားလို့ ရနေသေးတယ်..။ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရမယ်ဆိုရင် ငါတို့က မင်းတို့နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်တောင် အနိုင်မရနိုင်ဘူး..။ ငါတို့က သူတို့ကို အလစ်ချောင်း ဖယ်ရှားဖို့ပဲ ကြိုးစားရလိမ့်မယ်..။ တကယ်လို့ ငါတို့က အဲဒါကို မရနိုင်ဘူးဆိုရင် သူတို့ကိုလည်း ယူခွင့်မပေးနိုင်ဘူး... "
"ကျွန်တော်တို့က ဘာလုပ်ရမှာလဲ... "
မုန့်ချီက သူမကို လေးစားသွားမိသည်။ သူတို့ကဲ့သို့ တိမ်တိုက်ပြာဘိုးဘေးကလည်း ဆုံးဖြတ်ချက်ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ သူမက လောဘကို ထိန်းချုပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်၏။
သူမက ပြန်ဖြေလိုက်သည်။
"ကျိက နှလုံးမေ့မီးဖိုကြီးဆီကို ထွက်သွားတဲ့အချိန်မှာ ဘိုးဘေးကွမ်ချန်းကလည်း အဲဒီကို ဦးတည်သွားတယ်...။ ယွင်ကျုံးကျိကတော့ တိုင်းပြည်တည်ငြိမ်ရေးတံဆိပ်အတွက် တိုက်ခိုက်ရေးကြယ်နဲ့ တိုက်ခိုက်နေတယ်... ။ ငါကတော့ အမြဲစိမ်းကျောင်းဆောင်ထဲမှ ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ရှာဖွေဖို့ ထွက်သွားခဲ့တယ်..။ အဲဒီမှာ ငါက မြောက်ပိုင်းဓူဝံကြယ်နဲ့ အနောက်ပိုင်းဘုရင်မတို့ကို မတော်တဆတွေ့ခဲ့ရတာပဲ ။ ပြောရမယ်ဆိုရင် အစပိုင်းမှာ သူတို့က နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ကာကွယ်ဖို့အတွက် လူလွှတ်မထားခဲ့ဘူး...။ သူတို့က ယွင်ကျုံးကျိနဲ့ ငါ အပါအဝင် ကောင်းကင်ဖျက်မကောင်းဆိုးဝါးကိုပဲ စာရင်းထဲ ထည့်တွက်ထားတာ..”
“ဒါပေမယ့် အခုတော့ အကြောင်းအရာတွေက ကွဲပြားသွားပြီ ။ ကောင်းကင်ဖျက် မကောင်းဆိုးဝါးက အလောင်းနတ်ဆိုးရဲ့သတင်းပို့မှုကြောင့် မီးဖိုကြီးဆီကို သေချာပေါက် ထွက်သွားပြီ ။ အဲဒီနေရာမှာ ကျိနဲ့ ဘိုးဘေးကွမ်ချန်းတို့ ရှိနေတာကိုလည်း သူသိမှာ မဟုတ်ဘူး..။ ဒါကြောင့် ကောင်းကင်ဖျက်နန်းတော်ထဲမှာ စောင့်ကြပ်နေတဲ့ နတ်ဆိုး (၃) ယောက်ပဲ ရှိတော့တယ်... "
"ကျွန်တော်တို့က အဲဒီကို သွားနိုင်တယ်..။ ဒါပေမယ့် မြောက်ပိုင်းဓူဝံကြယ်နဲ့ အနောက်ပိုင်းဘုရင်မတို့ကလည်း အဲဒီကို သွားနိုင်တာပဲ ။ ပြဿနာကတော့ သူတို့က ပိုမြန်ပြီး ကျွန်တော်တို့ထက် ပိုအစွမ်းထက်တယ်... "
ဒဏ္ဍာရီများက ကောင်းကင်ဖျက်မကောင်းဆိုးဝါးကို ရှောင်တိမ်းရန် ထိုအချိန်ကို အကောင်းဆုံး အသုံးချမည်ဖြစ်ကြောင်း မုန့်ချီက ယုံကြည်နေသည်။ သူတို့က လူအင်အားနှင့် စွမ်းအား ကုန်ဆုံးရမည့်အဖြစ်ကို ရှောင်တိမ်းချင်နေ၏။
အကယ်၍ ယခု သူတို့ကသာ နန်းတော်ကြီးဆီသို့ သွားလိုက်မည်ဆိုလျှင် နတ်ဆိုး (၃)ကောင်က သေနေကြောင်း တွေ့ရနိုင်ပြီး နတ်ဆိုးကမ္ဘာလမ်းကြောင်းကို မြောက်ပိုင်းဓူဝံကြယ်နှင့် အနောက်ပိုင်းဘုရင်မတို့က စောင့်ကြပ်နေကြောင်း တွေ့ရပါလိမ့်မည်။ ထိုနေရာတွင် တိုက်ခိုက်ရေးကြယ်ပင် ရှိနေနိုင်၏။
ထိုပြဿနာက မူလအခြေအနေနှင့် ဆန့်ကျင်နေသည်။ အင်မော်တယ်များ ရှိနေသည့် အတွက် ဒဏ္ဍာရီများကလည်း သူတို့လူများ စေလွှတ်ပြီး နတ်ဆိုးကမ္ဘာလမ်းကြောင်းကို စောင့်ကြပ်နေနိုင်သည်။ ထိုသို့ဆိုလျှင် ကောင်းကင်ဖျက် မကောင်းဆိုးဝါး ထွက်ခွာသွားပြီးနောက် (၂) ဖက်လုံးက သူတို့၏အဖွဲ့သားများကို နတ်ဆိုးကမ္ဘာလမ်းကြောင်းထဲသို့ စေလွှတ်ရန် ခက်ခဲနိုင်သည်။
တိမ်တိုက်ပြာဘိုးဘေးက ခေါင်းညိတ်ပြလိုက်၏။
"ငါက ဒဏ်ရာရနေတဲ့အတွက် မြောက်ပိုင်းဓူဝံကြယ်လောက် မြန်မြန်မသွားနိုင်တာတော့ အမှန်ပဲ ။ သူတို့က နတ်ဆိုး (၃) ကောင်ကို သတ်ပြီး နတ်ဆိုးသလင်းကျောက်တွေကို ယူသွားလိမ့်မယ်..။ ပြီးတော့ လမ်းကြောင်းကို စောင့်ကြပ်နေလိမ့်မယ်...။ ဒါကြောင့် သူတို့က ငါတို့ရဲ့ပစ်မှတ်ပဲ ။ တိုက်ခိုက်ရေးကြယ်က တော်တော်လေး ဝေးသေးတယ်ဆိုတော့ ငါတို့က သူမလာခင် အဲဒီကို သေချာပေါက် ရောက်နိုင်တယ်..။ ကျိကတော့ နှလုံးမေ့မီးဖိုကြီးထဲမှာ ပိတ်မိနေဦးမယ်လို့ ထင်တယ်..။ အဲဒီမှာ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ရဲ့ ဗုဒ္ဓဝင်္ကပါတစ်ခု ရှိတယ်လေ..”
“တကယ်လို့ ကျွန်တော်တို့ပူးပေါင်းလိုက်မယ်ဆိုရင်တောင် မြောက်ပိုင်းဓူဝံကြယ်နဲ့ အနောက်ပိုင်းသခင်မတို့ကို မယှဉ်နိုင်သေးဘူး... "
ကျိုးဟမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
ခန္ဓာကိုယ်အတွင်းနှင့် အပြင် ပေါင်းစပ်ပြီးသွားလျှင် အခြေခံအကျဆုံး သိုင်းကွက်များကပင် ကမ္ဘာမြေကြီး၏ စွမ်းအားများ အကူအညီကို ရယူနိုင်ပါလိမ့်မည်။
အကယ်၍ မုန့်ချီကသာ ခရမ်းမိုးကြိုးစွမ်းအားများကိုသုံးပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို သုံးလိုက်မည်ဆိုလျှင် အလားတူ တူညီသော စွမ်းအားများကို ရရှိနိုင်၏။
ထို့ပြင် မြောက်ပိုင်းဓူဝံကြယ်က အမှောင်ဘုရင်ကြီးကဲ့သို့ စွမ်းအားမရှိသော လူတစ်ယောက် မဟုတ်ချေ။ အကယ်၍ တိမ်တိုက်ပြာဘိုးဘေးကသာ ထိန်းထားနိုင်ခြင်း မရှိလျှင် သူတို့က သူ့ကိုခုခံရန် လုံးဝမဖြစ်နိုင်ပေ။
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ (၂) ယောက်လုံးတွင် ဓမ္မကာရ သိုင်းကွက်များဖြစ်ကြသော အနန္တဓားသိုင်းနှင့် လန်းဟွမ်ကောင်းကင်တေးသွား(၁၂) သွယ်ကို ပိုင်ဆိုင်ထားကြသည်။ ကျန်းကျိဝေဆီတွင် အဖိုးတန်လက်နက်တစ်ခုရှိနေပြီး ရွမ်ယုရှုဆီတွင်တော့ စောင်းနှလုံးသား ရှိနေသည်။
သူတို့၏အကြီးမားဆုံး သိုင်းကွက်များက ဝေ့ကျင်းအဆင့်တွင် သေစေနိုင်လောက်သော အစွမ်းမျိုး ပိုင်ဆိုင်ထား၏။ အကယ်၍ သူတို့ (၅) ယောက်သာ ပူးပေါင်းတိုက်ခိုက်လိုက်မည်ဆိုလျှင် အမှောင်ဘုရင်ကြီးကိုသတ်ရန် အခက်အခဲ မရှိချေ။
သို့သော် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကတော့ ကွဲပြား၏။ အမှောင်ဘုရင်ကြီးဆီတွင် အဖိုးတန်လက်နက်များ မရှိသလို ဝေ့ကျင်းအဆင့် သိုင်းကွက်များ ၊ ထိပ်တန်းသိုင်းပညာများလည်း မရှိချေ။ သူက ခုခံရုံသာ တတ်နိုင်၏။
အကယ်၍ သူတို့၏ပြိုင်ဘက်ကသာ ထိုအရာကို သတိထားနေသော မြောက်ပိုင်းဓူဝံကြယ် ဖြစ်နေမည်ဆိုလျှင် ရွမ်ယုရှု၏ လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်၏ အကျိုးသက်ရောက်မှုက နိမ့်ကျသွားနိုင်ပြီး သူ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
အကယ်၍ သူက ပျံသန်းသွားခဲ့ခြင်း မရှိလျှင်ပင် ဝေ့ကျင်းအဆင့် အရှိန်ကိုသုံးပြီး အလွယ်တကူ ထွက်ပြေးလွတ်မြောက်သွားနိုင်သည်။
မုန့်ချီကိုကြည့်ပြီး တိမ်တိုက်ပြာဘိုးဘေးက မေးလိုက်သည်။
"မင်းက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေ့ကျင့်ထားတယ်မဟုတ်လား... "
သံသရာကမ္ဘာကြီးထဲကို ရောက်လာပြီးနောက် မုန့်ချီတို့အဖွဲ့က သူတို့၏ရုပ်ရည်များကို ပြောင်းလဲထားခဲ့သည်။ သို့သော် သူတို့၏အကျင့်စရိုက်ကို လုံးဝဖုံးကွယ်ရန် ခက်ခဲ၏။ သို့သော် သူတို့နှင့် မရင်းနှီးသူများက သူတို့ကို မှတ်မိရန် လုံးဝမဖြစ်နိုင်ပေ။ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်မည်ဆိုလျှင်တော့ သူတို့၏ထူးခြားသော စွမ်းရည်များကို ခွဲခြားရန် လွယ်ကူလှသည်။
မုန့်ချီကတော့ သူမ ပြောလိုက်သော အရာကြောင့် အလွန်ထိတ်လန့်သွားခဲ့သည်။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် တူညီနိုင်သော လှုပ်ရှားမှုများစွာ ရှိသည်။ ထိုအရာကို လဲရန် အသုံးပြုရသော ကံကြမ္မာအမှတ်က မြင့်မားမှု မရှိသော်လည်း ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်စေသည့် တခြားကျင့်စဉ်များလည်း ရှိနေသေးသည်။
ထို့ကြောင့် သူ၏အရေပြားက ရွှေရောင် ပြောင်းလဲသွားသည့်အချိန်တွင် တခြားလူများက မည်သည့်ကျင့်စဉ်ကိုမျှ မစဉ်းစားမိကြပေ။
သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို သုံးနေသည်ဟု ဘာကြောင့် သူမက သတ်မှတ်နိုင်ရသနည်း။ သူ၏ချီစွမ်းအင်စီးဆင်းမှုကို စစ်ဆေးကြည့်ခြင်းပေလော။ သို့သော် သူမက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် အသုံးပြုခဲ့သော တခြားတစ်ယောက်ယောက်ကို မြင်ခဲ့ဖူးပုံပေါ်သည်။
"ငါတို့အဖွဲ့မှာရှိတဲ့ မှော်သန့်စင်အရှင်သခင်က အဲဒီသိုင်းပညာကို အသုံးပြုတယ်... "
သူမက တည်ငြိမ်စွာ ပြောလိုက်၏။
"သေစမ်း... "
မုန့်ချီက သူ့ကိုယ်သူ မှော်သန့်စင်အရှင်သခင်အဖြစ် ဟန်ဆောင်ရန် စီစဉ်ထားခဲ့သေးသည်။ သူကတော့ သူလိုချင်နေသော နာမည်ကို ခိုးယူသွားသည့်သူကို ရင်ထဲတွင် အတော်လေး မုန်းတီးနေခဲ့မိ၏။
"ဟုတ်ပါတယ်... "
သူလည်း ငြင်း၍ မရတော့သည့်အတွက် ဝန်ခံလိုက်ရသည်။
တိမ်တိုက်ပြာဘိုးဘေးက ဆက်ပြောလိုက်၏။
"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ပြောင်းလဲမှု ။ ဖုံးကွယ်မှုနှင့် တုပမှုကို အလေးထားပြီး ဒုက္ခတွေကို ရှောင်ရှားရတာ..။ ဒါက ငါတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်ပဲ ။ ငါက မင်းကို ဘိုးဘေးကွမ်ချန်းသုံးတဲ့ ကောင်းကင်ဖျက်လက်ဝါးရဲ့ ချီစွမ်းအင်စီးဆင်းမှုလမ်းကြောင်းနဲ့ အရှိန်အဝါ ရရှိနိုင်ဖို့ အာရုံစိုက်ရမဲ့ အနှစ်သာရတွေကိုလည်း ပြောပြမယ်..။ ငါက မြောက်ပိုင်းဓူဝံကြယ်နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းက ကောင်းကင်ဖျက်လက်ဝါးပုံစံ တုပပြီး သူ့ကို ရုတ်တရက် တိုက်ခိုက်ရမယ်..။ ဒါဆိုရင် အဲဒါက ထောင်ချောက်တစ်ခုဖြစ်သလို ဘိုးဘေးကွမ်ချန်းက မင်း ပုံစံ ဟန်ဆောင်ပြီး သူ့ကို အလစ်ချောင်း တိုက်ခိုက်တာဖြစ်မယ်လို့ သူက တွေးမိသွားလိမ့်မယ်...။ အဲဒီအချိန်ကျရင် ငါက အခွင့်အရေးယူပြီး သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရောက်အောင ်လုပ်လိုက်မယ်... ။ မဟုတ်ရင်လည်း သူနဲ့အနောက်ပိုင်းဘုရင်မတို့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မယ်... "
အင်မော်တယ်နှင့် ဒဏ္ဍာရီများက ရှာဖွေမှုကို လုံးဝဖြတ်တောက်နိုင်သော မျက်နှာဖုံးများ ဝတ်ဆင်ထားသည်။ ထို့ကြောင့် သူတို့၏ အစစ်အမှန်ရုပ်ရည်ကို တခြားလူများ မမြင်နိုင်ကြပေ။ ထို့ကြောင့် ဘိုးဘေးကွမ်ချန်းက မုန့်ချီအနေနှင့် ဟန်ဆောင်လိုက်မည်ဆိုလျှင်လည်း အလွယ်တကူ ယုံကြည်နိုင်သည်။
"အဲဒါက မှော်လက်နက်တစ်ခု မဟုတ်ဘူး..။ အဲဒါက လက်ဝါးသိုင်းပညာတစ်ခုပဲ.."
မုန့်ချီက တိမ်တိုက်ပြာဘိုးဘေး၏စကားကို လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ ။ ကျွန်တော်တို့က စွန့်စားရမှာပေါ့... "
တိမ်တိုက်ပြာဘိုးဘေးက ပြောလိုက်၏။
"တကယ်လို့ မြောက်ပိုင်းဓူဝံကြယ်ကသာ ငါတို့ရဲ့လှည့်ကွက်ကို သိသွားမယ်ဆိုရင် ငါက သူ့ကို အနိုင်မရနိုင်ရင်တောင် မင်းတို့ထွက်သွားဖို့ ကူညီပေးနိုင်တယ်... ။ မင်းတို့ရဲ့ တာဝန်ကျရှုံးမှုအတွက် ဆုံးရှုံးသွားမယ့် ကံကြမ္မာအမှတ်ကိုလည်း ငါတို့အင်မော်တယ်တွေက ဖြည့်ဆည်းပေးမယ်... "
မည်သို့ဖြစ်စေကာမူ တစ်ဖက်ပြိုင်ဘက်က လူသစ်ဖြစ်သော အနောက်ပိုင်းဘုရင်မ ဖြစ်သည်။ သူမကသာ မြောက်ပိုင်းဓူဝံကြယ်ကို ခဏကြာ အလုပ်ရှုပ်အောင် တိုက်ခိုက်နိုင်မည်ဆိုလျှင် မုန့်ချီနှင့် မိတ်ဆွေများ လွတ်မြောက်သွားရန် မခက်ခဲနိုင်ပေ။ မည်သို့ဖြစ်စေကာမူ သူမက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ သူမက ထိုအရာကို သေချာပေါက် အာမခံနိုင်သည်။
"တကယ်လို့ ငါတို့အောင်မြင်သွားပြီဆိုရင်တော့ ငါတို့က နတ်ဆိုးကမ္ဘာကြီးထဲကို ချက်ချင်းဝင်ရမယ်..။ ပြီးတော့ ငါတို့က လူခွဲပြီး အစွမ်းထက်တဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို သတ်ပစ်မယ်..။ နတ်ဆိုးသလင်းကျောက်တွေအားလုံးကို စုစည်းပြီးသွားရင်တော့ မင်းတို့က အတွင်းထဲကနေ လမ်းကြောင်းကို ဖောက်ခွဲပြီး ပိတ်လိုက်နိုင်ပြီ ။ ဒဏ္ဍာရီတွေကလည်း ပြောင်းလဲလို့ မရနိုင်တော့ဘူး... "
တိမ်တိုက်ပြာဘိုးဘေးက အစီအစဉ်တစ်ခုလုံးကို ရှင်းပြလိုက်သည်။
သူတို့က ငြင်းဆန်စရာ မရှိကြပေ။ သူတို့၏တာဝန်က လမ်းကြောင်းကို ဖျက်စီးရန် ဖြစ်၏။ အတွင်းထဲမှ ဖျက်စီးခြင်းဖြစ်စေ ၊ အပြင်ဘက်မှ ဖျက်စီးခြင်းဖြစ်စေ သူတို့က ထွက်ပြေးရန် ရွေးချယ်နိုင်ကြသေးသည်။
တစ်ခုတည်းသော ပြဿနာကတော့ တိမ်တိုက်ပြာဘိုးဘေးက သူတို့ကို ဆန့်ကျင်လာမည့် အရာမျိုးသာ ဖြစ်သည်။ မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။
"ဒီကိစ္စက ဗုဒ္ဓလက်ဝါးနဲ့ ပတ်သက်နေတယ်..။ ဒီကိစ္စတွေ ပြီးသွားရင် ခင်ဗျားက ကျွန်တော်တို့ကို မသတ်ဘူးလို့ ဘယ်လိုအာမခံမှာလဲ... "
ကျိန်ဆိုခြင်းက ဝေ့ကျင်းအဆင့် ပညာရှင်များကိုလည်း အကျိုးသက်ရောက်မှု ရှိသည်။ သို့သော် ဤအရာက သံသရာကမ္ဘာကြီးထဲရှိ ခရီးစဉ်နှင့် ပတ်သက်နေ၏။ ထိုအရာနှင့် ပတ်သက်သော စာချုပ် ရှိသော်လည်း သူတို့အတွက်တော့ အလွန်ဈေးကြီးနေသည်။
"တကယ်လို့ ဒဏ္ဍာရီတွေကသာ ဗုဒ္ဓလက်ဝါးကိုရသွားပြီဆိုရင် ငါတို့က အဲဒီအရာကို လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်မှာပဲ ။ ဒီတော့ ငါတို့က မင်းတို့ကို သတ်တာ မသတ်တာက ကွဲပြားမှု မရှိပါဘူး..။ ဒါပေမဲ့ ဖောက်ခွဲလိုက်မယ်ဆိုရင် ငါတို့မရနိုင်ဘူးဆိုရင်တောင် နတ်ဆိုးကမ္ဘာကြီးက တစ်ခုတည်းဖြစ်သွားလိမ့်မယ်... ။ တကယ်လို့ မင်းတို့က သံသရာတံဆိပ်ကိုသုံးလိုက်မယ်ဆိုရင်တောင် ကောင်းကင်ဖျက်နန်းတော်ဆီကိုပဲ ပြန်လာနိုင်လိမ့်မယ်...။ မင်းတို့ရဲ့အစွမ်းလောက်နဲ့ ရတနာတွေ ပြန်လာရှာမှာကို စိုးရိမ်နေစရာ မလိုဘူး... "
တိမ်တိုက်ပြာဘိုးဘေးက အမှန်အတိုင်း ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့ဆီမှာ သံသရာစာချုပ်တစ်ခုရှိတယ်... ။ ငါတို့အားလုံးက စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြတာပေါ့... "
သူမက ရုတ်တရက်ရပ်ပြီး ရယ်လိုက်သည်။
"ကံကြမ္မာကမ္ဘာကြီးထဲမှာ မင်းတို့တွေက နောက်ထပ်လှုပ်ရှားမှုတွေ သိုင်းပညာတွေ ပြင်ဆင်ထားသင့်တယ်...။ ဒါဆိုရင် မင်းတို့က ထူးခြားတဲ့သိုင်းပညာတွေကို သုံးလိုက်မယ်ဆိုရင်တောင် မင်းတို့ရဲ့အစစ်အမှန်နောက်ကြောင်းကို ပြိုင်ဘက်တွေက ဖော်ထုတ်ဖို့ ခက်ခဲလိမ့်မယ်..။ အနည်းဆုံးတော့ သံသရာခရီးသွားတွေက တူညီတဲ့ပစ္စည်းတွေကို လဲထားတယ်လို့ပဲ သူတို့က တွေးမိကြမှာလေ... "
မုန့်ချီတို့အားလုံးက ပင့်သက်ရှိုက်လိုက်မိကြသည်။ တိမ်တိုက်ပြာဘိုးဘေးက သူတို့၏ အဆင့်အတန်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းပေလော။
Translated by Hein Htet.