မဟာလူသားလီ၏ ခန့်မှန်းချက်
Vol. 36 Ch. 536
ထိုနေ့ညတွင် ဖုန်းယွီ အမှန်တကယ် ရုပ်ရှင်သွားကြည့်ခဲ့သည်။ သို့ရာတွင် ဖူမုံ့ယင်သည် သူ့သူငယ်ချင်းနှင့် ထွက်သွားပေသည်။ ထိုသူငယ်ချင်းမှာ ယောက်ျားလေးလော၊ မိန်းကလေးလော။
(၇)နာရီကျော်ခန့်တွင် လီကျယ်ခိုင် သူ့မိတ်ဆွေများနှင့် ညစာ စားပြီး အိမ်ပြန်လာခဲ့သည်။ သူအိမ်ပြန်ရောက်သည့် အခါ မဟာလူသားလီသည် သူ့သားအကြီးဆုံး လီကျယ်ကျွီနှင့် ဧည့်ခန်းအတွင်း ထိုင်၍ စကားပြောနေပေသည်။ ပြောလက်စ စကားကိုဖြတ်၍ လီကျယ်ခိုင် ဝင်လာသည်နှင့် ဝင်ထိုင်ခိုင်းလိုက်သည်။
“အဖေ.. အစ်ကို..”
လီကျယ်ခိုင် အံ့ဩသွားသည်။ ဤချိန်တွင် သူတို့ (၂)ယောက်စလုံး စကြည့်ခန်းအတွင်း ရှိရမည့်အချိန်ဖြစ်သည်။ သို့တည်းမဟုတ် ရုပ်မြင်သံကြား ကြည့်နေသင့်သည်။ မိမိအား စောင့်နေကြသည်လော။
မဟာလူသားလီက..
“ကျယ်ခိုင်… ထိုင်အုံး.. ဂြိုလ်တု ရုပ်မြင်သံကြားရောင်းလိုက်တယ်… အခု မင်းရဲ့ ငြိမ်းချမ်းသော ရာစုနှစ်အဖွဲ့ ဘယ်လိုနေလဲ..”
“အဆင်ပြေပါတယ်.. ရန်ပုံငွေအတွက် ရင်းနှင်းမြုပ်နှံသူတွေ ရှာနေတယ်.. ရန်ပုံငွေ အလုံအလောက် မရှာနိုင်ရင်တောင် ဘဏ်ငွေချေးလို့ရတယ်လေ..”
ချေးငွေမှာ လီကျယ်ခိုင်၏ နောက်ဆုံးနည်းလမ်းဖြစ်သည်။ ချေးငွေယူမိပါက သူ့ကုမ္ပဏီ စာရင်းသွင်းရန် ခက်ပေလိမ့်မည်။
အကယ်၍ သူ့ကုမ္ပဏီ စာရင်းမသွင်းနိုင်ပါက ဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေမှာ သူလိုချင်သည့်ပမာဏ အလုံအလောက် မရနိုင်ချေ။ သူမှန်ကန်ကြောင်း သူ့အဖေကို သက်သေပြနိုင်မည် မဟုတ်ချေ။
“ရင်းနှီးမြုပ်နှံသူ ရှာနေတာလား.. မင်းဘယ်သူ့ကို ရှာနေလဲ..”
မဟာလူသားလီ စိတ်ဝင်စားစွာ မေးလိုက်သည်။
“ဖူမိသားစုက ဖူကွမ်းကျန့် နဲ့ တရုတ်က သူဌေးကြီးတစ်ယောက်”
“အဖေ.. ဖူကွမ်းကျန့်ဆိုတာ ဖူမိသားစုက ဒုတိယသားပါ.. တရုတ်နိုင်ငံက ဖူမိသားစု ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲနေတဲ့သူ.. ခုတလော သူ ကောင်းကောင်း လုပ်နိုင်ထားတယ်..”
လီကျယ်ကျွီ သူ့အဖေကို ရှင်းပြနေပေသည်။
မဟာလူသားလီသည် ဟောင်ကောင်ရှိ သူဌေးကြီးများ အားလုံးကို သိနေပေသည်။ သူတို့နှင့် မရင်းနှီးလျှင်ပင် နာမည်အားလုံး ကြားဖူးထားပေသည်။ သို့ရာတွင် မဟာလူသားလီသည် မျိုးဆက်သစ်များကို မသိသလို အမည်များကိုလည်း မမှတ်မိချေ။
“အော.. အဲ့ကလေးကိုး.. မဆိုးပါဘူး.. ကျယ်ခိုင် မင်းက သူနဲ့ သူငယ်ချင်းလား..”
မဟာလူသားလီ ခေါင်းညိတ်လိုက်သည်။ လီကျယ်ကျွီ ရှင်းပြမှုဖြင့် ဖူကွမ်းကျန့် မည်သူဖြစ်ကြောင်း သိသွားပေပြီ။
ဖူမိသားစုသည် တရုတ်နိုင်ငံတွင် ပမာဏအမြောက်အများ ရင်းနှီးမြုပ်နှံထားသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ဟောင်ကောင် လုပ်ငန်းရှင် အများအပြားကလည်း တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ဖူမိသားစုသည် အများဆုံး ရင်းနှီးမြုပ်နှံပြီး တစ်ဦးတည်းသော အအောင်မြင်ဆုံးသူ ဖြစ်လေသည်။
ဖူရုံချီသည် လူငယ်တစ်ဦးအား တရုတ်နိုင်ငံ ဖူမိသားစု ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခွင့် ပေးဝံ့ပြီး ထိုလူငယ်သည် ၎င်းမိသားစု၏ အကြီးဆုံးသားလည်း မဟုတ်ချေ။ မဟာလူသား လီက ဖူရုံချီ၏ ဆုံးဖြတ်ချက်ကို အမှန်တကယ် လေးစားပေသည်။
ဖူမိသားစုသည် အမှန်တကယ်ပင် ဩဇာရှိသော ဟောင်ကောင် မိသားစုထဲမှ တစ်ခုဖြစ်သည်။ မျိုးဆက်သစ်များကို ပြုစုမျိုးထောင်ရန် ထူးခြားသောနည်းလမ်းများ ရှိပေသည်။ ဖူမိသားစု၏ ညီအစ်ကို (၄)ယောက်စလုံးသည် ၎င်းတို့၏ အောင်မြင်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ပိုင်ဆိုင်ထားရသည့် အကြောင်းအရင်း ဖြစ်နိုင်ပေသည်။
“ကျုပ် ဖူကွမ်းကျန့်နဲ့ သူငယ်ချင်းဖြစ်တာ နှစ်တွေတောင် ကြာနေပြီ.. ဒါပေမယ့် အစ်ကိုပြောတဲ့ အထဲမှာ မှားနေတာ တစ်ခုရှိတယ်.. ပြည်မကြီးက စီးပွားရေး လုပ်ငန်းအားလုံးကို ဖူကွမ်းကျန့် ပိုင်ထားတာ.. သူက ဖူမိသားစုရဲ့ လုပ်ငန်းကို ဂရုမစိုက်ဘူး..”
လီကျယ်ခိုင် သူ့အစ်ကိုကို ကြည့်လိုက်သည်။
ဖူမိသားစုကို ကြည့်ပါက သူတို့သည် ဖူကွမ်းကျန့်အား စတင်တည်ထောင်ရန် အရင်းအနှီးပေးအပ်ခဲ့ပြီး ပြန်ရသမျှ သူ့အတွက်သာ ဖြစ်ပေသည်။ မိမိအတွက်ကား ဂြိုလ်တု ရုပ်မြင်သံကြားအတွက် ရင်းနှီးမြုပ်နှံရန် မိသားစုက အမေရိကန် ဒေါ်လာ သန်း(၄၀၀)ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၉၅၀)ဖြင့် ပြန်လည် ရောင်းချခဲ့ပေသည်။ အကျိုးအမြတ်က (၁.၅)ဆဖြစ်သည်။ ဤသည်ကပင် မိမိ၏ အစွမ်းအစကို သက်သေမပြနိုင် သေးသည်လော။
နောက်ဆုံး မည်သို့ဖြစ်သွားသနည်း။ ဤသည်ကို ရင်းနှီးမြုပ်နှံမှုဟု မှတ်ယူ၍ မိမိရထားသည့် ရှယ်ယာ အရမ်းနည်း ပေသည်။ ထိုသို့ မဟုတ်ပါက မိမိကိုယ်ပိုင် ကုမ္ပစီအတွက် ရင်းနှီးမြုပ်သူရန် လိုအပ်မည်လော။ ဤကုမ္ပဏီကို အပျော် တည်ထောင်ခဲ့ခြင်း မဟုတ်ချေ။ လေးလေးနက်နက် စဉ်းစား၍ စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံး မိမိအား မည်သည့်အတွက် မယုံနိုင်ကြသနည်း။
ဂြိုလ်တု ရုပ်မြင်သံကြားဌာနသည် ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်လျှင် မိမိသည် အဘယ့်ကြောင့် အကျိုးအမြတ် မရနိုင်သနည်း။ မိမိ လိုအပ်သည်မှာ အမေရိကန်ဒေါ်လာ သန်း(၁၀၀)ဖြစ်ပြီး၊ မိမိ၏ ကုမ္ပဏီတွင် လုံလောက်သော ရန်ပုံငွေ ရရှိပေလိမ့်မည်။ ဒေါ်လာသန်း(၁၀၀)ကား မိသားစုမှ အလွယ်တကူ ထောက်ပံ့နိုင်ပေသည်။
“ကျယ်ခိုင်.. မင်းပြောတဲ့ တရုတ်သူဌေးက ဘယ်သူလဲ..”
မဟာလူသားလီ ထပ်မေးပြန်သည်။
“တရုတ်သူဌေးက ဖုန်းယွီတဲ့.. အသက်(၂၀)လောက်ပဲ ရှိသေးတဲ့ လူငယ် တစ်ယောက်ပါ.. ဖူကွမ်းကျန့်ရဲ့ တရုတ်နိုင်ငံက လုပ်ဖော်ကိုင်ဖက်ဆိုလဲဟုတ်တယ်.. သူ့ပိုင်ဆိုင်မှုက ခန့်မှန်းချေ ဟောင်ကောင်ဒေါ်လာ (၃)ဘီလီယံ လောက်ရှိတဲ့ ဖူကွမ်းကျန်းထက် အနည်းဆုံး (၃)ဆ ဖြစ်လိမ့်မယ်.. ဒါတောင် ဒီအတိုင်း ခန့်မှန်းချက်သက်သက်ပဲ.. တကယ့်ပိုင်ဆိုင်မှုက အဲ့ထက် ပိုနိုင်သေးတယ်..”
လီကျယ်ခိုင် သူ့အဖေကို ပြောချင်သည်က သူ့သူငယ်ချင်းများ အားလုံး အရည်အချင်း ရှိခြင်းကိုပင်။ ထို့အပြင် သူ့အဖေ အကူအညီမပါဘဲ ထိုသူငယ်ချင်းများကို မိမိဘာသာ မိတ်ဖွဲ့ခဲ့ခြင်း ဖြစ်သည်။
“သူလား…”
အဟာလူသားလီ အနည်းငယ် စိတ်အားထက်သန်လာသည်။
“အဖေ.. သူ့အကြောင်း ကြားထားလို့လား.”
လီကျယ်ခိုင်အံ့ဩသွားသည်။ သူ့ဖခင်သည် ဖုန်းယွီကို ကြားဖူးထားသည်လော။
“အဲ့နာမည် ကြားဖူးရုံတင် ဘယ်ကမလဲ.. မင်းကို ငါတစ်ခုပြောမယ်.. မင်းတရုတ်ပြည်မှာ သူ့အဆင့်အတန်း မင်းသိလား.. မစ္စတာသန်း၊ သံလက်သီးကျူး တောင် လူချင်းတွေ့ဖို့ တောင်းဆိုခဲ့ရတာကွ။
“ဘယ်သူ.. မစ္စတာသန်းနဲ့ သံလက်သီး ကျူး ဟုတ်လား..”
လီကျယ်ခိုင် အံ့ဩသွားသည်။ မစ္စတာသန်းသည် သင်တွေ့ချင်သလို တွေ့နိုင်သူ မဟုတ်ချေ။ ဟောင်ကောင်သားများ အမြင်တွင် မစ္စတာသန်းသည် အင်္ဂလန်ဘုရင်မထက်ပင် ပိုဩဇာရှိပေသည်။ သူသည် တရုတ်ပြည်၏ အစစ်အမှန် ခေါင်းဆောင် ဖြစ်သည်။ ဖုန်းယွီနှင့် တွေ့ရန် အဘယ့်ကြောင့် တောင်းဆိုပေသနည်း။
လီကျယ်ခိုင် ဖုန်းယွီကို သံလက်သီးကျူနှင့် တွေ့ရသကဲ့သို့ ထိတ်လန့်သွားခဲ့မိပေသည်။ သူ့အဖေနှင့် တန်းတူများ လောက်သာ အင်္ဂလန်ဘုရင်မနှင့် တွေ့ဆုံနိုင်ပေမည်။ ဖုန်းယွီသည် အသက်(၂၀)သာ ရှိသေးပြီး မည်သို့ လုပ်ခဲ့ပေသနည်း။
မဟာလူသားလီ တရုတ်အစိုးရနှင့် အဆက်အသွယ်ရှိခဲ့ပြီး ဟောင်ကောင်ကို တရုတ်သို့ ပြန်လည်ပေါင်းစည်းရန် အားပေးခဲ့ပေသည်။ လီကျယ်ခိုင်၏ ဖခင်ပြောပါက အမှန်တရားများသာပင်။
“ဒါ့ကြောင့် အဲ့ဖုန်းယွီက မရိုးရှင်းဘူး.. မင်းသူ့ နောက်ခံသမိုင်းကြောင်း စစ်ဆေးပြီးပြီလား..”
မဟာလူသားလီ ထပ်မေးပြန်သည်။
“ကျုပ် ဖူကွမ်းကျန့်နဲ့ အဲ့အကြောင်းပြောဖူးတယ်.. ဖုန်းယွီက လုပ်ငန်းတွေကို သူ့ဟာသူ ထူထောင်ထားတာတဲ့.. သူစပြီး ရင်းနှီးမြုပ်နှံတုန်းကဆို ယွမ်သောင်းဂဏန်းပဲရှိတာ.. အစိုးရ ချေးငွေစာချုပ် အရောင်းအဝယ်လုပ်ပြီး သူ့စီးပွားရေးလုပ်ငန်း စခဲ့တာ.. ပြီးတော့ ရုရှနဲ့ အရောင်းအဝယ်လုပ်တယ်.. ဒါပေမယ့် ပင်လယ်ကွေ့ စစ်ပွဲထဲမှာ ရေနံတွေ သိမ်းကြုံးဝယ်ခဲ့သေးတာ..”
“ပင်လယ်ကွေ့စစ်ပွဲထဲမှာ သူရေနံတွေသိမ်းကြုံး ဝယ်တာလား..”
မဟာလူသားလီ၏ မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာတော့သည်။ စစ်ပွဲအတွင်း ရေနံဈေး အရူးအမူး ကျဆင်းခဲ့ပေသည်။ ဖုန်းယွီအဘယ့်ကြောင့် ဤဆုံးဖြတ်ချက် ချခဲ့သနည်း။
“ဖူကွမ်းကျန့် သူအမှန်အတိုင်းပြောတယ်ဆိုတာ ကျိမ်တောင်ကျိမ်ပြောခဲ့သေးတယ်.. ဖူမိသားစုရဲ့ အကြီးအကဲ ဖူရုံကျင်းက ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဖုန်းယွီကို အံ့ဩသွားတယ်လို့ ကြားတယ်.. ပြီးတော့ ဖုန်းယွီကို ထမင်းစားဖိတ်သေးတယ်.. ဖုန်းယွီက ဖူကွမ်းကျန့်ရဲ့ ဘဏ္ဍာရေးဈေးကွက်မှာ ခန့်မှန်းမှုတွေ အကြိမ်ပေါင်းမနည်း ပြောခဲ့သေးတဲ့အပြင်.. အကြိမ်တိုင်းလဲ မှန်နေတယ်.. ဖုန်းယွီ အရင်တုန်းက ရုရှမှာ အဆက်အသွယ် အခိုင်အမာရှိတယ် ကြားရတဲ့အပြင် ရုရှားနဲ့ ကုန်သွယ်မှုတွေ လုပ်နေတုန်းပဲ..”
မဟာလူသားလီ ခေါင်းညိတ်၍...
“ဖုန်းယွီရဲ့ ပိုင်ဆိုင်မှုက ဟောင်ကောင်ဒေါ်လာ (၃)ဘီလီယံလောက်ရှိမယ်လို့ မင်းပြောထားတယ်နော်..”
“အဲ့ဒါနဲ့ပတ်သက်ပြီး ဖူကွမ်းကျန့်ကို သေချာ မမေးခဲ့ရဘူး.. ဒါပေမယ့် ဖူကွမ်းကျန့် ပြောတာတော့ တရုတ်နိုင်ငံမှာ ဖုန်းယွီရဲ့ ရင်းနှီးမြုပ်နှံမှုတွေက သူ့ထက် အဆပေါင်းတော်တော် များတယ်တဲ့.. အနည်းဆုံး (၃)ဆများလိမ့်မယ်တဲ့..”
မဟာလူသားလီ ခေါင်းခါရင်း..
“အဲ့ထက် ပိုလိမ့်အုံးမယ်ထင်တယ်.. ပြီးခဲ့တဲ့ (၂)နှစ်လောက်က ဘယ်သူမှ မယုံတဲ့ ကောလဟလ တစ်ခု ထွက်ခဲ့သေးတယ်.. မှတ်မိကြသေးလား.. ဖူရုံချီ လူငယ်တစ်ယောက်ကို ကြိုဖို့ ပန်နီစူလာ ဟိုတယ်ရှေ့မှာ ရပ်နေဖူးတယ်ဆိုတာလေ..”
လီကျယ်ခိုင် သူ့အဖေကို စိုက်ကြည့်ရင်း..
“အဖေပြောသလိုဆို ဖူရုံချီ ကြိုဆိုတာ ဖုန်းယွီပေါ့..”
ဖူရုံချီသည် မည်သူနည်း။ ဖူမိသားစု၏ အကြီးအကဲဖြစ်ပေသည်။ ဟောင်ကောင် သူဌေးကြီး (၁၀)ဦးစာရင်းဝင် ဖြစ်သည်။ မိသားစု တစ်ခုလုံး၏ လွှမ်းမိုးနိုင်မှုအရ လီမိသားစုထက်ပင် ပို၍ အားကောင်းနိုင်သေးသည်။ ဖူရုံချီပင် ဖုန်းယွီအား ကြိုဆိုရန် အပေါက်ဝတွင် စောင့်နေခဲ့ရသည်လော။
“အဲ့ ကောလဟလ မှန်တယ်ထင်တယ်.. ဖူရုံချီ အခုနှစ်ပိုင်းလေးအတွင်းမှာ သူ့ကုမ္ပဏီတစ်ချို့ကို စာရင်းလုပ်တော့ စုစုပေါင်း ပိုင်ဆိုင်မှု ဟောင်ကောင်ဒေါ်လာ(၁၅)ဘီလီယံကျော်ရှိတယ်.. ပြီးခဲ့တဲ့ (၂)နှစ်ကဆို သူ့ပိုင်ဆိုင်မှုက (၇)ဘီလီယံ၊ (၈)ဘီလီယံ လောက်ပဲရှိတာ.. ဖုန်းယွီကို ကြိုဖို့ ဖူရုံချီ အပေါက်ဝမှာ စောင့်နိုင်လောက်တဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိမယ် ထင်လဲ..”
ဖူရုံချီသည် လွန်ခဲ့သော (၂)နှစ်က ဖုန်းယွီကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ပြီး တောင်းပန်ခဲ့သေးသည်။ ထိုအချိန်တွင် ဖုန်းယွီ၏ ပိုင်ဆိုင်မှုများကို သူမယှဉ်နိုင်ချေ။ ယခုမူ ဖုန်းယွီသည် ဖူရုံချီထက် မည်မျှ သာလွန်နေကြောင်း မည်သူမှ မသိနိုင်ချေ။
လီကျယ်ခိုင်နှင့် လီကျယ်ကျွီတို့ လက်မခံနိုင်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိတော့သည်။ အသက်(၂၀)အရွယ်လူတစ်ယောက်သည် ဤမျှ အောင်မြင်နိုင်သည်လော။ သူတို့၏ ဖခင် ပြောစကားအပေါ်မူတည်၍ ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး ဟောင်ကောင် ဒေါ်လာ (၆)ဘီလီယံကျော်လောက် ပေမည်။ ထို့ထက်ပင် ပိုနိုင်ပေသေးသည်။
မဟာလူသားလီ လီကျယ်ခိုင် ကျောကို ပွတ်ပေးပြီး..
“မင်း ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံဖို့ သူ့ကို စည်းရုံးနိုင်ရင် မင်းလိုသလောက် ပမာဏ ငါထောက်ပံ့ပေးမယ်..”
-------*****--------
ဘာသာပြန်သူ . (NTP)