အခန်း (၃၅၈)
Vol. 24 Ch. 358
အနက်ရောင်လေမုန်တိုင်းကြီးက ကောင်းကင်ကြီးတစ်ခုလုံးကို လျင်မြန်စွာ ဝါးမြိုသွားပြီး အမှောင်ထုကြီးက သူတို့ဆီကို ကျရောက်လာခဲ့သည်။ ထိုမုန်တိုင်းကြီးက အလွန်ကြောက်စရာကောင်းပြီး အဖျက်စွမ်းအား ပြင်းထန်ပုံရ၏။ ရောက်လာသည့် နေရာတိုင်းတွင် အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။
သို့သော် သူ၏အစစ်အမှန် ပုံစံက အနက်ရောင် ညှီစို့စို့ လေလှိုင်းများနှင့် အမှောင်ထုကြီးသာဖြစ်သည်။ ထိုအရာက အက်ကွဲကြောင်း ၊ ချိုင့်ကြားရှိနေသည့် နေရာတိုင်းကို ဖြတ်ကျော်သွားကြောင်း မြင်နေရ၏။
မကောင်းဆိုးဝါးဘိုးဘေးက တစ်စုံတစ်ခု ဖြစ်သွားခဲ့ခြင်းပေလော။ သို့မဟုတ် ထိုအရာက သဘာဝဖြစ်စဉ် တစ်ခုပေလော သို့မဟုတ် တိမ်တိုက်ပြာ ဘိုးဘေးက ထိုအရာကို လှုံ့ဆော်ရန် တစ်စုံတစ်ခု လုပ်ခဲ့ခြင်းပေလော။
မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး လေလှိုင်းများ သူ့အရေပြားကို ထိုးဖောက်လာခြင်းမှ ကာကွယ်ပေးနေသည်။ သူက မျက်စိရှေ့တွင် သူ့အဖော်များကို စစ်ဆေးကြည့်၍ မရတော့သလို သူတို့၏ အသံများကိုလည်း မကြားရတော့ပေ။ လေလှိုင်းက သူ၏အာရုံခံနိုင်စွမ်းများ အားလုံးကို တိုက်စားသွားခဲ့သည်။
အလွန် စူးရှပြီး ထက်မြက်သော လေလှိုင်းများက သူ့ကို တစ်စစီ ထိုးစိုက်နေသော ဓားသွားများကဲ့သို့ တိုက်ခိုက်နေသည့်အတွက် သူ၏စိတ်ဝိညာဉ်ထဲတွင် အတော်လေး နာကျင်နေရသည်။ သူက နှာခေါင်းမှနေ၍ စီးကျလာသော သွေးရနံ့များကို ရနေသည်။
သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့အဖော်များ ရှိခဲ့သည့် နေရာများကို ပြန်လည်စဉ်းစားလိုက်၏။ ထို့နောက် သူက တိုက်ခိုက်နေသော အနက်ရောင်လေလှိုင်းများကို ဖယ်ရှားရန် မီးအိမ်လေးကို အသက်သွင်းလိုက်သည်။
အရိပ်များနှင့် အစွမ်းထက်သော လေလှိုင်းများ၏ အလယ်တွင်တော့ မျက်နှာမရှိသော ဦးခေါင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူ၏မျက်လုံးများက ဝေဝါးသွားသည့်အတွက် မုန့်ချီက အံ့ဩသွားခဲ့၏။ ထိုဦးခေါင်းကြီးက အနက်ရောင်လေလှိုင်းအဖြစ် ပြောင်းလဲပြီး သူ၏နဖူးတွင် ကာကွယ်ထားသော အကာအကွယ်ကို ထိုးဖောက်နေခဲ့သည်။
သူ၏လက်ထဲတွင် ကိုင်ထားသော မီးအိမ်လေးဆီမှ အလင်းရောင်များ တောက်ပနေခဲ့၏။ အတွင်းထဲတွင် ရှိနေသော မီးတောက်က အမှောင်ထုကြီးထဲတွင် တဖြည်းဖြည်း ကြီးထွားလာနေသည်။ ထိုမီးအိမ်လေးက ညအချိန် မုန်တိုင်းထဲရှိ မီးပြတိုက်တစ်ခုသဖွယ် ဖြစ်နေခဲ့၏။
မုန့်ချီကို လွှမ်းခြုံထားသော ရွှေရောင်အကာအကွယ်ကလည်း ပြန်ကောင်းလာပြီး အနက်ရောင်လေလှိုင်းများ တိုက်ခိုက်ခံနေရသော သူ့နဖူးကို ကာကွယ်ပေးထား၏။ ရုတ်တရက်ဆိုသလို အနွေးဓာတ်တစ်ခု ဝင်လာပြီး မုန့်ချီ၏ စိတ်ဝိညာဉ်နှင့် ခေါင်းထဲတွင် လန်းဆန်းသွားခဲ့သည်။
အစောပိုင်းတွင် သူ့ကို တိုက်ခိုက်ခဲ့သော အငွေ့အသက်များက သူ့ဆီသို့ ရောက်လာခဲ့သည့်အချိန်တွင် အလွန်ပြင်းထန်သော ခံစားမှုတစ်ခုက မုန့်ချီကို တိုက်ခိုက်လိုက်သည်။
အဆိုးမြင်ခံစားချက်ပေါင်းများစွာကလည်း သူ့ခေါင်းထဲတွင် ပေါ်လာပြီး သူ့ကို လူသတ်ရန် တိုက်တွန်းနေခဲ့၏။ တဏှာရမ္မက်၊ လောဘနှင့် အမုန်းတရားများက သူ၏ မသိစိတ်ကို ဖျက်ဆီးပစ်နေပြီး သူ့စိတ်ကို ရူးသွပ်သွားအောင် လုပ်ဆောင်နေသည်။
ကောင်းကင်တာအို အပေါ် သူ၏အငြှိုးအတေးများ ၊ လူသားမျိုးနွယ်စုအပေါ် သူ၏ ခါးသီးမှုများနှင့် အရာအားလုံးအပေါ် သူ၏မုန်းတီးမှုများက အသွေးအသားကို ဖျက်ဆီးပစ်နေသော အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သတ်ဖြတ်ချင်စိတ်များ ၊ ဝါးမြိုချင်စိတ်များက တဖြည်းဖြည်း သူ့ကို ပို၍ အစွမ်းထက်လာစေ၏။
သဲများပြည့်နေသော ကမ်းခြေပေါ်သို့ မြင့်တက်လာသော ဒီရေလှိုင်းကဲ့သို့ မုန့်ချီကတော့ သူ၏စိတ်ဆန္ဒကို တိုက်စားနေသော အဆုံးမဲ့ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ခံနေရသည်။ သူ၏ခုခံမှုများက တဖြည်းဖြည်း ပျက်စီးလာပြီး လုံးဝ ပျက်စီးလုနီးပါး ဖြစ်လာခဲ့၏။
ထိုအချိန်တွင် မီးအိမ်လေး၏ အလင်းတန်းက သူ့ကို အချိန်မီ ကယ်တင်ပေးနေပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ဖယ်ရှားပေးနေသည်။ အလင်းရောင်များက အတွင်းထဲကို ထိုးဖောက်လာပြီး အမှောင်ထုကြီးကို ဖယ်ရှားလိုက်၏။
ထိုအချိန်တွင် မုန့်ချီ၏မျက်လုံးထဲ၌ ပင်လယ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုပင်လယ်ကြီးက နက်မှောင်တောက်ပပြီး ပင်လယ်ကြမ်းခင်းတွင် သူ၏ မှတ်ဉာဏ်များကို ကိုယ်စားပြုသော ရွှေစလေးများ ရှိနေသည်။ သူ၏သိစိတ်က စိတ်ဝိညာဉ်ပင်လယ်ကြီးထဲသို့ မည်သို့ ဝင်ရောက်နိုင်ခဲ့သနည်း။
ရုတ်တရက် ပြောင်းလဲမှုများကြောင့် ပင်လယ်ကြီး၏အပေါ်ဘက်တွင် လွင့်မျောနေသော မုန့်ချီက အတော်လေး လှုပ်ရှားသွားခဲ့သည်။ မည်သည့်အရာများ ဖြစ်နေကြောင်းကိုလည်း သူက ချက်ချင်း နားလည်သွားခဲ့၏။
သူ့ရှေ့တွင်တော့ မျက်နှာမရှိသော အရိပ်တစ်ခု လွင့်မျောနေသည်။ သူ့ဆီမှ အလွန်နက်ရှိုင်းသောအသံတစ်ခုကို ကြားလိုက်ရ၏။
"မင်းက ဒီလိုအရာလေးကို သုံးပြီး ငါ့ရဲ့ထိန်းချုပ်မှုကို ခုခံချင်တာလား…"
ထိုအရိပ်က သူ့အနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် မုန့်ချီ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးက တဖြည်းဖြည်း ပို၍ ကြောက်စရာကောင်းလာခဲ့သည်။
"မကောင်းဆိုးဝါး ဘိုးဘေးလား …"
ထိန်းချုပ်ခံရသည်ဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် သူက မကောင်းဆိုးဝါးဘိုးဘေး၏ သိစိတ် တစ်ပိုင်းတစ်စ ထိန်းချုပ်ခံထားရသော ကောင်းကင်ဖျက် မကောင်းဆိုးဝါးကို ချက်ချင်းတွေးမိသွားသည်။ သူကလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့နေရသည်ဟု ယုံကြည်ရန် ခက်ခဲနေ၏။
မကောင်းဆိုးဝါးဘိုးဘေးက ခနဲ့သလို ပြုံးလိုက်သည်။
"မင်းတို့အားလုံးမှာ အရည်အချင်းတွေ ရှိတယ်။ ငါက မင်းတို့ရဲ့ အသွေးအသားနဲ့ စိတ်ဝိညာဉ်ကို သိမ်းပိုက်ပြီးသွားရင် သူတို့တွေက လုံးဝကို ပြည့်စုံလာလိမ့်မယ်။ ငါက ဟိုဘုန်းတော်ကြီးရဲ့ တံဆိပ်ကိုလည်း ဖျက်ဆီးပစ်နိုင်လိမ့်မယ်…"
"တံဆိပ်ကို ဖျက်ဆီးဖို့လား … "
မကောင်းဆိုးဝါးဘိုးဘေး၏ စကားလုံးများကြောင့် မုန့်ချီက ပင်မတာဝန်၏ အဓိကအချက်ကို မှတ်မိသွားပြီး အခြေအနေကိုလည်း နားလည်သွားခဲ့သည်။
ပင်မ တာဝန်၏ ရည်ရွယ်ချက်က အစစ်အမှန် မကောင်းဆိုးဝါး ဘိုးဘေးကို ပြည့်ပြည့်ဝဝ နိုးထလာခြင်းမှ တားဆီးရန်ဖြစ်သည်။ သူ၏အစွမ်းများ ပြန်ရသွားပြီး တံဆိပ်ကို ချိုးဖျက်နိုင်ခြင်းမျိုးတော့ ပို၍ပင် ခွင့်ပြု၍ မရပေ။ ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသော မကောင်းဆိုးဝါးဘိုးဘေးက အစစ်အမှန် မကောင်းဆိုးဝါး ဘိုးဘေး မဟုတ်နိုင်ပေ။
"မင်းရဲ့ပင်မဝိညာဉ်က ကမ္ဘာမြေကြီးရဲ့အစွမ်းတွေကို မရသေးဘူး။ မင်းက လက်လျှော့လိုက်ပါတော့။ ငါ့ရဲ့သိမ်းပိုက်မှုကို လက်ခံလိုက်ပါ။ ငါနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် မင်းက အစစ်အမှန်စွမ်းအားရဲ့ အရသာကို ခံစားမိလိမ့်မယ်။ မင်းလိုချင်တဲ့ အရာတွေအားလုံး မင်း လက်ထဲကို ရောက်လာလိမ့်မယ်…"
ထိုလူရိပ်က သေချာစွာ ပြောလိုက်သည်။
မုန့်ချီကတော့ စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ဘဲ မလှုပ်မယှက် ရပ်နေခဲ့၏။
မကောင်းဆိုးဝါး ဘိုးဘေးက မျှော်လင့်တကြီး ဆက်ပြောလိုက်သည်။
"ကောင်းတယ်။ အရမ်းကောင်းတယ်။ ဉာဏ်ကောင်းတဲ့လူတွေက ဘယ်တော့မှ မဆန့်ကျင်ကြဘူး…"
မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
"မင်းက ဘာလို့ သက်ပြင်းချရတာလဲ…"
သူ၏တုံ့ပြန်မှုကြောင့် မကောင်းဆိုးဝါးအရိပ်က မှင်တက်သွားခဲ့သည်။
မုန့်ချီက ပြုံးလိုက်၏။
"ခင်ဗျားက နှစ်ပေါင်းများစွာ ပိတ်မိနေတော့ တော်တော်လေးကို ဗဟုသုတ နည်းနေတဲ့အတွက် သက်ပြင်းချလိုက်မိတာ။ အန္တရာယ်က ခင်ဗျား မျက်စိရှေ့မှာ ရောက်နေတာကိုတောင် ခင်ဗျားက မသိသေးဘူး…"
"မင်းးးး … "
မကောင်းဆိုးဝါးအရိပ်က အလွန်ဒေါသ ထွက်သွားခဲ့သည်။
သူ့စကားမဆုံးသေးခင် မုန့်ချီက ရှေ့ကို ခြေလှမ်း တစ်ဝက်ခန့် လှမ်းလိုက်၏။ သူ့ဆီမှနေ၍ ရုတ်တရက် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပို၍မြင့်မားလာသလို ထင်မှတ်ရပြီး အတော်လေး ကြောက်စရာကောင်းလာသည်။
သူက အလွန်တည်ငြိမ်အေးစက်သောအသံနှင့် ပြောလိုက်၏။
"ကျုပ်က ကျုပ်ရဲ့သိစိတ်ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တယ်…"
အလွန်ကျယ်လောင်သော အော်ဟစ်သံတွင် မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးအစွမ်းကို သုံးထားခဲ့သည်။ ဗုဒ္ဓမီးအိမ်လေးကလည်း သူ၏ဆင့်ခေါ်မှုကြောင့် အလင်းရောင်များ တောက်ပလာခဲ့၏။
ထိုအချိန်တွင် သမုဒ္ဒရာကြီး၏ အောက်ခြေ၌ ရှိနေသော ရွှေရောင်အပိုင်းအစလေးများက လေထဲသို့ မြောက်တက်လာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအချိန်တွင် ရွှေရောင်အကာအကွယ် တစ်ခုပေါ်လာခဲ့၏။ သူက ရွှေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ နေရောင်အောက်တွင် တလတ်လတ် တောက်ပနေခဲ့၏။
သူက အချိန်နှင့်လေဟာနယ် စွမ်းအင်နှစ်မျိုးလုံး ပါဝင်နေသောလက်ဝါးနှင့် မကောင်းဆိုးဝါးအရိပ်၏ နဖူးတည့်တည့်ကို ရိုက်ချလိုက်၏။
"မင်းးးး … "
ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ရွှေရောင်မီးတောက်များက မကောင်းဆိုဝါး ဘိုးဘေး၏အရိပ်ကို ဝါးမြိုသွားခဲ့သည်။ ထိုမီးတောက်များက သူ့ကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။
"ဗုဒ္ဓမီးအိမ်လေးက ကျုပ်ကို ကာကွယ်ပေးနေမှတော့ မကောင်းဆိုးဝါးတွေက သိမ်းပိုက်ချင်သေးတာလား။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်နဲ့ဆိုရင် ကျုပ်က ခင်ဗျားလို သိစိတ်မျိုးကို ကြောက်နေရဦးမှာလား … "
မုန့်ချီက မကောင်းဆိုးဝါးဘိုးဘေး ရပ်နေခဲ့သော နေရာကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
အကယ်၍ ထိုအရာက မကောင်းဆိုးဝါးဘိုးဘေး၏ အစစ်အမှန်ပုံစံသာဆိုလျှင် သူက ရင်ဆိုင်ရန် အစွမ်းမရှိနိုင်ပေ။ မကောင်းဆိုးဝါးဘိုးဘေးက ပိတ်လှောင်ခံထားရပြီး ယခုအချိန်အထိ ပြည့်ပြည့်ဝဝ နိုးထမလာသေးလျှင်ပင် သူ၏သိစိတ်တစ်ခုက မည်မျှ အစွမ်းထက်နေမည်နည်း။
ကောင်းကင်ဖျက် မကောင်းဆိုးဝါးက သူ၏နတ်ဆိုးကျင့်စဉ်များကြောင့် သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်သည်။ သူက မကောင်းဆိုးဝါးစွမ်းရည်များကို ရယူချင်သည့်အတွက် မကောင်းဆိုဝါးဘိုးဘေးကို အရာအားလုံး ပေးအပ်လိုက်သည်။
မုန့်ချီကတော့ သူ၏ နိုင်ပွဲကို အောင်ပွဲခံရန် အချိန်မရှိပေ။ သူ့အဖော်များ၏ ကံကြမ္မာကို ယခုအချိန်ထိ မသိရသေးပေ။
စိတ်ဝိညာဉ်ပင်လယ်ကြီးထဲတွင် ရှိနေသော မြင်ကွင်းများက ပျောက်ကွယ်သွားပြီး မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ကြောက်စရာကောင်းသော အနက်ရောင် လေမုန်တိုင်းများလည်း ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။
မျက်လုံးပြန်မြင်လာရသည့်အချိန်တွင် တိတ်ဆိတ်သောနေရာ၌ သူတစ်ယောက်တည်းသာ ရှိနေကြောင်း တွေ့လိုက်ရ၏။ သူ့ခေါင်းပေါ်တွင်တော့ ဗုဒ္ဓတံဆိပ်တစ်ခုရှိနေပြီး သူ၏ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းတန်းများ တောက်ပနေခဲ့သည်။ သူ့နားထဲတွင် ကျမ်းစာရွတ်ဖတ်သံများကိုလည်း ကြားနေရ၏။ သူ၏ စိတ်ဝိညာဉ်က တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ခံစားနေရသည်။
"ဒါက တံဆိပ်ရဲ့အလယ်ဗဟိုနေရာလား ။ ငါ့ကို ထိန်းချုပ်ခံလိုက်ရတဲ့အချိန်မှာ ဒီနေရာကို ဆွဲခေါ်သွားခဲ့တာလား … "
သူကတော့ သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး အတွေးများကို ရှင်းလင်းနေသည်။
သူက သူ့ကိုယ်သူ လျင်မြန်စွာ စစ်ဆေးကြည့်နိုင်ရန် အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို သုံးလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီးနောက် နက်မှောင်နေသော အဆိပ်စွမ်းအင်များက သွေးကြောထဲတွင် စီးဆင်းပြီး သူ၏ချီစွမ်းအင်များကို ဖယ်ရှားရန် ကြိုးစားနေကြောင်း ခံစားမိခဲ့သည်။
မုန့်ချီက အချိန်ဖြုန်းမနေတော့ဘဲ နတ်ဆိုးရနံ့ထုတ် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ ပုံမှန်အားဖြင့် သူ့စွမ်းရည်နှင့် ခန္ဓာကိုယ်ထဲမှ အဆိပ်များကို တွန်းထုတ်နိုင်သည်။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်က အဆိပ်များ တိုက်စားမှုကို တားဆီးနိုင်သော်လည်း သူ့မိတ်ဆွေများအတွက် အဆိုးဆုံးဖြစ်သွားမှာကို ကြောက်လန့်နေသည့်အတွက် မည်သည့်အရာကိုမျှ စွန့်စားလိုခြင်းမရှိချေ။
မုန့်ချီက မကောင်းဆိုးဝါးချီစွမ်းအင်များ တိုက်စားမှုကို ဖယ်ရှားလိုက်ပြီးနောက် တံခါး(၈)ပေါက်အဆင့်ကို တက်ရောက်နိုင်ရန် လေ့ကျင့်မှု အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့သည်။
ထိုအရာက ကောင်းကင်ဖျက်လက်ဝါးကို သုံးရန်အတွက် ချီစွမ်းအင်များကို စုပ်ယူခဲ့သည့် နည်းလမ်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအနှစ်သာရများကြောင့် ချီစွမ်းအင် စုစည်းသည့် နည်းလမ်းများကို နားလည်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ယခု သူက နောက်ထပ် သွေးကြောမှတ်တစ်ခုကို ဖွင့်ရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။
သူက ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓားကလည်း အလင်းရောင်များ တောက်ပနေပြီး ရေလှိုင်းမီးတောက်ဓားက မီးတောက်များ လောင်ကျွမ်းနေသည်။ ထိုအရာ နှစ်ခုစလုံးက သူ့အနားသို့ ကပ်လာနေသော အဆိပ်စွမ်းအင်များကို ဖယ်ရှားပေးနေ၏။
သူက သူ့အဖော်များကို ရှာဖွေနေသည့်အချိန်တွင် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ အကယ်၍ သူတို့ကလည်း မကောင်းဆိုးဝါးဘိုးဘေး၏ သိမ်းပိုက်ခံရမည်ဆိုလျှင် ဤနေရာသို့ ဆွဲခေါ်ခံရနိုင်၏။
သူတို့ကို ပို့ဆောင်လိုက်သည့်နေရာက တံဆိပ်၏ အလယ်ဗဟို ဖြစ်သည်။ ထိုနေရာတွင် ဗုဒ္ဓအလင်းရောင်များ ပြည့်နှက်နေပြီး တည်ငြိမ်အေးချမ်းမှုများ အမြင့်ဆုံး ရှိနေသည်။ ဤနေရာတွင် မကောင်းဆိုးဝါးများက လွတ်လပ်စွာ သွားလာနိုင်ကြမည် မဟုတ်ချေ။
သူတို့က ဤနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော အလင်းတန်းများ၏ တိုက်စားမှုကို ရှောင်တိမ်းရန်အတွက် လမ်းကြောင်းနှင့် မြေအောက်လိုဏ်ဂူများထဲတွင်သာ ပုန်းနေနိုင်ကြသည်။
မကောင်းဆိုးဝါးဘိုးဘေးက ပိတ်လှောင်ခံထားရသည့်အတွက် သူတို့ကသာ အလင်းရောင်များကို ရင်ဆိုင်ရမည်ဆိုလျှင် ပျောက်ကွယ်သွားနိုင်သည်။ ဤနယ်မြေကြီးတစ်ခုလုံး လွှမ်းခြုံနေသော အလင်းတန်းများကို တောင်တန်းများ၊ သွေးမြစ်များကပင် ခံနိုင်ရည် မရှိကြပေ။
အလယ်နေရာကတော့ မကောင်းဆိုးဝါးဘိုးဘေးကို ပိတ်လှောင်ထားသော နေရာဖြစ်ပြီး မှောင်မည်းနေသော အဆိပ်စွမ်းအင်များက အငွေ့များ ပုံသဏ္ဌာန် လည်ပတ်နေခဲ့သည်။ ထိုနေရာတွင်တော့ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာနေပြီး တစ်ချိန်တုန်းက မကောင်းဆိုးဝါးများ လွတ်လပ်စွာ သွားခဲ့ကြောင်း သတိပေးနေသည်။
ထိုအရာများကို မကြားချင်သည့်အတွက် မုန့်ချီက တောင်တန်းနှင့်မြစ်များဆီကို ပြေးသွားပြီး သူ့မိတ်ဆွေများကို စတင်ရှာဖွေနေခဲ့၏။
……………
ကောင်းကင်တောင်ထိပ်၏ အနားတွင်တော့ တခြားသော တောင်ထိပ်တစ်ခု ရှိနေသည်။ သစ်တောကြီးကလည်း တောင်မြင့်ကြီးတစ်ခုလုံး ဖုံးလွှမ်းနေပြီး တောင်ကုန်းကြီးတစ်ခုလုံးက သစ်တောများ ပြည့်နှက်နေသော နယ်မြေတစ်ခု ဖြစ်နေသည်။
လျှို့ဝှက်လိုဏ်ဂူတစ်ခုထဲတွင်တော့ …
မြောက်ပိုင်းဓူဝံကြယ်က သွေးနီရောင် ဆေးရည်တစ်ပုလင်းကို မြိုချလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုယ်သူ စတင်ကုသနေခဲ့၏။ သူက ဒဏ်ရာများကို လျင်မြန်စွာ ပြန်ကောင်းအောင် ကြိုးစားရမည်ဖြစ်သည်။ အကယ်၍ နတ်ဆိုးကမ္ဘာ၏လမ်းကြောင်း ဖျက်ဆီးခံလိုက်ရသည်နှင့် သူကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားရပါလိမ့်မည်။
အကယ်၍ သူတို့ကသာ မကောင်းဆိုးဝါးဘိုးဘေးကို ဖိနှိပ်နိုင်မည်ဆိုလျှင် ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်က ဘာများထူးခြားတော့မည်နည်း။ သူတို့က နတ်ဆိုးကမ္ဘာအပိုင်းအစထဲကိုပင် ဝင်နိုင်ခြင်း မရှိသေးပေ။
"သေစမ်း …သူတို့က ကောင်းကင်ဖျက် လက်ဝါးလို သိုင်းကွက်မျိုးကိုတောင် ဒီလောက်ထိ တူအောင် တုပနိုင်တယ်။ ခံစားချက်ကလည်း အတူတူပဲ။ သူက တူညီတဲ့စွမ်းရည်မျိုးကို ကျွမ်းကျင်တဲ့သူများ ဖြစ်နေမလား…"
သူက ထိုလူများ၏ နောက်ကြောင်းကို စုံစမ်းခိုင်းချင်ခဲ့သည်။ အနောက်ပိုင်းဘုရင်မက အမြဲစိမ်းကျောင်းဆောင် အပျက်အစီးထဲတွင် သူတို့၏ သိုင်းကွက်များကို မြင်ခဲ့ဖူး၏။ သူကတော့ လက်တုံ့မပြန်ရမချင်း ကျေနပ်လိမ့်မည် မဟုတ်ချေ။ သူက အနီးအနားတွင် တိမ်တိုက်ပြာဘိုးဘေးကို ရှာဖွေနေခဲ့သည်။ သူက မထင်မှတ်ထားသော အရာများကို မကြုံချင်တော့ပေ။
အနောက်ပိုင်းဘုရင်မက လိုဏ်ဂူ၏ ဝင်ပေါက်တွင် လက်နောက်ပစ်၍ ရပ်နေသည်။ သူမ၏ရွှေချည်ထိုး အညိုရောင်ဝတ်စုံက လေထဲတွင် တဖျပ်ဖျပ် လွင့်နေ၏။
ထိုအချိန်တွင် သူမ၏ လက်ထဲ၌ ကိုင်ထားသော တံဆိပ်ဆီမှ အလင်းရောင်များ တောက်ပလာခဲ့သည်။ ထိုအရာက ဖြည်းညင်းစွာ လောင်ကျွမ်းလာပြီး အစိမ်းရောင်မီးတောက်လေးများ ပေါ်လာခဲ့၏။ သူမကတော့ အပူလှိုင်းများကို မခံစားရပေ။
"အဲဒါက ဘာလဲ … "
မြောက်ပိုင်း ဓူဝံကြယ်က အာရုံပျံ့ရန် ခက်ခဲ၏။
"တိုက်ခိုက်ရေးကြယ်က အနားကို ရောက်နေပြီ။ သူက ကျွန်မတို့ စီစဉ်ထားတဲ့ နေရာမှာ လာတွေ့ဖို့ တောင်းဆိုနေတယ်…"
သူမက ချိုသာစွာ ပြောလိုက်၏။
သူက သတိထားနေသည်ကို သိနေသည့်အတွက် တိုက်ခိုက်ရေးကြယ်က အင်မော်တယ်များ ထောင်ထားသော ထောင်ချောက်ထဲသို့ မဝင်မိစေရန် ကောင်းကင်တောင်ထိပ်၏ အခြေအနေကို အရင်ဆုံး မေးမြန်းလိုခြင်းဖြစ်သည်။
သူက မြောက်ပိုင်းဓူဝံကြယ်ကို ခေါ်ခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက နတ်ဆိုးကမ္ဘာလမ်းကြောင်းကို စောင့်ကြပ်ရန် လိုအပ်နေခြင်းကြောင့်ဖြစ်သည်။
"ဒါဆိုလည်း သွားလိုက်လေ … "
သူက သက်ပြင်းချလိုက်မိ၏။ ယခုတော့ သူက စိတ်အေးလက်အေး ဒဏ်ရာကုသ၍ ရနိုင်သည်။ တိုက်ခိုက်ရေးကြယ် ရောက်နေသည့်အတွက် တိမ်တိုက်ပြာဘိုးဘေးက လမ်းကြောင်းကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
အနောက်ပိုင်း သခင်မက သူ့ကို ကြည့်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခု သဖွယ် တောင်ထိပ်ပေါ်မှ ဆင်းသွားခဲ့သည်။ သူမကတော့ ဝေ့ကျင်းတစ်ဝက်အဆင့်သာ ရှိသေးသော်လည်း လေလှိုင်းကို စီးသွားနိုင်သည့်အလား ထင်မှတ်ရသည်။
သူမက မြေပြင်နှင့် မြင့်မြင့် ပျံသန်းနိုင်ခြင်း မရှိသော်လည်း လေထဲတွင် လှပစွာ ပျံဝဲသွားနိုင်ခဲ့သည်။ သူမဆီတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ရတနာများ၏ အကူအညီရှိနေခြင်းပေလော သို့မဟုတ် တခြားသော စွမ်းရည်တစ်ခုခု၏ အကူအညီကြောင့်ပေလော။
……….
မုန့်ချီ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသော နယ်မြေများကသာ ပေါ်လာခဲ့သည်။ သူ၏ကိုယ်ဖော့ပညာကြောင့် သူက ထိုနယ်မြေများပေါ်တွင် အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုစားလိုက်ပြီး ပတ်ပတ်လည်ရှိ အခြေအနေကို စစ်ဆေးကြည့်နေ၏။
မီးအိမ်လေး၏အကာအကွယ် မရှိလျှင် သူ့အဖော်များက မကောင်းဆိုးဝါးဘိုးဘေး၏ သိစိတ် ထိန်းချုပ်ခံရသည်နှင့် လုံးဝစိတ်လွတ်သွားနိုင်သည်။ သို့သော် သူတို့ဆီတွင် သူတို့၏အကြီးအကဲများ ပေးထားသော ပစ္စည်းများ ၊အဖိုးတန်လက်နက်များ ရှိနေနိုင်သည်။ သူတို့ဆီတွင် မကောင်းဆိုးဝါးဝိညာဉ်များ၏ ထိန်းချုပ်မှုကို လုံးဝ ဖျက်ဆီးနိုင်သော ပစ္စည်းများလည်း ရှိနေနိုင်၏။
သို့သော် သူကတော့ အဆိုးဆုံး အခြေအနေကို တွေးထားခဲ့သည်။ ထို့ကြောင့် သူက ရွမ်ယုရှုနှင့် အရင်ဆုံး တွေ့ရန် မျှော်လင့်နေခဲ့သည်။ သူက သူမ၏ အနားသို့ ကပ်သွားပြီး သူမ၏ ဗျပ်စောင်းစွမ်းရည်ကို ခံနိုင်ရည်ရှိမည်ဆိုလျှင် သူမကို ယာယီ ဖယ်ရှား၍ ရနိုင်သည်။
ထို့နောက် သူ၏မီးအိမ်လေးနှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်တို့ကို သုံးပြီး သူမ၏သိစိတ် ပြန်ကောင်းလာအောင် လုပ်ဆောင်၍ ရနိုင်၏။ ထို့နောက် သူမကို နတ်ဆိုးရနံ့ထုတ် ဆေးလုံး တစ်လုံး တိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသည့် အဆိပ်ငွေ့များကို ဖယ်ရှားပေး၍ ရနိုင်၏။
သူမ၏ အကူအညီရှိလျှင် ချီကျန်းရန် ၊ ကျိုးဟမ်နှင့် ကျန်းကျိဝေတို့ကိုပင် အလွယ်တကူ ကူညီပေးနိုင်သည်။ မဟုတ်လျှင် ကျိုးဟမ်နှင့် ကျန်းကျိဝေတို့၏ လွှမ်းမိုးမှုကို ဖယ်ရှားပေးရခြင်းက အတော်လေး ပြဿနာများနိုင်၏။
ယခု သူ၏အဖော်များကို မကောင်းဆိုးဝါးဘိုးဘေးဆီမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးရခြင်းကလွဲလျှင် သူတို့၏တာဝန်က တဖြည်းဖြည်းပို၍ ချောမွေ့လာနိုင်သည်။
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့်အတွက် သူ့အနားသို့ လူတစ်ယောက် ကပ်လာခြင်းကို သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် သူ၏အာရုံခံစွမ်းရည်များက သူ့ကို သတိပေးနေခဲ့၏။ သူက စဉ်းစားမနေဘဲ ချက်ချင်းပင် သူ့ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးနှင့် နှုတ်ခမ်းမှနေ၍ သွေးများ စီးကျလာခဲ့၏။
အဝါရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုက မကောင်းဆိုးဝါးဆန်စွာ လှပနေသည်။ သူမကတော့ မကောင်းဆိုးဝါး ဘိုးဘေး ထိန်းချုပ်ခံထားရသော ကျန်းကျိဝေဖြစ်နေ၏။
အရာအားလုံးက သူထင်ထားသလို မဖြစ်ခဲ့ပေ။ ယခုအချိန်တွင် သူတို့ကြိုတင် ကတိပေးထားသော လက်ရည်စမ်းမှုကို မဖြစ်မနေ တိုက်ခိုက်ရတော့မည်လော။ မုန့်ချီကတော့ မချိပြုံး ပြုံးလိုက်မိလေသည်။
Translated by Hein Htet