ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၄)
Vol. 37 Ch. 542
နောက်ဆုံး၌ မဟာလူသားလီ သူ့သားငယ်အား ထောက်ပံ့ရန် သဘောတူလိုက်ပေသည်။ လီကျယ်ခိုင် သူ့အတွက် ရင်းနှီးမြုပ်နှံရန် ဒေါ်လာသန်း(၂၀)ပေးခဲ့ပေသည်။ ရင်းနှီးမြုပ်နှံရန် နောက်ထပ် သန်း(၂၀) ပေးခဲ့ ခြင်းဖြစ်ပေသည်။ လီကျယ်ခိုင်ကို ရှယ်ယာ (၂၀)ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေး၍ သူသည် (၁၀)ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ ဝန်ထမ်းအချို့ကို သူတို့ကုန်တိုက်များမှ ရွေးချယ်၍ ကုမ္ပဏီအသစ်သို့ ပြောင်းရွှေ့ခြင်းမှာလည်း ပြဿနာ မရှိချေ။
ထို့အပြင် ကုမ္ပဏီမှ စေလွှတ်ခံ ရသူများတွင် အဆင့်မြင့် ဝန်ထမ်း(၂)ဦး ပါဝင်ပေလိမ့်မည်။ ရှယ်ယာများကို ထက်ဝက်ဈေးဖြင့် ဝယ်ယူနိုင်ပေလိမ့်မည်။ ပေးပို့ခံရသူများအတွက် ဆုလဒ်လည်း သတ်မှတ်နိုင်ပေသည်။
မဟာလူသားလီသည်လည်း တရုတ်ဈေးကွက်သို့ ဝင်ရောက်ချင်ပေသည်။ ဤလုပ်ငန်းကို စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပေသည်။ လီကျယ်ကျွီသည် ရင်းနှီးမြုပ်နှံရန် မလိုလားခဲ့ချေ။ ဤသည်ကလည်း သူ့ညီအတွက် အရိပ်အမြွက် ပြခြင်းဖြစ်သည်။ ဤပိုင်ဆိုင်မှုသည် နောင်တွင် သူ့အတွက် ကျန်ရစ်ပေလိမ့်မည်။ ထိုကိစ္စအတွက်နှင့် သူအငြင်းပွား နေမည် မဟုတ်ချေ။
လီကျယ်ခိုင်မှာမူ သူ့အဖေ သဘောကျသဖြင့် အလွန်ဝမ်းသာနေပေသည်။ သူသည်လည်း ရှယ်ယာပို ပိုင်ဆိုင်ထားလေသည်။
တစ်ချိန်တည်းမှာပင် ဖူကွမ်းကျန့်သည် သူ့ဦးလေး ဖူရုံပမ့်ထံမှ ဤလုပ်ငန်းနှင့်ပတ်သက်၍ လေ့လာသင်ယူမှုများ ပြုလုပ်နေပေသည်။
“မင်းပြောတာ လီမိသားစုလဲ ဒီလုပ်ငန်းမှာ သေချာပေါက် စွန့်စား ဝင်လာမယ် ဟုတ်လား.. မင်း သေချာပြီလား..”
ဖူရုံပမ့် မေးလိုက်ခြင်း ဖြစ်သည်။
“လီကျယ်ခိုင် ဒီလုပ်ငန်းမှာ သေချာပေါက် ပါလာလိမ့်မယ်… မဟာလူသားလီကိုတော့ အတည်မပြုနိုင်သေးဘူး.. ဒါပေမယ့် သူရင်းနှီးမြုပ်နှံဖို့ (၈၀)ရာခိုင်နှုန်းလောက် ရှိမယ်ထင်တယ်..”
“မင်း အဲ့ယုံကြည်မှု ဘယ်က ရလာတာလဲ..”
ဖူယုံပမ့် စားပွဲပေါ်မှ ဆေးပြင်းလိပ် ကောက်ယူလိုက်စဉ် ဖူကွမ်းဝေ့ ချက်ချင်း မီးညှိပေးလိုက်သည်။
ယနေ့ ဖူကွမ်းကျန့်သည် ဖူရုံပမ့်ကို တရုတ်နိုင်ငံတွင် ဖက်စပ် လုပ်ငန်းအသစ်တစ်ခုတွင် ရင်းနှီးမြုပ်နှံရေး စည်းရုံးရန် ရောက်နေပေသည်။ ဖူကွမ်းဝေ့၏ အရှက်မရှိမှုကိုလည်း လေ့လာခဲ့ရပေသည်။ သူသည် တစ်ဦးတည်းသော သားဖြစ်ပြီး မိသားစု ကုန်တိုက်လုပ်ငန်းများကို နောင်တွင် လွှဲပြောင်းရရှိမည့်သူ ဖြစ်သည်။ သူ့ညီမကို အခြားပိုင်ဆိုင်မှု အနည်းငယ်ကိုသာ ပေးအပ်ပေလိမ့်မည်။ သို့ရာတွင် သူ့ဖခင်သည် ဤရင်းနှီးမြုပ်နှံမှုကို သူ့နာမည်ဖြင့် ထားပါက အနာဂတ်တွင် သုံးစွဲနိုင်ရန် ငွေပိုရမည် ဖြစ်ပေသည်။
ဖူရုံပမ့် သူ့သားကို ကြည့်၍ ဆေးပြင်းလိပ် ယူလိုက်သည်။ သူ့သား မည်သည်ကို တွေးနေမှန်း သိနေပေသည်။ ဖူကွမ်းဝေ့သည် သူ့ကုမ္ပဏီတွင် မည်သည့် တာဝန်မှ မရှိဘဲ လစာမြင့်မြင့် ပေးထားခဲ့ပေသည်။ ဤသည်ကို ထောက်ပံ့ငွေအဖြစ်သာ သတ်မှတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤသည်ကို သားဖြစ်သူအတွက် လေ့ကျင့်ရေးတစ်ခုအဖြစ် သတ်မှတ်ရပေလိမ့်မည်။ သူ့သားသည် ကုမ္ပဏီ၏ လုပ်ငန်းများကို ဝင်စွက်ဖက်မည်လော၊ သို့တည်းမဟုတ် ငွေကြေးများ ခိုးယူမည်လော စောင့်ကြည့်ချင်သေးပေသည်။ ကံကောင်းသည်မှာ ဖူကွမ်းဝေ့ ထိုသို့ မလုပ်ခဲ့ချေ။ သို့ရာတွင် သူ့အပေါ် အလွန် စိတ်ပျက်ခဲ့ရလေသည်။
ဤသားအား ဒုတိယ အထွေထွေမန်နေဂျာ ရာထူး ပေးအပ်ခဲ့ပေသည်။ သို့ရာတွင် အပြုသဘောဆောင်သည့် အကြံပြုချက်များ တစ်ခါတစ်ရံမှ မပေးခဲ့ချေ။ ကျောင်းတွင် မည်သည်များ သင်ယူခဲ့ပေသနည်း။ ဤရင်းနှီးမြုပ်နှံမှုကို လိုချင်နေသေးသည်လော။ ဖူရုံပမ့်သည် သူ့သားအား နောက်ပိုင်းတွင် ထပ်မံ စမ်းသပ်ရန် ရည်ရွယ်ထားပေသည်။ သူအောင်မြင်ပါက ဤရင်းနှီးမြုပ်နှံမှုကို သူ့နာမည်ဖြင့် လွှဲပြောင်းပေးမည် ဖြစ်သည်။ သို့ရာတွင် နကန်း တစ်လုံးမှ မသိသေးဘဲ ရှယ်ယာများ လိုချင်နေပါက အိပ်မက်မှ လှုပ်နှိုးရပေလိမ့်မည်။
ဖူရုံပမ့်၏ အကြီးဆုံး အစ်ကိုက ဖုန်းယွီသည် သူထင်ထားသည်ထက် ပို၍ ဩဇာကြီးသည်ဟု ပြောထားပေသည်။ ဖုန်းယွီနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားနိုင်လျှင် ဖူမိသားစုသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့်လည်း သူတို့အား အခြားနည်းလမ်း များစွာဖြင့် ကူညီနိုင်မည် ဖြစ်ပေသည်။
ဖူရုံပမ့်၏ လုပ်ငန်းအချို့ တန့်သွားခဲ့သည်။ ဟောင်ကောင်တွင် ကုန်တိုက်များ တည်ထောင်ရန် သူ့အတွက် နေရာ မရှိတော့ချေ။ မကာအို၊ မလေးရှား စသည်ဖြင့် လုပ်ငန်း ချဲ့ထွင်ခဲ့ပြီး ယခုအခါ အာရှတွင် တရုတ်နိုင်ငံသည် တစ်ခုတည်းသော နေရာဖြစ်ပေသည်။
တရုတ်ဈေးကွက်သို့ ဝင်ရောက်မည့် သူ့ကုန်တိုက်မဟုတ်သော်လည်း ရှယ်ယာ ပိုင်ဆိုင်နေပေသေးသည်။ အတူတူသာပင်။ အရေးအကြီးဆုံးမှာ ဖူကွမ်းဝေ့ကို ဖုန်းယွီနှင့် ပိုမို ရင်းနှီးအောင် လုပ်နိုင်ပေသည်။ ကွမ့်ဝေ့သည် ဖူကွမ်းကျန့်ကဲ့သို့ ဖုန်းယွီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ပါက ဖုန်းယွီသည် သူ့လုပ်ငန်း အသစ်၌ ရင်းနှီးမြုပ်နှံခွင့် ရပေလိမ့်မည်။ ဖူရုံပမ့်သည် သူ့သား အနာဂတ်အတွက် စိတ်ပူရန် မလိုတော့ချေ။
“ကွမ်းဝေ့.. ကွမ်းကျန့်ပြောတာ မင်းကြားတယ်မို့လား.. ဘယ်လိုထင်လဲ..”
ဖူကွမ်းဝေ့ မျက်လုံးများ အရောင်လက်သွားသည်။ သူ့ဖခင် စမ်းသပ်နေသည်လော။ အဖြေကောင်းပါက ဤရင်းနှီးမြုပ်နှံမှုများကို ကိုင်တွယ်နိုင်မည်လော။
ဖူကွမ်းဝေ့ သူ့အတွေးများ စုစည်း၍..
“အဖေ.. ဒါ အခွင့်အရေးကောင်း တစ်ခုလို့မြင်တယ်.. ကျုပ်တို့ ကုန်တိုက်လုပ်ငန်းတွေ တန့်နေပြီ.. အမြတ်တွေ ရနေသေးတယ်ဆိုပေမယ့် ဒီထက်ပို မတိုးနိုင်တော့ဘူး.. ကျုပ်တို့တွေ ဟောင်ကောင်နဲ့ မကာအို နေရာကောင်း အားလုံးမှာ ကုန်တိုက်တွေ ဆောက်ပြီးသား.. မလေးရှားနဲ့ ထိုင်ဝမ်မှာလဲ စွန့်စား ပြီးသွားပြီ.. ဒါတောင် ရိုးရိုးသားသား ပြောရရင် အမြတ်ငွေက မျှယုံပဲ ရတယ်.. ရင်းနှီးမြုပ်နှံမှုက ရတဲ့ အမြတ်က အရမ်းနည်းလွန်းတယ်..”
ဖူရုံပမ့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့သားသည် သူတွေးထားသည့်အတိုင်း မဟုတ်ချေ။ အချိန်များ အလဟသ မကုန်ဆုံးခဲ့ချေ။ သူသည် ကုမ္ပဏီအကြောင်း အများကြီး သိနေပေသည်။
သူ့အဖေ အမူအရာကြည့်၍ ဖူကွမ်းဝေ့ ဝမ်းသာသွားသည်။ တစ်ချိန်က ဖုန်းယွီသည် သူ့မိသားစု စီးပွားရေးအကြောင်း လေ့လာ၍ သူ့အဖေရှေ့ ချပြရန် ပြောခဲ့ပေသည်။ ထို့ကြောင့် ကုမ္ပဏီအကြောင်း အားစိုက်လေ့လာခဲ့ပြီး ယနေ့ အသုံးချနိုင်ခဲ့ပေပြီ ဖြစ်သည်။
ဖူကွမ်းဝေ့ ပြောစကားများမှာ ကုမ္ပဏီ လက်ထောက်မန်နေဂျာ၏ စကားများနှင့် ထပ်တူကျနေပေသည်။ သူလုံးဝမသိချေ။ သို့ရာတွင် ထိုအရာများ လုပ်နိုင်ခဲ့ပေသည်။ အစ်ကို ကွမ်းကျန့် ပြောစကား မှန်ပေသည်။ ဖုန်းယွီနှင့် မိတ်ဆွေဖြစ်ပါက ကံကောင်းမှုများ ပိုင်ဆိုင်လာပေလိမ့်မည်။
“အဲ့ဒါကြောင့် ကျုပ်တို့ ကုမ္ပဏီ တိုးတက်ဖို့ဆို နည်းလမ်း (၂)ခုပဲရှိတယ်. ပထမ ဟောင်ကောင်၊ မကာအို အဲ့မှာရှိတဲ့ ကျုပ်တို့ ပြိုင်ဖက် ကုန်တိုက်တွေကို သိမ်းပိုက်ဖို့။ ဒါပေမယ့် ပေါက်ဈေး မြင့်မြင့် မပေးနိုင်ရန် သူတို့ပိုင်ထားတဲ့ နေရာကောင်းက ကုန်တိုက်တွေကို ရောင်းမှာ မဟုတ်ဘူး.. ကျန်တဲ့နေရာတွေက ကျုပ်တို့အတွက် အသုံးမဝင်သလို သိမ်းပိုက်နိုင်မယ် ဆိုရင်တောင် အကျိုးအမြတ်ရမှာ မဟုတ်ဘူး… ကုန်တိုက်တွေအတွက် နေရာက အရမ်းစကားပြောတယ်..
ဒုတိယနည်းလမ်းက ကုန်တိုက် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ဈေးကွက် အသစ်ဖောက်ဖို့ပဲ.. ဒါပေမယ့် ကွမ်းတုံ ပြည်နယ်ထဲက မြို့(၂)မြို့ကိုပဲ မျက်စောင်းထိုးနေကြတာ ကျုပ်သိတယ်.. အဲ့(၂)မြို့မှာ ကုန်တိုက်တွေ အများကြီး ရှိနေတဲ့အပြင် ကုန်တိုက်တွေမှာလဲ ပုံမှန်ဖောက်သည်တွေ ရျိတယ်.. အဲ့မြို့တွေကိုသာ သွားမယ်ဆိုရင် တော်တော်လေး တောင့်ခံထားနိုင်မှ ရမယ်.. အရေးအကြီးဆုံးက ကျုပ်တို့ စီးပွားရေးပုံစံက တရုတ်မှာ အလုပ် မဖြစ်လောက်ဘူး.. နောက်ဆုံးအနေနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ မတူတာတွေ များတယ်.. အောင်မြင်ဖို့ ခက်မှာ.. ကျုပ်တို့ လုပ်ငန်းအနေအထားနဲ့တော့ ကျရှုံးဖို့ မရှိပါဘူး.. မလေးရှားက ကုန်တိုက်တွေလိုတော့ ဖြစ်မှာပေါ့.. အရှုံးမပေါ်ပေမယ့် အမြတ်နည်းမှာလေ.. ကျုပ်တို့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်ရဖို့ အချိန် တော်တော် ကြာလိမ့်မယ်..
ဒါပေမယ့် အခုက မတူဘူး.. တခြားသူတွေနဲ့ ပေါင်းလုပ်မှာဖြစ်တဲ့အပြင် ဖူကွမ်းကျန့်က ဥက္ကဋ္ဌ ဖြစ်လာမှာလေ.. သူက ကုမ္ပဏီ အုပ်ချုပ်သူ ဖြစ်မှာ.. လီမိသားစုလဲ ဒီလုပ်ငန်းမှာ တစ်စိတ်တစ်ပိုင်း ပါမှာ ဖြစ်ပေမယ့် ကုန်တိုက် လုပ်ငန်းရဲ့ လုပ်ပိုင်ခွင့်က ကျုပ်တို့နဲ့ ယှဉ်လို့မရဘူး.. သူတို့မှာက ကုန်တိုက်အသေးစားတွေဆိုတော့ လက်လီ ဆိုင်လေးတွေနဲ့ ပိုတူတာ.. အခုလုပ်မှာက ကုန်တိုက်ကြီးတွေလေ.. ဒီတော့ လုပ်ငန်းထဲက ကုန်တိုက်အသစ်တွေမှာ ကျုပ်တို့လူတွေ သုံးရလိမ့်မယ်.. အရေးအကြီးဆုံးက ကျုပ်တို့မှာ လီမိသားစုထက် သွင်းကုန် အင်အားစု ပိုများတယ်.. ထိုင်ဟွာကုန်တိုက်က ကျုပ်တို့ရဲ့ သွင်းကုန်တွေ အများကြီး သုံးရမှာဆိုတော့ အဲ့ကနေ ကျုပ်တို့ ဝင်ငွေ မရနိုင်ပေမယ့် ကျုပ်တို့ကုန်တိုက်ကို သူ့တို့ ပစ္စည်းတွေ တင်သွင်းတဲ့အချိန် လျော့ဈေး တောင်းလို့ရတယ်.. ဒါဆို ကုန်ကျစရိတ် လျော့ချနိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းနဲ့ အမြတ်ငွေ တိုးလာမှာ အမှန်ပဲ..
“နောက်တစ်ခု ရှိသေးတယ်.. အခုဆို တရုတ်က ပြီးခဲ့တဲ့ ဆယ်စုနှစ်က ဟောင်ကောင်နဲ့ အတူတူပဲ.. ကုန်တိုက်လုပ်ငန်း စလုပ်တုန်းက ကျုပ်တို့တွေ ဘယ်လောက်တောင် မြတ်ခဲ့လဲ.. အစ်ကို ကွမ်းကျန့်နဲ့ ကျုပ် အမြင်တူထားတာ တစ်ခုရှိတယ်.. ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုမှာ ရင်းနှီးမြုပ်နှံပြီး (၅)နှစ်ကြာရင် ကျုပ်တို့ ရင်းနှီးမြုပ်နှံမှုကနေ အမြတ်ငွေ (၁၀)ဆထက်တောင် ပိုလိမ့်အုံးမယ်..”
ဖူကွမ်းကျန့်ပင် ဘာမှ မပြောနိုင်အောင် ထိတ်လန့်သွားမိသည်။ ဖူကွမ်းဝေ့ကို သူကြည့်လိုက်မိသည်။ မိသားစု လုပ်ငန်းကို မည်သည့်အချိန်ကတည်းက စသိလာခဲ့သနည်း။ ဦးလေး အမူအရာအရ သားဖြစ်သူ အဖြေကို သဘောကျ ကျေနပ်နေကြောင်း ပြောနိုင်ပေသည်။
ဖူကွမ်းဝေ့ ကောင်းကောင်း ပြောင်းလဲသွားပေပြီလော……….။
-------*****--------
ဘာသာပြန်သူ . (NTP)