အခန်း (၃၅၉)
Vol. 24 Ch. 359
ကျန်းကျိဝေက သူမ၏ဓားကို ရုတ်တရက် မြှောက်လိုက်သည်။ မုန့်ချီကတော့ သူမကို တစ်စက္ကန့်လေးပင် အလွတ်မပေးခဲ့ချေ။ သူမ၏ လှုပ်ရှားမှုများက မြူခိုးများ ဝေနေသော ကောင်းကင်ကြီးပေါ်တွင် ကြယ်များ လင်းလက်တောက်ပနေသကဲ့သို့ လှပနေပြီး နေဖောက်သက်တန့်ဓားဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
မုန့်ချီက မည်မျှကြိုးစားစေကာမူ သူ၏အာရုံ (၆) ပါးနှင့် အမြင်အာရုံ ၊ အကြားအာရုံများက နှောင့်ယှက်ခံထားရသည့်အတွက် ကျန်းကျိဝေ၏ နောက်ထပ် လှုပ်ရှားမှုကို ပြည့်ပြည့်ဝဝ နားမလည်နိုင်ပေ။
ဓားကို ဆွဲထုတ်လိုက်ပြီးနောက် မုန့်ချီကလည်း ဖြည်းညင်းစွာ ခုတ်ချလိုက်၏။ သူ့ရှေ့တွင် ရှိနေသော ပြိုင်ဘက်ကဲ့သို့ သူ့ဆီတွင် ဖုံးကွယ်နေသော တန်ပြန်သက်ရောက်မှုများစွာ ရှိနေသလို ထင်မှတ်ရသည်။ သူ၏လှုပ်ရှားမှုတိုင်းက ကျန်းကျိဝေ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်နိုင်၏။
ဓားသွားများက အချင်းချင်း ရင်ဆိုင်လိုက်မိပြီး လျင်မြန်စွာ လမ်းကြောင်းပြောင်းသွားခဲ့သည်။ ကျန်းကျိဝေ၏ ချီစွမ်းအင်များက စုစည်းထားကြောင်း ဖြစ်ကြောင်း မုန့်ချီက ခံစားမိခဲ့၏။ သူမ၏ တိုက်ခိုက်မှုထဲတွင် ချီစွမ်းအင်များ ပေါင်းထည့်ထားသည်။ သူမ၏ဓားချီစွမ်းအင်များက ပေါက်ကွဲသွားခြင်းပင် မရှိဘဲ သူ၏တိုက်ခိုက်မှုတိုင်းကို အေးအေးဆေးဆေး တုံ့ပြန်နေသည်။
နောက်တစ်ကြိမ် နေရာပြောင်းလိုက်ပြီး ကျန်းကျိဝေက သူမ၏ဓားကို ပြန်ရုတ်လိုက်သည်။ ထို့နောက် ရိုးရှင်းစွာ ခုတ်ချလိုက်၏။ သို့သော် သူမ၏ဓား ကျဆင်းလာနေသည်မှာ အလွန်ပြင်းထန်လှသည့်အတွက် မုန့်ချီလည်း ရှုပ်ထွေးသွားခဲ့သည်။
ထိုတိုက်ခိုက်မှုက ရိုးရှင်းသော်လည်း ချီစွမ်းအင်များနှင့် အားဖြည့်ထားသည်။ သူ့ခေါင်းပေါ်သို့ တောင်မြင့်ကြီးတစ်လုံး ကျဆင်းလာသလို ခံစားလိုက်ရ၏။ ဗုဒ္ဓအလင်းရောင်များကလည်း သူတို့ တိုက်ခိုက်သည့်နေရာတွင် ကျဆင်းလာနေပြီး သူတို့၏ တိုက်ခိုက်မှုကို အားပေးသယောင် ထင်မှတ်ရသည်။
သူတို့၏ဓားရှည်နှင့် ဓားမောက် တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော မီးပွားလေးများက လေထဲတွင် လွင့်မျောနေကြသည်။ တခဏလေးအတွင်း သူတို့၏တိုက်ပွဲက ထာဝရ တည်တံ့နေသော နယ်မြေတစ်ခုထဲသို့ ရွေ့လျားသွားသလို ထင်မှတ်ရပြီး အိပ်မက်ပုံရိပ်ယောင်တစ်ခုထဲကို ရောက်သွားသလို ထင်မှတ်ရသည်။
ရေပက်မဝင်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီကတော့ လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးရန် အခွင့်အရေးမရှိသလို ကျန်းကျိဝေကို အာရုံလွှဲရန် သူမ၏နာမည်ကို အော်ခေါ်ရန်လည်း အခွင့်အရေး မရှိခဲ့ပေ။
သူလုပ်နိုင်သည်မှာ သူမ၏ဓားချက်များကို ခုခံခြင်းသာ ဖြစ်သည်။ သူက ကျန်းကျိဝေ၏ ဓားနှင့် ရင်ဆိုင်ရန် သူက ဓားမောက်ကို အလွန်လျင်မြန်စွာ လှုပ်ရှားနေရ၏။
ကျန်းကျိဝေကတော့ မုန့်ချီ၏တုံ့ပြန်မှုများကို ကြိုတင်မျှော်လင့်ထားသလို ထင်မှတ်ရ၏။ ရုတ်တရက် အရှိန်မြန်လာပြီး ဓားအရိပ်များက ပြင်းထန်သော အရှိန်အဝါနှင့်အတူ မုန့်ချီ၏ ဓားမောက်ကို တိုက်ခိုက်လိုက်သည်။
အလွန်ပြင်းထန်သော အရှိန်အဝါကို ရင်ဆိုင်လိုက်ရသည့်အတွက် မုန့်ချီက အတော်လေးကို နာကျင်သွားခဲ့ရပြီး ကောင်းကင်ပြစ်ဒဏ်ဓားကလည်း လက်ထဲမှ လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။
ကျန်းကျိဝေက နောက်ထပ် ပုံစံအသစ်တစ်မျိုးနှင့် တိုက်ခိုက်လိုက်ပြန်သည်။ သူမ၏ဓားက သားကောင်ကို လိုက်နေသော မုဆိုးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
ပုံရိပ်များကလည်း အလွန်လျင်မြန်စွာ ပြောင်းလဲလာပြီး ခဏကြာပြီးနောက် လှုပ်ရှားမှု မရှိတော့ပြန်ချေ။ ထိုအရာက အတော်လေးကို ထူးခြားဆန်းကြယ်လွန်းလှပြီး သူမ၏ တိုက်ခိုက်မှုများကလည်း ကြမ်းတမ်းခက်ထန်သည့် ခုတ်ချက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ၏တိုက်ခိုက်မှုများက ဓားပညာ၏နိယာမများကို သွေဖယ်လာခဲ့သည်။ သူမ၏တိုက်ခိုက်မှုများက ဓားသမားတစ်ယောက်၏ အနှစ်သာရများနှင့် မတူတော့ပဲ ထိုဓားက သူမ၏ခြေလက်အပိုတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
ဓားက ပတ်ပတ်လည်မှနေ၍ မုန့်ချီကို တိုက်ခိုက်နေပြီး နောက်သို့ တွန်းပို့နေခဲ့သည်။ သူမ၏စွမ်းရည်က မုန့်ချီထက် အဆပေါင်းများစွာ ပို၍မြင်မားနေကြောင်း ပြသနေခဲ့၏။
မုန့်ချီကလည်း သူ၏ဓားသိုင်းပညာအပေါ် အလွန်အမင်း ကျွမ်းကျင်သည်။ သူက မတူညီသော ဓားမောက်သိုင်းပညာ (၁၀) မျိုးကျော်၏ အနှစ်သာရများကို သင်ယူထားနိုင်ခဲ့သည်။ သို့သော် မုန့်ချီက လက်ရှိအချိန်ထိ နားလည်ထားသော အရာအားလုံးကို ကိုယ်ပိုင်ပုံစံတစ်ခုအဖြစ် ပြည့်ပြည့်ဝဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။
သူက ခန်းမကြီးတစ်ခု တည်ဆောက်ရန် တိုင်လုံးများ ထောင်ထားသလိုသာ ဖြစ်နေပြီး အဆောက်အဦးတစ်ခုလုံးကိုတော့ ပြည့်ပြည့်ဝဝ မဆောက်ရသေးပေ။
တစ်ဖက်တွင်တော့ ကျန်းကျိဝေ၏ စွမ်းရည်များက အလွန်သိသာလှသည်။ သူမ၏ဓားက ခုခံနေသည့်ဓားကွက်၏ အားနည်းချက်နေရာများကိုသာ တည့်တည့်ရောက်လာခဲ့၏။ သူမ၏ တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက အလွန်တိကျပြီး သူ၏အားနည်းချက်များကိုသာ အလေးထားတိုက်ခိုက်နေသည့်အတွက် မုန့်ချီလည်း တဖြည်းဖြည်း အကြပ်ရိုက်လာခဲ့သည်။
သူမ၏ဓားကွက်များက တစ်ခုနှင့်တစ်ခု ဆက်စပ်လှုပ်ရှားလာသည်မှာ ဒဏ္ဍာရီဓားသမား တူကူးချိုပိုက် တိုက်ခိုက်နေသလို ထင်မှတ်ရသည်။ သူမ၏စွမ်းရည်ကြောင့် မုန့်ချီက သူ့ဓားနှင့် မနည်းခုခံနေရ၏။
အခြေအနေက ကျဉ်းထဲကြပ်ထဲကို ရောက်နေသည့်အတွက် သူကတော့ အခွင့်အရေးကိုသာ စောင့်နေခဲ့ရသည်။ သူက စိတ်ရှည်လက်ရှည် စောင့်နေရမည် ဖြစ်ကြောင်း မုန့်ချီက သိနေ၏။ သူသာ အနည်းငယ်သတိလစ်သွားသည်နှင့် ကျန်းကျိဝေက သူ့ကို သတ်ပစ်လိုက်ပါလိမ့်မည်။
သူက ကျန်းကျိဝေကိုလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာမရစေချင်သည့်အတွက် သူ၏တိုက်ခိုက်မှုများကို ထိန်းချုပ်နေရသည်။ သူသာ မတော်တဆ လှုပ်ရှားမိလိုက်လျှင် သူမကို အသက်အန္တရာယ်ဖြစ်သွားစေနိုင်သည်။
ဆက်လက် တိုက်ခိုက်လာနေသည်နှင့်အမျှ မုန့်ချီကတော့ သူ၏စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခြင်း မရှိသလို ဓားမောက်ပညာနှင့် ဓားရှည်ပညာ (၂)ခုလုံးကိုလည်း မသုံးနိုင်ခဲ့ပေ။ သူက အရေးမသာသည့်အတွက် အခြေအနေ ပြောင်းလဲရန်ကိုသာ အလေးထားနေရသည်။
သူက ထိုကဲ့သို့ တိုက်ပွဲကို ဆက်လက်အချိန်ဆွဲနေ၍ မရနိုင်တော့ပေ။ ထိုအရာကို ကောင်းကောင်းကြီး နားလည်နေသည့်အတွက် တိုက်ခိုက်မှုကသာ ကြာလာမည်ဆိုလျှင် မုန့်ချီက တုံ့ပြန်တိုက်ခိုက်ရမည့် အခွင့်အရေးကို သေချာပေါက် ဆုံးရှုံးနိုင်ကြောင်း နားလည်လာခဲ့၏။
သူက စွမ်းအားများကို စုစည်းလိုက်ပြီး အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို သုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
သူ၏ဓားမောက်ကလည်း ရုတ်တရက် လေထဲသို့ မြောက်တက်လာပြီး ထိုအရာက သူသေကိုယ်သေအလောင်းကစားပွဲတစ်ခုကဲ့သို့ ဖြစ်လာသည်။ သူက သူ့ကိုယ်သူ ဒဏ်ရာအရခံပြီး ကျန်းကျိဝေကို ပြန်လည်နိုးထလာအောင် ပြင်ဆင်နေချင်ခဲ့သည်။
ဓားသွား အချင်းချင်း ရင်ဆိုင်မိလိုက်သည့်အချိန်တွင် မီးပွားလေးများ ထွက်လာခဲ့၏။ သူမ၏ တိုက်ခိုက်များက လေထဲတွင် ပိုးစုန်းကြူးများကဲ့သို့ ပျံ့နှံ့သွားသည့်အတွက် သူတို့၏ ပတ်ပတ်လည်တွင် လင်းထိန်သွားခဲ့သည်။
ကျန်းကျိဝေက သူမ၏ဓားကို တစ်ပတ်လှည့်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓား၏ ဓားသွားကိုချိန်ပြီး ခုတ်ချလိုက်၏။ ထို့နောက် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။
သူမ၏ ဆက်တိုက်ခုတ်ချက်များကြောင့် မုန့်ချီ၏လက်ထဲမှ ဓားပင် လွတ်ကျမတတ် ဖြစ်သွားခဲ့သည်။ တိုက်ခိုက်မှုတစ်ခုချင်းဆီကလည်း မူလတိုက်ခိုက်မှုထက် ပို၍စွမ်းအားများနေခဲ့၏။
သူမက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ ထိုခဏတွင် မုန့်ချီက ခုခံနေ၍ မရတော့သည့်အတွက် ဘယ်လက်ထဲတွင် ကိုင်ထားသော ရေလှိုင်းမီးတောက်ဓားက ကျန်းကျိဝေ၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကျန်းကျိဝေက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး သူမ၏တိုက်ခိုက်မှုကို ရုတ်သိမ်းလိုက်သည်။ ထိုအချိန်တွင် သူမ၏ဓားလက်ကိုင်က ရေလှိုင်းမီးတောက်ဓားနှင့် ရင်ဆိုင်လိုက်ရ၏။
လေထဲသို့ မြောက်တက်သွားခဲ့သော ကောင်းကင်ပြစ်ဒဏ်ဓားကလည်း အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ ခေါင်းပေါ်မှ ကျဆင်းလာခဲ့သည်။ ထိုအရာက လေထဲတွင် လှုပ်ရှားနေခဲ့ပြီး (၈) ချက်တိတိ ဆက်တိုက် လှုပ်ရှားလိုက်သည်။ နောက်ဆုံးတွင် ဓားသွား (၉) ချက် ခုတ်နိုင်ခဲ့၏။
"ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်... "
အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ဘယ်လက်ဓားသိုင်းပညာတို့ကြောင့် လက်(၂)ဖက် သုံးနိုင်သော မုန့်ချီက တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ရလာခဲ့သည်။ သာမန်အခြေအနေမျိုးတွင်တော့ မုန့်ချီက ရန်သူကို ဖိနှိပ်ရန်အတွက် အနတ္တကျိန်စာဖျက် ဓားပညာကိုသုံးခြင်းက အကောင်းဆုံးဖြစ်သည်။
သို့သော် ထိုအရာကို သုံးလိုက်မည်ဆိုလျှင် မကောင်းဆိုးဝါးဘိုးဘေး၏ လွှမ်းမိုးခြင်းကို ခံနေရသော ကျန်းကျိဝေက ပို၍ကြောက်စရာကောင်းလာမှာကို ထိတ်လန့်နေခဲ့သည်။
"ဂျိမ်းးး... "
မုန့်ချီက ကနဦးဓားချက် (၈) ချက် တိုက်ခိုက်လိုက်သည့်အချိန်တွင် အလွန်အစွမ်းထက်သော လေဟာနယ်တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ကျယ်လောင်သော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထိုအရာက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် အားနည်းသူများက တုန်လှုပ်သွားစေနိုင်၏။
မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင်လည်း ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အလွန်ကြောက်စရာကောင်းသော နဂါးများအဖြစ် ပြောင်းလဲသွားသည်။ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်၏ တံခါး (၇) ပေါက်အဆင့်ကို ရောက်လာသည့် အချိန်တွင် မုန့်ချီက ခရမ်းမိုးကြိုးစွမ်းအားများကို အသက်သွင်းစရာ မလိုတော့ပေ။
သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော အနှစ်သာရများကို သုံး၍ ခရမ်းမိုးကြိုးစွမ်းအားများကို လျှပ်စီးကြောင်းထဲသို့ တိုက်ရိုက်ပို့ဆောင်ပေး၍ ရနိုင်သည်။ သူ၏စွမ်းအားထဲတွင် ပြိုင်ဘက်ကင်းစွမ်းရည်များ ပါဝင်နေခဲ့၏။
မုန့်ချီက ထိုစွမ်းရည်၏ ပင်မအခြေခံများကို သင်ယူရန် လိုအပ်ပြီး စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန်အတွက် ချီစွမ်းအင်ပို့ဆောင်မှုနည်းလမ်းများကို လေ့လာရန် လိုအပ်နေသေးသည်။
အလွန်ကြောက်စရာကောင်းသော နဂါးကြီးက စက်ဝိုင်းသဖွယ် စတင်ပျံသန်းလာပြီး လေဟာနယ်ထဲတွင် အရှိန်ယူလာခဲ့သည်။ ခရမ်းရောင်လျှပ်စီးနဂါးကြီးများက လေထဲတွင် ဖျက်ဆီးရေးစက်ဝိုင်းတစ်ခုကဲ့သို့လည်ပတ်လာခဲ့၏။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက အလယ်သို့ ဆွဲယူခံလိုက်ရပြီး အရာအားလုံး ပျက်စီးသွားခဲ့သည်။
မုန့်ချီ၏တိုက်ခိုက်မှုကြောင့် ကျန်းကျိဝေကလည်း ခုခံလိုက်ရသည်။ အခြေအနေက ပြောင်းလဲသွားခဲ့၏။ သို့သော် နေဖောက်သက်တန့်ဓားက မုန့်ချီ ထင်ထားသည်ထက်ပင် ပို၍လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။
ကျန်းကျိဝေက ခုခံမှုကို ဖယ်ရှားလိုက်ပြီး တိုက်ခိုက်မှုကို (၂) ဆတိုး၍ ပြိုင်ဘက်ကို ဖိအားပေးရန် ကြိုးစားလိုက်သည်။ အလွန်ကြောက်စရာကောင်းသောဓားချက်များက မုန့်ချီဆီသို့ ကျရောက်လာပြီး သူမ၏ဓားအလင်းတန်းက လေဟာနယ်ထဲတွင် ပြည့်နှက်လာသလို ထင်မှတ်ရသည်။
သူမက ဓားနှင့် ခုတ်ချလိုက်သည့်အချိန်တွင် မုန့်ချီ၏ဓားချက်နှင့် ရင်ဆိုင်လိုက်မိ၏။ နားထဲတွင် သွေးဆာနေသော အသံတစ်ခုကိုလည်း ကြားလိုက်ရသည်။ မုန့်ချီ ဖန်တီးထားသည့်အရာများကတော့ စက္ကန့်ပိုင်းလေးသာ ခံလိုက်ရ၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ... "
မုန့်ချီကတော့ အလွန်ထိတ်လန့်သွားခဲ့ပြီး ပတ်ဝန်းကျင်မြင်ကွင်းများက သူ့စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ အလွန်တောက်ပသော အလင်းရောင်များက ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
ကျန်းကျိဝေက ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်ကို အသုံးပြုလိုက်သည်။ ရွှေရောင်အလင်းတန်းများအောက်တွင် လှုပ်ရှားနေသော မျဉ်းကြောင်းများကတော့ စကြဝဠာကြီးထဲတွင် လှုပ်ရှားနေသော အလင်းရောင်များကဲ့သို့ ဖြစ်နေသည်။
သူမ၏ ဓားထိပ်ဖျားတွင် အလင်းရောင်တစ်ခု တောက်ပလာသည်မှာ လိမ္မော်ရောင် ကောင်းကင်ကြီးပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်များကဲ့သို့ ဖြစ်လာ၏။ ထိုအလင်းရောင်များက စကြဝဠာကြီးထဲမှ ကျဆင်းလာသည့်အလား ထင်မှတ်ရပြီး လေဟာနယ်ထဲကို ဖြတ်သန်းလာခဲ့၏။
ထိုဓားကလည်း လျင်မြန်သွက်လပ်စွာ လှုပ်ရှားလာပြီး မုန့်ချီ၏ တန်ပြန်တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်လိုက်သည်။
တလက်လက် တောက်ပနေသော ကြယ်များနှင့် လှုပ်ရှားနေသော မျဉ်းကြောင်းများက ညအချိန်တွင် နဂါးငွေ့တန်းတစ်ခုကဲ့သို့ ဖြစ်လာ၏။ အမှန်အတိုင်းပြောရလျှင်တော့ အတောက်ပဆုံး ကြယ်များက ဖျက်ဆီးရေးသိုင်းကွက်ဖြစ်သည်။
"သူက အရှိန်အဝါတွေ စုစည်းဖို့ စောင့်နေပြီးမှ ဒီသိုင်းကွက်ကို သုံးလိုက်တာပဲ ။ သူက ငါ့ရဲ့လှည့်စားမှုကို ကြိုသိမထားတာ သေချာတယ်..။ တကယ်လို့ ငါ့ရဲ့ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်နဲ့ ဘယ်လက်တိုက်ခိုက်ရေးကြောင့်သာ မဟုတ်ရင် ငါက ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်သွားလောက်ပြီ…"
"ဗုန်း... "
ခရမ်းရောင်မိုးကြိုးနဂါး (၉)ကောင်က ထက်ပိုင်းပြတ်သွားခဲ့ပြီး လေဟာနယ်ထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ဓားချင်းတိုက်ခိုက်ရာတွင် သံချင်းထိခိုက်သံများ ပေါ်မလာဘဲ မိုးကြိုးပေါက်ကွဲသံများသာ ထွက်ပေါ်လာ၏။
တိုက်ခိုက်မှုကြောင့် မုန့်ချီ၏ ဓားမောက်က နောက်ပြန်လွင့်သွားခဲ့သည်။ သူ၏ချီစွမ်းအင်များ ပို့ဆောင်မှုကလည်း ခဏကြာ ပြတ်တောက်သွားခဲ့ရသည့်အတွက် ကောင်းကင်နတ်သမီး ဓားသိုင်းပညာကိုသုံးရန် နှေးကွေးသွားခဲ့သည်။
တစ်ဖက်တွင်တော့ ကျန်းကျိဝေက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ မုန့်ချီက သူ၏ပင်မဝိညာဉ်ထဲ၌ လှုပ်ရှားသွားကြောင်း ခံစားလိုက်ရသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ထုံကျင်သွားပြီး လှုပ်ရှားမှုများက ငြိမ်သက်သွားသည်။ သူမက အနန္တဓားသိုင်းကို အသုံးပြုနေခြင်းဖြစ်၏။
ထိုအရာက ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ပထမဆုံး တိုက်ခိုက်ပြီး သေစေနိုင်လောက်သော သိုင်းကွက်တစ်ခုလည်း ဖြစ်သည်။ တိုက်ခိုက်မှုက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ထိုဓားချက်အောက်တွင် အရာအားလုံးက မည်းမှောင်သွားခဲ့သည်။
ကျန်းကျိဝေ သုံးလိုက်သော သိုင်းကွက်ကြောင့် သူ၏ပင်မဝိညာဉ်က ဓားဆန္ဒများနှင့် ချုပ်နှောင်မှုကို ခံလိုက်ရကြောင်း မုန့်ချီက နားလည်နေသည်။ သူ၏လှုပ်ရှားမှုကလည်း ဒယိမ်းဒယိုင်ဖြစ်လာပြီး သိစိတ်ပျောက်ကွယ်သွားတော့မလို ဖြစ်လာခဲ့၏။ သူ၏လှုပ်ရှားမှုတိုင်းက နှေးကွေးပြီး ခက်ခဲနေသည်။
ထိုအချိန်တွင် သူက အင်မော်တယ်ဖိနှိပ်ခြင်းနှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့ကို အသက်သွင်းရန် ကြိုးစားနေပြီး ကောင်းကင်နတ်သမီးကျင့်စဉ်ကို ဆက်သုံးချင်နေခဲ့သည်။
သို့သော် နေဖောက်သက်တန့်ဓားပေါ်တွင် စုစည်းလာသော ဓားအလင်းတန်းများက အလွန်ထင်ရှားနေပြီး သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ကျန်းကျိဝေ၏ သွေးရောင်မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။
ထိုအချိန်တွင် သူမ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ဓားဆန္ဒများကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒါက အခွင့်အရေးတစ်ခုလား... "
မုန့်ချီက စဉ်းစားမနေတော့ဘဲ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သူက သူမနှင့် (၃)ပေအတွင်း ရှိနေသည့်အတွက် နေဖောက်သက်တန့်ဓားဆီကို ပြေးဝင်ပြီး သူ၏ပုခုံးနှင့် အထိုးခံလိုက်သည်။
ဓားသွားက သူ၏ရွှေရောင်အကာအကွယ်ကို ထိုးဖောက်သွားပြီး အသားများကို ထိုးဖောက်၍ ကြွက်သားများ၊ အရိုးများထဲကို စိုက်သွားခဲ့သည်။
ကျန်းကျိဝေက သူမ၏ဓားကို အားနှင့် ပြန်ဆွဲလိုက်ရာ မုန့်ချီက ရှေ့သို့ ရောက်သွားသည်။ ထိုအချိန်တွင် သူတို့ (၂)ယောက်က အလွန်နီးကပ်သွားသည့်အတွက် အချင်းချင်း အသက်ရှူသံများကိုပင် ခံစားမိနေ၏။
ကျန်းကျိဝေက သူမ၏ဓားကို ဆွဲနှုတ်ရန် နောက်ထပ် မကြိုးစားတော့ပေ။ ထိုအစား ဓားချီစွမ်းအင်များကို အားဖြည့်လိုက်၏။ ဓမ္မကာရအဆင့်သိုင်းကွက် နှောင့်ယှက်ခံလိုက်ရသည့်အတွက် ဖြစ်ပေါ်လာသော တန်ပြန်တိုက်ခိုက်မှုက သူမကို ထိခိုက်စေနိုင်ပြီး အဖိုးတန်လက်နက်ကို အသက်မသွင်းနိုင်တော့ပေ။
မုန့်ချီ၏ရွှေရောင်အကာအကွယ်များကလည်း လင်းလက်တောက်ပနေပြီး ဓားချီစွမ်းအင်များကို ခုခံနေခဲ့၏။ ထိုအချိန်တွင် သွေးသားများထဲ၌ လှုပ်ရှားနေသည့် အသံများကို ကြားနေရသည်။
"ဒီခဏအတွင်း မြန်မြန်ဖြေရှင်းမှပဲ ရတော့မယ်..."
မုန့်ချီက ညာလက်ထဲတွင် ရှိနေသော ကောင်းကင်ပြစ်ဒဏ်ဓားကို လွှတ်ချလိုက်ပြီး လက်ချောင်းလေးများကိုသုံး၍ သွေးကြောတိုက်ခိုက်ရေးပညာကို အသုံးပြုလိုက်သည်။ သူက ကျန်းကျိဝေ၏ခန္ဓာကိုယ် အရှေ့ဘက်တွင် ရှိနေသော ပင်မသွေးကြောများကို ပိတ်လိုက်၏။
ကျန်းကျိဝေက ဓားတံဆိပ် ဖန်တီးပြီး တုံ့ပြန်လိုက်သည်။ သူမက လက် (၂)ချောင်းနှင့် မုန့်ချီ၏ လက်ဖဝါးအလယ်တည့်တည့်ကို လှမ်းထိုးလိုက်၏။ မုန့်ချီကတော့ သူမ၏တုံ့ပြန်မှုကို အပေါ်သို့ မြှောက်၍ ရှောင်တိမ်းလိုက်သည်။
သူမက သူ့လက်ဖဝါးကို အလျင်အမြန် တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီက သူမ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သော်လည်း လက်ချောင်းလေးများက သူ့နှာခေါင်းကို ထိုးစိုက်လိုက်မိ၏။
သူမ၏တိုက်ခိုက်မှုကို အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ကာကွယ်လိုက်သော်လည်း သူ၏နှာခေါင်းမှနေ၍ သွေးများ စီးကျလာနေသေးသည်။ ချက်ချင်းဆိုသလိုပင် သူ၏ညာဘက်လက်က လှုပ်ရှားသွားပြီး ကျန်းကျိဝေ၏ ရင်ဘတ်အလယ်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် တခြားသော သွေးကြောမှတ်များကို အလွန်လျင်မြန်စွာ ပိတ်လိုက်၏။
"သွေးကြောတိုက်ခိုက်ရေး လက်ချောင်းသိုင်းပညာ... "
ကျမ်းကျိဝေက မြေပေါ်သို့ အားနည်းစွာ လဲကျသွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။ သူမ၏ဓားကိုတော့ လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသေး၏။
မုန့်ချီက အနည်းငယ် စိတ်အေးသွားသည့်အတွက် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးရနံ့ထုတ်ဆေးလုံးကို ရှာလိုက်သည်။ ထို့နောက် သူမ၏ပါးစပ်ကိုဟပြီး ဆေးတိုက်လိုက်၏။
တဖန် လက် (၂) ဖက်ကို သူမ၏နောက်ကျောတွင် တင်လိုက်ပြီး စွမ်းအားများကို ပို့ဆောင်၍ ဆေးအာနိသင်ကို မြှင့်တင်ပေးရန် ကြိုးစားလိုက်သည်။ နောက်ဆုံးကျမှ ဗုဒ္ဓမီးအိမ်လေးကို အသက်သွင်းလိုက်၏။
မီးအိမ်လေးဆီမှ အလင်းတန်းများ တောက်ပလာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံလာခဲ့သည်။ နွေးထွေးပြီး တည်ငြိမ်အေးချမ်းသော အငွေ့အသက်များလည်း ဝင်ရောက်လာပြီး ခန္ဓာကိုယ် အနက်ရှိုင်းဆုံးအပိုင်းတွင် ရှိနေသော အရိပ်များကို ဖယ်ရှားနေခဲ့သည်။ ထိုအရာက နတ်ဆိုးကမ္ဘာကြီး မဟုတ်တော့ပဲ ဗုဒ္ဓသန့်စင် နယ်မြေတစ်ခုကဲ့သို့ ဖြစ်လာ၏။
မီးအိမ်လေးဆီမှ တောက်ပသော အလင်းရောင်များက ကျန်းကျိဝေကို လွှမ်းခြုံနေပြီး သူမကို တိုက်စားနေသော မကောင်းဆိုးဝါးအငွေ့အသက်များကို စတင်ရှင်းလင်းပေးနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်မီးခိုးငွေ့များ ထွက်လာပြီး နဖူးပေါ်မှ အနက်ရောင်အငွေ့များ ထွက်လာခဲ့သည်။
မုန့်ချီ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေပြီး သူမ၏စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်ရန်အတွက် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို သုံးလိုက်သည်။
သူမ၏စိတ်ဝိညာဉ်နယ်မြေတစ်ခြမ်းက နက်မှောင်နေပြီး တခြားတစ်ခြမ်းကတော့ ဓားချီစွမ်းအင်များနှင့် ကာကွယ်ထားသည်။ သူမက သိစိတ်တစ်ဝက်၏ တိုက်စားမှုကို ခုခံနေပုံရ၏။
ကျန်းကျိဝေ၏ ပင်မဝိညာဉ်က လေထဲတွင် အားနည်းစွာ လွင့်မျောနေခဲ့သည်။ အနက်ရောင်အငွေ့များက သူမ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွှမ်းခြုံနေပြီး သူမ၏မျက်လုံးများက သွေးရောင်နီရဲနေခဲ့သည်။ အလွန်ထက်မြက်သော သူမ၏ချီစွမ်းအင်များကလည်း သိသိသာသာ နှေးကွေးနေပြီး အမှောင်စွမ်းအင်များက သူမကို ဝါးမျိုနေခဲ့သည်။
ထိုအချိန်တွင် ဗုဒ္ဓမီးအိမ်လေးဆီမှ ထွက်ပေါ်လာသော အလင်းတန်းများက သူမကို အကာအကွယ်ပေးလိုက်သလို ဖြစ်သွား၏။ ဆေးအာနိသင်များလည်း စတင်ထွက်ပေါ်လာပြီး သူမဆီမှ အနက်ရောင်အငွေ့များကို ဖယ်ရှားပေးလိုက်သည်။
မုန့်ချီက သူမ၏စိတ်ဝိညာဉ်ပင်လယ်ကြီးအောက်တွင် မှတ်ဉာဏ်အပိုင်းအစများကို စစ်ဆေးကြည့်လိုက်သည်။ ထိုအချိန်တွင် ပင်လယ်ကြီးအောက်ခြေမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူမ၏ ပင်မဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့သည်။
သူမက နောက်တစ်ကြိမ် အသက်ပြန်ဝင်လာခဲ့၏။
"နင် နာမည်ကြီးလာတဲ့အချိန်ကျရင် သုံးရမယ့် နာမည်တစ်ခုကို ငါစဉ်းစားပြီးသွားပြီ.."
"အဲဒါက ဘာလဲ... "
"ကြက်သတ်နတ်ဘုရားဓား... "
သူမ၏အသံက စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးတွင် လွှမ်းခြုံနေခဲ့သည်။
သူမ၏မျက်လုံးများကလည်း ပုံမှန်ပြန်ဖြစ်လာပြီး ပင်မဝိညာဉ်က ကောင်းကင်ပေါ်ထိ ထိုးတက်သွားတော့မည့် ဓားချီစွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။ အနက်ရောင် မကောင်းဆိုးဝါးချီစွမ်းအင်များကလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်ကျမှ မုန့်ချီကလည်း သူ၏စိတ်ဝိညာဉ်ကို ဖယ်ရှားလိုက်၏။ ကျန်းကျိဝေ၏ ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ဆက်လက်ထွက်ပေါ်လာနေသေးသည်။ သို့သော် ဗုဒ္ဓမီးအိမ်လေး၏ အလင်းရောင်ကြောင့် ထိုမီးခိုးငွေများက လုံးဝအရှင်း ပျောက်ကွယ်သွားသည်။
သူမက ချောင်းဆိုးပြီး နက်မှောင်နေသော အရာတစ်ခုကို အန်ထုတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမ၏ပင်မဝိညာဉ်ကဲ့သို့ မျက်လုံးကလည်း ပုံမှန်ပြန်ဖြစ်လာပြီး မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များက ပျောက်ကွယ်သွားခဲ့၏။
"နောက်ဆုံးတော့ သတိပြန်ဝင်လာပြီ…"
မုန့်ချီက စိတ်အေးသွားခဲ့၏။ ထို့နောက် သူ၏ဒဏ်ရာများကိုအာရုံစိုက်လိုက်ပြီး နာကျင်မှုမှ သက်သာအောင် လုပ်ဆောင်နေသည်။
ကျန်းကျိဝေက မုန့်ချီကို ကြည့်လိုက်ရာ သူ၏နှာခေါင်းမှနေ၍ သွေးများ စီးကျလာနေသေးကြောင်း တွေ့လိုက်ရသည်။ မုန့်ချီက သူမကို ကာကွယ်ရန်အတွက် တိုက်ခိုက်ခံလိုက်ရကြောင်းကိုလည်း သိနေခဲ့၏။
"နင့်ရဲ့မျက်နှာက သန့်ရှင်းရဦးမယ်... "
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူက ကျန်းကျိဝေ၏ သွေးကြောများကို ပြန်ဖွင့်ပေးလိုက်ပြီး သူ့နှာခေါင်းမှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။
"နင့်ကို နောက်တစ်ကြိမ် ကျေးဇူးတင်ရတော့မှာပဲ ။ ငါက ဒီအိပ်မက်ဆိုးကြီးထဲကနေ နိုးထမလာနိုင်တော့ဘူးလို့ ထင်ထားတာ... "
ကျန်းကျိဝေက ကျေးဇူးတင်စွာ သက်ပြင်းချလိုက်မိသည်။
သူ့အဖော်၏အခြေအနေကြောင့် မုန့်ချီက အနည်းငယ် ကျေနပ်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အချိန်က တော်တော်အရေးကြီးနေပြီ ။ ငါတို့က အစ်ကိုချီနဲ့ တခြားသူတွေကို မြန်မြန်သွားရှာရမယ်..။ သူတို့တွေ တိုက်စားခံရတာက အချိန်ကြာသွားမယ်ဆိုရင် ငါတို့က သူတို့ကို ကုသပေးဖို့ တော်တော်လေးခက်လိမ့်မယ်... ။ ငါတို့လမ်းလျှောက်နေရင်း စကားပြောကြတာပေါ့... "
Translated by Hein Htet