ရင်းနှီးမြုပ်နှံထားသောကြောင့်
Vol. 36 Ch. 534
မွန်းလွဲ (၃)နာရီ၌ ရွက်လှေဖြင့် ပြန်လာခဲ့ကြသည်။ ဖုန်းယွီနှင့် လီနတို့ ရွက်လှေပေါ်တွင် ပင်လယ်စာ စားပွဲ လုပ်ခဲ့သေးသည်။ ပင်လယ်စာများမှာ သူတို့ကိုယ် ဖမ်းခဲ့ရသဖြင့် ပို၍ပင် အရသာရှိနေပေတော့သည်။
နောက်တစ်နေ့၌ ဖုန်းယွီ လီနကို ဟောင်ကောင်ရှိ စိတ်ဝင်စားဖွယ် နေရာများသို့ ခေါ်သွားခဲ့သည်။ တစ်ချိန်တည်း မှာပင် လီကျယ်ခိုင်သည် ဖူကွမ်းကျန့်ကို ခေါ်တွေ့ခဲ့သည်။
“ကွမ်းကျန့်.. ဟီမှာဟေ့..”
“သခင်လေးလီ.. ဒီနေ့ နေ့လည်စာစားဖို့ ဘာလို့တောင် လောနေပါလိမ့်.. မင်း ကုမ္ပဏီအသစ်နဲ့ အလုပ်ရှုတ်နေတာ မဟုတ်ဘူးလား..”
ဖူကွမ်းကျန့်သည် လီကျယ်ခိုင်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
“ဘယ်လောက် အလုပ်များများ သူငယ်ချင်းနဲ့တော့ စားအုံးမှပေါ့.. မနေ့ကတောင် ပင်လယ်မှာ မင်းမိသားစု ရွက်လှေ တွေ့လိုက်သေးတယ်.. သင်္ဘောပေါ်မှာ မင်းရှိမယ်ထင်ပေမယ့် မစ္စတာဖုန်း ဖြစ်နတယ်..”
လီကျယ်ခိုင် ဘာမှ မဟုတ်သလိုပင် ပြောလိုက်သည်။
“အို့.. မင်း ဖုန်းယွီနဲ့ တွေ့လိုက်တာလား.. အစ်ကိုဖုန်းက ငါ့သူငယ်ချင်းကောင်းပါ.. သူ့ကောင်မလေး အားလပ်ရက် တရုတ်ပြည်ကနေ လာလည်လို့ ရွက်လှေ ငှားလိုက်တာ.. သူနဲ့ စကားမပြောလိုက်ဘူးလား..”
“ငါတို့ ခနစကားပြောပြီး နေ့လည်စာ အကင်စားကြတယ်လေ.. အဲ့ဖုန်းယွီ တရုတ်ပြည်က မင်းစီးပွားဖက် မို့လား..”
ဖူကွမ်းကျန့် ခေါင်းညိတ်လိုက်သည်။
“တရုတ်မှာ ငါ့ရဲ့ ပထမဆုံးရှင်းနှီးမြုပ်နှံမှုက သူနဲ့ပေါ့.. နောက်ပိုင်း တခြားရင်းနှီးမြုပ်နှံမှုတွေ အများကြီး သူနဲ့ ပူးပေါင်းလိုက်တာ..”
လီကျယ်ခိုင် စိတ်အတွင်း တွေးလိုက်မိသည်။ ဤမစ္စတာဖုန်းသည် အမှန်တကယ် ချမ်းသာသည့် မန်နေဂျာ ဖုန်းပင်။
“ငါတို့ စီးပွားဖက် ဟောင်ကောင် စီးပွားရေးသမားထဲမှာဆို တရုတ်နိုင်ငံမှာ မင်းရဲ့ ရင်းနှီးမြုပ်နှံမှုက အမြင့်ဆုံးပဲလို့ ပြောလို့ရတယ်..”
“အဲ့ဒါတော့ ငါသေချာ မသိဘူး.. ငါ့လိုပဲ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းရှင်တွေ ရှိလောက်တယ်.. ဒါပေမယ့် ငါ့ထက် ဝင်ငွေ ပိုကောင်းတဲ့သူတော့ မရှိလောက်ဘူး..”
ဖူကွမ်းကျန့် ဂုဏ်ယူစွာ ပြောလိုက်သည်။
ဖုန်းယွီ၏ စီးပွားရေး လုပ်ငန်းများတွင် ဖူကွမ်းကျန့်၏ ရင်းနှီးမြုပ်နှံမှု ပြန်ရငွေသည် သူ့ အရင်းအနှီးထက် (၁၀)ဆ ပိုများနေပေသည်။ ဟောင်ကောင်ရှိ အရောင်းကုမ္ပဏီမှ ရရှိသော ငွေများကို ရေတွက်မည်ဆိုလျှင် အမြတ်ငွေက ပိုများနေပေသည်။
ဖူကွမ်းကျန့် ဖုန်းယွီနှင့် တွေ့စဉ်က သူ့တွင်(၁၀)သန်းပင် မရှိချေ။ ယခုမူ သန်း(၁၀၀)အထိ အသာလေး စုဆောင်းနိုင် နေပေပြီ။
ထိုအချိန်အတွင်း ဖူကွမ်းကျန့်သည် သူ့အစ်ကိုထက် ပိုအောင်မြင်သောကြောင့် မနာလိုဖြစ်ခံရကာ သူ့ဖခင်၏ ပိုသဘောကျမှု ခံရပေသည်။ ယခုမူ သူ့ပိုင်ဆိုင်မှုများသည် သူ့အဖေနှင့် တန်းတူဖြစ်ပြီး သူ့အစ်ကိုကို ကျော်လွန်ခဲ့သည်မှာ ကြာခဲ့ပေပြီ။ (၃)နှစ်အတွင်း သူ့အဖေကို ကျော်တက်နိုင်မည်ဟု ယုံကြည် နေမိသည်။
ဟောင်ကောင်တွင် သူ့အသက်အရွယ်နှင့် သူ့ချမ်းသာမှုထိ စုဆောင်းနိုင်ရန် အလွန်ရှားပေသည်။ ရှိသည်မှာလည်း ဩဇာကြီး မိသားစုများ၏ အကြီးဆုံးသားများ ဖြစ်ပေသည်။
လီကျယ်ခိုင်ကို ကြည့်လိုက်မိသည်။ သူသည် မဟာလူသားလီ၏ ဒုတိယသားဖြစ်ပြီး သူတည်ထောင်သည့် ကုမ္ပဏီသည် ဟောင်ကောင်ဒေါ်လာ သန်းဆယ်ဂဏန်းမျှသာ တန်ဖိုးရှိပေသည်။ သူ့ချမ်းသာမှုသည် ဖူကွမ်းကျန့်နား မကပ်နိုင်သေးချေ။
လီကျယ်ခိုင် ဖူကွမ်းကျန့်၏ ကြွားလုံးကို ကြားသည့်အခါ အနည်းငယ် မျက်နှာငယ်သွားသည်။ ဖုန်းယွီ၏ လုပ်ငန်းအားလုံးသည် အမြတ်များပေ၏။ ဖူကွမ်းကျန့်၏ ကြွယ်ဝမှုကို ခန့်မှန်းရန်ထက်၊ ဖုန်းယွီ၏ ရှယ်ယာများသည် ဖူကွမ်းကျန့်ထက် အနည်းဆုံး (၃)ဆ ပိုများပေလိမ့်မည်။ ဆိုလိုသည်မှာ ဖုန်းယွီ၏ ပိုင်ဆိုင်မှုသည် ဟောင်ကောင် ဒေါ်လာ (၃)ဘီလီယံ ကျော်နေပေတော့မည်။
ဖုန်းယွီသည် အသက်မည်မျှ ရှိသေးသနည်း။ (၂၀)ခန့်လော။ အသက် ငယ်ငယ်ဖြင့် ပိုင်ဆိုင်မှု များစွာ စုဆောင်ထားမိပေပြီ။
ဖုန်းယွီ၏ အမှန်တကယ် ပိုင်ဆိုင်မှုမှာ သူမှန်းထားသည်ထက် ပိုများကြောင်း လီကျယ်ခိုင် မသိခဲ့ချေ။ ဂျပန်နိုင်ငံရှိ ဖုန်းယွီပိုင်ဆိုင်မှုသည် ကောင်ဟောင်ဒေါ်လာ ဘီလီယံချီ တန်ကြေးရှိပေသည်။ ဖုန်းယွီသည် ရုရှားနှင့် အမေရိကန်တို့တွင် ပိုင်ဆိုင်မှုများ ရှိနေသေးသည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီကို စာရင်းသွင်းလိုက်သည့်အချိန် ကြွယ်ဝလာမှုသည် ပိုများလာပေလိမ့်အုံးမည်။
“အဲ့ မန်နေဂျာဖုန်း တော်တော် အရည်အချင်း ရှိတာပဲ.. သူ့အဖေကရော ဘယ်သူလဲ..”
“စီနီယာဖုန်းလား.. ငါလဲ နည်းနည်းပဲ တွေ့ဖူးသေးတာ.. သူ့အဖေက လယ်သမားကြီးလေ..”
ဖူကွမ်းကျန့် အံ့ဩသွားမိသည်။ လီကျယ်ခိုင်သည် ဖုန်းယွီအကြောင်း မည်သည့်အတွက် မေးရသနည်း။
လယ်သမားလော။ ဖုန်းယွီ၏ ဖခင်သည် ခြံကြီးတစ်ခြံ ပိုင်ထားသည်။ သို့ရာတွင် တရုတ်တွင် ထိုသို့လယ်သမားများ ရှိနေသည်လော။ တရုတ်အစိုးရသည် လယ်သမားများထံ လယ်မြေများ ပေအပ်ထားသည်။ ခြံကြီးတစ်ခြံ မည်သူ ပိုင်ဆိုင်သနည်း။
“သခင်လေးလီ.. မင်းဘာတွေ တွေးနေတာလဲ..”
“အို့.. ဘာမှ မဟုတ်ပါဘူး.. ဖုန်းယွီအဖေက သူလုပ်ငန်းစဖို့ ငွေအများကြီး ပေးလိုက်တယ်မို့လား..”
“သူ့အဖေ ငွေထုတ်မပေးဘူး ကြားတယ်.. ဖုန်းယွီ သူ့ဟာသူ ငွေရှာတာ..”
ဖူကွမ်းကျန့် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ၏ ဖခင်သည် သာမန်လယ်သမား တစ်ယောက်သာ ဖြစ်ပြီး မြို့စွန်ရှိ ဟောင်ကောင် လယ်သမားများကဲ့သို့ပင်။ လယ်သမား တစ်ယောက်တွင် ငွေမည်မျှ ရှိမည်နည်း။ ယခင်ကလည်း ဖုန်းယွီ၏ ဖခင်နှင့် စကားပြောဖူးပေသည်။ စီနီယာဖုန်းသည် စီးပွားရေး လုပ်ငန်းအကြောင်း သိပုံမရချေ။
“သူ့ပိုက်ဆံတွေအကုန် သူ့ဟာသူ ရှာတာလား.. ပိုက်ဆံအများကြီး ရအောင် သူဘယ်လိုများ လုပ်လိုက်ပါလိမ့်..”
လီကျယ်ခိုင် သူ့နားသူပင် မယုံကြည်နိုင်ခဲ့ချေ။ တရုတ်ပြည်တွင် ငွေရှာရန် အခွင့်အလမ်း များစွာရှိနေသည်လော။
“ဖုန်းယွီက စီးပွားရေးလုပ်ငန်းတွေ အများကြီး လုပ်တာ.. မင်း သေချာမသိတာတွေရှိသေးတယ်… VCD နည်းပညာရဲ့ မူပိုင်ခွင့်လဲ သူပိုင်ထားတယ်.. ဈေးကွက်က VCD စက် တံဆိပ်(၂)ခုစလုံးက သူ့အပိုင်ပဲ.. ပြီးတော့ ငါ့ဆီက ဟောင်ကောင် အိုက်ဝါကုမ္ပဏီ ရှိသေးတယ်ဆိုတာ မင်းသိသားပဲ.. ဒါလဲ ဖုန်းယွီနဲ့ ပူးပေါင်းထားတာ.. သူက အရွက်မပါတဲ့ ပန်ကာ၊ ရေငွေထုတ်စက်၊ အဲ့ဒါတွေလဲ ပိုင်တယ်.. မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းတွေလဲ ရှိသေးတယ်.. ဖျော်ယမကာနဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တွေလဲ ရှိသေးတယ် ထင်တယ်.. အဲ့လုပ်ငန်းတွေက သူ့အခြေခံ လုပ်ငန်းတွေ မဟုတ်သေးဘူး..”
“အဲ့ထုတ်ကုန်တွေအားလုံးရဲ့ အမြတ်အစွန်းဆိုရင် အရမ်းများတာပဲ..”
“ငါလဲ မသေချာဘူး.. ဒါပေမယ့် ငါက အဲ့ထုတ်ကုန်တွေကို နိုင်ငံခြားပို့တဲ့သူ တစ်ယောက်ဆိုတော့ အရွက်မဲ့ ပန်ကာ၊ ရေငွေ့ထုတ်စက်နဲ့ စက်ပစ္စည်းတွေကနေ မနည်းမနော သူရလိုက်တာတော့ ငါသိတယ်.. အရေးအကြီးဆုံးက သူ့ပိုင်ထားတဲ့ မူပိုင်ခွင့်တွေပဲ.. ဈေးကွက် တော်တော်များများမှာ လက်ဝါးကြီးအုပ်လုနီးပါး ဖြစ်နေပြီ..
သခင်လေးလီ.. မင်းဘာတွေးမိလို့ ဒါတွေ မေးနေတာလဲ..”
ဖူကွမ်းကျန့် တစ်ခုခု ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။ လီကျယ်ခိုင်သည် သူ့ကို နေ့လည်စာ ဖိတ်ခေါ်ပြီး ဖုန်းယွီအကြောင်း မည်သည့်အတွက် ဆက်တိုက် မေးနေရသနည်း။
“မစ္စတာဖုန်းက ငါ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံ ချင်နေတယ်.. ငြိမ်းချမ်းသော ရာစုနှစ်အုပ်စုလေ..”
လီကျယ်ခိုင် ဖူကွမ်းကျန့်ကို ဖုံးကွယ်မထားချေ။
ဖူကွမ်းကျန့် မျက်လုံး ပြူးသွားတော့သည်။
“သခင်လေးလီ.. မင်းငါ့ကို နောက်နေတာလား.. ဖုန်းယွီ မင်းရဲ့ ငြိမ်းချမ်းသောရာစုနှစ် အုပ်စုမှာ ရင်းနှီးမြုပ်နှံ ချင်နေတာလား..”
ဖူကွမ်းကျန့်၏ ထိတ်လန့်မှုကို မြင်လိုက်ရသည့်အခါ လီကျယ်ခိုင် တုန်လှုပ်သွားကာ..
“ကွမ်းကျန့် ဘာဖြစ်လို့လဲ.. မှားနေလို့လား.. ငါ့ကို ပြောစမ်းပါဟ…”
“ဘာမှားနေလဲ ဟုတ်လား.. မေးပါအုံးမယ်.. သခင်လေးလီ.. ငါ့ကိုရော မင်းကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခွင့် ပေးမလား..”
ဖူကွမ်းကျန့် လီကျယ်ခိုင်ကို လေးလေးနက်နက် ကြည့်နေပေသည်။ေလီကျယ်ခိုင် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ဖူကွမ်းကျန့်သည် မိမိကုမ္ပဏီ၌ ရင်းနှီးမြုပ်နှံချင် နေသည်လော။ ဖူကွမ်းကျန့် ရင်းနှီးမြုပ်နှံရန် ရည်မှန်းနေသော်လည်း သူဘာမှ မပြောရသေးချေ။
“ကွမ်းကျန့်.. မင်းဘာလို့ ငါ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်ရတာလဲ..”
“ငါရင်းနှီးမြုပ်နှံလို့ မရဘူးလား.. ရှယ်ယာချင်း ဖလှယ်မယ် ဆိုရင်ရောကွာ.. ဟောင်ကောင်ကုမ္ပဏီတစ်ချို့ရဲ့ ရှယ်ယာတွေ ငါကိုင်ထားတယ်.. အဲ့အထဲက မင်းကြိုက်တာရွေးကွာ.. မင်းအဲ့လို လဲမလား..”
“မဟုတ်သေးဘူး. မဟုတ်သေးဘူး.. ကွမ်းကျန့်.. မင်းငါ့ကုမ္ပဏီမှာ ဘာလို့ ရင်းနှီးမြုပ်နှံချင်ရတာလဲ..”
ဖူကွမ်းကျန့် ယုံကြည်မှုအပြည့်ဖြင့်..
“ဖုန်းယွီ မင်းကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင် နေလို့လေ..”
ဖုန်းယွီ ရင်းနှီးမြုပ်နှံချင်သည့် အတွက်လော။ မည်သို့သော အကြောင်းပြချက်ပေနည်း။ အခြားတစ်ယောက် ရင်းနှီးမြုပ်နှံချင်၍ ဟူသလော။ မိမိကုမ္ပဏီအကြောင်း ဘာမှန်းတောင်မသိဘဲ ရင်းနှီးမြုပ်နှံချင် နေသည်လော။
ဖုန်းယွီ၏ ဆုံးဖြတ်ချက်အပေါ် မည်သည့်အတွက် ယုံကြည်နေရသနည်း။ ဤသို့ဆိုလျှင် ဖုန်းယွီသည် အသေးစိတ် မေးမြန်းမှုပင် မပြုလုပ်ဘဲ မိမိကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံချင်နေသည်ကို သင်သိပါ၏လော။
“အဲ့ဒါကြောင့်လား..”
“ဟုတ်တယ်… သခင်လေးလီ.. မင်းနည်းပညာကုမ္ပဏီတစ်ခု ထူထောင်နေတယ် ဆိုတဲ့သတင်းကြားတော့ သံသယ ဖြစ်မိသေးတယ်.. မင်း မအောင်မြင်နိုင်ဘူးလို့ အားလုံး ထင်နေကြတာကိုး.. ဒါပေမယ့် အခုတော့ မင်းအောင်မြင်မယ် ဆိုတာ သေချာသွားပြီ..”
ဖူကွမ်းကျန့်တွင် ယုံကြည်ချက်များ ပြည့်နေပေသည်။
“ငါ အောင်မြင်မယ် ထင်တယ်ပေါ့..”
လီကျယ်ခိုင် အလွန်ဝမ်းသာသွားမိသည်။ နောက်ဆုံး၌ သူ့ကို ယုံကြည်သူ တွေ့ခဲ့ပေပြီ။
“တကယ်တော့.. ငါ ဖုန်းယွီကို ယုံတာကွ.. သူ့ရင်းနှီးမြုပ်နှံမှု မှန်သမျှ ဘယ်တုန်းကမှ မရှုံးဖူးသေးဘူး.. တစ်ကြိမ်တောင် မရှိဘူးကွာ.. သူရင်းနှီးမြုပ်နှံလိုက်သမျှ အမြတ်အစွန်း တော်တော်ကို ရကြတာ.. အခုသူ မင်းကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်နေတာကြောင့် မင်းကုမ္ပဏီမှာ အလားအလာ တော်တော်ကို မြင့်နေပြီ.. ငါ အခွင့်အရေး တွေအများကြီး လွဲခဲ့ဖူးတယ်.. ဒီတစ်ခါတော့ လွှတ်လို့မဖြစ်ဘူး.. သခင်လေးလီ.. ဘယ်လိုလဲ.. ကျေးဇူးပြုပြီး ငါကို မင်းကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခွင့်ပေးဖို့ စဉ်းစားစမ်းပါ.. မင်းနဲ့ ရှယ်ယာချင်း လဲချင်လဲ ရတယ်ကွာ..”
လီကျယ်ခိုင် သူ့နားသူပင် မယုံနိုင်တော့ချေ။ ဖူကွမ်းကျန့်သည် သူတို့မျိုးဆက်၌ ဟောင်ကောင်၏ အကောင်းဆုံးသော စီးပွားရေးသမား တစ်ယောက်အဖြစ် သတ်မှတ်ခံရပေသည်။ သူ့ကိုလည်း ပေါ့သေးသေးဟု မှတ်၍မရချေ။ သို့ရာတွင် ထိုသူသည် ဖုန်းယွီအား လေးစားမှု အပြည့်ရှိနေပေသည်။
သူ့ကုမ္ပဏီတွင် ဖုန်းယွီ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ သေချာစဉ်းစားရန် လိုအပ်ပုံပင်ဖြစ်တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)