အခန်း (၃၆၀)
Vol. 24 Ch. 360
ကျန်းကျိဝေက သူမ၏ဓားပေါ်တွင် ပေနေသော သွေးများကို သုတ်လိုက်ပြီး မုန့်ချီနှင့်အတူ လျှောက်လာခဲ့သည်။
"နင် အဆင်ပြေရဲ့လား.."
သူမက မေးလိုက်၏။ သူမက ခဏရပ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နေပုံပေါ်သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီ၏ဘယ်ဖက်ပုခုံးတွင်ရှိနေသော ဒဏ်ရာများက သူမကြောင့် ရသွားခြင်းဖြစ်၏။
"ဘာမှမစိုးရိမ်ပါနဲ့..။ ဒါက အပေါ်ယံဒဏ်ရာတစ်ခုပါပဲ။ အများဆုံး ဓားချီစွမ်းအင်တွေ နောက်ဆုံး ပေါက်ကွဲလာတဲ့အရာကမှ ငါ့ရဲ့သွေးကြောတွေကို ထိခိုက်စေသေးတယ်။ ငါက ဆေးပင်တစ်ရာဆေးလုံးကို သောက်ပြီးသွားပြီ။ သိပ်မကြာခင် ပြန်ကောင်းမှာပါ…"
မုန့်ချီက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
သူက အပြုံးနှင့် ဆက်ပြောလိုက်၏။
"တကယ်လို့ နင်သာ ဓားနဲ့တိုက်ခိုက်လိုက်တဲ့အချိန်မှာ တွေဝေမနေဘူးဆိုရင် အခုချိန်ငါက မသေရင်တောင် ဒုက္ခိတဖြစ်နေလောက်ပြီ…"
ကျန်းကျိဝေက မကောင်းဆိုးဝါးဝိညာဉ်၏ ထိန်းချုပ်မှုကို ခံထားရသော်လည်း သူ့ကို မှတ်မိနေသေးသည်မှာ ကံကောင်းသွားသည်။ သူမက သေစေနိုင်လောက်သော တိုက်ခိုက်မှုကို မတိုက်ခိုက်သေးခင် အနည်းငယ် တွေဝေသွားခဲ့၏။
ကျန်းကျိဝေဆီတွင် ခံစားချက်များ ပြည့်နှက်နေသော်လည်း အနည်းငယ် ကြောက်ရွံ့နေသလို ခံစားနေရသည်။ သူမ၏ မျက်နှာလေးက နီရဲနေ၏။
"ငါကတော့ အရာအားလုံး ဝေဝါးနေတဲ့ အိပ်မက်ဆိုးကြီးတစ်ခုထဲမှာ ပိတ်မိနေသလို ခံစားနေခဲ့ရတာ။ ငါက ဘာကိုမှ မမှတ်မိဘူး။ ငါ့စိတ်ထဲမှာ သွေးဆာမှုတွေ၊ သတ်ဖြတ်ချင်စိတ်တွေကိုပဲ ခံစားမိတယ်။ ငါက ရင်းနှီးတဲ့အရာတစ်ခုကို ခံစားမိတဲ့အချိန်မှာတောင် ငါ့ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အတွက် အရမ်းနှေးတယ်။ ဒါကြောင့် ငါက အနန္တဓားသိုင်းကို သုံးတဲ့အချိန်ကျမှ ရင်းနှီးတဲ့ခံစားမှုက အိပ်မက်ဆိုးကို ကျော်လွန်ပြီး လွှမ်းမိုးနိုင်ခဲ့တာ…"
"နင်က ထိန်းချုပ်ခံထားရတာကိုတောင် ငါ့ကို မှတ်မိနေသေးတော့ တကယ့်ကို ကံကောင်းပါတယ်.."
မုန့်ချီက စနောက်၍ ပြောလိုက်သည်။
ထို့နောက် သူက လေးလေးနက်နက်ပြောလိုက်၏။
"တကယ်လို့ နင်သာ တခြားတစ်ယောက်ယောက်နဲ့ တွေ့လိုက်ရမယ်ဆိုရင် ငါတို့က တော်တော်လေး ပြဿနာတက်လောက်ပြီ…"
"ငါက အမှားအကြီးကြီး လုပ်မိခဲ့တာပဲ.."
သူမကတော့ စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေလိုက်၏။
"အကုန်လုံးပြီးသွားပါပြီ။ ခေါင်းထဲထည့်ထားမနေပါနဲ့တော့…"
သူက ချက်ချင်းပင် ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။
"ဆရာကြီးစုက မကောင်းဆိုးဝါးဘိုးဘေးရဲ့ သိစိတ်ကျူးကျော်မှုကို ကာကွယ်ပေးဖို့ အဆောင်တစ်မျိုးမျိုး ပေးထားမယ်လို့ ငါက တွေးထားခဲ့တာ.."
ကျန်းကျိဝေက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
"သူက ငါ့ကို တစ်ခုပေးခဲ့တယ်.."
သူမက ခဏရပ်ပြီး ဆက်ပြောလိုက်၏။
"အဲဒါက ဒီလိုသိစိတ်မျိုး ထိန်းချုပ်မှုအပေါ် အသက်ဝင်မလာဘူးဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူက သံသရာတာဝန်အတောအတွင်း ငါ့ရဲ့စိတ်ကို ထိန်းချုပ်လိုက်တာက တန်ဖိုးမရှိဘူးလေ။ တကယ်လို့ သူတို့ကသာ ကျိကျန်းဓားစံအိမ်ထဲကို ခိုးဝင်လာမယ်ဆိုရင်တော့ ငါ့ဆရာက သတိထားမိမှာပဲ။ တကယ်လို့ သူတို့က ငါ့ရဲ့မှတ်ဉာဏ်တွေကတဆင့် အထွဋ်အထိပ်ဓားသိုင်းပညာကို သင်ယူဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ ငါနားလည်ထားတဲ့ အပိုင်းတွေကိုပဲ ရှာတွေ့လိမ့်မယ်…”
“ပြီးတော့ ဆရာက ဒီကိစ္စမှာ အရမ်းလျှို့ဝှက်တယ်။ ဘာလို့လဲဆိုတာတော့ ငါလည်းမသိဘူး။ ဒါကြောင့် ငါက အဲဒီအဆောင်ကို လုံးဝအားမကိုးခဲ့ဘူး…"
"ရိုးရိုးသားသား ပြောရမယ်ဆိုရင် နင့်ရဲ့ဆန္ဒနဲ့ ဓားသိုင်းပညာက သိုင်းသခင်အဆင့်ကို ကပ်နေပြီ။ တကယ်လို့ မကောင်းဆိုးဝါးဘိုးဘေးကသာ သူ့ရဲ့အထွဋ်အထိပ် အခြေအနေမှာ ဓမ္မကာရအဆင့်ကို မရောက်ခဲ့ရင် နင့်ရဲ့ဓားသိုင်းပညာက သူ့ရဲ့သိစိတ်ကို ဖျက်ဆီးပစ်နိုင်လောက်တယ်။ သူက နင့်ကို ထိန်းချုပ်ဖို့လည်း မအောင်မြင်လောက်ဘူး…"
ထိုအဖြစ်အပျက်က ကျန်းကျိဝေ၏ ယုံကြည်ချက်ကို ထိခိုက်သွားမှာစိုးသည့်အတွက် မုန့်ချီက ဖျောင်းဖျနေခဲ့သည်။
သူမက ပြုံးလိုက်၏။
"အခုချိန်ထိ ငါက နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဗုဒ္ဓမီးအိမ်လေးကို မယှဉ်နိုင်သေးပါဘူး။ ငါလည်း ဒီတာဝန်ပြီးသွားရင်တော့ စိတ်ဝိညာဉ်ကျင့်စဉ်တစ်ခုကို လေ့လာဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် ငါ့ရဲ့တံခါး(၉)ပေါက်က ပွင့်နေပြီဆိုတော့ ငါက အထွဋ်အမြတ် ဓားသိုင်းပညာထဲမှာရှိတဲ့ အနှစ်သာရတွေကိုလည်း စပြီးလေ့လာရတော့မယ်။ ငါက မျက်ခုံးကြား သွေးကြောအမှတ်ကိုလည်း အာရုံစိုက်ရဦးမယ်…"
သူမက နောက်ဆုံးသွေးကြောအမှတ်ကို ရောက်နေပြီဖြစ်သည်။ ဤတာဝန် ပြီးဆုံးသွားလျှင် သူမက တံခါးပိတ်လေ့ကျင့်ပြီး ဖွင့်ရတော့မည် ဖြစ်၏။
ထိုအချိန်တွင် သူမ၏အကြည့်က အဝေးကို ရောက်သွားပြီး သူတို့၏အဖော်များကို ရှာဖွေနေသလို ထင်မှတ်ရသည်။
"ကိုရင်လေး..
နင်က ကျန်းဝူအင်ပါယာအုတ်ဂူထဲမှာတုန်းက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်ကိုသုံးပြီး ငါ့ရဲ့မှတ်ဉာဏ်တွေကို ဖော်ထုတ်ခဲ့တယ်။ ဒီတစ်ကြိမ်ရော ငါ့ရဲ့မှတ်ဉာဏ်တွေကို လှုံ့ဆော်ခဲ့တာပဲ မဟုတ်လား။ နင်က ဘာမြင်ခဲ့လဲ…"
သူမက ထိုမေးခွန်းကို သိချင်နေသည်မှာ အတော်လေးကြာခဲ့ပါပြီ။ သို့သော် မည်သူကရော ကိုယ်နှင့် ပတ်သက်သော အတွင်းရေးများကို သိစေချင်မည်နည်း။
မုန့်ချီက အနည်းငယ်ချောင်းဟန့်လိုက်၏။
"ကြက်သတ်နတ်ဘုရားဓား..."
ထိုစကားကြောင့် ကျန်းကျိဝေက မနေနိုင်တော့ပဲ တခစ်ခစ် ရယ်လိုက်မိသည်။
"ဒါက ငါ့ဘဝမှာ ပထမဆုံးရခဲ့တဲ့ နာမည်ပြောင်ပဲ.."
"ဟုတ်လား..။ ကျိကျန်းဓားစံအိမ်မှာရှိတဲ့ နင့်ရဲ့ဂိုဏ်းတူအစ်ကိုအစ်မတွေ၊ မောင်လေးတွေက တစ်ယောက်မှ နာမည်ပြောင်ပေးမထားဘူးလား.."
မုန့်ချီက အံ့အားသင့်ဖွယ် မေးလိုက်သည်။ နာမည်ပြောင်ဟူသည်မှာ ထိုလူများ လုပ်လေ့လုပ်ထရှိသော အကျင့်စရိုက်ပေါ်မူတည်၍ ရကြခြင်း မဟုတ်ပေလော။
ကျန်းကျိဝေက ပြောလိုက်၏။
"ငါက ပါရမီရှိတဲ့လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်လေ။ ပြီးတော့ ငါ့ဆရာရဲ့ ဂုဏ်သတင်းက အရမ်းကိုကြီးကျယ်ခမ်းနားပြီး ငါ့ရဲ့စွမ်းရည်ကလည်း ထူးချွန်တယ်လို့ သတ်မှတ်နိုင်တယ်။ အကြီးအကဲတွေက ငါ့ကို အရမ်းသဘောကျပြီး သူတို့ရဲ့တပည့်တွေလို ဆက်ဆံကြတယ်။ ဒီတော့ သက်တူရွယ်သူတွေ၊ ဂိုဏ်းတူမောင်နှမတွေက ငါ့ကို အထင်ကြီးလေးစားကြတယ်။ နည်းနည်းလောက်ပဲ ငါနဲ့မိတ်ဆွေဖြစ်ရဲကြတယ်…"
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထိုကဲ့သို့ ပါရမီရှင်များကလည်း သူတို့၏ ကိုယ်ပိုင်ပြဿနာများ ရှိနေ၏။ သူတို့နှစ်ယောက်က ထိုစကားကို ဆက်မပြောကြတော့ပဲ သူတို့၏အဖော်များကို ရှာဖွေရန် အာရုံစိုက်နေပြီး အလစ်ချောင်း တိုက်ခိုက်မှုများကို သတိထားနေသည်။
မုန့်ချီက ကျန်းကျိဝေကို အရင်ဆုံး ကယ်တင်ခဲ့သည့်အတွက် နောက်ထပ်တွေ့ရမည့် အရာများကို ပို၍ယုံကြည်ချက် ရှိနေခဲ့သည်။ သူတို့ကသာ ထိန်းချုပ်ခံထားရသော မိတ်ဆွေ(၃)ယောက်လုံးကို မတွေ့သ၍ ပြဿနာများလိမ့်မည် မဟုတ်ချေ။
ခဏကြာပြီးနောက် သူတို့၏ရှေ့တွင် ရှိနေသော နံရံနောက်မှနေ၍ လူတစ်ယောက် ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုလူက ရွှေရောင်တောက်ပနေသော ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး အလွန်တည်ငြိမ်နေသည်။ သူကတော့ ကျင်းအင်ပါယာမှ မင်းသား(၅) ကျိုးဟမ် ဖြစ်၏။
မုန့်ချီနှင့် ကျန်းကျိဝေတို့ကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏အရှိန်အဝါများက မြင့်တက်လာပုံရသည်။ သူက တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားပြီး အလွန်သတိထားနေပုံရ၏။
"အစ်ကိုကျိုး... အဆင်ပြေရဲ့လား…"
ကျိုးဟမ်၏ မျက်လုံးများက ကြည်လင်နေကြောင်း မုန့်ချီက သတိထားမိခဲ့၏။ သူ့ပုံစံကို ကြည့်ရသည်မှာ မကောင်းဆိုးဝါးဘိုးဘေး၏ ထိန်းချုပ်မှုကို ခံရပုံမပေါ်ပေ။
ကျိုးဟမ်က လေးလေးနက်နက် ပြန်ဖြေလိုက်၏။
"မင်းကရော မကောင်းဆိုးဝါးဘိုးဘေး ထိန်းချုပ်တာကို မခံရဘူးလား…"
မုန့်ချီက ရယ်လိုက်သည်။
"မကောင်းဆိုးဝါးဘိုးဘေးရဲ့သိစိတ်လေးက ကျွန်တော့်လို လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ…"
အကယ်၍ သူသာ ထိုသို့ပြောလိုက်မည်ဆိုလျှင် ကျိုးဟမ်က ယုံကြည်မည်ဖြစ်ကြောင်း သူသိနေ၏။ မုန့်ချီ၏ ယုံကြည်ချက်နှင့် ရင်ဘတ်ရှေ့တွင် ရှိနေသော ဗုဒ္ဓမီးအိမ်လေးကို မြင်လိုက်ရသည့်အခါ ကျိုးဟမ်က စိတ်အေးသွားခဲ့သည်။
"မကောင်းဆိုးဝါးဘိုးဘေးရဲ့ သိစိတ်တစ်ခုက ငါ့ကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ့ဆီမှာ အဆောင်တစ်ခု ရှိတယ်လေ။ သူတို့က အချင်းချင်း ဖျက်ဆီးပစ်လိုက်တယ်.."
"တော်တော်တိုက်ဆိုင်တာပဲ..။ သူ့ဆီမှာအခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အဆောင်တွေ အများကြီးရှိမယ် ထင်တယ်…"
မုန့်ချီက တွေးလိုက်မိသည်။ ထိုအရာက လူချမ်းသာများ၏ စွမ်းရည်လည်းဖြစ်သည်။
သူက ဗုဒ္ဓမီးအိမ်လေးကိုကိုင်ပြီး ပြောလိုက်၏။
"မင်းသား(၄)..။ မဟုတ်သေးဘူး.. မင်းသား(၅)…
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီးကောင်းတယ်။ ဒီမီးအိမ်လေးနဲ့ စစ်ဆေးခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် မကောင်းဆိုးဝါးဘိုးဘေးရဲ့သိစိတ်တွေ ကျန်မကျန် သိနိုင်တာပေါ့…"
အပြာရောင်မီးအိမ်လေးဆီမှ အလင်းတန်းက ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားနိုင်သည်။ မကောင်းဆိုးဝါးအငွေ့အသက်များက ပုန်းကွယ်နိုင်ခြင်းမရှိချေ။
မုန့်ချီက အခေါ်အဝေါ်ပြောင်းလိုက်ကြောင်း ကြားသည့်အခါ ကျိုးဟမ်၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ မုန့်ချီက သူ့ကို မင်းသားဟု ခေါ်နေသေးသော်လည်း အဖွဲ့သားတစ်ယောက်ကို ပြောနေသလို အမူအရာမျိုးသာ ဖြစ်ပြီး လေးစားသည့် အမူအရာမျိုး မရှိချေ။
သို့သော် သူက ခေါင်းညိတ်ပြလိုက်၏။
"အဲဒါအကြံကောင်းပဲ..။ ငါလည်း မင်းတို့နှစ်ယောက်ဆီမှာ မကောင်းဆိုးဝါးသိစိတ်တွေ ကျန်သေးလား စစ်ဆေးကြည့်နိုင်တာပေါ့…"
သူတို့၏စကားကို လက်ခံခြင်းရှိမရှိက အရေးမကြီးပေ။ တစ်စုံတစ်ယောက်က လိမ်ပြောနေသည်ဆိုလျှင် တခြားလူများက အန္တရာယ်ကျနိုင်၏။
အပြာရောင်မီးအိမ်လေးက ကြီးလာသည့်အချိန်တွင် အလင်းရောင်များ ပို၍ပျံ့နှံ့လာသည်။ မုန့်ချီက မီးအိမ်လေးကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ထိုအလင်းတန်းက လေဟာနယ်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။ အလွန်နွေးထွေးပြီး ငြိမ်းအေးသောခံစားမှုတစ်ခုကလည်း သူတို့ဆီကို ရောက်လာခဲ့၏။
အဝါရောင်အလင်းတန်းတစ်ခုက ကျိုးဟမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး မကောင်းဆိုးဝါး ချီစွမ်းအင်အငွေ့အသက် တစ်ခုမျှမရှိချေ။ သူတို့နှစ်ယောက်ဆီတွင်လည်း မရှိခဲ့ပေ။
ထိုအရာကို မြင်သည့်အခါ ကျိုးဟမ်က စိတ်အေးသွားခဲ့၏။
"ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားရတယ်ဆိုတာ အစောပိုင်းမှာ ယုရှုနဲ့ တွေ့ခဲ့ရလို့ပဲ။ သူရဲ့နဂါးဟိန်းသံ ထိန်းချုပ်မှုကြောင့် ငါက မကောင်းဆိုးဝါးဝိညာဉ်နဲ့ ပေါင်းစပ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ငါက သူ့လက်ထဲကနေ ထွက်ပြေးဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်…"
"အဲဒီအစားသရဲလေးလား.."
မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်လိုက်မိကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ခက်ခဲသည်။
"သူက ဘယ်နေရာမှာလဲ..။ ဗုဒ္ဓမီးအိမ်လေးက သူ့ဆီမှာရှိတဲ့ မကောင်းဆိုးဝါးဘိုးဘေးရဲ့ သိစိတ်တွေအားလုံးကို ဖယ်ရှားနိုင်တယ်…"
"ငါ လမ်းပြမယ်.."
ကျိုးဟမ်က စကားတစ်ခွန်းမျှ မပြောဘဲ ရှေ့မှ ထွက်သွားခဲ့သည်။ သူတို့(၃)ယောက်က မှောင်မည်းနေသော တောင်တန်းကြီး၏ ပတ်လည်တွင် လျှောက်လာခဲ့၏။ သူတို့က အတွင်းပိုင်းထဲကို ရောက်လေလေ မကောင်းဆိုးဝါးအော်သံများနှင့် ဓမ္မတေးသံများက ပို၍ကြည်လင်လာလေလေ ဖြစ်သည်။
…………………….
အစိမ်းရောင်အလင်းတန်းတစ်ခုက မှောင်မဲနေသော လိုဏ်ဂူတစ်ခုထဲကို ထိုးဖောက်လာခဲ့သည်။ တိမ်တိုက်ပြာဘိုးဘေးက နံရံကို မှီထားချိန်တွင် သူမ၏နှာခေါင်းထဲမှနေ၍ အလင်းတန်းများ ထွက်ပေါ်ပြီး သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံပေးနေသည်။
ခဏကြာပြီးနောက် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက သူမဆီကို ချဉ်းကပ်လာခဲ့၏။ ထိုအငွေ့အသက်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လွတ်ကင်းသွားနိုင်သော မကောင်းဆိုးဝါးချီစွမ်းအင်များ ပါဝင်နေပြီး သတ်ဖြတ်ချင်စိတ်များ၊ သွေးဆာမှုများ ပါဝင်နေသည်။
တိမ်တိုက်ပြာဘိုးဘေးက သူမ၏ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင်များ စုပ်ယူခြင်းကို ရပ်တန့်ပြီး သေချင်ယောင်ဆောင်နေခဲ့သည်။ သူမ၏အသက်ရှူသံကိုလည်း ရပ်ထားလိုက်၏။ ထိုအငွေ့အသက်က လိုဏ်ဂူနားသို့ ရောက်လာပြီးနောက် ချက်ချင်း အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။
တိမ်တိုက်ပြာဘိုးဘေးက သက်ပြင်းချလိုက်မိ၏။ မျက်နှာဖုံးအောက်တွင် ရှိနေသော နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များလည်း ကျဆင်းလာနေသည်။ ဘာကြောင့် ထိုကဲ့သို့ အဖြစ်အပျက်တစ်ခု ဖြစ်လာရသနည်း။
သူမက ဝေ့ကျင်းတစ်ဝက် အဆင့်ရှိသော မကောင်းဆိုးဝါးဝိညာဉ်(၂)ကောင်ကို သတ်လိုက်ပြီးနောက် ဝင်ပေါက်ကို ပြန်သွားတော့မည့်အချိန်တွင် အနက်ရောင် လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ပုန်းနေရန် နေရာမရှိခဲ့ပေ။
ပို၍ထူးခြားသည်မှာ ထိုလေမုန်တိုင်းထဲ၌ မကောင်းဆိုးဝါးဘိုးဘေး၏ သိစိတ်တစ်ခုပင် ရောနှောနေခဲ့သည်။ ထိုအရာက သူမအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း သိနေသော်လည်း မုန်တိုင်း ပျောက်ကွယ်သွားသည့်အချိန်တွင် သူမကတော့ ပင်မနယ်မြေထဲသို့ မတော်တဆ ရောက်နေခဲ့၏။
ထို့နောက် အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ခဲ့ရပြီး အသက်ဆုံးရှုံးလုမတတ်ဖြစ်သွားခဲ့သည့်အတွက် ဤနေရာမှ ထွက်ပြေးရန် အတော်လေး ကြိုးစားခဲ့ရသည်။ ဘာကြောင့် ထိုကဲ့သို့အရာတစ်ခု ဖြစ်လာခဲ့ရသနည်း။
သူမက မည်သည့်အရာမျှမလုပ်ခဲ့ပေ။ သူမ၏ရှာဖွေမှုများအရ နတ်ဆိုးကမ္ဘာအပိုင်းအစထဲတွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး မရှိသေးပေ။ မကောင်းဆိုးဝါးဘိုးဘေးက လုံးဝနှိုးထလာခြင်း မရှိသေးဘဲ ထိုကဲ့သို့အရာမျိုး မဖြစ်နိုင်ပေ။ ယခုအချိန်အထိ သူက နိုးထလာရမည့်အချိန်လည်း မဟုတ်ပေ။
တိမ်တိုက်ပြာဘိုးဘေးက ထိုအဖြစ်အပျက် ဖြစ်စေနိုင်သော အကြောင်းပြချက်များကို စဉ်းစားနေရင်း ထိုအငွေ့အသက် ပျောက်ကွယ်သွားသည့်အချိန်ကို စောင့်နေခဲ့သည်။ သူမဆီတွင် အကြောင်းပြချက်မရှိခြင်းတော့ မဟုတ်ချေ။
သူမက အပြင်ဖက်နယ်မြေထဲတွင် ဝေ့ကျင်းတစ်ဝက် အဆင့်ရှိသော မကောင်းဆိုးဝါးဝိညာဉ်(၂)ခုကိုသာ သတ်ပစ်ခဲ့သည်။ ထိုအရာက နတ်ဆိုးကမ္ဘာအပိုင်းအစထဲတွင် သာမန်ထက်ပိုသောအရာတစ်ခု မဟုတ်နိုင်ပေ။
အကယ်၍ ထိုအရာကြောင့်သာ မတော်တဆမှုများ ဖြစ်လာမည်ဆိုလျှင် သူတို့က နတ်ဆိုးကမ္ဘာကြီးထဲသို့ ဝင်ရောက်လာသည်နှင့် တစ်စုံတစ်ခု ဖြစ်ရပါလိမ့်မည်။ သူမက ထိုအဖြစ်အပျက်များ ဖြစ်လာနိုင်သော အရာတစ်ခုကို လုပ်မိခဲ့ခြင်းပေလော။
တိမ်တိုက်ပြာဘိုးဘေးက အစောပိုင်းအဖြစ်အပျက်များကို နားမလည်နိုင်ခဲ့ပေ။ သူမက မုန့်ချီတို့အဖွဲ့ကို ကူညီပြီး နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ဖောက်ခွဲပစ်ရန် အမှန်တကယ် စဉ်းစားထားခဲ့သည်။ မုန့်ချီတို့အဖွဲ့က သူတို့၏ ကိုယ်ပိုင်ကမ္ဘာကြီးထဲသို့ ပြန်သွားသည့် အချိန်တွင် သူမက ဝင်္ကပါဖန်တီးပြီး ဘိုးဘေးကွမ်ချန်းနှင့် ယွင်ကျုံးကျိတို့ကို ချက်ချင်း ဆင့်ခေါ်၍ အထူးအဆောင်များကို မီးရှို့ပစ်ရန် စီစဉ်ထားခဲ့သည်။
သူတို့(၃)ယောက်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်၏ အကူအညီမရှိလျှင်ပင် မကောင်းဆိုးဝါးဘိုးဘေးကို စိန်ခေါ်နိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူမက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ကို ရှာတွေ့နိုင်၏။
ထိုအရာက အင်မော်တယ်များ၏ သီးခြားအစီအစဉ်တစ်ခု ဖြစ်သည်။ တိမ်တိုက်ပြာဘိုးဘေးက မုန့်ချီတို့အဖွဲ့ကို အကြွင်းမဲ့ ယုံကြည်နေခြင်း မရှိချေ။ အကယ်၍ ထိုအရာကို သူမတို့ မရနိုင်လျှင် ဒဏ္ဍာရီများကိုလည်း မပေးနိုင်ပေ။
သို့သော် ယခုအချိန်ထိ သူမ၏မျှော်လင့်ချက်များ တစ်ခုမျှ ဖြစ်မလာတော့ချေ။ မုန့်ချီတို့က တစ်စုံတစ်ခုကို အသက်သွင်းလိုက်မိခြင်းပေလော။ တိမ်တိုက်ပြာဘိုးဘေးက အံ့ဩမှင်တက်နေပြီး ဝင်ပေါက်ကို စိုက်ကြည့်နေမိခဲ့သည်။
…………..
အနောက်ပိုင်းဘုရင်မက တောင်ပေါ်တွင် ရှိနေသော ရွှေရောင်ဇာမဏီပေါ်တွင် ထိုင်နေသည်။ ခဏကြာပြီးနောက် ကြယ်အလင်းတန်းတစ်ခုက ကောင်းကင်ကြီးကို ဖြတ်သန်းလာပြီး သူမ ရှိနေသည့်နေရာကို ရောက်လာခဲ့၏။
"အရာအားလုံး အဆင်ပြေရဲ့လား.."
တိုက်ခိုက်ရေးကြယ်က မေးလိုက်သည်။ သူကတော့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းရှိပြီး အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။
သူမက ရှေ့မှဦးဆောင်ပြီး ဖြစ်ခဲ့သည့်အရာများကို အသေးစိတ်ပြောပြလိုက်၏။
"ဟမ်...သူတို့က သေမင်းတမန်တာဝန်ကို အောင်မြင်လာတဲ့ အဖွဲ့လေးတစ်ဖွဲ့ပဲ ရှိသေးတယ်။ ငါတို့အလုပ်ကို ဝင်ရှုပ်ရဲတာလား…"
တိုက်ခိုက်ရေးကြယ်က အထင်သေးစွာ ပြောလိုက်သည်။
"သူတို့က ဘယ်သူတွေလဲဆိုတာ သေချာသိရပြီလား.."
"ကျွန်မက အမြဲစိမ်းကျောင်းဆောင်အပျက်အစီးထဲမှာ ကံကြမ္မာကာကွယ်ခြင်း သုံးချောင်းထောက်ကို ရှာဖွေနေတဲ့အချိန် သူတို့ထဲက တစ်ယောက်က ဓားမောက်ကိုသုံးပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို သုံးလိုက်တာပဲ သိခဲ့တယ်.."
အနောက်ပိုင်းဘုရင်မက ကောင်းကင်တောင်ထိပ်ဆီသို့ ပျံသန်းလာနေရင်း အသေးစိတ် ရှင်းပြလိုက်သည်။
"ကျွန်မက ကောင်းကင်ခန်းမထဲမှာ သူတို့နဲ့ တိုက်ခိုက်ခဲ့ရတဲ့အချိန်ကျတော့ သူတို့ထဲက တစ်ယောက်က အသံလှိုင်းတိုက်ခိုက်မှုကို ကျွမ်းကျင်တယ်။ သူ့ရဲ့အသံလှိုင်းပညာက ဓမ္မကာရအဆင့်ရှိတယ်။ တစ်ယောက်ကတော့ ကံကြမ္မာပေတံရှိနေပြီး တခြားတစ်ယောက်ကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် သိုင်းကွက်ကို အသုံးပြုနိုင်တယ်။ သူက အဝေးကနေ အလင်းတန်းတွေနဲ့ တိုက်ခိုက်နိုင်တယ်..”
“ပြီးတော့ အနန္တဓားသိုင်းကို သုံးနေတဲ့ တခြားတစ်ယောက်လည်း ရှိသေးတယ်။ သူကတော့ စုဝူမင်ရဲ့ တပည့်ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ အဲဒီဓားသိုင်းပညာကို လဲထားတဲ့ တခြားသူတွေလည်း ရှိနိုင်တာပဲလေ…"
တိုက်ခိုက်ရေးကြယ်က လေးနက်စွာ ပြောလိုက်၏။
"အဲဒီဓားသိုင်းပညာကို လဲတာအပြင် ကျိကျန်းဓားစံအိမ်ရဲ့ဓားသိုင်းကို သင်ယူနိုင်တာ တစ်ယောက်တည်းပဲ ရှိတယ်။ သူတို့က ဒီလောက်များတဲ့ ကံကြမ္မာအမှတ်တွေကို ဘယ်နေရာကနေ ရနိုင်မှာလဲ…”
“တကယ်လို့ သူဆိုရင်ရော ဘာလုပ်မှာလဲ။ ရှင်က စုဝူမင်ကို ရန်စရဲလို့လား…"
အနောက်ပိုင်းဘုရင်မက အေးစက်စွာ ပြောလိုက်သည်။
တိုက်ခိုက်ရေးကြယ်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။
"စုဝူမင်က အရှေ့ပိုင်းဘိုးဘေးကို သတ်ပစ်ခဲ့တယ်။ သူက ငါတို့နဲ့ သံသရာကမ္ဘာကြီး အကြောင်းကို ဘယ်လောက်နားလည်ထားလဲဆိုတာ ဘယ်သူမှမသိဘူး။ သူ့လိုလူမျိုးနဲ့ ပြဿနာမဖြစ်တာ အကောင်းဆုံးပဲ…"
အနောက်ပိုင်းဘုရင်မက ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်သည်။
"ကောင်းကင်ဧကရာဇ်က သူ့ရဲ့အစစ်အမှန် အဆင့်အတန်း မပေါ်စေပဲ ရှင့်ကို ကယ်တင်ပေးနိုင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး…"
တိုက်ခိုက်ရေးကြယ်က သက်ပြင်းရှည်ကြီးချလိုက်မိသည်။
"ငါက သူ့ကို ပြဿနာမရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့မိတ်ဆွေတွေထဲမှာ နင့်ရဲ့ဖော်ပြချက်နဲ့ ကိုက်ညီတဲ့သူရှိမရှိ စစ်ဆေးကြည့်ရမှာပေါ့…"
Translated by Hein Htet.