ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၆)
Vol. 37 Ch. 544
စာချုပ်တွေ ချုပ်ကြတော့မယ်လို့ အားလုံးထင်တဲ့အချိန် မဟာလူသားလီရဲ့ လက်ထောက် မစ္စတာစု ရုတ်တရက် မေးလိုက်တယ်..
“မစ္စတာဖုန်း.. မင်းတို့တွေ ဒီလောက် ကြီးတဲ့ ကုန်တိုက်တွေ တပြိုင်တည်း တည်ဆောက်ချင်နေကြတယ်.. မ်ငး ကုန်တိုက်တွေရဲ့ ဈေးကွက်အနေအထားကို ငါမေးလို့ရမလား..”
“ဈေးကွက်အနေအထားလား.. တစ်နေရာတည်းမှာ ဈေးဝယ်နိုင်မယ့် သဘောတရားကို ဖန်တီးမှာ.. ကျုပ်တို့ သာမန် ကုန်တိုက်တွေ စီမံခန့်ခွဲရမှာမဟုတ်ဘူး.. မဟာကုန်တိုက်တွေ ဆောက်နေတာ.. ဈေးနှုန်း၊ အမျိုးအစားစုံ၊ အရည်အသွေး၊ ယုံကြည်မှု၊ ဖောက်သည် ဝန်ဆောင်မှုနဲ့ တခြား အစီအစဉ်တွေနဲ့ ဖောက်သည်တွေကို စိတ်ကျေနပ် စေရမယ်.. ကျုပ်တို့က ဖောက်သည်ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးချင်တယ်.. ထိုင်ဟွာ ကုန်တိုက်တွေက ဘယ်မြို့မှာမဆို အကောင်းဆုံး မဟာကုန်တိုက်တွေ ဖြစ်လာမယ့်အပြင် မြို့တော်ရဲ့ အထင်ကရ နေရာ ဖြစ်လာရမယ်..”
ဖုန်းယွီ သူ့ယခင်ဘဝက (Carrefour) ကို အတုခိုးလိုက်ခြင်းပင်။ (Carrefour)သည် မဟာကုန်တိုက်များကို ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး ဥရောပနှင့် ကမ္ဘာ့နံပတ်(၂) မဟာကုန်တိုက် ကွင်းဆက်လည်း ဖြစ်ပေသည်။ (Carrefour) သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ပြီးနောက် တရုတ် ကုန်တိုက်လုပ်ငန်း၏ ထိပ်တန်းနေရာသို့ ရောက်လာခဲ့သည်။ သူတို့၏ စီမံချက် အလွန်အောင်မြင်ခဲ့ပေသည်။
မစ္စတာစု မျက်မှောင်ကြုတ်လိုက်သည်။ မြို့၏ အထင်ကရ နေရာလော။ သူတို့၏ ရည်မှန်းချက် မြင့်မားလွန်းလှသည်။ ကုန်တိုက်တစ်ခုသည် မြို့တော် အထင်ကရနေရာတစ်ခု ဖြစ်လာရန် လွယ်ကူမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ထိုပန်းတိုင်ကို ရောက်ရန် မည်သို့မျှ မလွယ်ကူချေ။ ဈေးနှုန်း၊ အမျိုးစားစုံ၊ အရည်အသွေး၊ ယုံကြည်မှုနှင့် ဖောက်သည် ဝန်ဆောင်မှုကို ဂရုစိုက်ရန် စွမ်းအင်များ လိုအပ်မည် ဖြစ်သည်။ ရည်မှန်းချက်သည် မြင့်မား လွန်းနေသည်လော။ မစ္စတာစု ထပ်မံ၍..
“ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းတွေ မင်းလိုချင်တဲ့အပြင် ကုန်ပစ္စည်းမျိုးစုံ တင်ချင်သေးတာလား.. ဒါဆို အမြတ်ကရော ဘယ်မှာလဲ..”
အရည်အသွေးကောင်း ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ မသေးချေ။ ကုန်ပစ္စည်းမျိုးစုံရှိရန်မှာ လူကြိုက်နည်းသည့် ကုန်ပစ္စည်းအနည်းငယ် စင်ပေါ်တင်ထားရပြီ သက်တမ်းကုန်သွားနိုင်ပေသည်။ အလေအလွင့်များ၍ ကုန်ကျစရိတ်လည်း တိုးလာပေလိမ့်မည်။ မည်သို့ မြတ်နိုင်မည်နည်း။
ဖုန်းယွီ မစ္စတာစုကို ပြုံးပြရင်း ကျန်လူများကို ဝေ့ကြည့်လိုက်သည်။ သူ့အဖြေကို အားလုံး စိတ်ဝင်စားနေကြပုံပင်။ ဤကိစ္စအတွက် ထိုလူများသည် သူမရောက်ခင် ဆွေးနွေးခဲ့ကြပုံပင် ဖြစ်ပေသည်။
“ဘာလဲ.. အဲ့မေးခွန်းရဲ့ အဖြေကို မင်းတို့ မသိကြဘူးပေါ့.. ငါတို့ရဲ့ ကုန်တိုက် တည်နေရာ ငှားမယ်ဆို ဘယ်လောက် ကုန်ကျနိုင်လဲ.. ပွဲစီစဉ်မှုတွေကရော.. ကုန်တိုက်တစ်ခုအတွက် ယွမ်သန်း(၁၀၀)သုံးဖို့ ကျုပ်တို့ သတ်မှတ်ထားတယ်.. ကျုပ်တို့အနေနဲ့ အဓိကက မဟာကုန်တိုက် ဖွင့်နိုင်ဖို့ပဲ.. ကျန်နေတဲ့ နေရာတွေကို ငှားလို့ရတယ်.. ကျုပ်တို့ မဟာကုန်တိုက်က ဖောက်သည်တွေကို ဆွဲဆောင်လာနိုင်တာနဲ့ နေရာငှားခ နည်းမယ် ထင်လား..
မဟာကုန်တိုက်ပေါင်း (၂၀)ထက်မနည်း တပြိုင်တည်းဖွင့်ထားတာ.. ကျုပ်တို့က ထုတ်လုပ်သူတွေအတွက် ကြီးမားလွန်းတဲ့ ဈေးကွက်လမ်းကြောင်းကြီးတစ်ခုလေ.. ဘာလို့ ပစ္စည်းတင်ခ မကောက်နိုင်ရမှာလဲ..”
မစ္စတာစု ကြားဖြတ်၍..
“ခနလေး.. နေရာငှားခကိစ္စနားလည်ပါတယ်.. ပစ္စည်းတင်ခ ဆိုတာ ဘာလဲ..”
“ရိုးရိုးလေးပြောရရင် ကျုပ်တို့ရဲ့ ဆိုင်ကို ဝင်ကြေးပဲပေါ့.. ကျုပ်တို့ ကုန်တိုက်မှာ ရောင်းချင်တဲ့ ထုတ်ကုန်တွေကို ထုတ်ကုန်အမှတ်တံဆိပ် နာမည်ကျော်ကြားမှုအပေါ် မူတည်ပြီး အမျိုးအစားခွဲခြားမယ်.. အမှတ်တံဆိပ် နာမည်ကျော်လေ အခကြေးငွေ နည်းလေပဲ.. အမှတ်တံဆိပ် နာမည်မရှိလေ အခကြေးငွေ များလေလေပေါ့.. အဲ့ဒါ သူ့တို့ ထုတ်ကုန်တွေ ပြဖို့အတွက် ကျုပ်တို့ ကုန်တိုက် နေရာကို သုံးလို့ပဲပေါ့..”
မစ္စတာစုအပါအဝင် အားလုံး ငုတ်တုတ်မေ့သွားသည်။ ဖုန်းယွီ ထိုအကြံအစည်မျိုး ကြံစည်ရဲပေသည်။ ဝင်ကြေး ကောက်ခံမည်လော။ ထင်ရှားကျော်ကြားသော ကုန်တိုက်များသာ ပြုလုပ်နိုင်ပေလိမ့်မည်။ ၎င်းတို့၏ ကုန်တိုက်သည် အသစ်ဖြစ်၍ လူသိပ်မသိကြသေးချေ။ ထို့အပြင် ၎င်းတို့သည် ကုန်တိုက် တစ်ခုသာ ဖြစ်ပေသည်။ ကုန်ပစ္စည်း ပေးသွင်းသူများသည် သူတို့ထံ ပစ္စည်းတင်ရန် အဘယ့်ကြောင့် အခကြေးငွေ ပေးဆောင်ချင်မည်နည်း။
“မင်းတို့အားလုံး.. မယုံဘူးပေါ့.. ငါတို့ရဲ့ မဟာကုန်တိုက်တွေကို တရုတ် မီဒီယာမှာ ဖော်ပြမယ်ဆိုရင် ဘယ်လို ဖြစ်သွားမလဲ.. တကယ်လို့ ငါတို့ မဟာကုန်တိုက်တွေကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေ လာလည်မယ်ဆိုရင်ရော.. သွင်းကုန်သမားတွေ သူတို့ဆီက အခကြေးငွေ ကောက်ခံတာ ငြင်းမယ်ထင်လား..”
ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့ ရုတ်တရက် မျက်နှာဝင်းသွားကြသည်။ ဖုန်းယွီက သူတို့၏ ကုန်တိုက်များကို CCTV တွင် ပြနိုင်သည်ဟု ပြောခဲ့ဖူးသည်ကို မှတ်မိသွားကြသည်။ CCTV သည် တရတ်နိုင်ငံ၏ အမျိုးသား ရုပ်မြင်သံကြားဌာန ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် သိသိသာသာ သက်ရောက်နိုင်ပေသည်။ ဤကိစ္စ အဆင်ပြေပါက ကုန်ပစ္စည်းတင်ခ ရမည်မှာ နည်းမည် မဟုတ်ချေ။ နေရာငှားခလည်း တိုးလာပေလိမ့်မည်။
မစ္စတာစုမှ ဆက်လက်၍..
“ဒီလိုသာဆို ကုန်ပစ္စည်းတင်ခကနေ ကျုပ်တို့အတွက် ဝင်ငွေမြင့်လာလောက်မယ်.. နောက်ထပ်ရှိသေးလား..”
“ဒါပေါ့.. ဥပမာ.. ကျုပ်တို့တွေ အရောင်းမြင့်တင်ရေး မော်ဒယ်များ သုံးနိုင်သေးတယ်ါ.. ကျုပ်တို့ ကုန်တိုက်တွေ ဖောက်သည်တိုးလာဖို့ နေ့တိုင်း အရောင်းမြှင့်တင်ရေး အစီအစဉ်များ ရှိရမှာပေါ့.. သွင်းကုန် သမားများတွေ သူတို့ ထုတ်ကုန် ကမ်းလှမ်းဖို့ အလှည့်ကျစနစ်နဲ့ သွားရမယ်.. ဈေးကွက်ရှာဖွေရေးဝန်ဆောင်ခ ပေးရမယ်.. အရောင်း မြှင့်တင် ကာလအတွင်း ကျုပ်တို့က လျှော့ဈေးနဲ့ နေရာကောင်းမှာ ထားပေးရမယ်.. ဒါက ကုမ္ပဏီအမှတ်တံဆိပ် လူတွေသိဖို့ ပိုကောင်းတယ်လေ..”
မစ္စတာစု မျက်မှောင်ကြုတ်၍..
“ဇွတ် အရောင်းမြှင့်တင်မှာလား.. ပြောချင်တာက ငါတို့ ကုန်တိုက်တွေက ဖောက်သည်တွေနဲ့ အမြတ်ငွေ များဖို့အတွက် သွင်းကုန်သမားတွေ ဆုံးရှုံးမှု ခံရမှာပေါ့.. ဒီကိစ္စ သူတို့တွေ သဘောတူမှာ သေချာရဲ့လား..”
ဖုန်းယွီ ခေါင်းမော့ ရင်ကော့၍ မျက်နှာထား တင်းတင်းဖြင့်..
“သူတို့ သေချာပေါက် သဘောတူမှာပါ.. ကျုပ်အာမခံနိုင်တယ်.. ကျုပ်တို့က တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကုန်တိုက် ဖြစ်လာမှာဆိုတာ မမေ့နဲ့အုံး.. ကျုပ်တို့မှာ ဖော်သည်အများဆုံးနဲ့ အရောင်းပမာဏအကောင်းဆုံး ရှိနေမှာပဲ.. ပြီးတော့ သွင်းကုန်သမားတွေ သူတို့ ထုတ်ကုန်တွေအပေါ် အလှည့်ကျ လျှော့ဈေးပေးရမယ်.. နေ့တိုင်း အရောင်းမြှင့်တင်ချင်လို့ မရဘူး.. တခြားသွင်းကုန်သမားတွေကိုလဲ အလှည့်ပေးမှ အကျိုးရှိမယ်လေ.. ဒါက ကြော်ငြာဖို့အတွက် စုပေါင်းအားထုတ်မှု တစ်ခုပဲလေ.. သဘောမတူရင် ဘယ်သူပဲဖြစ်ဖြစ် သူတို့ ကုန်ပစ္စည်းကို ရောင်းချခွင့် မပေးဘူး..”
၎င်းသည်မှာ ဖြစ်နိုင်သည်ဟု မစ္စတာစု ယူဆမိသော်လည်း ပကတိ အခြေအနေအပေါ် မူတည်နေအုံးမည် ဖြစ်သဖြင့်..
“နောက်ထပ်ရော ရှိသေးလား..”
“ရှိတာပေါ့.. စုပေါင်း ကြော်ငြာ ပုံစံလေ.. ဥပမာအနေနဲ့ ပွဲတော်၊ ရုံးပိတ်ရက်တွေမှာ လက်ကမ်းစာစောင်တွေ ဝေငှပေးမယ်.. လက်ကမ်း စာစောင်တွေမှာ သူတို့ရဲ့ ထုတ်ကုန်ပြချင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကြော်ငြာခနဲ့ လက်ကမ်းစာဆောင် ဖြန့်ဝေပေးသူတွေအတွက် လုပ်အားခပေးရမယ်… ကျုပ်တို့က ကုန်ပစ္စည်းတွေ ပြသဖို့ သွင်းကုန်သမားတွေအတွက် အတန်းလိုက် တစ်နေရာ အလွတ်သီးသန့် ထားပေးရမယ်.. အဲ့နေရာက လူအများဆုံး အာရုံစိုက်ပြီး ဆွဲဆောင်နိုင်ဆုံးဖြစ်ပြီး သူတို့ရောင်းအား တိုးနိုင်လိမ့်မယ်.. သွင်းကုန်သမားတွေ အဲ့နေရာကို အလကားသုံးလို့မရဘူး.. အဲ့နေရာကိုလိုချင်ရင် နေရာကြေးပေးရမယ်..”
ဖုန်းယွီ ယခင်ဘဝ၌ ကုန်တိုက်များတွင် တစ်နေ့တာဝင်ငွေသည် ထောင်ဂဏန်းကျော်နှင့် သောင်းဂဏန်းကျော်သည့် ကုန်တိုက်များတွင် အချို့သော နတ်ဘုရားထုတ်ပိုးသူများ ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကုန်ပစ္စည်း ထုတ်ပိုးမှု နည်းလမ်းများသည် ဖောက်သည်များ၏ အာရုံစိုက်မှု ခံရပြီး အမှတ်တံဆိပ် လူသိများနိုင်သောကြောင့် ဖြစ်ပေသည်။
“နောက်ဆုံးအနေနဲ့ ကျုပ်တို့ ကုန်ပစ္စည်းတွေက အလတ်ဆတ်ဆုံးတိုသာ သေချာစေရမယ်.. အဲ့ထုတ်ကုန်တွေကို တောင်သူတွေဆီကနေ တိုက်ရိုက် ရနိုင်သလို ထောက်ပံ့ရေးအခြေခံအဖြစ်လဲ တည်ဆောက်နိုင်သေးတယ်.. အလယ်အလတ် ကုန်သည်တွေဆိုတာ မရှိတော့ဘူး.. ဖောက်သည်တွေက သူတို့တွေ နေ့တိုင်း ကုန်ပစ္စည်းမျိုးစုံ ဝယ်ဖို့ ကျုပ်တို့ကုန်တိုက်ကို လာအောင်လုပ်ရလိမ့်မယ်.. အသီးအရွက်၊ သားငါး အစရှိသဖြင့် ဝယ်ကြပြီး ဆား၊ ဆီ၊ အဲ့လိုမျိုး တခြားပစ္စည်းတွေ တခါတည်း ဝယ်နိုင်လိမ့်မယ်.. အဲ့ပစ္စည်းတွေ ဝယ်တဲ့အခါမှာလဲ နို့၊ ဝက်ပေါင်ခြောက်၊ ခေါက်ဆွဲခြောက် အဲ့လိုမျိုးတွေကို အနားပတ်ဝန်းကျင်မှာ တွေ့နေရလိမ့်မယ်.. ဒီတော့ ဖောက်သည်က သခွားသီး(၂)လုံး လာဝယ်တယ်ဆိုရင်တောင် တခြားပစ္စည်းတွေ အများကြီး ဝယ်မိကြမှာပဲ..
တရုတ်မှာ ကုန်ပစ္စည်းမျိုးစုံအတွက် ပေးသွင်းသူအများကြီး ကျုပ်သိခွင့်ရခဲ့တယ်.. ဒီပစ္စည်းတွေကို ဈေးဘယ်လောက်ထိ သက်သာနိုင်မယ်ဆိုတာ မပြောချင်တော့ဘူး.. မင်းတို့တွေ အားလုံး သွင်းကုန်ပစ္စည်းတွေ ထောက်ပံ့ပြီး ဖောက်သည် ပိုများလာလိမ့်မယ်.. မစ္စတာစု မေးစရာ ရှိသေးလား..”
“ငါ့မှာ မေးစရာမရှိတော့ဘူး.. မစ္စတာဖုန်းက ငါ့သူဌေးပြောသလိုပါပဲလား.. ဒါမျိုး ဘယ်မှာမှ စိတ်ကူးမယဉ်နိုင်ဘူး ထင်ခဲ့တာ… မင်းကတော့ အကုန်စီစဉ်ထားပြီးနေပြီပဲ…”
မစ္စတာစု စကားဆုံးသည့်အခါ လီကျယ်ခိုင်ဘက် လှည့်လိုက်သည်။ လီကျယ်ခိုင်လည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ လီမိသားစုသည် ဤလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဆိုသည့် အရိပ်အယောင်ပြမှုပင်။
-------*****--------
ဘာသာပြန်သူ . (NTP)