ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၂)
Vol. 36 Ch. 540
လီကျယ်ခိုင်၏ မရွှမပျ မျက်နှာကိုကြည့်၍ ဖုန်းယွီ ရယ်မောကာ..
“မင်းမိသားစုရဲ့ ကုန်တိုက်ကနေ ကျွမ်းကျင်သူတွေ လက်အပ်လိုက်မယ်.. မင်းတို့ နှစ်ယောက်စလုံး နေရာရွေးပြီးရင် မြို့တော် ဖွံ့ဖြိုးတိုးတက်မှုမှာ အပြောင်းအလဲ ရှိမရှိ စစ်ဆေးမယ်.. ငါတို့ ကုန်တိုက်တဝိုက် နယ်မြေကို တစ်နှစ်လောက်နဲ့ ပျက်စီးမသွားစေချင်ဘူး”
ဖူကွမ်းကျန့် သူ့ရင်ဘတ် ပုတ်ရင်း..
“အဲ့ဒါ ပြဿနာမရှိဘူး.. အတွေ့အကြုံရှိလို့ ဒေသန္တရ အစိုးရနဲ့ ညှိနှိုင်းလို့ရတယ်.. ကိုယ်တိုင်သွားလိုက်မယ်.. ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်စေရမယ်..”
ဖုန်းယွီ ပုခုံးတွန့်၍..
“ဒါတော့ အသေအချာပဲ.. ဒါပေမယ့် ငါနဲ့ ညှိလုပ်ရင် ပိုမြန်လိမ့်မယ်..”
ဖူကွမ်းကျန့် ဖုန်းယွီ၏ ညှိနိုင်းနိုင်စွမ်းကို ကြောက်ရွံ့မိသည်။ ဖုန်းယွီသည် ပြဿနာတစ်ခုဟု အမြဲခံစားနေရပြီး သူညှိနှိုင်းသည့် သဘောတူညီချက်များကို အမြန်ဆုံး အဆုံးသတ်စေချင်ပြီး သူဘယ်လောက် သုံးသည်ကို ဂရုမစိုက်ချေ။ အရှိန်အဟုန်လိုအပ်သော်လည်း ငွေက အရေးကြီးပေသည်။
ဖူကွမ်းကျန့် စိတ်အတွင်း၌မူ.. ‘မင်း ရင်းနှီးမြုပ်နှံမှုကနေ အမြတ်အများကြီး ရနိုင်ပေမယ့် ကုန်ကျစရိတ် လျော့ချနိုင်မယ်ဆိုရင် ဘာလို့ မလုပ်ရမှာတုန်း.. ငါတို့က ဒီလောက် ကုန်တိုက်အများကြီး တပြိုင်တည်း တည်ထောင်မှာဆိုတော့ ငါတို့ ကုန်တိုက်တစ်ခုစီအတွက် သန်းနဲ့ချီ ထပ်သုံးရမယ်ဆိုရင် သန်းဆယ်ချီသွားမှာ မဟုတ်ဘူးလား’
လီကျယ်ခိုင် ကြားဖြတ်၍..
“ငါတို့တွေ ညှိနှိုင်းရေး အဖွဲ့တစ်ခု ဖွဲ့ပြီး ကွမ်းကျန့်ကို ခေါင်းဆောင်ခိုင်းသင့်တယ်..”
သူတို့အားလုံး ဤလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖူကွမ်းကျန်းသည် စေ့စပ်ညှိနှိုင်းမှုအတွင်း ဆုံးဖြတ်ချက်အားလုံး ချမှတ်သူ မဖြစ်သင့်ချေ။ ထိုလုပ်ငန်း အတိုင်းအတာ အလွန်ကြီးလှပေသည်။ လီကျယ်ခိုင် မစိုးရိမ်သော်လည်း သူမိသားစုကမူ ထိုသို့ ခံစားနေကြပေလိမ့်မည်။
ဖူကွမ်းကျန့် ဖုန်းယွီကို လက်ညှိုးထိုးပြ၍ ရယ်မောရင်းဖြင့်..
“ဟား.. ဟား.. ဟား.. အဆင်ပြေသွားပြီ.. ဆုံးဖြတ်ချက်တွေအားလုံး သူ တကယ်ခွင့်ပြုမယ် ထင်နေလား.. ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို ငါချုပ်ကိုင်ထားပေမယ့် ငွေကြေးနဲ့ ပတ်သက်ပြီး သူက ထိန်းချုပ်သူပဲဟ..”
ဖုန်းယွီ ပြုံး၍.
“မင်းမှာလဲ ငွေကြေးကိစ္စအတွက် လုပ်ပိုင်ခွင့် နည်းနည်း ရှိတာပဲလေ.. ငါ မင်းကို ငွေမသုံးဖို့ ဘယ်တုန်းက တားဖူးလို့လဲ.. အခု ကြည့်လေ.. မင်း စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်တွေ ငါဘယ်တုန်းက ဝင်ရှုတ်ဖူးလို့လဲ..”
ဖူကွမ်းကျန့် ထခွပ်တော့သည်။
“အဲဒါ မင်း ပြင်းနေလို့လေ..”
လီကျယ်ခိုင် အံ့ဩသွားမိတော့သည်။ ထိုနှစ်ယောက်နှင့် အလုပ်တွဲလုပ်ပါက ပြဿနာ ရှိနိုင်သည်လော။ ထိုနှစ်ယောက် စလုံး မယုံနိုင်စရာကောင်းကြောင်း အဘယ့်ကြောင့် ခံစားနေရသနည်း။
“ဒါဆိုလဲ ငါတို့တွေ အဲ့ကိစ္စ မပြောတော့ဘူး.. ငါက တရုတ်ရဲ့ စားသောက်ကုန်၊ ထုတ်ကုန်တွေနဲ့ နေ့စဉ် အသုံးအဆောင် ပစ္စည်း၊ ပေးသွင်းသူတွေကိစ္စ လုပ်လိုက်မယ်.. ဒါပေမယ့် ငါတို့ရဲ့ ကုန်တိုက်ကို သုံးစွဲသူတွေ ပိုပြီး ဆွဲဆောင်ချင်တယ်ဆိုရင် ပြည်ပသွင်းကုန်တွေလိုမျိုး ပုံစံတူ အထူးထုတ်ကုန်တွေလဲ တင်သင့်တယ်.. မင်းတို့ နှစ်ယောက် အဲ့ကိစ္စ ပြဿနာ မရှိလောက်ဘူးမို့လား..”
မိမိတို့ ကုန်တိုက်များသည် ကျန်သူများထက် အဆင့်အတန်း မြှင့်တင်လိုပါက ကွဲပြား ခြားနားနေရပေလိမ့်မည်။ ပုံမှန် ကြီးကျယ်ခန်းနားယုံဖြင့် မလုံလောက်ချေ။ ယုံကြည်စိတ်ချရသည့် ကုန်စည်နှင့် ထုတ်ကုန် အရင်းအမြစ်များ လိုအပ်ပေသည်။ ဤနည်းဖြင့်သာ ဖောက်သည်များကို ပိုမိုဆွဲဆောင်နိုင်ပေလိမ့်မည်။
ကုန်တိုက်များတွင် အခြားကုန်တိုက်များ သို့တည်းမဟုတ် မြို့ကြီးများတွင်ပင် မရရှိနိုင်သည့် ထုတ်ကုန်များ ရှိလျှင် ပိုကောင်းပေလိမ့်မည်။
လီကျယ်ခိုင်က..
“ငါတို့ မိသားစုမှာ အစားအသောက်နဲ့ အလှကုန်တွေအတွက် အဆက်အသွယ်တွေ ရှိတယ်.. တစ်ချို့ နာမည်ရှိ တံဆိပ်အထည်တွေအတွက်လဲ အဆက်အသွယ်ရှိတယ်”
“ငါ့ ဦးလေး(၃)မှာလဲ အဲ့လို အဆက်အသွယ်တွေ ရှိတယ်.. လျှပ်စစ်ပစ္စည်းတွေ.. စာရေးကိရိယာတွေ.. ပစ္စည်းတွေ အဲ့လိုမျိုးတွေပေါ့ကွာ..”
ဖူကွမ်းကျန့် ပြောရင်းနှင့် လီကျယ်ခိုင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင်လည်း ဝံ့ကြွားသည့် အမူအရာများ ပေါ်လွင်နေပေသည်။ မင်းမိသားစု ကုန်တိုက်သည် မိမိဦးလေး(၃)ကုန်တိုက်နှင့် နှိုင်းယှဉ်နိုင်သည်လော။
လီကျယ်ခိုင်လည်း မခေချေ။
“ကုန်တိုက်တွေမှာ လတ်ဆတ်တဲ့ စားသောက်ကုန်တွေလဲ ရှိရမယ်.. တကယ်လို့ ငါတို့ ကုန်တိုက်များ ကုန်ပစ္စည်း တွေ ဝယ်တဲ့အချိန် ဖောက်သည်တွေကို သုံးခွင့်ပေးလိုက်မယ်ဆို ဖောက်သည်လဲ တိုးလာလိမ့်မယ်..”
ဖူကွမ်းကျန့် ဖုန်းယွီကို ကြည့်၍..
“နောက်ဆုံးအနေနဲ့ စီမံခန့်ခွဲမှု ကိစ္စပေါ့.. ငါတို့တွေ ကုန်တိုက်လုပ်ငန်းအတွက် ဒါရိုက်တာ ဘုတ်အဖွဲ့ တည်ထောင် တော့မလား.. ငါတို့ တည်ထောင်မယ်ဆိုရင် ဘယ်သူတွေ ပါမလဲ..”
“မင်းတို့ (၂)ယောက်လုံး လုပ်ချင်သလို လုပ်လို့ရတယ်.. ဘာပဲဖြစ်ဖြစ် ဒါက ရှယ်ကုမ္ပဏီတစ်ခုပဲလေ.. နောက်ဆို ဒီကုမ္ပဏီကို စတော့ဈေးကွက်မှာ စာရင်းသွင်းမယ့် အတူတူ ဒါရိုက်တာ ဘုတ်အဖွဲ့ အခုကတည်းက တည်ထောင် ထားလို့ရတယ်လေ..”
လီကျယ်ခိုင် ဖုန်းယွီကို စိတ်ဝင်တစား ကြည့်၍..
“အစ်ကိုဖုန်း.. မင်း ကုမ္ပဏီကို စာရင်းသွင်းဖို့ မစဉ်းစားသေးဘူးလား..”
ဖူကွမ်းကျန့် လီကျယ်ခိုင်ဘက်လှည့်၍..
“သူ ဘာတွေ တွေးနေလဲ ငါနားမလည်တော့ဘူး.. သူ့ကုမ္ပဏီ တစ်ချို့ဆို စာရင်းသွင်းဖို့ အရည်အချင်းမှီပေမယ့် သူကတော့ ငြင်းနေတုန်းပဲ.. ငါတို့နဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေ ငါမပြောသေးဘူး.. သူ့ ထိုင်ဟွာ ကုန်သွယ်ရေးကိုပဲ ကြည့်အုံး.. ထိုင်ဟွာကိုသာ စာရင်းသွင်းလိုက်ရင် ရှယ်ယာဈေးတွေ တက်သွားမှာ သေချာတယ်..”
“ကုမ္ပဏီတစ်ခု စာရင်းသွင်းရတဲ့ အကြောင်းအရင်းက ဘာလဲ.. နောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရန်ပုံငွေ ရှာဖို့ မဟုတ်ဘူးလား.. ငါ့ကုမ္ပဏီတွေမှာ ရန်ပုံငွေ လုံလောက်နေမှတော့ ဘာလို့ အဲ့လို လုပ်ရအုံးမှာလဲ.. အခုရော မင်းမှာ ငွေမရှိလို့လား..”
အမှန်တကယ်တွင် ဖုန်းယွီ၌ အကြောင်းပြချက် တစ်ခု ရှိပေသည်။ သူ့ပိုင်ဆိုင်မှုများကို မဖော်ပြချင်ပေ။ သူ၏ ကြွယ်ဝ ချမ်းသာမှု ကြေငြာပြီးသည်နှင့် သူသည် လျှို့ဝှက်သူဌေးကြီး မဖြစ်နိုင်တော့ချေ။ ဖုန်းယွီသည် သူဌေးကြီး ဖြစ်ကြောင်း လူအများ သိရှိထားသော်လည်း မည်မျှချမ်းသာသည်ကို မည်သူမျှ မသိကြချေ။ ဖူကွမ်းကျန့်ပင်လျှင် ဖုန်းယွီ၏ ပိုင်ဆိုင်မှုများကို သေချာမသိချေ။
တရုတ်တို့သည် အလွန်ချမ်းသာသည့် သူဌေးကြီးများကို မုန်းတီးကြသည်။ အကယ်၍ အသက်(၂၀)အရွယ် လူငယ် တစ်ယောက် ရုတ်တရက်ပေါ်လာပြီး တရုတ်နိုင်ငံ ထိပ်တန်း သူဌေးကြီး ဖြစ်လာပါက သူသည် ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီ နောက်ထပ် နှစ်အနည်းငယ် စောင့်ချင်သေးသည်။ ထိုင်ဟွာကျောင်း အဆောက်အဦ ဆောက်လုပ်ပြီးနောက် သူသည် ကုမ္ပဏီအားလုံးကို စတော့ဈေးကွက်တွင် စာရင်းသွင်းမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် (၁၉၉၇)ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ရှောင်ရှားနိုင်ပေသည်။ ယခုအချိန်တွင် သူ့ကုမ္ပဏီများ လည်ပတ်ရန်အတွက် ရန်ပုံငွေလုံလောက်စွာ လည်ပတ်နိုင်သည့်အတွက် ရှယ်ယာဈေးကွက်အတွက် စိတ်ပူစရာ မလိုတော့ချေ။ ဖုန်းယွီသည် ငွေကြေး အကြပ်အတည်း ကာလအတွင်း ဖျက်မြင်းတစ်ကောင် အဖြစ် မိမိကိုယ်မိမိ ပြင်ဆင်ထားရင်း နိုင်ငံရပ်ခြားမှ ဈေးကစားသူများကို သင်ခန်းစာ ပေးချင်နေပေသည်။
လီကျယ်ခိုင် ဖုန်းယွီအား ကြည့်၍..
“ဒါရိုက်တာ ဘုတ်အဖွဲ့တော့ ဖွဲ့သင့်တယ်.. ငါတို့(၃)ယောက်၊ ဦးလေးဖူနဲ့ ငါ့အစ်ကိုကြီး.. ငါတို့ (၅)ယောက်နဲ့ ဘုတ်အဖွဲ့ ဖွဲ့ပြီး ဘယ်သူ ဥက္ကဌ ဖြစ်သင့်လဲ..”
ဖုန်းယွီက အများဆုံး ရင်းနှီးမြုပ်နှံသူဖြစ်ပြီး ဖူကွမ်းကျန့်ကပါ ထောက်ခံနေသည့်အတွက် ဖုန်းယွီ ဥက္ကဋ္ဌဖြစ်သင့် ပေသည်။
“ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌလား.. ငါတော့ စိတ်မဝင်စားဘူး.. မင်းတို့အထဲက ဥက္ကဋ္ဌလုပ်ချင်တဲ့သူ လုပ်ကြလေ.. ဒါပေမယ့် အမှုဆောင် ဒါရိုက်တာတော့ ငါလုပ်ချင်တယ်..”
အမှုဆောင် ဒါရိုက်တာ ရာထူးက ပိုကောင်းပေသည်။ သူသည် ဘဏ္ဍာရေးနှင့် အခြားကုမ္ပဏီဆိုင်ရာ ကိစ္စရပ်အားလုံး စောင့်ကြည့်နိုင်ပေသည်။ သူ၏ လုပ်ပိုင်ခွင့် အာဏာသည် အခြား ဒါရိုက်တာများထက် မြင့်နေပေလိမ့်မည်။ ဥက္ကဋ္ဌ သို့တည်းမဟုတ် အခြားဒါရိုက်တာများကို ဘုတ်အဖွဲ့ဝင်နိုင်ရေး အကြံပြနိုင်ပေသေးသည်။
ဖူကွမ်းကျန့်၏ မျက်နှာပေါ်တွင်ကား ‘ငါသိသားပဲ’ဟူသည့် အရိပ်အယောင် ထင်ဟပ်နေပေသည်။ ဤဖုန်းယွီသည် အလုပ်နှင့် ပတ်သက်သည့် ဒုက္ခမှန်သမျှ အခြားလူများထံ တွန်းပို့ထားချင်နေပေသည်။
လီကျယ်ခိုင် စိတ်ရှုတ်သွားတော့သည်။ ဖုန်းယွီသည် အများဆုံး ရင်းနှီးမြုပ်ထားပြီး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မလုပ်ချင်သလော။ အမှုဆောင် ဒါရိုက်တာသာ ဖြစ်ချင်သည်လော။ အမှုဆောင် ဒါရိုက်တာ မည်သို့ အသုံးဝင်ပေမည်နည်း။ ငွေရေးကြေးရေး စောင့်ကြည့်နိုင်သည့် အခွင့်အာဏာမှ လွဲ၍ အခြားကိစ္စများအတွက် အမှုဆောင်ဒါရိုက်တာသည် မည်သည့်အချိန်ကစ၍ ဥက္ကဋ္ဌ တစ်ယောက်ကဲ့သို့ ဘုတ်အဖွဲ့ကို စီရင်နိုင်ပေသနည်း။
သို့ရာတွင် ဖူကွမ်းကျန့် ပြောစကားများအား လီကျယ်ခန့် အမှတ်ရသည့်အခါ ဖုန်းယွီသည် ကုမ္ပဏီ ဘဏ္ဍာရေးအား စောင့်ကြည့်ရသည်ကို နှစ်သက်ပြီး အခြားမည်သည့်အရာကိုမှ မကိုင်တွယ်ချင်ချေ။ ဖုန်းယွီသည် ထူးဆန်းလွန်းလှပေသည်။ လီကျယ်ခိုင်သည် အခွင့်အာဏာ မလိုချင်သောသူကို သူ့တစ်သက်လုံး မမြင်ခဲ့ဖူးသေးချေ။ ဖုန်းယွီသည် ကုမ္ပဏီတွင် အာဏာအားလုံးကို တစ်စုံတစ်ယောက်က သိမ်းပိုက်သွားမည်ကို စိတ်မပူသူပေလော။
ဥက္ကဋ္ဌသည် ဗျူဟာမြောက် ဆုံးဖြတ်မှုများ ချမှတ်နိုင်ပြီး အကျိုးအမြတ်ရရှိလိုသည့် မည်သည့် ဘက်မဆို ရပ်တည်နိုင်ပေသည်။ ဖုန်းယွီ စိတ်မဝင်စားလေသလော။
လီကျယ်ခိုင် ဖူကွမ်းကျန့်ကို ကြည့်လိုက်သည်။ ဖူကွမ်းကျန့် မဆိုင်းမတွပင်..
“ငါ ဥက္ကဋ္ဌ ဖြစ်ချင်တယ်..”
လီကျယ်ခိုင် စကားသံထွက်မလာခင် ဖုန်းယွီက..
“ကောင်းပြီလေ.. ငါမင်းကို ထောက်ခံတယ်..”
လီကျယ်ခိုင် တွင် ပြောစရာ စကားမရှိတော့ချေ။ ဖုန်းယွီနှင့် ဖူမိသားစုတို့သည် ဤနေရာတွင် အတူပင် ဖြစ်ပေသည်။ ဥက္ကဋ္ဌရာထူးကို ရယူနိုင်ခြင်း မရှိချေ။ ဖူရုံပမ့်ကလည်း သူ့တူလေးကို ထောက်ခံပေလိမ့်မည်။ ဖူကွမ်းကျန့်သည်သာ ဥက္ကဋ္ဌ ဖြစ်လာပေလိမ့်မည်။ သို့ရာတွင် အာဏာများ ထိန်းညှိရန် မိမိသည် အထွေထွေ မန်နေဂျာ ဖြစ်သင့်ပေသည်။
-------*****--------
ဘာသာပြန်သူ . (NTP)