နှစ်ယောက်အတူ အစီအစဉ်ရေးဆွဲခြင်း
Vol. 36 Ch. 527
ဒု-ခေါင်းဆောင်ကျား ဤအစီအစဉ် အသေးစိတ်အချက်အလက်များ မေးမြန်းခဲ့သည်။ ကစားပွဲတွင် ပါဝင်သည့် အကြောင်းအရာများ အားလုံးသည် စည်းမျဉ်းများတွင် ပါဝင်ပေသည်။ သို့ရာတွင် ဤအစီအစဉ်သည် အထွတ်အထိပ်သို့ မရောက်နိုင်သေးကြောင်း ခံစားမိနေသည်။
ဖုန်းယွီမှ အဆင့်(၄)ဆင့်အပြီး၌ ငွေသားဆုများ ပေးမည် ပြောထား၏။ ပထမအဆင့် ယွမ်(၁၀၀၀)၊ ဒုတိယအဆင့် ယွမ်(၂၀၀၀)၊ တတိယ အဆင့် ယွမ်(၅၀၀၀)နှင့် နောက်ဆုံးအဆင့်တွင် ယွမ်(၁၀၀၀၀) ပေးမည် ဖြစ်သည်။ ငွေသားဆု များအပြင် လေနှင့်မိုး၊ အိုက်ဝါ ထုတ်ကုန်များကိုလည်း ပြိုင်ပွဲဝင်များကို ပေးအပ်သွားမည် ဖြစ်သည်။
သို့ရာတွင် ပြိုင်ပွဲဝင်များသည် အနိုင်ရသည့် ငွေသားဆုနှင့် ထုတ်ကုန်များ၏ အမြင့်ဆုံး တန်ဖိုးမှာ ယွမ်(၂၀၀၀၀)အောက်သာ ဖြစ်ပေသည်။ ဖုန်းယွီ၏ စကားများအရ လုံလောက်သော စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မည်လော။ ရုပ်မြင်သံကြား ကြည့်ရှုသူများကို ဆွဲဆောင်နိုင်မည်လော။ အဆင့်သတ်မှတ်ချက် တိုးလနိုင်သည်လော။
“ဒီရှိုးပွဲက သာမန်လူတွေထက် သူရဲကောင်းတွေ ဖန်တီးဖို့လေ.. အဆင့်တိုင်းမှာ ငွေသားဆုတွေက သာမန် မိသားစုရဲ့ အိပ်မက်တွေကို ကိုယ်စားပြုတယ်.. ဘယ်မိသားစုကရော အိပ်မက် မရှိလို့လဲ.. သူတို့ အိပ်မက်တွေ ပြည့်နိုင်မယ်ဆိုရင် ဒီကိုလာကြမှာပဲ.. ပွဲကြည့် ပရိသတ်တွေလဲ သူတို့ မေးခွန်းကို ဖြေလို့ရပြီး နောက်ဆုံးဆုကို အလွယ်တကူနဲ့ ရနိုင်တာ သတိထားမိသွားရင် သူတို့တွေ မပါချင်ဘူး ထင်လား..”
“သူတို့ စိတ်ဝင်စားလောက်တယ်..”
“ဒါဆို သူတို့အနေနဲ့ ဒီပဒေသာရှိုးပွဲမှာ ဝင်ပါပြီး ဆုတွေ ရချင်တယ်ဆိုရင် ဘာတွေလုပ်ဖို့လိုမယ်ထင်လဲ..”
ဖုန်းယွီ ဒု-ခေါင်းဆောင်ကျားကို စကားဝိုင်း၌ ဦးဆောင်နေပေသည်။
“စာရင်းသွင်းပြီး ရွေးရမှာလား..”
“အဲ့ဒါ မဟုတ်ဘူး.. ပြင်ဆင်ဖို့ လိုမယ်လေ.. အထက်တန်းစာမေးပွဲအတွင် ကျောင်းသားတွေ ပြင်ဆင်ရသလိုပေါ့.. ဒါဆို ဘယ်လို ပြင်ဆင်ကြမလဲ.. ဆရာတွေနဲ့ သင်မှာလား.. ဂဏန်းတွေလား.. လေ့ကျင့်ဖို့ မေးခွန်းဟောင်းတွေ ရှိလို့လား.. အဟွင်း.. ကျုပ်တို့ အစီအစဉ် ဟောင်းတွေက မေးခွန်းဟောင်းတွေပဲပေါ့..”
“သူတို့ ဝင်မပါခင် ကစားပွဲစည်းမျဉ်းစည်းကမ်းတွေ၊ မေးခွန်းပုံစံတွေ၊ အကျွမ်းတဝင်ရှိအောင် စောင့်ကြည့် ရမှာပေါ့..”
ဒု-ခေါင်းဆောင်ကျား စိတ်လှုပ်ရှားစွာ လိုက်ပါလာသည်။
“ဒါပေါ့.. ဒါ တစ်ခုတည်းသော နည်းလမ်းပဲလေ.. ကျုပ်တို့မေးခွန်းတွေက တော်တော်ကို ကွဲပြားလိမ့်မယ်.. အဲ့ဒါကြောင့် ကျုပ်တို့တွေရဲ့ အဆင့်သတ်မှတ်ချက် တိုးမလာနိုင်လောက်ဘူး ထင်တုန်းပဲလား..”
“ဒါပေမယ့်.. မင်း မထုတ်လွှင့်ခင် ဒီပဒေသာအစီအစဉ်ကို လူသိများအောင် အရင်လုပ်ရမယ် ပြောသေးတယ်နော်… ဘယ်လို လုပ်မှာလဲ.."
“ရိုးရိုးလေးရယ်.. ကျုပ်တို့ အစီအစဉ်ကို တခြားအစီအစဉ်တွေမှာ ကြော်ငြာလို့ရတယ်လေ.. ဥပမာဆို ကျုပ်တို့ အစီအစဉ်ကို ဘယ်အချိန်မှာ ထုတ်လွှင့်မယ်.. ဘယ်လိုပါဝင်ရမယ်.. ဆုပေးမယ့်အချိန်တွေ ပြောလို့ရတယ်လေ.. ကျုပ်တို့ အစီအစဉ်အတွက် အစီအစဉ်မှူးတောင် တွေးထားပြီးပြီ.. နယ်ဖျင် ဆို ကျုပ်တို့အစီအစဉ်မှာ အစီအစဉ်မှူး လုပ်ဖို့ ကွက်တိပဲလို့ ထင်တယ်..”
လက်ရှိအချိန်၌ နယ်ဖျင်သည် တရုတ်နိုင်ငံ၏ ရေပန်းအစားဆုံး ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်သည်။ အမျိုးသမီး တစ်ယောက်အနေဖြင့် ပါဝင်သူများအား လွယ်ကူစွာ ပြောဆိုနိုင်ပြီး စိတ်အေးမှုလည်း ရစေလိမ့်မည်။ ဖုန်းယွီသည် အရန်အစီအစဉ်မှူး တစ်ယောက် ရှိသေးသည်။ သူသည်လည်း အစီအစဉ်မှူးတစ်ယောက်ပင်။
နောင်နှစ်အနည်းငယ်အတွင် ရေပန်းစားလာမည့် အစီအစဉ်မှူးများအတွက် ဖုန်းယွီသည် ၎င်းတို့နှင့် မတွေ့ခဲ့ရဘဲ မည်သည့်နေရာတွင် ရှိနေကြောင်း မသိချေ။ ဥပမာအားဖြင့် နောင်တွင် ရေပန်းစားလာမည့် ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ ဝမ့်ရှောင်းယာ သည် မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။ CCTV တွင်လည်း မရှိချေ။
“အဲ့ဒါပဲလား.. အဆင့်သတ်မှတ်ချက် ကျော်ဖို့ သေချာလား..”
ဖုန်းယွီ သူ့မေးစေ့ ပွတ်လိုက်သည်။ သူ၏ ယခင်ဘဝက ပျော်စရာအတိ ပဟေဠိ အစီအစဉ်သည်(၆)လအကြာမှသာ လူကြိုက်များလာပေသည်။ ပြိုင်ဆိုင်မှု သိပ်မရှိသော်လည်း ရေပန်းအစားဆုံး အစီအစဉ်ဖြစ်ပြီး အမျိုးမျိုးသော အစီအစဉ်များလည်း ရှိနေပေသည်။ ယခုအစီအစဉ်ကို ရုပ်မြင်သံကြား ကြည့်ရှူသူများ ကောင်းစွာ လက်ခံထားပေသည်။ ဖုန်းယွီသည် အခြားသော အစီအစဉ်များကို စဉ်းစားကြည့်သောအခါ ယုံကြည်မှု မရှိခဲ့ချေ။
“ဒါပါပဲ.. ကျုပ်တို့ အစီအစဉ်မှာ အထူးအဆန်း မရှိဘူးဆိုရင် အထူးအဆန်း ဖန်တီးပေးမယ်.. ထိပ်တန်း တက္ကသိုလ် ကျောင်းသားတွေ၊ ဆရာတွေ၊ ပါမောက္ခတွေတောင် ပါဝင်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် ဘယ်လိုထင်လဲ..”
“အာ.. သူတို့ကို ပါဝင်ဖို့ တောင်းဆိုမယ်ဆိုရင် သာမန်လူတွေ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ပေးမယ့် မင်းစိတ်ကူးနဲ့ ကန့်လန့် ဖြစ်နေပြီ.. သူတို့ ပါဝင်လာမယ်ဆို ကျန်တဲ့သူတွေ အနိုင်ရဖို့ အခွင့်အရေး ရှိမှာကို မဟုတ်တော့ဘူး..”
ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“သာမန်လူတွေ အနိုင်မရနိုင်ဘူးလို့ ဘယ်သူပြောလဲ.. ကျွမ်းကျင်ဆရာတွေဆိုတိုင်း အကုန်သိလို့လား.. ဥဇဘက်ကစ္စတန်မြို့တော် ဘယ်မှာလဲ ဆိုပြီး ရူပဗေဒ ပါမောက္ခကို မေးကြည့်ပါလား.. သူဖြေနိုင်မယ်လို့ ခင်ဗျား ထင်လား..”
ဖုန်းယွီ ဒု-ခေါင်းဆောင်ကျားကို တစ်ချက်ကြည့်လိုက်သည်။ ဒု-ခေါင်းဆောင်ကျားအနေဖြင့် ပါမောက္ခများသည် ဤကမ္ဘာကြီး၏ အရာအားလုံးကို သိနေသည်ဟု ထင်နေသလော။ သူတို့နယ်ပယ်တွင်သာ ကျွမ်းကျင်သူများ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ဖုန်းယွီကို တစ်ယောက်ယောက်က မေးနေသကဲ့သို့ ဖြစ်ပြီး ဖုန်းယွီပြန်မဖြေနိုင်ချေ။ ထိုနောက် ထိုသူသည် ဖုန်းယွီအား မဲ့ပြုံးပြုံး၍ ..’ဒါလေးတောင် မသိတဲ့သူ တက္ကသိုလ် ကျောင်းသား ဖြစ်နိုင်ပါ့မလား’ဟု ပြောသကဲ့သို့ပင်။
ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို စကားမပြောဘဲ ကြည့်နေသည်။ ဤမေးခွန်းသည် အတော်ပင် ကျပန်းဆန်လွန်းသည်။ သူပင် အဖြေမသိချေ။ ထိုမေးခွန်းအား လမ်းပေါ်ရှိ လူများကု မေးရန်ကြိုးစားကြည့်ပါက ဘယ်နှစ်ယောက်လောက် အဖြေသိနိုင်မည်နည်း။
“ကျုပ် အဲ့ဒါပြောချင်တာပဲ. မေးခွန်း(၁၀)ခုရှိမယ်.. မေးခွန်း တစ်ခုချင်းစီရဲ့ အမျိုးအစားတော့ ကွဲမှာပေါ့.. အဲ့အမျိုးအစားတွေထဲကနေမှ မေးခွန်းကို ကျပန်းရွေးရမယ်.. တကယ်လို့ ပြိုင်ပွဲဝင်က မေးခွန်း (၁၀)ခုစလုံးကို မှန်မှန် ကန်ကန် ဖြေနိုင်မယ်ဆိုရင် ချန်ပီယံ ဖြစ်ပြီပေါ့.. အစီအစဉ် ချောမွေ့သွားရင် ချမ်ပီယံတွေ အားလုံးက ဒီထက်ပိုကြီးမယ့် ဆုအတွက် ချန်ပီယံတွေ အချင်းချင်း ထပ်ပြိုင်ရမယ့် အထူးအစီအစဉ် တစ်ပိုင်း ရှိလိမ့်အုံးမယ်..”
“ခက်တာက သာမန်လူတွေက မေးခွန်း(၁၀)ခုစလုံး ဖြေနိုင်မယ်လို့ ဘယ်လိုလုပ် အာမခံနိုင်မျာလဲ.. ရူပဗေဒ မေးခွန်းတွေနဲ့ သင်္ချာမေးခွန်းတွေ ပါမယ်လို့ ပြောထားတယ်မို့လား..”
ဒု-ခေါင်းဆောင်ကျား ထပ်မေးလိုက်သည်။ ဤမေးခွန်းများ အားလုံး၏ အဖြေကို သာမန်လူတစ်ယောက် အဘယ်ကဲ့သို့ သိနိုင်မည်နည်း။
“ကျုပ်တို့ ကလိန်ကျရမှာပေါ့.. ဘယ်လို ကလိန်ကျရမယ် ဆိုတာတောင် မသိဘူးလား..”
သူ၏ ဘဝဟောင်းတွင် ထိုအစီအစဉ်အတွက် အထူးအဆန်းများ ဖန်တီးရန် မည်သည့် အစီအစဉ်မှ မလိမ်လည်ခဲ့ချေ။ CCTV မှ ဤလူများသည် အဘယ့်ကြောင့် စိတ်ထား နုညံ့နေကြပေသနည်း။
ဒု-ခေါင်းဆောင်ကျား ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။
“လိမ်.. လိမ်.. လိမ်ရမယ်လား..”
“ဟုတ်တယ်.. တစ်ယောက်ယောက်ကို ပြိုင်ပွဲဝင်ဖို့ စီစဉ်ပြီး အဖြေတွေ ပြောထားလို့ရတယ်.. ခက်ခဲတဲ့ မွေးခွန်း နည်းနည်းကို မှန်အောင် ဖြေနိုင်ရင် ကံကောင်းတယ်လို့ ပြောလို့ရတယ်လေ.. ဘယ်လိုပဲ ဖြစ်ဖြစ် မေးခွန်း ရွေးချယ်တဲ့ပုံစံ ရှိနေမှာပဲလေ.. သူ့မှာ အခွင့်အရေး (၂၅)ရာခိုင်နှုန်းရှိတယ်.. သူ့မိတ်ဆွေကို ဖုန်းခေါ်တာ.. ပရိတ်သတ်ကို မေးတာ.. အမှားဖြေ ပြင်ဆင်နိုင်တာ.. ကံကြောင့် ဒီပြိုင်ပွဲဝင် မေးခွန်းတွေ မှားသွားတာ၊ မှန်သွားတာ ဘာများ ထူးဆန်းလို့လဲ..”
“အဲ့.. အဲ့.. အဲ့လိုကျ အဆင်ပြေပါ့မလား..”
“ဘာလို့ မပြေရမှာလဲ.. ဒီလို တွေးကြည့်လေ.. လတိုင်း လစာယွမ်(၂၀၀)ထက် မပိုတဲ့ သာမန် အလုပ်သမား တစ်ယောက်က ဆုငွေယွမ် (၁၀၀၀၀)နဲ့ တခြားဆုတွေ ရလိုက်တယ်.. ရုပ်မြင်သံကြား ကြည့်တဲ့သူတွေအတွက် အံ့ဩစရာ မဟုတ်ဘူးလား.. ယွမ် ရာဂဏန်း ဝင်ငွေရှိတဲ့ တက္ကသိုလ် ပါမောက္ခတစ်ယောက် နောက်ဆုံး မေးခွန်းရောက်မှ မှားဖြေမိတယ်.. ကြည့်နေသူတွေက သနားသွားမှာပဲ.. ကြည့်နေတဲ့ သူတွေကတော့ ပြိုင်ပွဲဝင်ကို နိုင်စေချင်စိတ်နဲ့ မျှော်လင့်နေကြမှာပဲ.. အဲ့ဒါကိုက ကျုပ်တို့အစီအစဉ် အဆင့်သတ်မှတ်ချက် ကျော်သွားဖို့ အာမခံချက်ပဲ..”
“အရေးအကြီးဆုံးက ဒီအစီအစဉ်မှာ အသက်အရွယ်မရွေး သင့်တော်တယ်လေ.. ကြည့်ရှုသူတွေအနေနဲ့ ဒီအစီအစဉ်ကနေ အသိပညာတွေ အများကြီး သင်နိုင်ပြီး မိဘတွေကရော သူတို့သားသမီးတွေကို ကြည့်ခွင့် မပေးဘူးထင်လား.. အထွေထွေ ဗဟုသုတတွေလဲ အများကြီးရမယ်.. လူလတ်ပိုင်းတွေ ဒါကိုကြိုက်ပြီး အသက်ကြီးသူတေါက သမိုင်းနဲ့ ကျန်းမာရေး မေးခွန်းတွေ ကြိုက်လိမ့်မယ်..”
ဒု-ခေါင်းဆောင်ကျား ခေတ္တငြိမ်၍ စဉ်းစားပြီး ဤပဒေသာရှိုးပွဲသည် ထိပ်တန်းရှိုးပွဲ ဖြစ်ရန် အလားအလာရှိပုံ မြင်လိုက်ရသည်။ ဤရှိုးသည် အသက်အရွယ်မရွေး သင့်လျော်ပြီး ဤရှိုးပွဲအတွက် အဆင့်သတ်မှတ်ချက်များသည် မည်သည့်အတွက် ဆိုးရွားနိုင်မည်နည်း။
”ဒီအစီအစဉ် အောင်မြင်မယ်လို့ ထင်တယ်.. ငါလူတွေကို အခုပဲ စီစဉ်ခိုင်းလိုက်တော့မယ်..”
လက်ရှိတွင် CCTV သည် ယခင်က အစီအစဉ်များစွာကို ပြန်လည် ထုတ်လွှင့်နေပေသည်။ ဒု-ခေါင်းဆောင်ကျားသည် ဤအစီအစဉ်ဖြင့် ပြန်လည် လည်ပတ်မှုတစ်ခု အစားထိုးရန် လိုအပ်နေပေသည်။ ကြော်ငြာခများ ပို၍ပင် ရနိုင်သေးပေသည်။
“ခေါင်းဆောင်ကျား.. ခင်ဗျားရဲ့ အစီအစဉ်အသစ်တစ်ခု ပေါ်လာတဲ့အတွက် ဂုဏ်ယူပါတယ်..”
ဖုန်းယွီ အပြုံးဖြင့် ပြောလိုက်တော့သည်။
ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို ကြည့်လိုက်သည်။ အစီအစဉ်အသစ်၏ သဘောတရာများ ထွက်လာသည့်အတွက် ဂုဏ်ယူသည်လော။ ဖုန်းယွီ ထိုအစီအစဉ်ကို ဂုဏ်ယူချင်သည်လော။ ထို့အပြင် စပွန်ဆာနှင့် ကြော်ငြာခများ ဖုန်းယွီကို အနည်းငယ်ပေးသင့်ပေသည်။ အတူတူ အကျိုးရှိမည် မဟုတ်ပေလော။
-------*****--------
ဘာသာပြန်သူ . (NTP)