အခန်း (၃၅၇)
Vol. 24 Ch. 357
မုန့်ချီနှင့် တခြားလူများက လမ်းပျောက်ပြီး ထွက်ပေါက်ဆီသို့ မပြန်နိုင်တော့မှာကို ကြောက်လန့်နေသည့်အတွက် အနီရောင်ရေများ စီးဆင်းနေသော မြစ်ကြောင်းအတိုင်း ရှေ့သို့ ဆက်ထွက်လာခဲ့ကြသည်။
သူတို့က လမ်းတစ်လျှောက်တွင် သတိထား၍ လျှောက်နေပြီး ထူးဆန်းသော အနက်ရောင်သစ်ပင်များနှင့် ဧရာမကျောက်တုံးကြီးများအောက်တွင် ပစ်မှတ်များကို ရှာဖွေနေခဲ့သည်။
နတ်ဆိုးအားလုံးက နတ်ဆိုးသလင်းကျောက်များ စုစည်းနိုင်ခြင်းမဟုတ်ချေ။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီစွမ်းအင်များ အလုံအလောက် သိပ်သည်းလာမှသာ ဖြစ်တည်နိုင်သည်။ ပြောရမည်ဆိုလျှင် သူတို့၏ အစွမ်းက အနည်းဆုံး သံနတ်ဆိုးကို ယှဉ်နိုင်ကြ၏။
"ဒီတစ်ကောင် ဘယ်လိုနေလဲ။ သူက ဝေ့ကျင်းတစ်ဝက်အဆင့်နီးပါး ရောက်နေပြီလို့ ခံစားရတယ်…"
မုန့်ချီက ကျောက်တုံးကြီးတစ်တုံး၏ နောက်တွင် ပုန်းနေခဲ့သည်။ အနက်ရောင် ကျောက်တုံးကြီးက လူသားမျက်နှာတစ်ခု ပုံသဏ္ဌာန် ဖြစ်ပေါ်နေခဲ့၏။ သူက ခေါင်းတစ်ဝက်ခန့်က ဖော်ပြီး မြစ်ဘေးတွင် ငါးပုံစံအရာများကို စားနေသည့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ကို ကြည့်နေသည်။
ထိုမကောင်းဆိုးဝါး ဝိညာဉ်က အရပ် (၃)မီတာခန့်ရှိပြီး ခြေတံလက်တံ ရှည်သည်။ သူ့လက်ထဲတွင်တော့ လေးလံပြီး ထက်မြက်သော နတ်ဆိုးဓားတစ်ချောင်းကို ကိုင်ထားခဲ့၏။ အလွန်သိပ်သည်းသော အနက်ရောင် အငွေ့များက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသည့်အတွက် သူ့ကို အသေးစိတ် မမြင်ရပေ။
သူ့လက်ထဲတွင် ကိုင်ထားသော ငါးပုံသဏ္ဌာန် သတ္တဝါက အစိမ်းရောင်ကြေးခွံများရှိပြီး (၃)ပေခန့်ရှိသည်။ သူ၏အက်ကွဲကြောင်းများထဲတွင် အနက်ရောင်အမွေးအမျှင်များ ပြည့်နှက်နေပြီး ပါးစပ်ထဲတွင် ချွန်ထက်သော သွားများ ရှိနေသည်။ မကောင်းဆိုးဝါး ဝိညာဉ်က ငါးကို ကိုက်လိုက်သည့်အချိန်၌ အသွေးအသားများ စီးကျလာနေခဲ့၏။ မကောင်းဆိုးဝါး၏ ပါးစပ်တွင်လည်း အနီရင့်ရောင်သွေးများ စွန်းထင်နေသည်။
"ငါတို့က အဲဒီတစ်ကောင်ကို သတ်ကြမယ်…"
ကျန်းကျိဝေက တည်ငြိမ်စွာ ပြောလိုက်၏။
ချီကျန်းရန်တို့ကလည်း တိတ်တဆိတ် ထောက်ခံလိုက်ကြ၏။ ထို့ကြောင့် သူတို့ (၅)ယောက်က လူခွဲလိုက်ကြသည်။ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က နေရာတွင် နေခဲ့ကြပြီး ကျန်းကျိဝေနှင့် ကျိုးဟမ်တို့က ဘယ်ဘက်နှင့် ညာဘက်သို့ လူခွဲသွားကြသည်။
မုန့်ချီကတော့ မကောင်းဆိုးဝါးဝိညာဉ်ဆီကို တည့်တည့် ပြေးဝင်သွားခဲ့၏။ နတ်ဆိုးကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ မကောင်းဆိုးဝါးဝိညာဉ်မျိုးကို လှည့်စားနိုင်မည်ဟု သူတို့က မထင်ထားခဲ့ပေ။ သူတို့၏အငွေ့အသက်များနှင့် နတ်ဆိုးဖယ်ရှားရေး အဆောင်၏ သက်ရောက်မှုကြောင့် သူတို့က လက်ရှိပတ်ဝန်းကျင်တွင် ပို၍ ထင်ရှားနေသည်။ သူတို့က အမှောင်ထဲတွင် ရှိနေသော ပိုးစုန်းကြူးများကဲ့သို့ ဖြစ်နေ၏။
"ဖပ် …ဖပ် …ဖပ် … "
မုန့်ချီက ညာလက်ထဲတွင် ကိုင်ထားသော ဓားမောက်ကို ကိုင်ထားရင်း ခြေထောက်ထဲသို့ စွမ်းအားများ ပို့ဆောင်ပြီး ရထားလုံးတစ်စီးကဲ့သို့ မကောင်းဆိုးဝါး ဝိညာဉ်ဆီကို ပြေးဝင်သွားခဲ့သည်။
မကောင်းဆိုဝါးဝိညာဉ်က ချက်ချင်း သတိထားမိခဲ့ပြီး ပြန်လှည့်၍ သူ့ဓားနှင့် မုန့်ချီကို လွှဲယမ်းတိုက်ခိုက်လိုက်၏။ ဓားချီစွမ်းအင်များက အနက်ရောင်မြူခိုးများ လွှမ်းခြုံနေပြီး ငရဲကြီး (၉)ထပ်မှ ဆင့်ခေါ်မှုကဲ့သို့ ဖြစ်နေသည်။
ထိုအရာက (၃)မီတာကျော် မြင့်မား၏။ မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် တောင်တန်းကြီးတစ်ခု၏ တစ်ဝက်ခန့်ရှိသည်။ သူက မုန့်ချီကို မိုးထားသည့်အတွက် အနိုင်မရနိုင်တော့သလို ခံစားနေရ၏။
"ဒေါင် … ဒေါင် … "
ရွမ်ယုရှုကို ထိုမြင်ကွင်းကို သေချာစိုက်ကြည့်နေပြီး သူမ၏ညာလက်နှင့် တေးသွားတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာကတော့ လူမဆန်သော တေးသွား (၈)သွယ်ထဲမှ နှစ်မွှာတေးဂီတ ဖြစ်၏။
မကောင်းဆိုးဝါးဝိညာဉ်က ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး သူ၏ ပင်မဝိညာဉ်က ဆွဲထုတ်ခံလိုက်ရသည့်အလား တုန်လှုပ်သွားခဲ့သည်။
မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး တိုက်ခိုက်လိုက်သော ဓားကို မှော်ဆန်ဆန် ရှောင်တိမ်းလိုက်သည်။ သူက မကောင်းဆိုးဝါးဝိညာဉ်၏ မျက်နှာရှေ့သို့ ရောက်လာခဲ့၏။ သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"သတ်ပစ်လိုက်တော့ … "
သူ၏ မိုးကြိုးဟိန်းသံကြောင့် မကောင်းဆိုးဝါးဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။
မုန့်ချီက ခရမ်းမိုးကြိုးစွမ်းအားများကို သုံးပြီး သူ၏ဓားရှည်နှင့် (၉)ချက်တိတိ ဆင့်ခုတ်လိုက်၏။ သိုင်းကွက်တစ်ခုချင်းဆီက အရိပ်များကဲ့သို့ လှုပ်ရှားလာခဲ့သည်။ တစ်လွှာပြီး တစ်လွှာ ဖိနှိပ်လာခဲ့ပြီး ကျယ်လောင်သော အသံကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
"ဘုန်း … "
ခရမ်းရောင်လျှပ်စီးကြောင်း (၉)ခုက နဂါးများကဲ့သို့ဖြစ်နေပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်၍ စက်ဝိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်လာပြီး မကောင်းဆိုးဝါးဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။
"ဗုန်း … "
ကောင်းကင်မိုးကြိုးများက မကောင်းဆိုးဝါးဝိညာဉ်ကို ရှင်းပစ်လိုက်ပြီး ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုး ချီစွမ်းအင်များကို လုံးဝဖယ်ရှားပေးလိုက်သည်။ ထိုအခါ အတွင်းထဲတွင် ရှိနေသော သူ၏ခန္ဓာကိုယ်က ပေါ်လာခဲ့၏။
မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်ကြေးခွံများ ပြည့်နှက်နေပြီး ပုတ်သင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး အောက်တွင် ရှိနေသော အရိုးများကိုပင် မြင်နေရသည်။ ခရမ်းရောင်လျှပ်စီးပွင့်လေးများက ဒဏ်ရာများကြားတွင် လှုပ်ရှားနေပြီး သူ၏ အကြေးခွံများကို ဆက်တိုက်ဖျက်ဆီးပစ်နေသည်။
မကောင်းဆိုးဝါးဝိညာဉ်က စောင်းသံကြောင့် ထိခိုက်သွားရာမှ သတိပြန်ဝင်လာသည့် အချိန်တွင် တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။
တပြိုင်နက်တည်းဆိုသလိုပင် ချီကျန်းရန်က ရွှေနဂါးဓားကို အသက်သွင်းလိုက်၏။ ထိုဓား၏ အလင်းတန်းများက ဦးချိုမဲ့ နဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး မကောင်းဆိုးဝါးဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။
အလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း မကောင်းဆိုးဝါး ချီစွမ်းအင်များက အေးခဲသွားပြီး အနက်ရောင်နှင်းပွင့်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က စာရွက်များ မီးရှို့ရာမှ ကျန်ရှိနေသော ပြာများကဲ့သို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားခဲ့၏။
ဓားအလင်းရောင်က မကောင်းဆိုးဝါးဝိညာဉ်ကို နေရာတွင် ငြိမ်သက်သွားစေနိုင်သည်။ ထိုအရာက သူ၏ဓားဒဏ်ရာကို ပို၍ ပြင်းထန်လာစေ၏။ ထိုဓားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး အနီရင့်ရောင်သွေးများ ဖြာထွက်လာသည်။ လေထဲတွင် သွေးခဲများ လွင့်မျောနေသည့်အလား သူ့သွေးများက မြေပြင်နှင့်မထိခင် ရေခဲသလင်းကျောက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရေခဲများထဲတွင် လွှမ်းခြုံခံထားရသော မကောင်းဆိုးဝါးဝိညာဉ်က ရုန်းကန်လိုက်သည့် အချိန်တွင် ရေခဲများပေါ်၌ အက်ကွဲသည့်အသံတစ်ခု ပေါ်လာခဲ့သည်။
ကျန်းကျိဝေက ရှေ့သို့ ပြေးဝင်သွားခဲ့၏။ သူမက ဖျက်ဆီးပင်လယ် သိုင်းကွက်ကို သုံးပြီး မကောင်းဆိုးဝါးဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။ ဓားသွားက သူ၏ မျက်ခုံးမှနေ၍ လည်ပင်းထိအောင် ဆွဲချသွားခဲ့၏။
"ခွပ်.…"
မကောင်းဆိုးဝါးဝိညာဉ်၏ မျက်နှာပေါ်တွင် ရှိနေသော ရေခဲအလွှာက ချက်ချင်း ပျက်စီးသွားခဲ့ပြီး သူ့ခေါင်းက ထက်ခြမ်းကွဲသွားခဲ့သည်။ ခေါင်းထဲမှ အနက်ရောင်အရည်များ စီးကျလာပြီး ပင်မဝိညာဉ်က ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့၏။
အစစ်အမှန် မကောင်းဆိုးဝါး ဝိညာဉ်များက ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါး ချီစွမ်းအင်များ ပေါင်းစပ်ထားခြင်းကြောင့် ပို၍ အသက်ပြင်းသည်။ အထူးသဖြင့် သူတို့၏အသက်စွမ်းအင် ဖြစ်၏။
"ချွင် … "
ကျိုးဟမ်က ရွှေရောင်အလင်းတန်းများ တောက်ပနေသော ဓားနှင့်ခုတ်လိုက်သည်။
ထိုအခါ မကောင်းဆိုးဝါးဝိညာဉ်၏ ပင်မဝိညာဉ်က လုံးဝကို ပျက်စီးသွားခဲ့ပြီး ဧရာမ ခန္ဓာကိုယ်ကြီးကလည်း မြေပေါ်သို့ လဲကျသွားခဲ့၏။
သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြွေဘုရင်ထက် အနည်းငယ် ပိုအစွမ်းထက်သော မကောင်းဆိုးဝါးဝိညာဉ်က နေရာတွင် သေဆုံးသွားခဲ့သည်။ မုန့်ချီက သူ့ဓားကိုပင် သုံးစရာ မလိုခဲ့ပေ။ ထိုအရာက တိုက်ပွဲထဲတွင် ပြီးပြည့်စုံသော အဖွဲ့တစ်ခု၏ စွမ်းအားလည်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ပျက်စီးသွားသည့်အချိန်တွင် မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသော အနက်ရောင်မကောင်းဆိုးဝါး ချီစွမ်းအင်များက အနက်ရောင် သလင်းကျောက်လေး တစ်ခုအဖြစ် စုစည်းလာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးများကလည်း အရည်ပျော်ကျသွားပြီး မှော်သလင်းကျောက်ထဲသို့ ဝင်ရောက်သွား၍ အနီရောင်အရိုးလေး တစ်ခု ပေါ်လာခဲ့သည်။ ချောမွေ့နေသော အရိုး၏ မျက်နှာပြင်ပေါ်တွင်တော့ ကြမ်းတမ်းခက်ထန်မှုများ ရှိနေ၏။
"သွေးနီရောင် နတ်ဆိုးအရိုးလား…၊ ဒါက လက်နက်ဖန်တီးနိုင်တဲ့ ပစ္စည်းပဲ…"
ရွမ်ယုရှုက မှတ်ချက်ပေးလိုက်သည်။
မုန့်ချီက ပြန်လှည့်ပြီး ကျိုးဟမ်ကို ပြောလိုက်၏။
"ဒါကို အရင်ဆုံး သူ့ကိုပဲ သိမ်းခိုင်းထားလိုက်မယ်။ ပြန်ရောက်တဲ့ အချိန်ကျရင်တော့ ကံကြမ္မာအမှတ်နဲ့လဲပြီး အညီအမျှ ခွဲဝေကြတာပေါ့…"
"ကောင်းပြီလေ…"
ကျိုးဟမ်က ပြန်ဖြေလိုက်၏။ မုန့်ချီက သူ့လို ချမ်းသာသော လူတစ်ယောက်ကို ပြဿနာရှာလိုခြင်း မရှိချေ။ သူကတော့ ထိုကဲ့သို့ အဖိုးမတန်သည့်အရာများကို ဂရုစိုက်နေမည် မဟုတ်ချေ။
သွေးနီရောင် နတ်ဆိုးအရိုးနှင့် နတ်ဆိုးသလင်းကျောက်များကို သိမ်းလိုက်ပြီးနောက် သူတို့က အတွင်းထဲသို့ မသွားရဲသည့်အတွက် အနီးအနားတွင် တခြားနတ်ဆိုးများကို ရှာဖွေနေကြသည်။
သူတို့က မြစ်ကမ်းအတိုင်း သစ်တောကို ပတ်သွားခဲ့ကြသည်။ ရုတ်တရက်ဆိုသလို မုန့်ချီက မျက်လုံးပြူးသွားခဲ့၏။ သူ့ရှေ့တွင်တော့ ရွှေရောင်ဗုဒ္ဓတံဆိပ်ကြီးတစ်ခု ရှိနေသည်။ သူတို့က ထိုအရာနှင့် မည်မျှဝေးနေကြောင်း တိတိကျကျ မပြောနိုင်သော်လည်း ထိုအရာက သူတို့၏ ရှေ့တည့်တည့်တွင် ရှိနေသလို ထင်မှတ်နေရ၏။
တောက်ပနေသော ဗုဒ္ဓအလင်းရောင်များ ၊ ဓမ္မရွတ်ဆိုသံများနှင့် နတ်ဆိုးအော်သံများက တစ်ထပ်တည်းဖြစ်သည်။
"ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ…"
သူတို့က ထိုအရာ၏ ဆန့်ကျင်ဘက်ကို ထွက်လာခဲ့ခြင်း မဟုတ်ပေလော။ မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပေါ်လာခဲ့သည်။
သူက တခြားလူများကို လှည့်ကြည့်လိုက်ရာ သူတို့ကလည်း အံ့ဩနေကြောင်း မြင်လိုက်ရသည်။
"ဗုဒ္ဓအလင်းရောင်က မကောင်းဆိုးဝါးဘိုးဘေးကိုပဲ ဖိနှိပ်ထားတာလေ… "
ချီကျန်းရန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါတို့ရဲ့ ပတ်ပတ်လည်မှာ ဗုဒ္ဓတံဆိပ် ရှိနေတာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ ဘယ်ကိုပဲသွားသွား ဗုဒ္ဓအလင်းရောင်ရှိနေတဲ့ နေရာမှာပဲ အဆုံးသတ်သွားမယ်လို့ ဆိုလိုနေတာပဲ…”
“ဗုဒ္ဓဘုန်းတော်ကြီး ကျူးကျန်းက မကောင်းဆိုးဝါးဘိုးဘေးကို အနိုင်ရပြီးသွားတဲ့အချိန်မှာ သူ့ကို ပိတ်လှောင်လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီအချိန် သူက ပတ်ပတ်လည်မှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဒီနယ်မြေထဲကနေ လွတ်မြောက်မသွားအောင် ဖိနှိပ်ထားတာလည်း ဖြစ်နိုင်တယ်။ သူတို့ ဘယ်ကိုပဲ သွားသွား ဒီနေရာကိုပဲ ပြန်ရောက်လာရတယ်။ နတ်ဆိုးကမ္ဘာကြီးရဲ့ ဝင်ပေါက်ကတော့ သူတို့ ထွက်ပြေးဖို့အတွက် ကြိုးစားမှုပဲ…"
ကျန်းကျိဝေက သူမ သိထားသည့် အရာများအပေါ် အခြေခံပြီး ပြောပြလိုက်သည်။
ရွမ်ယုရှုက စကားဝင်ပြောတော့မည့်အချိန်တွင် သွေးရောင်လူရိပ်တစ်ခုက မြစ်ထဲမှ ခုန်ထွက်လာခဲ့၏။ ထိုအရိပ်က ဝေဝါးနေပြီး လူသားတစ်ယောက် ပုံသဏ္ဌာန်ရှိသည်။ သူ့ဆီမှ သွေးရနံ့များ ၊ ညှီစို့စို့ ရနံ့များ ထွက်ပေါ်နေခဲ့၏။
မုန့်ချီကတော့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ ထိုအရာက ဝေ့ကျင်းအဆင့်ကို ရောက်နေသော မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ပေလော။
မုန့်ချီက အလွန်ထိတ်လန့်အံ့ဩသွားခဲ့သည့်အတွက် သူ့ဓားကို မထုတ်ရသေးခင် ထိုသွေးရောင်လူရိပ်က လေထဲသို့ ခုန်လာပြီး ကျန်းကျိဝေဆီသို့ အလွန်လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
အလွန်ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သွေးနီရောင်အလင်းတန်းတစ်ခုလည်း တောက်ပလာခဲ့၏။ မကောင်းဆိုးဝါးဝိညာဉ်က ကျန်းကျိဝေ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သူမ၏ အသွေးအသားများကို ဝါးမြိုရန် မအောင်မြင်ခဲ့ပေ။
"ငါးကြေးခွံ ချပ်ဝတ်အင်္ကျီလား… "
မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။ ထိုအချိန်တွင် အလွန်အမင်း တောက်ပမှုမရှိသော အပြာရောင်မီးအိမ်လေးကလည်း မုန့်ချီ၏ ရှေ့တွင် ဖြည်းညင်းစွာ လွင့်မျောလာခဲ့၏။ မကောင်းဆိုးဝါး ချီစွမ်းအင်များလည်း ပျံ့နှံ့လာခြင်း မရှိတော့သည့်အတွက် မည်သူမျှ မထိခိုက်တော့ပေ။
ထိုအချိန်တွင် အလင်းတန်းက အရိပ်ဆီမှ အငွေ့အသက်များကို ကာကွယ်ပေးလိုက်သည့်အတွက် ဤနယ်မြေတစ်ခုလုံး တိတ်ဆိတ်အေးချမ်းသွားခဲ့သည်။
"အော်မီတော်ဖော် … "
သွေးရောင်လူရိပ်က အနီရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ မီးအိမ်၏ အလင်းရောင်လေးက သူ့ခန္ဓာကိုယ်ကို သန့်စင်နေပုံရ၏။
"နတ်ဆိုးချုပ်နှောင်ခြင်းကျောင်းဆောင်… "
မုန့်ချီက အော်ဟစ်လိုက်သည်။
သူက ညာလက်တွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားပြီး တခြားတစ်ဖက်တွင် ရေလှိုင်းမီးတောက်ဓားကို ကိုင်၍ တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။ သူက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်မဟုတ်သလို ဗုဒ္ဓမီးအိမ်လေးကလည်း ပျက်စီးနေသည်။ ထိုအရာက ဝေ့ကျင်းအဆင့် သွေးနတ်ဆိုးတစ်ကောင်ကို အမှန်တကယ် သန့်စင်ရန် ခက်ခဲနိုင်၏။
သွေးရောင်လူရိပ်က ကျန်းကျိဝေဆီသို့ ခုန်ဝင်သွားသည့်အချိန်တွင် ရွမ်ယုရှုက နတ်ဆိုးချုပ်နှောင်ခြင်းကျောင်းဆောင်ကို ထုတ်လိုက်ခြင်းဖြစ်သည်။ သူမက ထိုအရာကို လှမ်းပစ်လိုက်သည့် အချိန်တွင် နတ်ဆိုးကတော့ ဗုဒ္ဓမီးအိမ်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသေး၏။
(၇)ထပ် ကျောင်းဆောင်လေးဆီမှ အလင်းရောင်များ တောက်ပလာပြီး အထပ်တစ်ထပ်ချင်းဆီတိုင်းတွင် လော်ဟန့်ကိုယ်တော်တစ်ပါးချင်းစီ၏ ပုံရိပ်များ ပေါ်လာခဲ့သည်။ သူတို့တစ်ယောက်ချင်းဆီက ကျမ်းစာများကို ရွတ်ဖတ်နေကြပြီး အရိပ်များ ပေါ်လာနေ၏။ ဗုဒ္ဓအလင်းရောင်များ၏ အလယ်တွင်တော့ ကျောင်းဆောင်ကြီးက ကျဆင်းလာခဲ့သည်။
မုန့်ချီ၏မီးအိမ်လေး ကျေးဇူးကြောင့် နတ်ဆိုးက မည်သည့်နေရာကိုမျှ ထွက်ပြေး၍ မရတော့သည့်အတွက် ထိုကျောင်းဆောင်လေးက သွေးရောင်လူရိပ်၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့သည်။ သူ့ဆီမှ မကောင်းဆိုးဝါး ချီစွမ်းအင်များလည်း ထွက်ပေါ်လာပြီး အစစ်အမှန် ပုံရိပ်ပေါ်လာခဲ့သည်။ ထိုအရာဆီတွင် မျက်လုံးတစ်စုံ၊ နှာခေါင်းတစ်ခုနှင့် သွေးရောင်နတ်ဆိုးအရေပြား ရှိနေသည်။
သူတို့ဆီတွင် (၅)စက္ကန့်သာ ကျန်တော့၏။ မုန့်ချီက စဉ်းစားမနေဘဲ နတ်ဆိုးကို ဓားနှင့် တိုက်ခိုက်လိုက်သည်။ ရေလှိုင်းမီးတောက်၏လှုပ်ရှားမှုက ကောင်းကင်ကြီးကို ဖြတ်သန်းလာသော အလင်းတန်းတစ်ခုသဖွယ် လှပလွန်းလှသည်။ နတ်ဆိုးက ထွက်ပြေးရန် နည်းလမ်းမရှိနိုင်ပေ။ သူက နတ်ဆိုးကို တည့်တည့် လှမ်းထိုးလိုက်၏။
သူတို့ တိုက်ခိုက်လိုက်ပြီးနောက် အပြာရောင် မီးအိမ်လေးက မှေးမှိန်သွားခဲ့ပြီး မူလအရွယ်အစားကို ပြန်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ရေလှိုင်းမီးတောက်က နတ်ဆိုး၏ အရေပြားကို ထိုးဖောက်သွားပြီး အပေါက်ကြီးတစ်ခု ဖြစ်လာသည့်အတွက် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာသည်။
အလွန်ကြောက်စရာကောင်းသော မီးတောက်များကလည်း သူ၏ အရေပြားတစ်ခုချင်းဆီတိုင်းကို ဝါးမြိုနေခဲ့၏။ နတ်ဆိုးကတော့ နာနာကျင်ကျင် အော်ဟစ်နေခဲ့ရသည်။ မီးအိမ်လေး၏ ထိန်းချုပ်မှုသာ မရှိလျှင် သူက အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး ဖမ်းမိရန် မဖြစ်နိုင်ပေ။
ချီကျန်းရန်ကလည်း မုန့်ချီ၏ နောက်မှနေ၍ မိုင်တစ်ထောင်အေးခဲခြင်းအစွမ်းကို သုံးလိုက်ရာ အနက်ရောင်နှင်းများ ထွက်ပေါ်လာခဲ့သည်။ သူတို့က ရေခဲအလွှာများအဖြစ် အေးခဲသွားပြီး နတ်ဆိုးကို အတွင်းထဲတွင် ပိတ်လှောင်ထားလိုက်သည်။
ခဏကြာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ကျန်းကျိဝေကလည်း သူမ၏ ဓားကို ဆွဲထုတ်လိုက်သည်။ သူမက စွမ်းအားများကို ထိန်ချန်ထားခဲ့ခြင်း မရှိချေ။ ဗုဒ္ဓအလင်းရောင်များက နည်းနည်းချင်းဆီ မှေးမှိန်သွားခဲ့၏။
အလွန်တောက်ပသော သူမ၏ဓားအလင်းတန်းကတော့ ဤကမ္ဘာကြီးထဲတွင် တစ်ခုတည်း ရှိနေသော နတ်ဘုရား ဓားသဖွယ်ထင်မှတ်ရသည်။ ထိုအချိန်တွင် အလွန်မှော်ဆန်သော နိယာမများနှင့်အတူ ဓားအလင်းတန်းက ရေခဲအလွှာကို အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး နတ်ဆိုး၏ မျက်ခုံးတည့်တည့်ကို တိုက်ခိုက်လိုက်မိသည်။
ဓားချီစွမ်းအင်များလည်း ထွက်ပေါ်လာပြီး နတ်ဆိုး၏ မကောင်းဆိုးဝါး ဝိညာဉ်က လှုပ်ရှား၍ နတ်ဆိုး၏ပင်မဝိညာဉ်ကို ဖျက်ဆီးနိုင်ခဲ့၏။
တစ်ချိန်တည်းတွင် ကျိုးဟမ်၏ နောက်ဘက်၌ နဂါးကြီးတစ်ကောင် စုစည်းလာပြီး သူ့လက်ဝါးနှင့် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးက ပါးစပ်ဟလိုက်သော နဂါးကြီးတစ်ကောင်ကဲ့သို့ သွေးနတ်ဆိုး၏ အရေပြားကို ဝါးမြိုသွားခဲ့ပြီး တစ်စစီ ဖျက်ဆီးနေခဲ့သည်။ သွေးနတ်ဆိုး၏ အရေပြားများအားလုံး မြေပေါ်သို့ ကြွေကျပျက်စီး သွားခဲ့ပြီး ပင်မဝိညာဉ်က ရှင်းပစ်ခံလိုက်ရ၏။
မုန့်ချီက အလွန်ဝမ်းသာသွားခဲ့သည်။ အကယ်၍ သူတို့ဆီတွင်သာ နတ်ဆိုးချုပ်နှောင်ခြင်း ကျောင်းဆောင် မရှိခဲ့လျှင် နတ်ဆိုးကို တိုက်ခိုက်ရန် အတော်လေး ပြဿနာများနိုင်၏။
သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးကတော့ ရွမ်ယုရှု၏ လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်နှင့် ချီကျန်းရန်၏ ဝေ့ကျင်း အဆင့် တိုက်ခိုက်မှုကို သုံးပြီး မကောင်းဆိုးဝါးဝိညာဉ်ကို ထိန်းချုပ်ခြင်း ဖြစ်သည်။
ထို့နောက် မုန့်ချီက ကောင်းကင်မိုးကြိုးကို သုံးပြီး ကောင်းကင်နဂါးဆီမှ မီးတောက်များနှင့် မကောင်းဆိုးဝါးဝိညာဉ်၏ တိုက်ခိုက်မှုများကို ဖိနှိပ်နိုင်သည်။ ထိုအချိန်ရောက်လာလျှင် ကျန်းကျိဝေနှင့် ကျိုးဟမ်တို့ဆီ၌ တူညီသောသိုင်းကွက်များ ရှိနေလျှင်တော့ မျှော်လင့်ချက်များ ရှိနေသေးသည်။ မဟုတ်လျှင်တော့ မကောင်းဆိုးဝါးဝိညာဉ် သတိပြန်ဝင်လာသည်နှင့် သူတို့က သေဆုံးသွားရပါလိမ့်မည်။
ထွက်ပေါ်လာသော မကောင်းဆိုးဝါးချီစွမ်းအင်များက သွေးနီရောင် နတ်ဆိုးသလင်းကျောက်အဖြစ် စုစည်းသွားခဲ့သည်။ သူ၏အရေပြားအများစုကတော့ အနက်ရောင်အရေပြားထဲသို့ စိမ့်ဝင်သွားခဲ့ပြီး လက်တစ်ဝါးအရွယ် အကြွင်းအကျန်လေးသာ ကျန်နေတော့သည်။
ကျန်းကျိဝေက သူမ၏အင်္ကျီကို လှုပ်ရှားလိုက်ရာ ငါးကြေးခွံ ချပ်ဝတ်အင်္ကျီက ပြာမှုန့်လေးများ ဖြစ်သွားခဲ့သည်။ ထိုအရာသာ မရှိလျှင် သူမက နေရာတွင် အသတ်ခံရနိုင်၏။ သူမ၏ဆရာက အသက်ကို ကာကွယ်နိုင်သော နည်းလမ်းတစ်ခုခု ပေးထားလျှင်တော့ ဖြစ်နိုင်ချေရှိသည်။
ချပ်ဝတ်အင်္ကျီထဲတွင် အမှောင်ဘုရင်ကြီး၏ သွေးအဆီအနှစ် ပါဝင်နေသည်။ မကောင်းဆိုးဝါး ဝိညာဉ်က ထိုအရာကို အရင်ဆုံး ဝါးမြိုခဲ့သည့်အတွက် တားဆီးခံလိုက်ရခြင်းဖြစ်၏။ အမှောင်ဘုရင်ကြီးက သူတို့နှစ်ယောက်စလုံး၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် သူတို့က ကျေးဇူးတင်ရပါလိမ့်မည်။
မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူ၏ ငါးကြေးခွံချပ်ဝတ် အင်္ကျီအပျော့ကလည်း လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ တိုက်ခိုက်မှုတွင် ပျက်စီးသွားခဲ့သည်။ ထိုအရာက ပြုပြင်၍ မရတော့သော်လည်း သူက ပြိုင်ဘက် (၃)ယောက်စလုံးကို တစ်ယောက်တည်း အနိုင်ရခဲ့သည်။ ထိုအရာက ထိုက်တန်သော အလဲအလှယ်တစ်ခုဟု သတ်မှတ်နိုင်၏။
"နင် အဆင်ပြေရဲ့လား … "
မုန့်ချီက စိုးရိမ်တကြီး မေးလိုက်သည်။
ကျန်းကျိဝေက ခေါင်းခါပြလိုက်၏။
"ငါ ဘာမှ မဖြစ်ပါဘူး…”
“ငါတို့ဆီမှာ နတ်ဆိုးသလင်းကျောက် (၅)ခု ရှိနေပြီ။ တကယ်လို့ တိမ်တိုက်ပြာဘိုးဘေးက တစ်ခုတည်းပဲ ရမယ်ဆိုရင်တောင် လမ်းကြောင်းကို ဖောက်ခွဲဖို့အတွက် လုံလောက်သွားပြီ။ ငါတို့က ဝင်ပေါက်အနားကို ပြန်သွားပြီး ပုန်းနေကြရင် မကောင်းဘူးလား။ တကယ်လို့ ငါတို့ကသာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ကို တွေ့ရမယ်ဆိုရင် နန်းတော်ထဲကို ချက်ချင်းပြန်လို့ရတယ်။ သူတို့က မတည်ငြိမ်တဲ့ လမ်းကြောင်းထဲကို ဖြတ်လာမှာ မဟုတ်ဘူး…"
မုန့်ချီက အကြံပေးလိုက်သည်။
"ကောင်းပြီလေ … "
ရွမ်ယုရှုက စကားများများ မပြောဘဲ ချီကျန်းရန်ကလည်း ခေါင်းညိတ်လိုက်သည်။ ကျန်းကျိဝေကလည်း ခေါင်းညိတ်ပြလိုက်၏။
"ငါတို့ အပြန်လမ်းမှာ ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ နောက်ထပ် မကောင်းဆိုးဝါး တစ်ကောင်ကို သတ်ပစ်ဖို့ ကြိုးစားရမယ်။ တိမ်တိုက်ပြာဘိုးဘေးက စိတ်ပျက်စရာ မကောင်းဖို့ မျှော်လင့်ရတာပဲ…"
ကျိုးဟမ်က သက်ပြင်းချလိုက်မိသည်။
တိမ်တိုက်ပြာဘိုးဘေးက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါးဝိညာဉ်များကို သတ်ပစ်ရန် သူ့အတွက် ပြဿနာမရှိချေ။ သူမက နတ်ဆိုးသလင်းကျောက်တစ်ခုကို အလွယ်တကူ ရနိုင်၏။ သူမက လောဘကြောင့် လမ်းကြောင်း၏ အတွင်းပိုင်းထဲသို့ သွားရန်သာ အာရုံစိုက်နေမှာ စိုးရိမ်ရသည်။
သူတို့က လာလမ်းအတိုင်း ပြန်လျှောက်လာပြီး သိပ်မကြာခင် မည်းမှောင်နေသော လေဟာယ်နယ်ကြီးကိုသာ မြင်လိုက်ရသည်။
အပြာရောင်အလင်းတန်းများထဲတွင် ဗုဒ္ဓတံဆိပ် ဖိနှိပ်ထားသော ဗဟိုနယ်မြေဆီမှ တရားဓမ္မရွတ်ဆိုသံများနှင့်အတူ နတ်ဆိုးအော်သံများကို ကြားနေရ၏။ ထိုအချိန်တွင် အလယ်မှနေ၍ အနက်ရောင်မုန်တိုင်းများ ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ စတင်ပျံ့နှံ့လာခဲ့လေသည်။
Translated by Hein Htet