မဟာလူသားငယ်၏ ရည်မှန်းချက်များ
Vol. 36 Ch. 532
ဖုန်းယွီနှင့် လီကျယ်ခိုင် တို့ စကားပြောနေကြပြီး အကင်များ ပြင်ထားသည်ကို မြင်သည့်အခါ လီနသည် ရှန်ဟွေဟွေကို နေလည်စာပြင်ရန် ဆွဲခေါ်သွားလိုက်သည်။ သူ့လူကို အနောက်အယှက် မဖြစ်စေလိုပေ။
လီကျယ်ခိုင်သည် ဖုန်းယွီကို မနာလိုစွာ ကြည့်နေမိတော့သည်။ သူ့ကောင်မလေးမှာ မည်သို့ပင် ကြည့်ကြည့် လှနေချေသည်။ လီကျယ်ခိုင်၏ ကောင်မလေးမှာ မည်သို့ နှောက်ယှက်ရမည်သာ သိပေသည်။
“သခင်လေးလီ.. မင်းရုပ်မြင်သံကြားဌာနကို ရောင်းမယ်ဆို ငွေစုထားရမယ်ထင်တယ်.. ငြိမ်းချမ်းရေးရာစုနှစ် အုပ်စု တည်ထောင်မှာလား..”
ဂြိုလ်တုရုပ်မြင်သံကြားဌာနသည် မဟာလူသားလီ၏ ရင်းနှီးမြုပ်နှံမှုဖြစ်ကြောင်း ဖုန်းယွီ သိပေသည်။ လီကျယ်ခိုင်ကို စီမံ ခန့်ခွဲရန်သာ တာဝန်ပေးထားခဲ့သည်။ လီကျယ်ခိုင်သည် ငြိမ်းချမ်းသောရာစုနှစ် အုပ်စု ဟူသော အမည်အောက်တွင် ကုမ္ပဏီ တစ်ခုသာ ရှိပေသည်။
ဟောင်ကောင်ရှိ ဩဇာကြီးမားသည့် မိသားစုများကဲ့သို့ မဟာလူသားလီသည် အကြီးဆုံးသားကို ပို၍ ယုံကြည် ပေသည်။ သားအကြီးဆုံးကို ဆံခံသူအဖြစ် ခန့်အပ်ခဲ့သည်။ ဒုတိယသားမှာ အရည်အချင်းရှိပါက အဆင်ပြေပေ လိမ့်မည်။ ညီအစ်ကို မောင်နှမများကို ပြုစုစောင့်ရှောက်ပေးယုံသာဖြစ်သည့်အတွက် အစွမ်းဆောင်နိုင်ခဲ့လျှင်လည်း ပြဿနာမရှိချေ။ သားနှစ်ယောက်စလုံး အရည်အချင်း ပြည့်မှီပါက သူဆုံးပါးသွားပြီးနောက် မိသားစု ပိုင်ဆိုင်မှု အတွက် ရန်မီးပွားနိုင်ပေသည်။
သို့ရာတွင် ဖုန်းယွီ ယခင်ဘဝက လီကျယ်ခိုင်သည် ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုများပြုလုပ်၍ အမြတ်အစွန်း မြင့်မြင့်မားမား ရရှိခဲ့ကြောင်း သိခဲ့သည်။ မဟာလူသားလီ၏ အရှိန်အဝါတစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း လီကျယ်ခိုင်သည် ပင်ကိုယ်စွမ်းရည် ရှိပေသည်။
လီကျယ်ခိုင်ကမူ မဟာလူသားလီ၏ လောင်းရိပ်အောက်မှ ဖေါက်ထွက်ချင်နေပေသည်။ သူ့လုပ်ငန်းအားလုံးသည် လီမိသားစု ရိုးရာ စီးပွားရေးလုပ်ငန်းများနှင့် ကွဲပြားပြီး အောင်မြင်ခဲ့ပေသည်။
ထို့ကြောင့် လီကျယ်ခိုင်သည် မဟာလူသားငယ်ဆိုသည့် အမည်ပြောင်ကို ရရှိခဲ့သည်။ လိကျယ်ခိုင်၏ အမူအကျင့်သည် အစ်ကိုဖြစ်သူ လီကျယ်ကျွီ နှင့်နှိုင်းယှဉ်ပါက မဟာလူသားလီနှင့် ပိုတူသည်ဟု မီဒီယာများမှ ခံစားခဲ့ရသည်။
ထို့ကြောင့် ဖုန်းယွီသည် ဤမေးခွန်းအား လီကျယ်ခိုင်ကို မေးလိုက်ခြင်းဖြစ်သည်။ ကောလဟလများ မှန်မမှန် သိချင်ပေသည်။ ဤဇာတ်လမ်း အမှန်ဆိုပါက ယခုအချိန်တွင် လီကျယ်ခိုင် ငွေလိုနေပေလိမ့်မည်။
“ငါ ငြိမ်းချမ်းရေးရာစုနှစ် အုပ်စုကို တည်ထောင်ထားတယ်လေ.. အဲ့ဒါ မင်းသိတယ်ပေါ့..”
လီကျယ်ခိုင် ဖုန်းယွီကို ကြည့်လိုက်မိသည်။ ဤဖုန်းယွီသည် သူထင်ထားသည်ထက် အဆက်အသွယ် ပိုကောင်းနေပုံပင်။
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ တည်ထောင်ပြီးပြီလော။ သေစမ်း။ အချိန် အတော်ကြာကပင် တည်ထောင်ထား ခြင်းဖြစ်လောက်ပေသည်။ ဆိုလိုသည်မှာ ငြိမ်းချမ်းသောရာစုနှစ် အုပ်စုသည် ယခုကတည်းက ဩဇာမသေးဟု ဆိုလိုခြင်းပင်။
“ဟား..ဟား..ဟား.. အစ်ကိုဖူဆီက ကြားထားမိလို့ပါ.. အဲ့ဒီ ငြိမ်းချမ်းသော ရာစုနှစ် အုပ်စုကို မင်းအပြည့်အဝ ပိုင်တာပေါ့..”
“ငါ့ဟာပေါ့.. ဘာလို့ မေးတာလဲ..”
လီကျယ်ခိုင် ဖုန်းယွီပြောချင်နေသည်ကို မှန်းနိုင်ပေသည်။
“ငြိမ်းချမ်းသော ရာစုနှစ် အုပ်စုမှာ ရင်းနှီးမြုပ်နှံလိုက်ရရင် ဂုဏ်ရှိမယ်လို့ တွေးမိလို့လေ..”
“မစ္စတာဖုန်း. .. ငါ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်လို့လား.. ဘာကြောင့်လဲ..”
လီကျယ်ခိုင် နားမလည်တော့ချေ။ သူ့ကုမ္ပဏီသည် ကောင်းကောင်း အလုပ်မလုပ်နိုင်ဟု သူ့အဖေထင်နေခြင်း ဖြစ်သည်။ ဤဖုန်းယွီသည် ရင်းနှီးမြုပ်နှံချင်နေသည်လော။ ထူးဆန်းပေသည်။
“တရုတ်နိုင်ငံမှာ သိပ္ပံနဲ့ နည်းပညာ အဓိက အောင်မြင်တဲ့ အင်အားစုလို့ ဆိုရိုးရှိတယ်.. နည်းပညာကပဲ ငါတို့ အနာဂတ်ဘဝတွေကို ပြောင်းလဲပေးနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားတာ.. ဒါကြောင့် ရေငွေထုတ်စက်၊ အရွက်မဲ့ပန်ကာ၊ VCDစက် အဲ့လို့ နည်းပညာထုတ်ကုန်တွေကို ငါကြိုက်တယ်.. အဲ့ထုတ်ကုန်တွေက နည်ပညာထုတ်ကုန်လို့ ယူဆလို့ရတဲ့အပြင် ကမ္ဘာတဝှမ်းမှာလဲ ရေပန်းစားတယ်လေ.. အစ်ဖူနဲ့ငါတို့ နှစ်ယောက်စလုံး အဲ့ထုတ်ကုန်တွေကနေ မြိုးမြိုးမြက်မြက် ရလိုက်တယ်လေ.. မင်းကုမ္ပဏီက နည်းပညာ ကုမ္ပဏီလေ.. မင်းကုမ္ပဏီကနေ အမြတ်အစွန်းရမယ်လို့ ငါထင်တယ်..”
ဖုန်းယွီ၏ ရှင်းလင်းချက်သည် ရိုးရှင်းလွန်းသဖြင့် လီကျယ်ခိုင် မယုံကြည်ချေ။ မည်သည့် လုပ်ငန်းရှင်ကမှ သူတို့၏ အကျိုးစီးပွားကို အခြေခံ၍ ရင်းနှီးမြုပ်နှံမှု လုပ်မည်မဟုတ်ချေ။ ဤကဲ့သို့သော စီးပွားရေးသမားများသည် နေ့ချင်းညချင်း ချမ်းသာလာသော်လည်း ရေရှည်တွင် တည်တံ့နိုင်မည် မဟုတ်ချေ။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် ဉာဏ်ရှိရှိ ဆုံးဖြတ်ရမည် ဖြစ်သည်။ သို့မှသာ ရင်းနှီးမြုပ်နှံငွေများမှ အမြတ်ငွေများ မြင့်မားလာမည် ဖြစ်ပေသည်။
သို့ရာတွင် လီချယ်ခိုင်သည် ဖုန်းယွီ၏ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် ရည်ရွယ်ချက်ကို စိတ်ဝင်စားခဲ့သည်။ ဖုန်းယွီကို ဖူကွမ်းကျန့်၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက် အနေဖြင့် မိတ်ဖွဲ့ရန် ဤကျွန်းသို့ ဖိတ်ခေါ်ခဲ့သည်။
လီကျယ်ခိုင်၏ ဖခင်နှင့် အစ်ကိုက သူ့ကုမ္ပဏီအကြောင်း သိပ်မစဉ်းစားချေ။ သူ့အဖေသည် သူ့ကို ငွေကြေး တပြားမှ မပေးခဲ့သော်လည်း ဂြိုလ်တု ရုပ်မြင်သံကြားဌာနကို စီမံခန့်ခွဲနေရသည့်အတွက် ငွေကြေးရသင့်ပေသည်။
မဟာလူသားလီသာ သူ့ကို ထောက်ပံ့ခဲ့ပါက သူ့အတွင် ငွေကြေးပမာဏတစ်ခု သိသိသာသာ ပေးလိမ့်မည် ဖြစ်သည်။
အစ်ကိုကြီး ဘွဲ့ရသည်နှင့် ချောင်းခုန်း မြေယာ အစုရှယ်ယာများကို မည်သည့်အတွက်ပေး၍ စာရင်းသွင်းထားသော ကုမ္ပဏီ တော်တော်များများတွင် အဓိက ရာထူးများကို ချုပ်ကိုင်ထားပေသနည်း။
လီကျယ်ခိုင်သည် ရုပ်မြင်သံကြားဌာနနှင့် ကောင်းကောင်း မလုပ်နိုင်သော အခြားစီးပွားရေးလုပ်ငန်းအချို့ကို စီမံခန့်ခွဲရန်သာ တာဝန်ပေးအပ်ခံရသည်လော။ ယခုလည်း သူဖန်တီးထားသည့် ရုပ်သံလိုင်းများ ရောင်းထုတ်ရေရဆဲပင်။ သူ့တွင် ဘာကျန်အုံးမည်နည်း။
လီကျယ်ခိုင်က သူ့တွင် အရည်အချင်းရှိကြောင်း ခံစားမိသော်လည်း သူအဖေသည် သူ့ကို တောက်ပခွင့်မပေးခဲ့ချေ။ သူ့အဖေထံ အကြံဉာဏ်တောင်းတိုင်း ငြင်းပယ်ခဲ့သည်။ သူ့အဖေသည် သူ့ကို ရာထူးတစ်ဖြည်းဖြည်းချင်း တက်၍ သူ့ညွှန်ကြားချက်များ လိုက်နာစေချင်သည်။ ဤသည်ကို မုန်းနေမိခြင်းပင်။
လီကျယ်ခိုင်သည် သူ့ရလဒ်များအား ဖခင်အား ပြသ လိုသည်။ သူ့အကြံဉာဏ်များအားလုံး မှန်ကန်ကြောင်း သက်သေပြချင်နေသည်။ သူ့အစ်ကိုလို အရည်အချင်း ရှိကြောင်း ပြချင်ပေသည်။
မိမိ၏ ငြိမ်းချမ်းသော ရာစုနှစ် အုပ်စုသည် အောင်မြင်မည်ဟု ထင်မထားဘဲ မိမိထံ ရင်းနှီးမြုပ်နှံရန် ဆန္ဒမရှိကြချေ။ ရင်းနှီးမြုပ်နှံသူကို ကိုယ်တိုင် ရှာဖွေရပေလိမ့်မည်။ ဖခင် အကူအညီမပါဘဲ စီမံနိုင်ကြောင်း ပြချင်ပေသည်။
ယခု ဖုန်းယွီက သူ့ကုမ္ပဏီကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သဖြင့် သူလိုချင်သော အနေအထားပင် ဖြစ်သည်။ သို့ရာတွင် လီကျယ်ခိုင် ချက်ချင်း သဘောမတူခဲ့ချေ။ ဤသည်မှာ သူတို့နှစ်ဦး၏ ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး ဖုန်းယွီအကြောင်း ကောင်းကောင်း မသိသေးချေ။
လီကျယ်ခိုင်သည် ဖူကွမ်းကျန့်နှင့် စကားပြောကြည့်ရန် စဉ်းစားထားသည်။ သူသည် ဖူကွမ်းကျန့်ကို သူ့ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန်နှင့် ဖုန်းယွီအကြောင်း သည့်ထက် ပိုမိုသိရှိရန်လိုအပ်ပေသည်။ ဖုန်းယွီ၏ အရည်အချင်းနှင့် စရိုက် လက္ခဏာများ သူသိရန် လိုအပ်ပေသည်။ အရေးအကြီးဆုံးမှာ ဖုန်းယွီ၏ ဂုဏ်သတင်းပင်ဖြစ်တော့သည်။
ဖုန်းယွီ၏ ဂုဏ်သတင်း မကောင်းပါက ဖုန်းယွီတွင် မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ ရင်းနှီးမြုပ်နှံခွင့် ပြုမည် မဟုတ်ချေ။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူတစ်ယောက်ကို သူ့ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံခွင့် ပြုလိုက်ပါက အခြားသူများ၏ ကဲ့ယဲ့ရှုတ်ချမှု ခံရပေလိမ့်မည်။
လီကျယ်ခိုင်သည် သူ့မိသားစုနှင့် ကောင်းမွန်စွာ ဆက်ဆံခြင်းမရှိသော်လည်း မိသားစု ဂုဏ်သိက္ခာကိုမူ မထိခိုက်စေလိုပေ။ သူ့စိတ်အတွင်း၌ လီမိသားစု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဂုဏ်ယူနေပေသည်။
လီကျယ်ခိုင် ဖြစ်လိုသည်မှာ သူ့ဖခင်နှင့် အစ်ကိုကြီးတို့ကို သက်သေပြလိုခြင်းပင်။ မချုပ်တည်း နိုင်တော့ချေ။ သူသည် မဟာလူသားလီ၏ သားနှင့် လီကျယ်ကျွီ၏ ညီအဖြစ် နာမည်မကြီးလိုချေ။
“မစ္စတာဖုန်း.. ငါတို့တွေ ပြန်ရောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့.. ဒီနေ့တော့ ကိုယ်စီ ကိုယ်စီ ပျော်စရာလေးတွေနဲ့လေ.. အကင်တွေ ပြင်နေကြပြီ.. သွားကူလိုက်ကြရအောင်..”
လီကျယ်ခိုင်သည် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုကို ချက်ချင်း သဘောမတူခဲ့ချေ။ ဤသည်မှာ ပုံမှန်သာပင်။ အကယ်၍ လီကျယ်ခိုင်သည် တစ်စုံတစ်ရာ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လက်ခံခဲ့ပါက ဖုန်းယွီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယ ရှိပေလိမ့်မည်။
လီကျယ်ခိုင်သည် ဖုန်းယွီအကြောင်း သိပ်မသိချေ။ ဖုန်းယွီအတွက်လည်း အလားတူပင် ဖြစ်သည်။ ဖုန်းယွီသည် သူ့ယခင်ဘဝက သတင်းများတွင် လီကျယ်ခိုင်အကြောင်းသာ ကြားထားခြင်း ဖြစ်သည်။ လူချင်း မတွေ့ဖူးချေ။ ထိုလီကျယ်ခိုင်သည် မီဒီယာများ တင်ပြထားသလောက် မစွမ်းဆောင်နိုင်ခဲ့ပါက မည်သို့ဖြစ်မည်နည်း။ ဖုန်းယွီ သူ့ပိုက်ဆံအနည်းငယ် ဆုံးရှံးသွားပါက ကိစ္စမရှိချေ။ ရင်းနှီးမြုပ်နှံမှုမှ အရှုံးမပေါ်သည့် မှတ်တမ်းသာ ပျက်သွား ပေလိမ့်မည်။
“အကင်တွေ ဘယ့်နှယ့်လဲ.. ငါတို့ လာကူပြီ..”
ဖုန်းယွီ ပြုံးရင်း လီနအနားသို့ လျှောက်သွားလုက်သည်။ သူကင်ထားသည့် ဝက်အူချောင်းအား လီန ကိုက်လိုက်သည်။
“အရသာကောင်းတယ်.. မီးလဲမှန်တယ်.. လာ.. ငါ့အရည်အချင်း ပြမယ်.. ကြက်တောင်ပံ စားမလား..”
လီကျယ်ခိုင်သည်လည်း ရှန်းဟွေဟွေ ထံလျှာက်သွားလိုက်သည်။ ရှန်းဟွာဟွာ လက်ထဲတွင် မီးကျွမ်းနေသည့် ကြက်တောင်ပံကို ကြည့်၍ ဝက်အူချောင်းကင် စားနေသည့် ဖုန်းယွီကို ကြည့်လိုက်မိသည်။ ထို့နောက် သက်ပျင်း ချလိုက်မိတော့သည်။
သို့ရာတွင် (၅)မိနစ် အကြာတွင် လီကျယ်ခိုင်၏ အမူအရာမှာ မဖုံးနိုင်မဖိနိုင် ရှက်ရိပ်သန်းနေတော့သည်။ သူကင်နေသည့် ကြက်တောင်ပံသည်လည်း မီးကျွမ်းသွားချေပြီ။
တစ်ဖက်တွင် ဖုန်းယွီက သူ့ကောင်မလေးကို ကျွေးရင်း ကင်နေပေသည်။ သူတို့၏ ချစ်စဖွယ် အမူအရာများက လီကျယ်ခိုင်ကို ပို၍ပင် စိတ်ဓာတ်ကျစေတော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)