စိတ်ပျက်နေသည့် မဟာလူသားငယ်
Vol. 36 Ch. 533
လီကျယ်ခိုင်သည် မြှာပွေသူ တစ်ဦးလည်း ဖြစ်ပေသည်။ ငယ်စဉ်ကတည်းက ရည်းစားထည်လဲ ထားသူပင်။ ထိုအထဲတွင် တစ်ညတာ ဖျော်ဖြေခံသူများ မပါဝင်သေးချေ။ လက်ရှိရည်းစားမှာ ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့လုပ်ငန်း ကိစ္စရပ်များ သိခွင့်ရထားပေသည်။
အစပိုင်း လီကျယ်ခိုင်အနေဖြင့် ဤကောင်မလေး အရမ်းကောင်းသည်ဟု ခံစားရသည်။ သူသည် ချောမောလှပပြီး ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ရှိသူဖြစ်သည်။ မိသားစုကြီးထဲမှလည်း ဖြစ်ပေသည်။ သူဖခင်သည် ဘုရင်မကြီး၏ အကြံပေး တစ်ဦးဖြစ်ပြီး ဟောင်ကောင်တွင် ထင်ရှားသူအဖြစ် သတ်မှတ်ခံရသည်။
လီကျယ်ခိုင် နေအဖြင့် သူနှင့် လေးနက်သော ဆက်ဆံရေး တည်ဆောက်ရန် စဉ်းစားနေပြီး လက်ထပ် ယူရန်အထိပင်။ သို့ရာတွင် ယနေ့ ထိုအမျိုးသမီးသည် နုညံ့သင့်သည်ဟု သဘောပေါက်လိုက်သည်။ အသက်မွေး ဝမ်းကြောင်းသာမက မည်သည့်အရာမှ မလိုအပ်ချေ။
ဖုန်းယွီကို ကြည့်ရပေမည်။ သူ့ကောင်မလေးသည် သူလိုချင်သမျှ ကင်ပေးနေပြီး ရေပူရေအေးပါ ကမ်းလှမ်း ပေးနေပေသည်။ ဖုန်းယွီမှာ ကမ်းခြေရှိ ကုလားထိုင်ပေါ်တွင် နေပူစာလှုံနေချိန်၌ သူ့ကောင်မလေး သူဘေးနားတွင် စပျစ်သီးခွံ့ပေး နေပေသည်။ ဖုန်းယွီ အစေ့ ထွေးထုတ်ရန်ပင် လက်ဝါးလေး ခံပေး နေသေးသည်။
လီကျယ်ခိုင် သူ့ရည်းစား ရှန်းဟွေဟွေကို ကြည့်နေသည်။ သူကင်သမျှအားလုံး မီးကျွမ်းသွားနေသည့်တိုင် အကင်လာစားရန် တတွတ်တွတ် ပြောနေသေးသည်။ ဖုန်းယွီ၏ ရွက်လှေတွင် ထမင်းချက်မရှိပါက နေ့လည်စာ ငတ်ရမည့် ပုံဖြစ်နေပေသည်။
လီကျယ်ခိုင်ကိုတိုင်လည်း မကင်တတ်သည့်အတွက် ဤကိစ္စမေ့ထားရန်သာ တတ်နိုင်တော့သည်။
“နန ရေကူးချင်လား..”
လီန ရေကူးဝတ်စုံ ယူလာခဲ့ပေသည်။ တစ်ဝက် ရေကူးဝတ်စုံဖြစ်သော်လည်း လီကျယ်ခိုင်တို့မျက်မှောက်၌ ရှက်နေပေသည်။ ထို့အပြင် ရေမကူးတတ်သဖြင့် ဘောကွင်းစီးရန် လိုအပ်နေသေးသည်။ ဖုန်းယွီကမူ အရေးမကြီးဟု ခံစားနေရသည်။ တစ်ခုတည်းသော ရေကူးဝတ်စုံမှာ မည်သည့်အရာများ ဖော်ပြနိုင်မည်နည်း။ ယခုမူ သူတို့သည် ကမ်းခြေတွင် ရောက်နေပေသည်။
“ငါ မကူးချင်ဘူး.. နေလဲသာတော့ နင့်ကို ဒီမှာပဲ စောင့်နေမယ်..”
“အခု နေအရမ်းပြင်းတယ်.. ငါ့မှာ နေကာခရင် ရှိတယ်.. လာ. နင့်ကို လိမ်းပေးမယ်..”
ဖုန်းယွီ သူ့နေရောင်ကာခရင်ထုတ်၍ လီနကို စလိမ်းပေးလိုက်သည်။
“ဟိုး..ဆရာ.. ဘေးမှာ လူတွေနဲ့လေ…”
ဖုန်းယွီ လီန၏ ခြေထောက်တွင် လိမ်းပေးနေစဉ် တားလိုက်ခြင်း ဖြစ်သည်။
“သူတို့ကို ကြည့်ပါလား.. ဒါက သာမန်ပဲလေ.. အိုလံပစ် အားကစားပွဲတွေမှာလဲ ရေကူးပြိုင်ပွဲတွေ၊ ဘားကျွမ်းမယ်တွေလဲ အလကားဝတ်တာမှ မဟုတ်တာ..”
“သူတို့ နည်းပြတွေက နေရောင်ကာခရင် လိမ်းမပေးဘူးလေ..”
“ငါလဲ နင့်နည်းပြမှ မဟုတ်တာ.. နင့်ရည်းစားလေ.. ရော့ နင့်မျက်လုံးကာဖို့ မိုးအုံ့မျက်မှန် တပ်ထားလိုက်.. ဒီပုဝါက နင့်အတွက်ပဲ.. ရေကူးပြီး တစ်ရေးတစ်မော အိပ်လို့ရတယ်.. ငါတို့ ကံကောင်းရင် ပုဇွန် ဒါမှပဟုတ် ပင်လယ်စာ တစ်ခုခု ဖမ်းနိုင်မှာပေါ့.. ငါတို့ ရွက်လှေပေါ်မှာ စားဖိုမှူးရှိတယ်.. ငါတို့အတွက် ပြင်ဆင်ပေးလိမ့်မယ်..”
လီကျယ်ခိုင်လည်း ရှန်းဟွေဟွေနှင့်အတူ ရေကူးရန် ပြောခဲ့သော်လည်း ရှန်းဟွေဟွေ ငြင်းလိုက်သည်။ ခေတ္တ အနားယူချင် နေပေသည်။ လီကျယ်ခိုင် ဘာမှမပြောခင် ဖုန်းယွီတစ်ယောက်တည်း ရေထဲဆင်းသွားသည်ကို မြင်လိုက်ရသည်။ သူလည်း ခေါင်းယမ်းရင်း ဖုန်းယွီနောက်သို့ လိုက်သွားသည်။
“သခင်လေးလီ.. ဘာလို့ တစ်ယောက်တည်း ရေကူးနေတာလဲ..”
“မင်းလဲ တစ်ယောက်တည်းပဲလေ..”
“အို့.. နန ရေမကူးတတ်တော့ ပင်လယ်ကို ကြောက်နေတာ.. အနားယူခိုင်းပြီး နောက်မှ သင်ပေးရမယ်..”
လီကျယ်ခိုင် လှည့်၍ ရှန်းဟွေဟွေကို ကြည့်လိုက်သည်။ ဖုန်းယွီ၏ ချစ်သူသည် ရေမကူးတတ်သောကြောင့် ရေထဲ မဆင်းခြင်းဖြစ်သည်။ သူသည် ရေကူးတတ်သော်လည်း မိမိနှင့်အတူ မလိုက်လိုချေ။ ပင်လယ်ခရီးထွက်ရန် သူပင် အကြံပြုခဲ့ပြီး ရေထဲပင် မဆင်းခဲ့ခြင်း ဖြစ်သည်။
“သခင်လေးလီ.. ဟိုမှာ ကျောက်တန်းလေး တစ်ခုတွေ့တယ်.. ပင်လယ်စာ ရှိမလားပဲ..”
ဖုန်းယွီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ လက်ဗလာနှင့် ပင်လယ်စာ မဖမ်းဘူးသေးချေ။
“ရှိလောက်တယ်.. သွားကြည့်ကြတာပေါ့..”
လီကျယ်ခိုင် ငြီးငွေ့နေသဖြင့် ဖုန်းယွီနောက်သို့သာ လိုက်သွားတော့သည်။ ဖုန်းယွီအကြောင်း ကောင်းကောင်း သိရန် အခွင့်အရေး တစ်ခုလည်း ဖြစ်ခဲ့ပေသည်။
“ဒါ ကမာကောင်လေးလား..”
ဖုန်းယွီ ကမာကောင်တစ်ကောင် ဖမ်း၍ လီကျယ်ခိုင်ကို မေးလိုက်သည်။
“ဟုတ်တယ်.. ကမာကောင်က အစိမ်းစားလို့တောင်ရတယ်.. လူသားတွေအတွက် တော်တော် ကောင်းတယ်..”
မိမိ ကျန်းမာရေးအတွက် ဤသည်ကို စားရန်လိုမည်လော။ မဟာလူသားငယ်၏ မျက်ဝန်းတစ်ဝိုက်တွင် မျက်ကွင်း ညိုနေပေသည်။ တစ်ချက် ကြည့်လိုက်ယုံနှင့်ပင် ခန္ဓာကိုယ် ပျော့ညံ့ကြောင်း ပြောနိုင်ပေသည်။ သူစားနေကျ ဖြစ်နိုင်သည်။
“တကယ်လား.. ပြီးမှ နည်းနည်းရွေးပြီး ထိရောက်မှု ရှိမရှိ ကြည့်တာပေါ့.. သခင်လေးလီ မင်းရော လိုသေးလား..”
လီကျယ်ခိုင် ဖုန်းယွီကို ကြည့်လိုက်မိသည်။ ဖုန်းယွီ အလွယ်တကူ စိတ်အနှောက်အယှက် မဖြစ်တတ်ကြောင်း သိလိုက်ရသည်။ ဤသည်က စာရိတ္တကောင်းမွန်သည့် လက္ခဏာပင်။
“ကောင်းပြီ.. ငါလဲ ရွေးအုံးမယ်.. ငယ်ငယ်တုန်းကတော့ ငါ့အဖေ ကမာကောင် ဖမ်းဖို့ ခေါ်သွားဖူးတယ်.. ဒါပေမယ့် ဟောင်ကောင်က တိုးတက်လာတာနဲ့အမျှ ဖမ်းလို့ရအောင် သဲကန္တာရကျွန်းထိ ရွက်လွင့်သွားရတယ်.. ဒီကျွန်းမှာတောင် ရှာရခက်တယ်..”
“ရှာရခက်တာလား.. ငါမှာ အများကြီးတွေ့နေပြီ..”
လီကျယ်ခိုင် အံ့ဩသွားသည်။ သူ ဖုန်းယွီထံသွားသည့်အခါ ကမာကောင် အများကြီး တွေ့လိုက်ရသည်။ သေစမ်း။ ယခုလေးတင် ကမာကောင် ရှာရခက်ကြောင်း ပြောခဲ့မိသည့်အချိန် ဖုန်းယွီ အများကြီး တွေ့နေပေပြီ။
“ဒီရေကြောင့် ဖြစ်နိုင်လောက်တယ်..”
လီကျယ်ခိုင် အရှက်ပြေ ပြောလိုက်ရတော့သည်။
“အို့.. တကယ်လား.. ငါ ပင်လယ်နား မနေဖူးတော့ အားလုံးမသိဘူး.. ကမာကောင်ကလွဲရင် ဘာတွေ ဖမ်းလို့ ရလောက်သေးလဲ..”
“ဘာတွေရှိနိုင်မလဲ… ကြယ်ငါး ဖြစ်လောက်မယ်.. တခြားပင်လယ်စာတွေ သိပ်မသိဘူး.. ဒီကျွန်းကို အကြိမ်ပေါင်း မနည်း ရောက်ဖူးပေမယ့် တခြားပင်လယ်စာတွေ သတိမထားမိဘူး..”
“အဲ့ဒါ ပုဇွန်လား.. မပြေးနဲ့.. လာစမ်း..”
ဖုန်းယွီ ရှေ့သို့ ဒိုက်ပင်ထိုး၍ လက်ဗလာဖြင့်ပင် လက်ဖဝါးအရွယ်ရှိ ပုဇွန်တစ်ကောင် ဖမ်းလိုက်သည်။
လီကျယ်ခိုင် အံ့ဩသွားသည်။ ဤကျွန်းငယ်လေးတွင် ပုဇွန်များ ရှိနေသည်လော။ ဤကျွန်းသို့ အကြိမ်ပေါင်း များစွာ ရောက်ဖူးသော်လည်း ပုဇွန် တစ်ခါမှ မတွေ့ဖူးချေ။ ယခင်ကလည်း ဤကျောက်တန်းသို့ ရေကူးခဲ့ဖူးပြီး ဘာမှ မရှိချေ။
“ရှားတယ်.. ပြီးခဲ့တဲ့ အခေါက် ငါရောက်တုန်းကကို ဘာပုဇွန် မှမရှိဘူး..”
“ရှားတာလား.. ဟိုမှာ.. ဟိုမှာကြည့်.. အနည်းဆုံး ပုဇွန် (၄)ကောင်လောက် ရှိတယ်.. အဟေး.. အားလုံး ညစာ စားရအောင်လေ.. ငါကိုယ်တိုင်ဖမ်းတဲ့ ပုဇွန်တွေက အလတ်ဆတ်ဆုံး ဖြစ်လိမ့်မယ်.. သခင်လေးလီ.. ပုဇွန်တွေ ကိုင်ထားပေအုံး.. ငါကျန်တဲ့အကောင်တွေ သွားဖမ်းလိုက်အုံးမယ်..”
လီကျယ်ခိုင် လက်အတွင်းမှ ပုဇွန်များကို ကြည့်လိုက်မိသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤဒေသတွင် ပုဇွန်များ မည်သည့်အချိန်က စတင်ပေါက်ဖွားလာသနည်း။ ဖုန်းယွီကိုယ်၌က ကံကောင်းနေသည်လော။
“သခင်လေးလီ.. မင်းဆက်ဖမ်းထားလိုက်.. ငါထည့်စရာ သွားယူလိုက်အုံးမယ်..”
ဖုန်းယွီ ပုဇွန်(၂)ကောင် ကိုင်၍ လီနထံ ပြေးသွားလိုက်သည်။
လီနနှင့် ရန်းဟွေဟွေတို့ စိတ်ဝင်စားလာပြီး ဖုန်းယွီမှာမူ ကျောက်တန်းသို့ ပြန်သွားချေပြီ။
“နန .. ဒီမှာ ဂဏန်း တစ်ကောင်.. ကျောဘက်ကဖမ်း.. သတိထားနော်.. ငါပဲလုပ်လိုက်မယ်..”
“နန.. ကြည့်စမ်း.. အဲ့ဒါ ပုဇွန်လုံးကြီး.. သူ့လက်မကြီးတွေ ပြန်မလှန်နိုင်ဘူး.. စိန်မပူနဲ့..”
“နန ငါမိလာတဲ့ ကမာကောင်ကြီး ကြည့်လိုက်စမ်း..”
“နန….. နန …. နန*-*@%#$@%#$..”
ဖုန်းယွီအသံသည် နေရာအနှံ့မှ ထွက်လာနေသည်။ ပင်လယ်စာများစွာ ဖမ်းမိသည်ဟု ပြောရပေလိမ့်မည်။ တစ်ဖက်တွင် လီကျယ်ခိုင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဘာမှ မရသေးချေ။
ရှန်းဟွာဟွာ၏ မျက်လုံးများတွင် စိတ်ပျက်သည့် အမူအရာ သိသိသာသာ မြင်လိုက်ရတော့သည်။ ဤနေရာရှိ ပင်လယ်စာ အားလုံးသည် ဖုန်းယွီဖမ်းမိထားခြင်း ဖြစ်သည်။
နောက်ဆုံး၌ လီကျယ်ခိုင်သည် ကဏန်းကြီးတစ်ကောင် မြင်လိုက်ရသည့်အခါ အခွင့်အရေး တစ်ခုအဖြစ် ခံစားလိုက်ရသည်။ ထိုကဏန်းဆီသို့ တဟုတ်ထိုး အပြေးသွားလိုက်သည့်အခါ ထိုကဏန်းကို ကောက်ကိုင်နေသည့် လက်တစ်ဖက်ကို တွေ့လိုက်ရသည်။
“သခင်လေးလီ… ဒီမှာ မင်း ကဏန်းကြီး..”
ဖုန်းယွီ ကဏန်းတစ်ကောင် သူ့အနား ပြေးလာသည်ကို မြင်သည့်အခါ မသိစိတ်ဖြင့် ချက်ချင်း ကောက်ယူလိုက် ခြင်းဖြစ်သည်။ လီကျယ်ခိုင် ထိုကဏန်းနောက်သို့ လိုက်နေမှန်း သိသဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။
လီကျယ်ခိုင် ဖုန်းယွီလက်ထဲမှ ကဏန်းကို ကြည့်လိုက်သည်။ ငိုမိတော့ မတတ်ပင်။ နောက်ဆုံး သူကဏန်း တစ်ကောင် တွေ့ခဲ့ရပြီး ဖမ်းမိသူမှာ ဖုန်းယွီ ဖြစ်နေသည်။ ကံကောင်းသည်က ဖုန်းယွီ ထိုကဏန်း သူ့ကို ပြန်ပေးချင်သည်။ ထိုသည်က သူ့အတွက် ပိုကောင်းပေသည်။
“အို့.. မင်းဖမ်းတာဆိုတော့ မင်းဟာပေါ့ကွာ..”
“တကယ်လား.. ကျေးဇူးတင်ပါတယ်.. နနရေ.. ဒီမှာကြည့် ငါနောက်ထပ် ကဏန်းကြီး တစ်ကောင် ထပ်ရပြန်ပြီ..”
ဖုန်းယွီ လီနထံ လှည့်ထွက်ပြေးသွားပြန်သည်။
လီကျယ်ခိုင်၏ မျက်နှာပေါ်မှာ အပြုံးတို့ အေးခဲသွားတော့သည်။ သူသည် လူမှုရေးအရ ပြောလိုက်ခြင်း မဟုတ်ပေလော။ ငါ့.. ငါ့.. ငါ့.. ကဏန်းကြီး ပြန်ပေး……
-------*****--------
ဘာသာပြန်သူ . (NTP)