အခန်း (၃၅၆)
Vol. 23 Ch. 356
မြောက်ပိုင်းဓူဝံကြယ်က သူ့ဆီသို့ ဖိနှိပ်လာသော ဖိအားတစ်ခုကို ခံစားလိုက်မိသည်။ ထိုဖိအားက အလွန်ကြီးကျယ်လွန်းလှသည့်အတွက် ကောင်းကင်ကြီးကပင် သူ့အပေါ်ကို ကျဆင်းလာသလို ဖြစ်လာခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ကျုံ့သွားပြီး လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်လာ၍ သူ့ကို ချုပ်နှောင်ထားခဲ့သည်။ သူက လွတ်မြောက်နိုင်ခြင်း မရှိတော့သလို ခံစားနေရ၏။
သူက အလွန်သေးငယ်သော ဓားခုတ်ကောင်တစ်ကောင် သို့မဟုတ် လူတစ်ယောက်၏ လက်ဖဝါးပေါ်တွင် ရှိနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သွားသလို ထင်မှတ်လိုက်ရသည်။
အကယ်၍ သူကသာ အတင်းအကျပ် ခုခံရန် ကြိုးစားလိုက်မည်ဆိုလျှင် သူ့ဓားနှင့် လက်ကပင် အပိုင်းပိုင်းအစစ ပျက်စီးသွားမည်ဟု သံသယဝင်စရာ မလိုအပ်ပေ။ ထိုဖိအားက သူ၏နဖူးပေါ်သို့ ကျရောက်လာလျှင် ဦးခေါင်းခွံက ကွဲသွားပြီး ပင်မဝိညာဉ်က ပျောက်ကွယ်သွားနိုင်သည်။
"ဘိုးဘေးကွမ်ချန်းလား... "
ထိုအချိန်တွင် သူကတော့ ဘိုးဘေးကွမ်ချန်း တစ်ယောက်တည်းကိုသာ တွေးမိခဲ့သည်။ အင်မော်တယ်ထဲတွင် ကောင်းကင်ဘိုးဘေးဟူသော နေရာက ယခုအချိန်ထိ မရှိသေးပေ။ အနည်းဆုံးတော့ ဒဏ္ဍာရီများက ထိုကဲ့သို့ နာမည်မျိုးရှိသော အဖွဲ့ဝင်တစ်ယောက်နှင့် ယခုအချိန်ထိ မတွေ့ရသေးပေ။
လက်ရှိတာဝန်တွင် ဘိုးဘေးကွမ်ချန်း တစ်ယောက်တည်းကသာ ပါဝင်နေကြောင်း သေချာနေသည်။ မည်သို့ဖြစ်စေကာမူ ထိုကဲ့သို့ အရှိန်အဝါနှင့် ကြောက်စရာကောင်းသော ပြောင်းလဲမှုများကြောင့် ကောင်းကင်ဖျက်လက်ဝါးက သေချာပေါက် ဝေ့ကျင်းအဆင့် ဖြစ်နေ၏။
ထို့ကြောင့် အရေးပေါ်အခြေအနေတွင် သူက ဘိုးဘေးကွမ်ချန်းနှင့် အလွန်ကြောက်စရာကောင်းသော ကောင်းကင်ဖျက်လက်ဝါးကိုသာ ယှဉ်တွဲမိခဲ့သည်။ သူက ကျိဆီတွင် ပစ္စည်းလုယူရန် အခွင့်အရေး မရှိသည့်အတွက် နှလုံးမေ့မီးဖိုကြီးဆီသို့ သွားနေရာမှ လမ်းတစ်ဝက်တွင် ပြန်ဆုတ်လာပြီး တိမ်တိုက်ပြာဘိုးဘေးနှင့် တွေ့ဆုံခဲ့ခြင်းပေလော။ သူက နတ်ဆိုးကမ္ဘာကြီးထဲကို တိုက်ရိုက် ဝင်သွားလိုခြင်းပေလော။
သူတို့ (၂) ယောက်က သူ သတိထားမိမှာ စိုးသည့်အတွက် ဉာဏ်အလင်းပွင့်မှုအဆင့် လူငယ်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခြင်းပေလော။
ဘိုးဘေးကွမ်ချန်းက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း ကျိနှင့်စာလျှင် အနည်းငယ် ပို၍နိမ့်ကျနေသေးသည်။ အကယ်၍ သူကသာ တိုက်ရိုက် တိုက်ခိုက်လိုက်မည်ဆိုလျှင် မြောက်ပိုင်းဓူဝံကြယ်က သူ့ကို မယှဉ်နိုင်လျှင်ပင် ထွက်ပြေးရန် ယုံကြည်ချက် ရှိသည်။
တစ်ဖက်လူက ရုတ်တရက် တိုက်ခိုက်လိုက်သည့်အချိန်တွင်တော့ သူက ပြိုင်ဘက် (၂)ယောက်၏ကြားထဲတွင် ညပ်သွားနိုင်ပြီး အလွန်အန္တရာယ်များသည်။ ထိုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သေရေးရှင်ရေး အတွေ့အကြုံများစွာ ရှိနေသော သံသရာခရီးသွားတစ်ယောက် ဖြစ်နေလျှင်လည်း အရေးမပါတော့ပေ။
သူက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့ဓားနှင့် မုန့်ချီကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သူက ကိုယ်ဖော့ပညာများကို အသုံးပြုခဲ့ခြင်း မရှိချေ။ ထိုအစား သူ၏စွမ်းအင်နှင့် စိတ်ဝိညာဉ်များအားလုံးကို ထိုဓားထဲသို့ စုစည်းထားခဲ့သည်။
အကယ်၍ သူကသာ ကောင်းကင်ဖျက်လက်ဝါး၏ ရှေးဟောင်းနတ်ဘုရားသိုင်းကွက်ကို တားဆီးချင်သည်ဆိုလျှင် မည်သည့်အရာကို ဂရုစိုက်နိုင်ဦးမည်နည်း။ သူ့အစီအစဉ်က လောက(၃) ပါးကို ဖျက်ဆီးပစ်နိုင်သော ထိုလက်ဝါးကို တားဆီးပြီး ဒဏ်ရာများနှင့်အတူ ထွက်ပြေးရန် အခွင့်အရေး ရှာဖွေလိုခြင်း ဖြစ်သည်။
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအလင်းတန်းက မည်းမှောင်နေပြီး ငရဲကြီး (၉) ထပ်မှ ထွက်ပေါ်လာသလို ထင်မှတ်ရသည်။ ထိုအရာကို ခန့်မှန်းကြည့်၍ မရသလို ဖမ်းဆုပ်ရန်လည်း ခက်ခဲသည်။ သို့သော် ပတ်ပတ်လည်တွင် အလွန်များပြားသော သတ်ဖြတ်ချင်စိတ်များ လွှမ်းခြုံနေခဲ့၏။
"ဝှစ်..ဝှစ်…ဝှစ်…..ဝှစ်... "
လေဟာနယ်က ဓားအလင်းတန်းများကို ထိုးဖောက်လိုက်ပုံရပြီး မုန့်ချီဆီကို တည့်တည့်ရောက်လာခဲ့၏။
တစ်ချိန်တည်းတွင် မုန့်ချီ၏ အနောက်ဘက်၌ ရှိနေသော တိမ်တိုက်ပြာဘိုးဘေးက သူမ၏လက်ဝါး (၂) ဖက်နှင့် တိုက်ခိုက်လိုက်သည်။ သူမ၏ညာလက်က အပေါ်သို့ ပင့်လိုက်ပြီး လက်ညှိုးကတော့ မြောက်ပိုင်းဓူဝံကြယ်၏ နှလုံးသားရှိရာကို ချိန်ထားခဲ့သည်။
ထိုအချိန်တွင် သူမ၏လက်ညှိုးထဲမှနေ၍ အဖြူရောင်နှင့် အနက်ရောင် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာခဲ့၏။ သေခြင်းရှင်ခြင်း စွမ်းအင်များက ပတ်ပတ်လည်တွင် စုစည်းလာပြီး အဖြူအနက် ထိုက်ကျိစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှင်သန်ခြင်းထဲတွင် သေဆုံးခြင်းများ ဖုံးကွယ်နေပြီး သေဆုံးခြင်းထဲတွင် ရှင်သန်ခြင်းများ ဖုံးကွယ်နေသည်။ သူတို့၏ ဆက်တိုက် ပြောင်းလဲနေမှုကို နားလည်ရန် ခက်ခဲ၏။
တစ်ပြိုင်နက်တည်းဆိုသလိုပင် မကောင်းဆိုးဝါးချီစွမ်းအင်များ လွှမ်းမိုးခံထားရသော တောင်ထိပ်ပေါ်ရှိ သစ်ပင်များက စတင်ညှိုးခြောက်လာပြီး နောက်တစ်ကြိမ် ရှင်သန်လာခဲ့သည်။ ထိုဖြစ်စဉ်က အလွန်လျင်မြန်လွန်းလှသည့်အတွက် စက္ကန့်ဝက်ခန့် အချိန်လေးအတွင်း သစ်ပင်များက သေခြင်းရှင်ခြင်း စက်ဝိုင်း (၂) ကြိမ် ကြုံတွေ့လိုက်ရသည်။
အပြာရောင် အလင်းတန်းများ အောက်တွင် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသော ကောင်းကင်တောင်ထိပ်ကြီးကလည်း ငြိမ်သက်သွားခဲ့ပြီး အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။
မြောက်ပိုင်းဓူဝံကြယ်၏ သတ်ဖြတ်ရေး ဓားချီစွမ်းအင်များက ကောင်းကင်ဖျက်လက်ဝါး ကျဆင်းလာမည့်နေရာသို့ တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ပြိုင်ဘက်၏ လက်ဝါးချက်က အမှန်တကယ် ရောက်လာခြင်း မဟုတ်ကြောင်း သူက နားလည်သွားခဲ့၏။
ဓားအလင်းတန်းက လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး မုန့်ချီကို တိုက်ခိုက်မိခဲ့သည်။ အလွန်တောက်ပသော အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ မုန့်ချီက သတ်ဖြတ်ရေး ဓားချီစွမ်းအင်များကို မှေးမှိန်သွားစေနိုင်သော တောင်မြင့်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေသည်။
"ရွှပ်... "
ဓားအလင်းတန်းက မုန့်ချီကို တိုက်ခိုက်လိုက်မိသည့်အချိန်တွင် အစိမ်းရောင်အလင်းတန်းက မည်းမှောင်သွားပြီး အသက်စွမ်းအင်များ ကင်းမဲ့သွားခဲ့သည်။ တည်ငြိမ်အေးချမ်းမှုကလည်း ပျောက်ကွယ်သွားပြီး သူ၏အလှတရားများ ပျောက်ကွယ်သွားခဲ့၏။
မုန့်ချီကတော့ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားလိုက်ရပြီး သွေးအန်လိုက်ရသည်။ တောင်တန်းတံဆိပ်က အလွန်ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များကို ထိန်းသိမ်းထားနိုင်လျှင်ပင် ဝေ့ကျင်းအဆင့် တိုက်ခိုက်မှုတစ်ခု ဖြစ်နေသေး၏။ ထိုအရာက အတွင်းထဲသို့ တဖြည်းဖြည်း ပျံ့နှံ့လာပြီး သူ၏အဆုတ်များကို ထိခိုက်စေနိုင်ခဲ့သည်။ သူ့ဆီတွင် ကြံ့ခိုင်သော ခန္ဓာကိုယ်တစ်ခု ရှိနေသည်မှာ ကံကောင်းသွား၏။
သူ၏အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့က ခန္ဓာကိုယ်ကို မာကျောစေနိုင်ပြီး ဒဏ်ရာအနည်းငယ်လေးသာ ရနိုင်စေခဲ့သည်။
"အတုလား..။ ဒါက တကယ်ပဲ အတုလား... "
မြောက်ပိုင်းဓူဝံကြယ်က အလွန်ဒေါသထွက်သွားခဲ့၏။ သို့သော် အလွန်နောက်ကျသွားခဲ့ပါပြီ။ သူက ဘိုးဘေးကွမ်ချန်းအတုကို ရင်ဆိုင်ရန် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။
မုန့်ချီက သူ့ကိုယ်သူ ကောင်းကင်ဘိုးဘေးအဖြစ် စဉ်းစားထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက သူ၏အရှိန်အဝါကိုသုံးပြီး ပြိုင်ဘက်၏ အာရုံများအားလုံးကို ဖမ်းစားလိုခြင်းကြောင့် ဖြစ်သည်။ ထိုအရာက တိမ်တိုက်ပြာဘိုးဘေး တိုက်ခိုက်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်သည်။
"ရွှပ်… ဗုန်း... "
အဖြူအနက် ထိုက်ကျိစက်ဝိုင်းက မြောက်ပိုင်းဓူဝံကြယ်၏ နောက်ကျောပေါ်သို့ ကျရောက်လာပြီး ကြယ်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ အလွန်တောက်ပသော ကြယ်အလင်းတန်းက တောက်ပလာပြီး ဘေး (၂) ဖက်က အနည်းငယ် ကျုံ့သွားခဲ့၏။ ထို့နောက် တိမ်တိုက်ပြာဘိုးဘေးက အဖြူအနက် အလင်းတန်းများ ဆက်သွယ်ထားသော အလယ်တည့်တည့်ကို တိတိကျကျ တိုက်ခိုက်လိုက်သည်။
မြောက်ပိုင်းဓူဝံကြယ်က ထိန်းချုပ်၍ မရနိုင်တော့ပေ။ သူ၏တံခါး (၇) ပေါက်ဆီမှ သွေးများစီးကျလာပြီး အရေပြားက နက်မှောင်သွားခဲ့၏။ ထို့နောက် သူက အဖြူရောင်စာရွက်ကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူက ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်ထိခိုက်မှုကို ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့ရ၏။
ထို့ကြောင့် မုန့်ချီ၏နောက်ကို ဆက်မလိုက်နိုင်ခဲ့ပေ။ သူ၏ဓားပါးလေးက နောက်ဘက်သို့ ကြောက်စရာကောင်းစွာ လှမ်းထိုးလိုက်သည်။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော တံခါးပေါက် (၇) ပေါက်ဆီမှ ကြည်လင်တောက်ပနေသော အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာပြီး ကြယ်များ လွှမ်းခြုံနေသော ကောင်းကင်ကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။
ထိုအရာက မြောက်ပိုင်းဓူဝံကြယ်နှင့် ဆက်သွယ်ထားသော ခုနှစ်စဉ်ကြယ်ကဲ့သို့ ဖြစ်လာသည်။ ထိုအရာက သူ၏ဓားစွမ်းအင်များနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။
"မြောက်ပိုင်းဓူဝံကြယ် သေဆုံးခြင်း..သိုင်းကွက်. "
သူ့ဓား၏ အနီးအနားတွင် ရှိနေသော နယ်မြေကြီးက သိပ်သည်းလာပြီး အမြင့်ဆုံး ခံစားမှုတစ်ခု ရလာခဲ့သည်။ ထိုအရာက အလွန်အမင်းကို သိပ်သည်းလှပြီး မည်သည့်အရာ၏ သက်ရောက်မှုကိုမျှ မခံခဲ့ရပေ။
တိမ်တိုက်ပြာဘိုးဘေးက သူမ၏လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ဓားထိပ်ဖျားကို ရိုက်ချလိုက်၏။ အနီးအနားတွင် ရှိနေသော တောင်မြင့်ကြီးများကတော့ အောက်ခြေမှ ကျွတ်ထွက်လာသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့သည်။ လေးလံသော လေလှိုင်းများကလည်း ကီလိုထောင်ပေါင်းများစွာ အလေးချိန်ရှိသော တောင်ထိပ်များအဖြစ် စုစည်းသွားခဲ့သည်။
တိမ်တိုက်ပြာဘိုးဘေးက လက်ဝါးနှင့် ရိုက်လိုက်သည့်အချိန်တွင် သူတို့က ဓားပေါ်သို့ ကျရောက်လာခဲ့၏။ ကြမ်းပြင်ကြီးကပင် အလွန်ကြီးမားသော အလေးချိန်ကို ခံနိုင်ရည် မရှိတော့သည့်အတွက် ချိုင့်ဝင်သွားခဲ့သည်။ အသံတစ်ခုကိုလည်း ကြားလိုက်ရ၏။
မုန့်ချီက အဝေးတွင် ရှိနေသော်လည်း သူ၏သွေးစီးဆင်းမှုများ နှေးကွေးသွားခြင်းကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ကလည်း အလွန်ကြီးမားသော ဖိအားကြောင့် အနည်းငယ် ခါးကုန်းသွားခဲ့၏။
တစ်ဖက်တွင် တိမ်တိုက်ပြာဘိုးဘေးက မြောက်ပိုင်းဓူဝံကြယ်ကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည့်အချိန်တွင် မျက်နှာဖုံးအောက်တွင် ရှိနေသော အနောက်ပိုင်းဘုရင်မ၏ မျက်လုံးများက ရွှေရောင်အလင်းတန်းများ တောက်ပသွားသည်။
ကောင်းကင်ဇာမဏီငိုကြွေးသံ၏ အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုက သူမ၏ ပင်မဝိညာဉ်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားစေနိုင်ခဲ့သည်။ မိုင်တစ်ထောင်အေးခဲခြင်း အစွမ်းကြောင့် ထွက်ပေါ်လာသော ရေခဲများကလည်း အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။
ထိုအချိန်တွင် ကျန်းကျိဝေ၏ အနန္တဓားသိုင်းနှင့် ကျိုးဟမ်၏ လက်ဝါးက သူမဆီကို ရောက်လာခဲ့သည်။ အနောက်ပိုင်းဘုရင်မက မျက်နှာပျက်ပျက်နှင့် သက်ပြင်းချလိုက်မိပြီး သူမ၏ဘယ်လက်ညှိုးကို လှုပ်ရှားလိုက်၏။ သူမက တစ်စုံတစ်ခုကို ညင်သာစွာ ပို့လိုက်သလိုမျိုး ဖြစ်သည်။
သူမ၏လုပ်ရပ်က သတ္တုများ၏အစွမ်းနှင့် ပေါင်းစပ်နေပြီး နိယာမများ ပါဝင်နေခဲ့၏။ ရုတ်တရက်ဆိုသလို ထိုလက်ညှိုးလေးနှင့် ထိလိုက်မိရုံနှင့် ကမ္ဘာကြီးတစ်ခုလုံးက လှုပ်ရှားသွားခဲ့သည်။ ဓားချီစွမ်းအင်များက လေထဲတွင် ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ ထိုချီစွမ်းအင်များနှင့် တိုက်မိသွားသော နံရံများက ပြိုကျသွားခဲ့ပြီး ကြမ်းပြင်တွင်လည်း အပေါက်များစွာ ပေါ်လာခဲ့သည်။
ကျန်းကျိဝေက နောက်ပြန်ဆုတ်လိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။ ကျိုးဟမ်ကလည်း ဒယိမ်းဒယိုင်ဖြစ်သွားပြီး သူ့လက်တွင် သွေးများ ပေပွနေသည်။
တစ်ဖက်တွင်တော့ အနောက်ပိုင်းဘုရင်မ၏ အနက်ရောင် ဝတ်ရုံပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့၏။ သူမ၏မျက်နှာဖုံးပေါ်တွင် ရှိနေသော မျက်ခုံးတည့်တည့်တွင်လည်း ဓားအမှတ်အသားလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက သွေးအန်လိုက်ရ၏။
ထို့နောက် ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က အသက်ဝဝမရှူရသေးသည်ကို အခွင့်ကောင်းယူပြီး သူမက ထိန်းချုပ်ရေးကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သည်။ သူမကိုယ်တိုင်က ဓားအလင်းတန်းတစ်ခု ဖြစ်လာပြီး ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့သည်။
ယခုလို အခြေအနေမျိုးတွင် မည်သူကမျှ ဆက်နေလိမ့်မည် မဟုတ်ချေ။ ပုံမှန်အားဖြင့် သူမက ရန်သူ (၅) ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင်ပင် ကြောက်လန့်နေခြင်း မရှိချေ။ အနည်းဆုံး သူမ၏သိုင်းကွက်များက သူတို့ကို ယှဉ်နိုင်၏။
သူမ၏အဆင့်နှင့် အစွမ်းကတော့ သူတို့ထက် သိသိသာသာ ကျော်လွန်နေခဲ့သည်။ အကယ်၍ သူမသာ အစွမ်းကုန် တိုက်ခိုက်လိုက်မည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သည်ထက် ပိုနေ၏။ အကယ်၍ သူတို့နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူမဆီတွင်သာ ခွန်အားများ ဆက်ရှိနေနိုင်သည်။
သို့သော် တစ်ဖက်တွင် ရှိနေသော မြောက်ပိုင်းဓူဝံကြယ်၏ အခြေအနေက ကောင်းပုံမရချေ။ အကယ်၍ တိမ်တိုက်ပြာဘိုးဘေးကသာ သူမကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူမက ဒုက္ခရောက်သွားနိုင်၏။ ထို့ကြောင့် သူမက တိုက်ပွဲထဲမှ လျင်မြန်စွာ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူမကသာ ဝေ့ကျင်းအဆင့် တိုက်ပွဲထဲသို့ ရောက်သွားမည်ဆိုလျှင် အတော်လေး ပြဿနာတက်နိုင်သည်။ သူမက သေဆုံးသွားခြင်းပင် ဖြစ်နိုင်သေး၏။ မြောက်ပိုင်းဓူဝံကြယ်၏ အစွမ်းအရ ထွက်ပြေးရန် အခက်အခဲ မရှိနိုင်ကြောင်း သူမက ယုံကြည်နေခဲ့သည်။
တောင်မြင့်ကြီးများက ဓားထိပ်ဖျားပေါ်သို့ ကျဆင်းလာပြီးနောက် ခုနှစ်စဉ်ကြယ်ဓားက ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ဓားချီစွမ်းအင်များကလည်း ပတ်ပတ်လည်တွင် လွှမ်းခြုံသွားခဲ့ပြီး အပိုင်းအစငယ်လေးများစွာအဖြစ် ပြောင်းလဲသွား၏။
တိမ်တိုက်ပြာဘိုးဘေးက နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။ မြောက်ပိုင်းဓူဝံကြယ်၏ တံခါး (၇) ပေါက်ဆီမှ နောက်တစ်ကြိမ် သွေးများ စီးကျလာပြန်သည်။
သူက ထိုအခွင့်အရေးကို အရယူပြီး ကြယ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ နန်းတော်ထဲမှ ထွက်ခွာသွားခဲ့၏။ သူက လုံးဝရပ်မနေရဲပေ။ အကယ်၍ တိမ်တိုက်ပြာဘိုးဘေးကသာ သူ့ကို ထောင်ချောက်ဆင်လိုက်မည်ဆိုလျှင် သူက ဤနေရာတွင် သေဆုံးသွားနိုင်သည်။
တိမ်တိုက်ပြာဘိုးဘေးက သူ့နောက်ကို လိုက်မသွားခဲ့ပေ။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသော်လည်း သူ့ကို သတ်ရန် အလွန်အမင်း ခက်ခဲနိုင်သည်။ အကယ်၍ သူမသာ ဂရုမစိုက်မိလျှင် သူမလည်း သူနှင့်အတူ သေသွားနိုင်၏။ ထို့ကြောင့် သူမက အချိန်ကို ကောင်းကောင်းအသုံးချပြီး နတ်ဆိုးကမ္ဘာကြီးကို အရင်ဆုံးဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ မြောက်ပိုင်းဓူဝံကြယ်က ဆေးလုံးတစ်လုံးသောက်ပြီး ဒဏ်ရာများ ကုသပြီးသည့်အချိန်ထိ စောင့်နေလိုက်မည်ဆိုလျှင် သူတို့အားလုံး ပြဿနာတက်နိုင်သည်။
မည်သို့ဖြစ်စေကာမူ သူတို့က နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ဖောက်ခွဲရန်နောက်ထပ် နတ်ဆိုးသလင်းကျောက် (၃) ခု လိုအပ်နေသေးသည်။ သူတို့က ထိုအရာကို လုပ်ဆောင်ရန် အချိန်လိုအပ်သေး၏။ သူမက တခြားလူများကို ပြောလိုက်သည်။
"နတ်ဆိုးကမ္ဘာကြီးထဲကို ဝင်ကြစို့…"
ထိုအချိန်ကျမှသာ မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ဝေ့ကျင်းအဆင့် တိုက်ပွဲထဲသို့ ဝင်ပါလိုက်ခြင်းက အလွန်အမင်းကို အန္တရာယ်များသည်။ အကယ်၍ သူ့ဆီ၌ ရွေးချယ်ခွင့် ရမည်ဆိုလျှင် ထိုကဲ့သို့ နောက်တစ်ကြိမ် လုပ်လိမ့်မည် မဟုတ်ချေ။
"အနောက်ပိုင်းဘုရင်မက တကယ်အံ့ဩစရာကောင်းတယ်... "
သူက နတ်ဆိုးကမ္ဘာလမ်းကြောင်းဆီသို့ လျှောက်သွားရင်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
အနောက်ပိုင်းဘုရင်မက သူမ၏ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ကိုက်ညီလှ၏။ သူတို့ (၅) ယောက်က သူမကို အနည်းငယ်လေးသာ တိုက်ခိုက်နိုင်ကြသည်။ သူနှင့် ကျန်းကျိဝေ၏ စွမ်းအားအများစုက ဓားရှည်သိုင်းပညာနှင့် ဓားမောက်သိုင်းပညာများအပေါ် အခြေခံသည်။ ထို့ကြောင့် သူနှင့် သူတို့၏တိုက်ပွဲက ပို၍အန္တရာယ်များသည်။
သို့သော် သက်ရှိတိုင်းတွင် သူတို့၏ အားနည်းချက်များ ရှိ၏။ သူတို့က လုံးဝထိခိုက်ခြင်းတော့ မရှိနိုင်ပေ။ သူ့ဆီတွင် လက်နက်များကို ထိန်းချုပ်နိုင်သော နတ်ဘုရားစွမ်းရည်မျိုးသာ ရှိသည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီဆီ၌ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ် ရှိနေသေး၏။ သူ၏လက်ဝါးနှင့် လက်ချောင်းလေးများက အလွန်ကြောက်စရာကောင်းသည်ဟု သတ်မှတ်နိုင်သေးသည်။
"တကယ်လို့ သူသာ ဓမ္မကာရအဆင့်ကို ရောက်သွားရင် ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ လက်နက်တွေအပါအဝင် သတ္တုတိုင်းကို ဖိနှိပ်နိုင်လိမ့်မယ်... "
ကျန်းကျိဝေက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
သူတို့က စကားပြောနေစဉ် ကျိုးဟမ်ကတော့ သူ၏လက်ဖဝါးတွင် ရှိနေသော ဒဏ်ရာများကို ကုသနေသည်။ သူတို့က နတ်ဆိုးကမ္ဘာလမ်းကြောင်းထဲသို့ အတူတူ ဝင်သွားခဲ့ကြ၏။
ထိုနေရာတွင် အရာအားလုံးက မည်းမှောင်နေသည်။ မုန့်ချီတို့၏ အရှေ့တွင် အတွင်းထဲသို့ ဦးတည်နေသော လမ်းကြောင်းကြီးတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက အစာအိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ပတ်ပတ်လည်တွင် လှုပ်ရှားနေသော အနီရောင် အလင်းတန်းများ လွှမ်းခြုံနေသည်။ နတ်ဆိုးကမ္ဘာကြီးက သက်ရှိသတ္တဝါကဲ့သို့ ဖြစ်နေ၏။ မုန့်ချီ၏ ခေါင်းထဲတွင် ထိုအတွေးတစ်ခု ပေါ်လာခဲ့၏။
ထိုလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေးဆီမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့အားလုံးကို လွှမ်းခြုံပေးလိုက်သည်။
သူတို့က နက်မှောင်နေသော တွင်းပေါက်ကြီးထဲသို့ လျင်မြန်စွာ ဝင်လာခဲ့ကြ၏။ အစိမ်းရောင်အလင်းတန်းက အမှောင်ထုကြီးထဲသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် မုန့်ချီ၏ ပင်မဝိညာဉ်ထဲတွင် အရာအားလုံး မည်းမှောင်လာကြောင်း ခံစားလိုက်ရ၏။ သူက အနီးအနားတွင် လှုပ်ရှားနေသော မကောင်းဆိုးဝါး အငွေ့အသက်များကို မြင်နေရသည်။
ထိုအချိန်တွင် သူ၏ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့က အလိုလို အသက်ဝင်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အနက်ရောင်အငွေ့များကို ဖယ်ရှားပေးခဲ့သည်။
သူက နတ်ဆိုးကမ္ဘာကြီးထဲတွင် တောင်တန်းများ ၊ မြစ်များကို တွေ့နေရသော်လည်း သူတို့အားလုံးက လှုပ်ရှားနေကြပြီး ထူးဆန်းနေခဲ့သည်။ သူတို့ဆီတွင် အညစ်အကြေးများ ၊ ညှီစို့စို့ရနံ့များ ပြည့်နှက်နေ၏။
အကွာအဝေးကို မှန်းဆရန် ခက်ခဲသော နေရာတစ်ခုတွင်တော့ အလွန်တောက်ပသော ဗုဒ္ဓအလင်းရောင်တစ်ခုက ကောင်းကင်ထိအောင် ရောက်နေပြီး အလွန်ကြီးမားသော ဗုဒ္ဓတံဆိပ်ကြီးတစ်ခု ရှိနေသည်။ ထိုအရာက အောက်ဘက်ကို လွှမ်းခြုံထားခဲ့၏။
တရားဓမ္မ ရွတ်ဖတ်သံများကလည်း ထိုနယ်မြေတစ်ခွင်လုံး ပြည့်နှက်နေသည်။ ရွှေရောင်အလင်းတန်းက သန့်စင်လွန်းလှ၏။ ရံဖန်ရံခါ ဗုဒ္ဓအလင်းတန်းထဲတွင် အနက်ရောင်အငွေ့များ ထွက်ပေါ်လာနေပြီး ထိုတံဆိပ်ကို တိုက်ခိုက်နေကြသည့်အတွက် ဗုဒ္ဓတံဆိပ်က ကျုံ့လိုက်ကျယ်လိုက် ဆက်တိုက် ဖြစ်နေခဲ့သည်။
ဗုဒ္ဓ၏ရွတ်ဖတ်သံနှင့်အတူ အလွန်ကြောက်စရာကောင်းသော အော်သံကြီးများလည်း ထွက်ပေါ်လာနေသည့်အတွက် ဗုဒ္ဓတစ်ဝက် နတ်ဆိုးတစ်ဝက် ခံစားမှုများ ထွက်ပေါ်လာနေသည်။
"ငါတို့က နတ်ဆိုးတွေကို အရင်ရှာပြီး သူတို့ရဲ့နတ်ဆိုးသလင်းကျောက်တွေကို စုစည်းရမယ်... "
တိမ်တိုက်ပြာဘိုးဘေးက လှုပ်ရှားသွားသော စိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီး ဗုဒ္ဓတံဆိပ်ကို ဆက်မကြည့်တော့ပေ။
"မြောက်ပိုင်းဓူဝံကြယ်က (၁၅) မိနစ်အတွင်း သူ့ရဲ့ဒဏ်ရာတွေကို ကုသနိုင်လိမ့်မယ်..။ သူက ဒီလမ်းကြောင်းဖျက်ဆီးဖို့အတွက် ငါတို့ကို ခွင့်ပြုမှာ မဟုတ်ဘူး... ။ အချိန်က အရေးကြီးတယ်..။ ငါတို့က မြန်မြန်လှုပ်ရှားမှရမယ်... ။ ငါတို့က လူခွဲပြီးသွားနိုင်ရင် အကောင်းဆုံးပဲ…"
သူမက အလွန်ထူးဆန်းသော မှန်တစ်ချပ်ကိုထုတ်လိုက်ပြီး ဝင်ပေါက်နှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မှန်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုဝင်ပေါက်မှ ဖြတ်ကျော်လာမည်ဆိုလျှင် သူမက ချက်ချင်းသိနိုင်ပြီး ထိုလူကို ပစ်မှတ်ထားနိုင်ပါလိမ့်မည်။ မြောက်ပိုင်းဓူဝံကြယ်က အတင့်ရဲပြီး သူတို့၏နောက်မှ တိတ်တဆိတ် လိုက်လာခြင်းကို ကြိုတင်တားဆီးထားခြင်းလည်း ဖြစ်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ... ။ ခင်ဗျားက ပျံနိုင်တယ်ဆိုမှတော့ နတ်ဆိုးကမ္ဘာကြီးရဲ့ အတွင်းထဲထိ သွားလို့ရတယ်... ။ ကျွန်တော်တို့ (၅) ယောက်ကတော့ ပူးပေါင်းပြီး အနားပတ်လည်မှာပဲ ရှာလိုက်မယ်... "
ဤနေရာတွင် ကောင်းကင်ဖျက်မကောင်းဆိုးဝါး၏ အစွမ်းမျိုး ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များစွာ ရှိနေသည့်အတွက် သူတို့ (၅) ယောက်က သေချာပေါက် လူခွဲ၍ မရနိုင်ပေ။
"ကောင်းပြီလေ... ။ ငါက တတ်နိုင်သမျှ သလင်းကျောက် (၂) ခုကို မြန်မြန်စုစည်းလိုက်မယ်... "
တိမ်တိုက်ပြာဘိုးဘေးကလည်း မသေချင်သေးပေ။ ထို့နောက် သူမဆီမှ အပြာရောင် တိမ်တိုက်များ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဘိုးဘေးရှိနေသော အတွင်းထဲသို့ ပျံသန်းသွားခဲ့သည်။
မုန့်ချီက သူတို့၏နောက်ဘက်ရှိ မှေးမှိန်နေသည့် လေဟာနယ်ကြီးကို ကြည့်လိုက်ပြီး မကောင်းဆိုးဝါးဘိုးဘေးနှင့် ဝေးရာသို့သွားရန် လူတိုင်းကို အချက်ပြလိုက်သည်။ အကယ်၍ မြောက်ပိုင်းဓူဝံကြယ်က တိုက်ခိုက်ရေးကြယ်နှင့် ကျိတို့ကိုခေါ်ပြီး လမ်းကြောင်းထဲသို့ ဝင်လာမည်ဆိုလျှင်ပင် သူတို့၏ပစ်မှတ်က မကောင်းဆိုးဝါးဘိုးဘေးသာ သေချာပေါက် ဖြစ်နိုင်သည်။
ထို့ပြင်နတ်ဆိုးကမ္ဘာ အပိုင်းအစက အတော်လေးကို ကျယ်ပြန့်လှ၏။ အကယ်၍ သူတို့ကသာ ပုန်းအောင်းပြီး နတ်ဆိုးသလင်းကျောက်များကို စုစည်းလိုက်မည်ဆိုလျှင် သူတို့၏တာဝန်က ပြီးဆုံးနိုင်သေးသည်။
ချီကျန်းရန်က နတ်ဆိုးဖယ်ရှားရေးအဆောင်ကို ထုတ်ပြီး အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် အပြာရောင်အလင်းတန်းတစ်ခုက သူတို့ (၅) ယောက်ကို လွှမ်းခြုံသွားခဲ့ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များအားလုံးကို တားဆီးထားလိုက်သည်။
မည်သို့ဖြစ်စေကာမူ သူတို့အားလုံးက နတ်ဆိုးရနံ့များ ၊ မကောင်းဆိုးဝါး ချီစွမ်းအင်များ ပြည့်နှက်နေသော နတ်ဆိုးကမ္ဘာကြီးထဲကို ကျရောက်နေသည်။ ကျိုးဟမ်ဆီတွင် အကာအကွယ် ချီစွမ်းအင်များရှိနေပြီး မုန့်ချီဆီ၌ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ ရှိနေသည်။ ချီကျန်းရန်ဆီတွင် နေဝင်ဆည်းဆာအကာအကွယ်ရှိနေပြီး ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ဆီတွင် ထိုအငွေ့များကို ခုခံရန် သူတို့၏ကိုယ်ပိုင်စွမ်းရည်များ ရှိကြသည်။
သို့သော် မကောင်းဆိုးဝါး ချီစွမ်းအင်များကသာ သိပ်သည်းနေမည်ဆိုလျှင် သူတို့က စွမ်းအားအမြောက်အမြား ကုန်ဆုံးရပါလိမ့်မည်။ ထို့ကြောင့် (၁၅) မိနစ် အသုံးပြုနိုင်သော နတ်ဆိုးဖယ်ရှားရေးအဆောင်ကို အသုံးပြုခြင်းက ပို၍အဆင်ပြေလှသည်။
Translated by Hein Htet