← Chapters

အခန်း (၃၅၄)

Vol. 24 Ch. 354

အခန်း (၃၅၄)

Vol. 24 Ch. 354

မတူညီသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီတို့က သူတို့၏ ထိပ်သီးသိုင်းပညာများ အားလုံးကို အသုံးပြုရပါလိမ့်မည်။ တိမ်တိုက်ပြာဘိုးဘေးက သူတို့ကို မှတ်မိရန် အခက်အခဲမရှိနိုင်ပေ။

မည်သို့ဖြစ်စေကာမူ သူတို့ဆီတွင် ကံကြမ္မာအမှတ် ကန့်သတ်ချက် ရှိနေသည့်အတွက် သံသရာကမ္ဘာကြီးနှင့် ပင်မကမ္ဘာကြီးထဲတွင် အသုံးပြုသော သိုင်းပညာများ ကြားထဲတွင် ကြီးကြီးမားမား ကွာဟမှုများ မရှိချေ။

သို့သော် အကယ်၍ သူမကသာ သူတို့၏ တိုက်ပွဲကို အဝေးမှ ကြည့်နေမည်ဆိုလျှင် သူမဆီတွင် ပြဿနာတချို့ ရှိနေနိုင်သည်။ မည်သို့ဖြစ်စေကာမူ တူညီသော ဓားမောက်နှင့် ဓားသိုင်းလှုပ်ရှားမှုများစွာ ရှိနေ၏။

ကောင်းကင်နတ်သမီး ဓားသိုင်းပညာက အနန္တဓားသိုင်းနှင့် အတော်လေးကို တူညီနေပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကတော့ ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရား၏ သိုင်းကွက်တစ်ခုကဲ့သို့ အလွယ်တကူ ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။

မုန့်ချီက ဓားမောက်နှင့် ဓားရှည်နှစ်ခုကို သုံးပြီး တိုက်ခိုက်တ်သည်။ သူက အနတ္တကျိန်စာဖျက် ဓားပညာကို သုံးပြီး ကောင်းကင်နတ်သမီး ကျင့်စဉ်နှင့် ခရမ်းမိုးကြိုးဓား (၇)ချက်တို့ကို အသုံးပြုလိုက်မည်ဆိုလျှင် သူ့ကို အလွယ်တကူ မှတ်မိသွားနိုင်၏။

ကျန်းကျိဝေ၏ အနန္တဓားသိုင်းကတော့ ပင်မကမ္ဘာကြီးထဲတွင် အလွန်ထင်ရှားသည့်အတွက် သူမ၏နောက်ကြောင်းကလည်း အလွယ်တကူ ပေါ်သွားနိုင်သည်။ သို့သော် တခြားလူများကတော့ ထိုသို့ မဟုတ်တော့ပေ။

မုန့်ချီက ယပ်တောင် (၆)လက်ကျောင်းနှင့် ပူးပေါင်းခဲ့သည့် အချိန်ကတည်းက စပြီး ချီကျန်းရန်၏ ဖရိုဖရဲကျင့်စဉ်အကြောင်းကို ဝိုးတဝါးသာ တင်ပြခဲ့သည်။ သူ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး မည်သူကမျှ သတိထားမိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ကဲ့သို့သော အရာမျိုးကို အသုံးပြုနေသည်ဟု သူတို့က တွေးမိပါလိမ့်မည်။

တစ်ဖက်တွင်တော့ ရွမ်ယုရှုက လန်းဟွမ်ကောင်းကင်တေးသွား(၁၂)သွယ်ကို မသုံးဘဲ သာမန်အနေနှင့်သာ သူမ၏စောင်းကို သုံးနေခြင်းဖြစ်သည်။ အသံလှိုင်းကျင့်စဉ်များကို အသုံးချနေသော သံသရာခရီးသွားများ နည်းပါးမှု မရှိသည့်အတွက် သူမက ပါရမီရှင် ရွမ်ယုရှုဖြစ်ကြောင်း မည်သူကမျှ မပြောနိုင်ပေ။ သူမက လူမဆန်သော တေးသွား(၈)သွယ်ထဲမှ နတ်ဆိုးဖျက်ဆီးခြင်း ကျိန်စာနှင့် သာမန်စောင်းတေးသံများကိုသာ ပြသခဲ့ခြင်းဖြစ်သည်။

ကျိုးဟမ်ကတော့ သိုင်းလောကတွင် ပေါ်မလာခဲ့သည့်အတွက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသည်။ ပင်မကမ္ဘာကြီးထဲတွင် သူကတော့ တခြားအရာများကိုသာ အလေးထားနေခဲ့၏။

တိမ်တိုက်ပြာဘိုးဘေးက သူတို့၏အဆင့်အတန်းကို ဘာကြောင့်သေချာနေရသနည်း။ သူက အပျက်အစီးထဲတွင် ကမ္ဘာမြေလှုပ်ရှားခြင်း ကျင့်စဉ်ကို အသုံးပြုခဲ့ခြင်းပေလော။

မုန့်ချီက ထိတ်လန့်နေသည်ကို သတိထားပုံရသည့်အတွက် သူမက ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းတို့ထဲက တစ်ယောက် ၊ နှစ်ယောက်ကို ဖော်ထုတ်လိုက်နိုင်တာနဲ့ ကျန်တဲ့သူတွေကို အလွယ်တကူ သတိထားမိနိုင်တယ်လေ။ ဒါပေမယ့် ငါက အင်ပါယာ နဂါးလက်သီးသုံးနေတဲ့ တစ်ယောက်ရဲ့အဆင့်အတန်းကိုတော့ အခုအချိန်ထိ ရှုပ်ထွေးနေတုန်းပဲ။ ဒါပေမယ့် ကံကြမ္မာပေတံ ပိုင်ဆိုင်ထားတဲ့သူက များများ မရှိဘူးလေ…"

ထိုအရာများ အားလုံးက သူ့အမှားသာဖြစ်၏။ ကျိုးဟမ်၏ မျက်နှာပေါ်တွင် အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ပေါ်လာသည်။

ရုတ်တရက်ဆိုသလို မုန့်ချီ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ လူတိုင်းက သူနှင့် ကျန်းကျိဝေ၏ ပတ်သက်မှုကို သိနေသော်လည်း ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က သာမန်အသိအကျွမ်းများဟုသာ သိထားကြသည်။ ပင်မကမ္ဘာကြီးထဲတွင်တော့ သူတို့က မြစ်အရှေ့ပိုင်းတွင် တွေ့ခဲ့ကြခြင်းဖြစ်၏။ သူတို့၏ ဆက်နွယ်မှုနှင့် ပတ်သက်ပြီး လူအနည်းစုကသာ သိနေကြ၏။

ထို့ကြောင့် တိမ်တိုက်ပြာ ဘိုးဘေးက မည်သို့သိသွားခဲ့သနည်း။ သူမက မြစ်အရှေ့ပိုင်းမှ နယ်မြေခံတစ်ယောက် ဖြစ်နေခြင်းပေလော။ သို့မဟုတ် လူထူးလူဆန်း အဘိုးအို ရမ်ပင်ရှန့်က အင်မော်တယ် အဖွဲ့ဝင်တစ်ယောက်ဖြစ်နေခြင်းပေလော။

သူက အင်ပါယာနဂါးလက်သီးကို အသုံးပြုခဲ့သော ကျိုးဟမ်ကို လှည့်ကြည့်လိုက်သည်။ ထိုအရာ ယခင်မင်းဆက်တွင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖန်တီးထားခဲ့သော ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုဖြစ်သည်။ နန်းတွင်းမျိုးဆက်များကသာ ထိုအရာကို လေ့ကျင့်နိုင်ကြ၏။

သူတို့က ပြန်မဖြေနိုင်သေးခင် တိမ်တိုက်ပြာ ဘိုးဘေးက ပြောလိုက်သည်။

"မင်းတို့က သီးသန့်အဖွဲ့တစ်ခုနဲ့ မတူသေးဘူး။ ဒါကြောင့် မင်းတို့က ကံကြမ္မာအမှတ်တွေ မလုံလောက်တဲ့အတွက် ဘာမှမလုပ်နိုင်သေးတာ။ မင်းတို့ဆီမှာ သိုင်းကွက်နဲ့ သိုင်းပညာကန့်သတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် မင်းတို့က တိုးတက်ဖို့အတွက် ခရီးသွားပြီး တခြားသူတွေနဲ့ စိန်ခေါ်တိုက်ခိုက်ကြရတယ်လေ။ ဒီတော့ ငါက မင်းတို့ အားလုံးကို သိနေတာ သာမန်ပါပဲ..”

“ငါတို့ရဲ့ အခြေခံစမ်းသပ်မှုတွေကို အောင်မြင်သွားတဲ့ အင်မော်တယ် အကြိုအဖွဲ့ဝင်တွေက ဓမ္မကာရအဆင့် သိုင်းပညာတစ်ခုရဲ့ ဉာဏ်အလင်းပွင့်မှု အပိုင်း၊ တခြားဝေ့ကျင်းအဆင့် သိုင်းကွက်တွေ ရရှိနိုင်တယ်။ အဓိကအနေနဲ့ပဲဖြစ်ဖြစ် အကူအနေနဲ့ပဲ ဖြစ်ဖြစ် အဲဒီသိုင်းကွက်တွေကိုသုံးပြီး လှည့်စားလို့ ရတယ်။ စုမုန့် … မင်းက ပင်မကမ္ဘာကြီးထဲမှာ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် ၊ အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ် ၊ အနတ္တကျိန်စာဖျက်ဓားပညာ ၊ ခရမ်းမိုးကြိုးဓား (၇)ချက်နဲ့ ဓာမောက်တာအို အနှစ်သာရတွေကိုပဲ အသုံးပြုခဲ့တယ်။ ဒါပေမယ့် သံသရာတာဝန် အတောအတွင်း မင်းက တခြားသတ်ဖြတ်ရေးသိုင်းကွက်တွေကို တိတ်တဆိတ် အသုံးပြုခဲ့တယ်။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကတော့ တခြားသိုင်းကွက်တွေကို ဖုံးကွယ်ဖို့အတွက် သုံးခဲ့တာပဲ။ မင်းတို့က အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရတဲ့ အချိန်မှာတော့ မင်းတို့ရဲ့သိုင်းကွက်တွေ အားလုံးကို အသုံးပြုကြတယ်။ ဒါပေမယ့် မင်းက အနတ္တကျိန်စာဖျက်ဓားပညာကို မတော်တဆရခဲ့တာလို့ပဲ သူတို့က တွေးမိနိုင်တယ်။ သူတို့က မင်းတို့ကို သတိထားမိဖို့လည်း မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အရည်အသွေး ၊ စွမ်းဆောင်ရည်နဲ့ လက်နက်တွေ လှုပ်ရှားမှုတွေက လုံးဝကို ကွဲပြားနေတယ်။ ပြီးတော့ မင်းရဲ့သိုင်းကွက်တွေ အများစုကလည်း တစ်ခုနဲ့တစ်ခု ထပ်မနေဘူး။ ဒါကြောင့် မင်းကို တော်ရုံဘယ်သူက မှတ်မိနိုင်မှာလဲ…"

သူမက မုန့်ချီကို အထူးတလည် ပြောပြနေသည်။ သူမက မုန့်ချီကို သူတို့အဖွဲ့ထဲသို့ ခေါ်ချင်နေပုံရ၏။ အင်မော်တယ်များက အမှန်တကယ်ကို ရက်ရောလှသည်။ သူတို့က အဖွဲ့ဝင်အဖြစ် စမ်းသပ်နေသောသူများကိုပင် ဓမ္မကာရအဆင့် သိုင်းကွက်များ၏ ဉာဏ်အလင်းပွင့်မှု လှုပ်ရှားမှုများ ၊ ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်များ အားလုံးကို ပေးခဲ့သည်။

မုန့်ချီကတော့ အလွန်အံ့ဩသွားခဲ့ပြီး တဖြည်းဖြည်း သက်ပြင်းချလိုက်မိ၏။ ထိုအရာက သူတို့၏ကံကြမ္မာအမှတ် နည်းပါးမှုကြောင့်သာ ဖြစ်သည်။ သူတို့၏ သံသရာတာဝန်များကလည်း အလွန်အရေးကြီးနေသည့်အတွက် သူတို့က တခြားစွမ်းရည်များကို အလေးထားရန် အချိန်မရခဲ့ပေ။

ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့က ထိုကဲ့သို့ အရာမျိုးကို စိတ်မဝင်စားကြပေ။ သူတို့ဆီတွင် သူတို့၏ ဂိုဏ်းနှင့် မိသားစုများ ရှိနေကြ၏။ ထို့ကြောင့် သူတို့က ထိုကဲ့သို့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုတွင် ပူးပေါင်းရန် မလိုအပ်ပေ။

အင်မော်တယ်နှင့် ဒဏ္ဍာရီထဲမှ အဖွဲ့သားများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့သည့်အကြောင်း စဉ်းစားမိသည့်အချိန်တွင် မုန့်ချီက စိတ်ဝင်စားမှု မရှိတော့ပေ။ သူ့ဆီတွင် ရွေးချယ်စရာ မရှိသည့်အခြေအနေကို မရောက်မချင်း သူတို့နှင့် ပူးပေါင်းလိမ့်မည် မဟုတ်ချေ။

တိမ်တိုက်ပြာဘိုးဘေးက တိတ်ဆိတ်မှုကို ဖြိုခွဲခဲ့ခြင်း မရှိပေ။ သူမက တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းတို့က သံသရာကမ္ဘာကြီးထဲကို ရောက်နေပြီ။ ဘာတွေများ စိုးရိမ်စရာရှိသေးလို့လဲ။ တကယ်လို့ သံသရာကမ္ဘာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြောလိုက်မယ်ဆိုရင် သတ်ပစ်ခံရမှာပဲလေ။ ဒါဆိုရင် အင်မော်တယ်တွေနဲ့ ပူးပေါင်းဖို့ ဘာများစိုးရိမ်နေရဦးမှာလဲ…"

မုန့်ချီတို့ အားလုံးက တိတ်ဆိတ်‌နေခဲ့သည်။ ထိုအရာကို မြင်သည့်အခါ တိမ်တိုက်ပြာဘိုးဘေးက အဝါရောင်ရှေးဟောင်းစာရွက်လေး တစ်ခုကို ထုတ်လိုက်၏။ ထိုတံဆိပ်စာရွက်လေးပေါ်တွင် စကားလုံးငယ်လေးများစွာ ရေးသားထား၏။ သံသရာအရှင်သခင်ကလည်း စာရွက်ပေါ်တွင် လက်မှတ်ထိုးထားခဲ့၏။

သူမက ရေးလိုက်သည်။

"ဒါက သံသရာစာချုပ်ပဲ။ ကံကြမ္မာအမှတ် (၃၀၀၀) တန်ကြေးရှိတယ်။ ကတိပေးထားတဲ့အတိုင်း ငါတို့က ဒဏ္ဍာရီတွေကို အတူတူ တိုက်ခိုက်ကြမယ်။ အပြန်အလှန်အနေနဲ့ ငါက မင်းတို့ရဲ့ ပင်မတာဝန် ပြီးဆုံးအောင် ကူညီပေးမယ်။ မဟုတ်ရင် အင်မော်တယ်တွေက မင်းတို့အတွက် ကံကြမ္မာအမှတ်တွေကို ပြန်ပေးလိမ့်မယ်။ ငါတို့က အဖွဲ့တစ်ခုအနေနဲ့ ရှိနေသေးသရွေ့ အချင်းချင်း မတိုက်ခိုက်ဘူး။ မင်းတို့မှာ ပြဿနာတွေရှိလာရင် ငါက မင်းတို့ကို ကူညီဖို့ အကောင်းဆုံး ကြိုးစားပေးမယ်…"

သူမက ပြောခဲ့သည့် စကားလုံးများကို စာချုပ်အနေနှင့် ပြန်ရေးလိုက်သည်။

သူမ ရေးပြီးသွားသည့်အချိန်တွင် မုန့်ချီက မေးခွန်းတစ်ခု မေးလိုက်၏။

"တကယ်လို့ ကျွန်တော်က ကောင်းကင်ဖျက်လက်ဝါးကို အတုခိုးပြီး မြောက်ပိုင်းဓူဝံကြယ်ကို ခြိမ်းခြောက်လိုက်မယ်ဆိုရင် သူ့ကို တိုက်ရိုက်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်က သူ့ကို အာရုံလွှဲဖို့ပဲ အကောင်းဆုံး ကြိုးစားနိုင်မှာ။ ခင်ဗျားက အခွင့်အရေးကို အရယူပြီး သူ့ကို တိုက်ခိုက်နိုင်ပေမဲ့ ကျွန်တော်ရဲ့ လုံခြုံမှုကရော သေချာပါ့မလား…"

မည်သို့ဖြစ်စေကာမူ ထိုအရာက အသက်နှင့် လောင်းကြေးထပ်ရသော အရာတစ်ခု ဖြစ်သည်။

တိမ်တိုက်ပြာဘိုးဘေးက စိမ်းပြာရောင်ကောင်းကင်တံဆိပ်ပြားလေးတစ်ခုကို ထုတ်ပေးပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက သူ့ကို ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်နိုင်လား ဆိုတာတော့ မသေချာဘူး။ ဒါပေမဲ့ မင်းရဲ့လုံခြုံမှုကိုတော့ အာမခံပေးနိုင်တယ်။ ဒါက ငါ့ကို ကာကွယ်ပေးနေတဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒါက မြောက်ပိုင်းဓူဝံကြယ်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို တစ်ကြိမ်ကာကွယ်ပေးနိုင်တယ်။ အချိန်ကျလာရင် အဲဒါက မင်းရဲ့အသက်ကို ကယ်တင်ပေးနိုင်တယ်…."

တခြားလူများက အချင်းချင်းကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီလေ။ ငါတို့က စာချုပ်မှာ လက်မှတ်ထိုးလိုက်ကြစို့…"

သူတို့က တိမ်တိုက်ပြာဘိုးဘေး၏ စကားလုံးများအတိုင်း ရွတ်ဆိုလိုက်ပြီး သူတို့၏ လက်ညှိုးကို ကိုက်၍ သံသရာစာချုပ်ပေါ်တွင် သွေးနှင့် လက်မှတ်ထိုးလိုက်ကြသည်။

ထို့နောက် စာချုပ်ဆီမှ အလင်းရောင်များ ထွက်ပေါ်လာပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ သူတို့၏ နားထဲတွင် သံသရာအရှင်သခင်၏ စကားသံကို ပြန်ကြားလိုက်ရသည်။

"စာချုပ်က အသက်ဝင်လာပြီ။ မင်းတို့ ပြန်လာတဲ့အချိန်ကျမှ စာချုပ်က အဆုံးသတ်မယ် ။ မင်းတို့က စာချုပ်ကို ဖောက်ဖျက်မယ်ဆိုရင် ရှင်းပစ်ခံရမယ်…"

တိမ်တိုက်ပြာဘိုးဘေးက ပင့်သက်ရှိုက်လိုက်မိ၏။ သူမက စိတ်အေးသွားပုံရသည်။ ထို့နောက် သူမက စိမ်းပြာရောင်ကောင်းကင်တံဆိပ်ပြားလေးကို မုန့်ချီဆီသို့ ပေးလိုက်၏။

မုန့်ချီက သူ့ဆီသို့ ရောက်လာသော တံဆိပ်ပြားလေးကို ဖမ်းယူထားလိုက်ပြီး တံဆိပ်ပြားပေါ်တွင် ရှိနေသော စာသားများကို ဘာသာပြန်ကြည့်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသည်။ သူက တောင်တန်းတံဆိပ် ဟူသော စကားလုံးကိုသာ ဖတ်နိုင်ခဲ့၏။ ခဏကြာပြီးနောက် သူက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့၏ အကူအညီနှင့် ရှေးဟောင်းတံဆိပ်ပြားလေးကို လေ့လာနေခဲ့သည်။

တိမ်တိုက်ပြာဘိုး‌ဘေးက အေးစက်စွာ ပြောလိုက်၏။

"ငါတို့ မသွားခင် ငါက မင်းကို ကောင်းကင်ဖျက်လက်ဝါးရဲ့ ချီစွမ်းအင်လမ်းကြောင်းနဲ့ အရှိန်အဝါ စုစည်းရမယ့် အနှစ်သာရတွေကို ပြောပြမယ်။ ခရီးစဉ်အတောအတွင်း မင်းက စက္ကန့်တိုင်းကို အသုံးချပြီး လေ့ကျင့်နိုင်ဖို့ မျှော်လင့်ပါတယ်… "

သူမ၏ အမူအရာက ရုတ်တရက်လေးနက်လာခဲ့သည်။

"ကောင်းကင်ဖျက်လက်ဝါးက နာမည်ကျော် ရှေးဟောင်းလက်ဝါး သိုင်းပညာတစ်ခုပဲ။ ကမ္ဘာကြီးကိုတောင် ပြောင်းပြန်လန်သွားစေနိုင်ပြီး လောကသုံးပါးကို ပျက်စီးစေနိုင်တယ်။ အဲဒါက တာအိုဂိုဏ်းမှာရှိတဲ့ ကောင်းကင်ဘိုးဘေးရဲ့ လျှို့ဝှက်သိုင်းပညာတစ်ခုပဲ…”

“ဘိုးဘေးကွမ်ချန်းက အဲဒီအရာကို တိုးတက်အောင်လုပ်ခဲ့တဲ့အတွက် သာမန် ဓမ္မကာရအဆင့် သိုင်းကွက်တွေထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ အဲဒါက ဗုဒ္ဓလက်ဝါးနဲ့ ကျဲတျန်းဓားသိုင်း (၇)ကွက်ကို မယှဉ်နိုင်ပေမဲ့ တခြားထိပ်တန်းသိုင်းပညာတွေ အားလုံးထဲမှာတော့ အမြင့်ဆုံးပဲ။ အထွဋ်အထိပ် ဓားသိုင်းပညာထက်တောင် ပိုပြီးတော့ အစွမ်းထက်သေးတယ်…"

သူမက အခြေအနေကို နှိုင်းယှဉ်ပြလိုက်သည်။

ကျန်းကျိဝေ၏ အစွမ်းက မည်မျှအစွမ်းထက်ကြောင်း မုန့်ချီက ရင်းနှီးနေ၏။

ကျန်းကျိဝေကလည်း ထိုစကားကို ငြင်းဆန်ခဲ့ခြင်း မရှိချေ ။ ကောင်းကင်ဖျက်လက်ဝါးက အမှန်တကယ်ကို နာမည်ကျော် သိုင်းကွက်တစ်ခု ဖြစ်သည်။ ထိုအရာက တာအိုဂိုဏ်း၏ လက်အောက်ခံ တော်ဝင်ဂိုဏ်းခွဲ (၉)ခုမှ ထိပ်တန်းသိုင်းပညာတစ်ခုလည်း ဖြစ်၏။

ထိုအရာက သူမ၏သတ်ဖြတ်ရေး သိုင်းပညာထက် ပို၍အစွမ်းထက်သည်မှာကျိုးကြောင်းဆီလျော်လှသည်။ သို့သော် သိုင်းကွက် ဟူသည်မှာ ပစ္စည်းကဲ့သို့သာ ဖြစ်သည်။ လူသား ဟူသည်မှာ အသက်ရှင်နေသော ပစ္စည်းများဖြစ်၏။ မတူညီသော လူများက တူညီသောသိုင်းကွက်တစ်ခုကို သုံးလိုက်မည်ဆိုလျှင်ပင် မတူညီသော သက်ရောက်မှုများ ရှိလာနိုင်သည်။

သူမက ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ဖြစ်လာသည့်အချိန်တွင် သူမ၏ အနန္တဓားသိုင်းက ဘိုးဘေးကွမ်ချန်း၏ ကောင်းကင်ဖျက်လက်ဝါးထက် အားနည်းနေခြင်း မရှိနိုင်တော့ပေ။

"ရှေးအချိန်တုန်းကတော့ ဘိုးဘေးကွမ်ချန်းက အဖိုးတန်ပစ္စည်းတွေ အများကြီးကို စုဆောင်းခဲ့ပြီး ကောင်းကင်ဖျက်လက်ဝါးတစ်ခုကို အဓိက ဖန်တီးထားခဲ့တယ်။ အဲဒါက နတ်ဘုရားလက်နက်အဆင့်ကို ရောက်ခါနီးနေတဲ့ လက်နက်တစ်ခုလို့တောင် သတ်မှတ်နိုင်တယ်။ ဒါပေမယ့် အဲဒါက ပျောက်သွားခဲ့တယ်…"

တိမ်တိုက်ပြာဘိုးဘေးက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက မင်းကို ဒါတွေပြောပြနေတယ်ဆိုတာ သူ့ရဲ့စွမ်းအား ၊ ကြမ်းတမ်းခက်ထန်မှုနဲ့ အစွမ်းထက်တဲ့ အရှိန်အဝါတွေကို နားလည်ခံစားမိအောင်လို့ ပြောပြနေတာပဲ။ မင်းက အဲဒီလက်ဝါးချက်ကို တုပတဲ့အချိန်မျိုးမှာ ကြောက်လန့်နေလို့ မရသလို အာရုံပျံ့လွင့်နေလို့လည်း မရဘူး။ ကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ခံစားနေရမယ်…"

သူမက မုန့်ချီကို ကောင်းကင်ဖျက်လက်ဝါး၏ ချီစွမ်းအင်စီးဆင်းမှုနှင့် အရှိန်အဝါ စုစည်းရသည့် အနှစ်သာရများကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် အသေးစိတ် ပြောပြနေခဲ့သည်။ သို့သော် သူမက ပင်မနည်းလမ်းများနှင့် ချီစွမ်းအင် တွက်ချက်မှုများကိုတော့ မပြောခဲ့‌ပေ။

တစ်ဖက်တွင်တော့ မုန့်ချီက သူ၏သိုင်းကွက်များ ၊ အရှိန်အဝါများကို လုံးဝ နားမလည်နိုင်သည့်အတွက် တုပတိုက်ခိုက်၍ မရနိုင်ပေ။ အစစ်အမှန်ကဲ့သို့လည်း မဖြစ်လာနိုင်ပေ။

သို့သော် ထိုအရာကပင် မုန့်ချီကို နားလည်မှု အမြောက်အများ ရရှိအောင် ကူညီပေးနိုင်သည်။ ကောင်းကင်ဖျက်လက်ဝါး၏ ချီစွမ်းအင်စီးဆင်းမှု လမ်းကြောင်းက ရှေးကျပြီး ဆန်းကြယ်လှ၏။ ထိုလက်ဝါးသိုင်းကွက်ထဲတွင် စကြဝဠာ၏ စည်းမျဉ်းများ ၊ အနှစ်သာရများ ပါဝင်နေသလို ထင်မှတ်ရ၏။

သူသာ ထိုအရာကို နားလည်သွားလျှင် သူ၏ ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာများထဲသို့ ပေါင်းစပ်နိုင်သည်။ အရေးကြီးဆုံးအရာကတော့ တိမ်တိုက်ပြာဘိုးဘေးက စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရသည့် နည်းလမ်းကို ပြောပြပေးနေပြီး ဝေ့ကျင်း အဆင့် ပညာရှင်တစ်ယောက်၏ အရှိန်အဝါကို တုပနိုင်အောင် သင်ကြားပေးနေသည်။

ထိုမတိုင်ခင် စိတ်ဝိညာဉ်ဖြန့်ကျက်ခြင်းကို အသုံးပြုရာ၌ ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့က ကမ္ဘာမြေကြီးနှင့် သက်ဆိုင်မှု မရှိ‌ချေ။ သူတို့ကတော့ ရန်သူ၏ အာရုံများကို နှောင့်ယှက်နိုင်သော အရာမျိုးသာ ဖြစ်သည်။

လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကသာ ထိုအရာကို အနည်းငယ် ထိတွေ့နိုင်သော်လည်း မှတ်ဉာဏ်များကို လှုံ့ဆော်ရာတွင်သာ အဓိက အာရုံစိုက်ရသည်။ ယခုတော့ တိမ်တိုက်ပြာ ဘိုး‌ဘေးက စိတ်ဝိညာဉ်ဖြန့်ကျက်ခြင်းနှင့် ပတ်သက်ပြီး တခြားအသုံးဝင်သော နည်းလမ်းများကို နားလည်နိုင်အောင် ကူညီပေးနေသည်။

သူက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်ပြီး စကြဝဠာ၏ စည်းမျဉ်းများကို အသုံးချ၍ အရှိန်အဝါတစ်ခု ဖန်တီးနိုင်ပါလိမ့်မည်။ အကယ်၍ သူက မျက်ခုံးကြား ပင်မတံခါးကို မဖွင့်နိုင်ခဲ့လျှင်တော့ ကမ္ဘာမြေကြီး၏အစွမ်းကို သုံးနိုင်လိမ့်မည် မဟုတ်ချေ။

အဆုံးတွင်တော့ သူမက သတိပေးလိုက်၏။

"မင်းက မီးတောက်နတ်ဆိုးရဲ့ သက်ရောက်မှုကိုတောင် မခံရတဲ့အတွက် မင်းဆီမှာ ပင်မဝိညာဉ်ကို အဓိကလေ့ကျင့်ထားတဲ့ လျှို့ဝှက်သိုင်းပညာတစ်ခု သေချာပေါက် ရှိနိုင်တယ်။ မင်းက လမ်းခရီးစဉ်မှာ ငါပြောတဲ့အရာတွေကို သေချာနားလည်မှ ရမယ်။ မဟုတ်ရင် ငါတို့အားလုံးက ကျရှုံးသွားရမှာပဲ။ အဲဒီအရာမျိုးက ဘယ်သူ့ကိုမှ ပျော်ရွှင်စေမှာ မဟုတ်ဘူး…"

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး စက္ကန့်တိုင်းကို ကောင်းကောင်းအသုံးချရန် စဉ်းစားလိုက်သည်။ သူ့စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်မိ၏။ အင်မော်တယ်များက နှစ်ပေါင်းများစွာ တည်ရှိနေပြီး ဝေ့ကျင်းအဆင့် သိုင်းပညာများ၏ စာရင်းနှင့် ဉာဏ်အလင်းပွင့်မှု အဆင့် ပညာရှင်များ လေ့ကျင့်နိုင်သော စိတ်ဝိညာဉ်ကျင့်စဉ်များကိုလည်း သိနေသည်။ သူ့အစွမ်းအရ သတိလွတ်နေ၍ မရနိုင်ပေ။ ထိုအရာက အဖွဲ့အစည်းတစ်ခုဆီမှ ရရှိနိုင်သော အရာများဖြစ်သည်။

တိမ်တိုက်ပြာ ဘိုးဘေးက အပြာရောင်တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူတို့အားလုံးကို တက်ခိုင်းလိုက်သည်။ ထို့နောက် ကောင်းကင်ဖျက်နန်းတော်ဆီသို့ အလျင်အမြန် ထွက်ခွာလာခဲ့ကြ၏။

ခရီးလမ်းတစ်လျှောက် သူမက အနားယူနေသော်လည်း ပြည့်ပြည့်ဝဝ ပြန်မကောင်းနိုင်သေးပေ။ သူမက တုပရာတွင် မုန့်ချီ ပြည့်ပြည့်ဝဝ နားလည်ရန် အချိန်ပေးချင်နေသေး၏။

ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့က ကောင်းကင်တောင်တန်းကြီးတစ်ခု အနားကို ရောက်လာခဲ့သည်။ တိမ်တိုက်ပြာ ဘိုးဘေးက အနီးအနားတွင် ရှိနေသော တောင်ထိပ်ပေါ်တွင် ဆင်းသက်လိုက်ပြီး မုန့်ချီကို မေးလိုက်၏။

"မင်းက ဘယ်လိုနေသေးလဲ…"

မုန့်ချီက ပြန်မဖြေခဲ့ပေ။ ထိုအစား သူက ခေါင်းပေါ်တွင် ညာလက်ကို မြှောက်လိုက်၏။ သူ၏လှုပ်ရှားမှုက ကိုးရိုးကားရား နိုင်သော်လည်း အစွမ်းထက်သည်။ သူက အရာအားလုံးကို ဖိနှိပ်လိုက်သလို ထင်မှတ်ရ၏။

ကမ္ဘာမြေကြီးကလည်း ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ သို့သော် မုန့်ချီကတော့ အလွန်ကြီးမားလာပြီး လေထဲတွင် အင်မော်တယ် တစ်ပါးကဲ့သို့ ရပ်နေခဲ့၏။ လေစီးကြောင်းများအားလုံးက ငြိမ်သက်သွားသည်။

တိမ်တိုက်ပြာ ဘိုးဘေးက မည်မျှရှောင်တိမ်းပြီး ခုခံစေကာမူ ထိုလက်ဝါးချက်က သူမ၏ နဖူးပေါ်သို့ ကျရောက်လာမလို ခံစားနေရ၏။ မုန့်ချီ၏ ညာလက်ထဲမှ ကျရောက်လာသော အရှိန်အဝါက အလွန်အံ့ဩစရာ ကောင်းလွန်းလှသည်။

သူ၏ လက်ဖဝါးထဲတွင် ရှိနေသော လေလှိုင်းများက မည်းနက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို ထင်မှတ်ရ၏။ ထိုအရာက အမှန်တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်နေသည်။

လေစီးကြောင်းများ ထွက်ပေါ်လာသည့်အချိန်တွင် တဝှီးဝှီး မြည်သံများကိုလည်း ကြားနေရ၏။ ထိုအသံကတော့ တစ္ဆေသရဲများ ၊ အင်မော်တယ်များ၏ အော်ဟစ်ငိုကြွေးသံများကဲ့သို့ ထင်မှတ်ရသည်။

တိမ်တိုက်ပြာ‌ဘိုးဘေးက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ကြိုးစားပြီး ခေါင်းညိတ်ပြလိုက်၏။

"အရမ်းကောင်းတယ်။ မင်းက ဘိုးဘေးကွမ်ချန်းလို ခံစားရတယ်…"

ထို့နောက် သူမက တခြားလူများကို ပြောလိုက်သည်။

"ငါတို့မှာ အချိန် မရှိဘူး။ အခုချက်ချင်းပဲ လှုပ်ရှားလိုက်ကြစို့ … "

Translated by Hein Htet

All Chapters