← Chapters

ဖူမိသားစု

Vol. 37 Ch. 551

ဖူမိသားစု

Vol. 37 Ch. 551

ဖူရုံချီ ဖုန်းချလိုက်သည်။ အိတ်ချိန်း (စတော့ရှယ်ယာ အလွှဲအပြောင်းဝန်ဆောင်မှု) မှလူများသည် ယနေ့ အမှာစာများစွာ လက်ခံရရှိထားကြောင်း ပြောခဲ့ပေသည်။ အမှာစာအားလုံးမှာ ရွှေတစ်မျိုးတည်းဖြစ်ပြီး စုစုပေါင်း ဟောင်ဒေါ်လာ (၁.၃)ဘီလီယံ ကျော်ပေသည်။

ထိုအချိန်တွင် ဖုန်းယွီသည် ဖူရုံချီအား..

“ဦးလေးချီ၊ ကျုပ်ကတော့ ရင်းနှီးမြုပ်နှံဖို့ ကျုပ်ရသမျှအကုန် သုံးလိုက်ပြီ.. ဟောင်ဒေါ်လာ (၁)ဘီလီယံကျော် ရင်းနှီးမြုပ်နှံပြီး (၁၀)ဆ တိုးလိုက်တယ်။ အရောင်းဈေးနှုန်းက (၂၈၅)ကန်ဒေါ်လာအထက် သတ်မှတ်ထားတယ်”

နောက်ပိုင်းတွင် ဖူရုံချီ သူ့အပေါ် ယုံကြည်မှု တိုးလာနိုင်မည်ဟု ဖုန်းယွီ ယုံကြည်ထာပေသည်။ ဖုန်းယွီနောက်သို့ မျက်စိမှိတ် လိုက်မည်မဟုတ်သော်လည်း ဖုန်းယွီအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုပါက ဖူရုံချီ ငြင်းပယ်မည် မဟုတ်ချေ။

ဖုန်းယွီ မသိသေးသည်မှာ ဖူရုံချီအနေဖြင့် သူ့ကို အလွန်ယုံကြည်နေပြီး ဖြစ်သည်ကိုပင်။ ဖူရုံချီသည် သူ့အမေရိကန် စတော့ရှယ်ယာအများစုကို ရောင်းချခဲ့ပြီး ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် ပြင်ဆင်ခဲ့သည်။

ဖူရုံချီက သူ့ညီအစ်ကို (၃)ယောက်ကိုလည်း ဖုန်းဖြင့် သတင်းပေးလိုက်တော့သည်။

……

ဖူရုံချွီသည် သူ့အကြီးဆုံး အစ်ကိုထံမှ ဖုန်းလက်ခံရသည့်အခါ သူ့စားပွဲပေါ်ရှိ တင်ပြချက်များအားလုံး လက်စဖြတ်၍ ရုံးခန်းအတွင်း ထိုင်လိုက်သည်။ တင်ပြချက်များကို ဘေးဖယ်ထိုက်လိုက်တော့သည်။ ဤတင်ပြချက်သည် မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ အမြတ်အစွန်းနည်းပါးလွန်းသဖြင့် အမြတ်အစွန်းရမည့် အချိန်ကြာမြင့် လွန်းလှ ပေသည်။ ငွေကြေးဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှုသည် ပိုမို မြန်ဆန်ပြီး အမြတ်ငွေ မြင့်မားလှပေသည်။

ဖူရုံချွီ ဖူရုံချီ၏ ပွဲစားတစ်ဦးဖြစ်သော သူ့ပွဲစားကို ဖုန်းဆက်၍..

“အဘိုးကြီးဟူ.. ရွှေရင်းနှင်းမြုပ်နှံမှုမှာသုံးဖို့ ငါ့အကောင့်ထဲက ငွေတွေ အားလုံး သုံးလိုက်.. (၁၀)သုံးပြီး အစ်ကိုပြောသလိုပဲ ရောင်းဈေးကို (၂၈၅)ကန်ဒေါ်လာ သတ်မှတ်ထားလိုက်”

မနေ့က ဖူရုံချီသည် ဖူရုံချွီကို ဖုန်းယွီက သူနှင့်အတူ ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။ ဖူရုံချီ ယနေ့နံနက် ခင်းတွင် သူရနိုင်သမျှ ငွေကြေးအားလုံးကို သူ၏ ကုန်သွယ်ရေး အကောင့်ထဲသို့ ချက်ချင်း လွှဲပြောင်းခဲ့ပေသည်။

ဖူရုံချွီသည် ညီအငယ်ဆုံးဖြစ်ပြီး ယခင်က သူ့ပိုက်ဆံအားလုံး ဆုံးရှုံးသွားသည်ကို သတိရမိသည်။ သို့ရာတွင် ညီအငယ်ဆုံးသည် ဘဏ်နှင့်သူငယ်ချင်းများထံမှ ပိုက်ဆံချေး၍ ဆုံးရှုံးသွားသော ရင်းနှင်းမြုပ်နှံမှုများ ပြန်ရခဲ့ပေသည်။ ဖူရုံချွီလည်း ထိုစဉ်က ရင်းနှီးမြုပ်နှံခဲ့ပေသည်။ သို့ရာတွင် အများအပြား ရင်းနှီးမြုပ်နှံမှု မရှိသဖြင့် အမြတ်အစွန်း များများ မရခဲ့ချေ။

ယခုအချိန် သူ့အစ်ကို အကြီးဆုံးနှင့် ဖုန်းယွီ ရင်းနှီးမြုပ်နှံမည်ဟု သိရသည့်အခါ ဤအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ ယခုအချိန်တွင် အလွန်ရဲရင့်ခဲ့ပြီး သူ့ပိုက်ဆံ အဆပေါင်းများစွားတိုးရန် အခွင့်အရေး ဖြစ်ပေသည်။ အစ်ကိုကြီး၏ ကန့်ကွက်မှုကြောင့်သာ မဟုတ်ပါက သူ့အရှိန်အဝါတိုးမြှင့်ရန် မှောင်ခို ဈေးကွက်သို့ပင် သွားရောက်မိပေလိမ့်မည်။

……

“ဟုတ်ပြီ.. ဖုန်းယွီ အမိန့်ပေးသွားတယ်ပေါ့.. ငါ ငွေအသင့်ပြင်ထားပြီးပြီး အမှာစာတင်ဖို့ ငါ့ပွဲစား ခေါ်လိုက်တော့မယ်”

ဖူရုံပမ့်သည် သူ့အစ်ကို အကြီးဆုံး၏ ဖုန်းခေါ်ဆိုမှု လက်ခံပြီးနောက် သူ့ပွဲစားကို ချက်ချင်းခေါ်လိုက်သည်။ သူ့အကောင့်ရှိ ရန်ပုံငွေအားလုံးကိုသုံး၍ ရွှေဈေးကွက် ရင်းနှီးမြုပ်နှံရန် (၁၀)ဆတိုးဖြင့် ဝယ်ရန်ပြောလိုက် တော့သည်။ ရောင်းဈေး (၂၈၆)ကန်ဒေါ်လာ သတ်မှတ်လိုက်ပေသည်။

ဖုန်းယွီသည် အံ့ဖွယ်ရာများ လုပ်ခဲ့သူဖြစ်သည်။ သူ့ရောင်းဈေးသည် (၂၈၅)ကန်ဒေါ်လာ ဖြစ်သည်။ ထို့ကြောင့် (၂၈၆)ကန်ဒေါ်လာသည် စိတ်ချရလောက်ပေသည်။ ဤသည်မှာ ရှားရှားပါးပါး အခွင့်အရေး တစ်ခုဖြစ်ပြီး ဖူရုံပမ့် အကောင်းဆုံး အသုံးချချင်နေပေသည်။

ဖူကွမ်းဝေ့၏ အကောင့်တွင် ပိုက်ဆံ အနည်းငယ်ရှိနေသေးသည်။ ထိုငွေများကို ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု တွင် ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားသည်။ သို့ရာတွင် ထိုငွေများ သုံးရန် မလိုသေးချေ။ ယခု ရွှေဈေးတွင် ရင်းနှီးမြုပ်နှံရန် ကောင်းကောင်း သုံးနိုင်သေးသည်။ ဤငွေပမာဏကို လိုအပ်လာပါကုန်သွယ်ရေးမှ ဖြေရှင်းနိုင်လောက်ပေသည်။

……

ဖူရုံကျင့်သည်လည်း သူ့အစ်ကိုကြီးထံမှ သတင်းရပြီးနောက် သူ့အစ်ကိုနှစ်ယောက်ထက်ပင် ပို၍ ရူးသွပ်သည့် ကိစ္စတစ်ခု လုပ်ခဲ့ပေသည်။ သူ့သားနှစ်ယောက်စလုံးထံမှ ရနိုင်သည့် ငွေအားလုံး လွှဲခိုင်းရုံတင်မက သူ့ကုမ္ပဏီမှ ရနိုင်သမျှ အဆုံးစွန်ပင် ထုတ်ယူခဲ့သေးသည်။ သူသည် သူ့ကုမ္ပဏီလည်ပတ်မှု ကုန်ကျစရိတ်အတွက် နောက်ပိုင်းတွင် ဘဏ်ချေးငွေရယူရန် ကြံစည်ထားပေသည်။ မည်သို့ပင် ဖြစ်စေ သူ့အစ်ကို အကြီးဆုံးသည် ဤရင်းနှီးမြုပ်နှံမှုကာလသည် (၂)လထက် မပိုနိုင်ဟု ပြောခဲ့သေးသည်။

ဖုန်းယွီနောက်လိုက်၍ ရင်းနှီးမြုပ်နှံရန် ဖူရုံကျင့် ဤတစ်ကြိမ်တွင် ရဲရင့်နေပေသည်။ ဆုံးရှုံးမှုများ ပြန်လည် ရယူလိုနေခြင်းကြောင့်လည်း ဖြစ်ပေသည်။ ယခုအချိန်တွင် သူ့ဆုံးရှုံးမှုများ ပြန်လည်ရယူ၍ အစ်ကို အကြီးဆုံးထံမှ ချေးထားသောငွေနှင့် အမြတ်ငွေအနည်းငယ် ရှိနေပေသည်။

ဖူရုံကျင့် ဤသည်ကို တွေးနေသည်။ မကြာခင်က သူသည် ဖုန်းယွီကို အပြစ်မလုပ်ခဲ့ချေ။ သူ့သား ကွမ်းကျန့်နှင့် အစ်ကို(၃)ဖြစ်သူ ဖုန်းယွီနှင့် ဖက်စပ်လုပ်ကိုင်ခဲ့ပေသည်။ ဖုန်းယွီသည် သူတို့ကို ကလိန်ကျရန် အကြောင်းမရှိချေ။

ဖူရုံကျင့် သူ့အစ်ကို(၁)ကို မေးကြည့်သည့်အခါ ဖုန်းယွီသည် ဟောင်ဒေါ်လာ(၁)ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားပြီး (၁၀)ဆနှုန်း သုံးခဲ့သည်ကို သိခဲ့ရသည်။ ဖုန်းယွီသည် ဤကဲ့သို့ ရင်းနှီးမြုပ်နှံရန် သတ္တိရှိနေပါက သူလည်း လုပ်နိုင်ပေသည်။ သူ့အစ်ကိုမှ ရွှေဈေး ဆက်တက်ဦးမည် ဆိုထားပေသည်။

ဖူရုံချီက ဖုန်းယွီသည် ရွှေဈေးနှုန်း (၂၈၅)ကန်ဒေါ်လာထက် ပိုတက်လာနိုင်သော်လည်း ဈေးနှုန်းမှာ အနည်းဆုံး (၂၈၀)ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ညီအစ်ကိုများ ကြိုက်သလို ဆုံးဖြတ်ခိုင်းထားပေသည်။

ဖူရုံချီသည် သူတို့အား သီးသန့်ဟု သဘောထားသည့်အတွက် တိုက်ရိုက် ရင်းနှီးမြုပ်နှံရန် ကူညီမည် မဟုတ်ချေ။ သို့ရာတွင် ဈေးကွက်အတွက် အသုံးဝင်မည့် အချက်အလက်များ ရှိနေပါက သူ့ညီများကို ပြောပြခဲ့ပေသည်။ သူ့ညီများ၏ ကုန်သွယ်မှုအကောင့်အားလုံးကို သူ့ကုမ္ပဏီရှိ ပွဲစားများ ကိုင်တွယ်ခဲ့ပြီး ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို ပုဂ္ဂိုလ်ရေးအရ စီမံခန့်ခွဲရန် မကူညီခဲ့ချေ။

ဖူရုံကျင်း ခနစဉ်းစားပြီးနောက် သူ့သားများအား ရောင်းဈေး (၂၈၅)ကန်ဒေါ်လာ သတ်မှတ်ရန် ပြောလိုက်သည်။ သူ့ငွေများ ကစားရာတွင် အနိမ့်ဆုံးရောင်းဈေး (၁၈၆)ကန်ဒေါ်လာမှ အမြင့်ဆုံး (၂၉၀) ကန်ဒေါ်လာထိ ဖြစ်ပေသည်။

ဖူရုံချီသည် ညီအစ်ကို (၄)ယောက်တွင် ရဲရင့်ဆုံးဖြစ်ပေသည်။ ယခင်က သူ့ပိုင်ဆိုင်မှုများအားလုံးနီးပါး ဆုံးရှုံးခဲ့ရပြီး ဤတစ်ကြိမ်တွင်လည်း သူ့ပိုက်ဆံများကို ရင်းနှီးမြုပ်နှံရန် သတ္တိရှိဆဲ ဖြစ်ပေသည်။

ဖုန်းယွီ သတ်မှတ်ထားသည့် အမြင့်ဆုံးဈေးသည် (၂၈၈)ကန်ဒေါ်လာသာရှိသည်။ ဖူရုံကျင်းက ကန်ဒေါ်လာ (၂၉၀) သတ်မှတ်ထားသည်ကို သတိမထားမိချေ။

ဖုန်းယွီ ကြောက်နေ၍ မဟုတ်ချေ။ (၂၈၈)ကန်ဒေါ်လာဖြင့် ငွေရှာရန် (၁၀၀)ရာခိုင်နှုန်း သေချာခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ကန်ဒေါ်လာ (၂၉၀)သည် မတူတော့ချေ။ ၁၉၉၄ ခုနှစ်သို့ ရောက်သည့်အခါ ရွှေဈေးအတက် အကျသည် အတော်လေး ပြောင်းလဲ ဖြစ်လိမ့်မည်ကို သတိရမိသည်။ ယခုနှစ် ရွှေဈေးသည် အမေရိကန်ဒေါ်လာ (၄၀၀)သို့ မရောက်နိုင်ကြောင်း သေချာ ပြောခဲ့ပေသည်။

ဖုန်းယွီသည် ဈေးကွက် ခွဲခြမ်းစိတ်ဖြာရန် ဇယားများနှင့် အခြားအချက်အလက်များကို သုံး၍ ကိန်းဂဏန်း အတိအကျကိုလည်း မသေချာချေ။ သို့ရာတွင် ဤ(၂၈၈)ကန်ဒေါ်လာသည် အမြင့်ဆုံး ယုံကြည်မှု ဖြစ်ပေသည်။

ဆုံးဖြတ်ချက်တစ်ခုသည် အမြတ်အစွန်းရရန် (၁၀၀)ရာခိုင်နှုန်း အခွင့်အရေးရှိမည် ဖြစ်ပြီး အခြားဆုံးဖြတ်ချက်သည် ဝင်ငွေကို (၃)ရာခိုင်နှုန်း တိုးနိုင်သည်။ သို့ရာတွင် တချိန်တည်းမှာပင် ရင်းနှီးမြုပ်နှံထားသည့် ပမာဏအားလုံး ဆုံးရှုံးနိုင်ခြေရှိသည်။ အရူးတစ်ယောက်သာ မည်သည်ကို ရွေးရမှန်းမသိ ဖြစ်ပေလိမ့်မည်။

တရုတ်ရှိ ဖူကွမ်းကျန့်သည် ဖခင်ထံမှ ဖုန်းလက်ခံရခဲ့ပြီး ဖုန်းယွီသည် အကြီးဆုံးဦးလေးနှင့် ဈေးကွက်တွင် ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း ပြောခဲ့ပေသည်။ ၎င်းတို့သည် ရွှေဈေးတွင် ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ဖူကွမ်းကျန့်သည် လက်ထဲတွင် ပိုက်ဆံအနည်ငယ် ကျန်သေးသည်။ သူ၏ ငွေများသည် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု နှင့် အခြားသော ဟောင်ကောင် ကုမ္ပဏီများအတွက် ရင်းနှီးမြုပ်နှံရန် ရန်ပုံငွေများဖြစ်သည်။

ဖုန်းယွီ၏ အကြီးဆုံး ဦးလေးတို့သည် ရွှေဈေးကွက် ရင်းနှီးမြုပ်နှံကြမည်ဟု ဖခင်ဖြစ်သူ ပြောထားသဖြင့် ဖူကွမ်းကျန့်သည် သူ့ကိုယ်စား ရင်းနှီးမြုပ်နှံရန် သူ့ဖခင်ထံ ချက်ချင်းလွှဲပေးခဲ့လိုက်သည်။ သူရင်းနှီးမြပ်နှံလိုသည်မှာ ဖုန်းယွီကြောင့် ဖြစ်ပြီး သူ၏ အကြီးဆုံး ဦးလေး သို့တည်းမဟုတ် သူ့အဖေကြောင့် မဟုတ်ချေ။

ဖုန်းယွီက သူ့ရင်းနှီးမြုပ်နှံမှုကြောင့် အရှုံးပေါ်ခဲ့ဖူးသည်လော။ ယခု ဖူကွမ်းကျန့်၏ စိတ်ထဲတွင် စည်းကမ်းတစ်ခု ရှိနေသည်။ ဖုန်းယွီ ရင်းနှီးမြုပ်နှံသမျှ လိုက်နာ၍ ရင်းနှီးမြုပ်နှံပါက အမြတ်အစွန်းများ ရှိလာမည် ဖြစ်သည်။

……

ဖူရုံချီသည် သူ့ညီအစ်ကိုများအားလုံး ရွှေဈေးကွက်တွင်း ရင်းနှီးမြုပ်နှံကြောင်း သိထားပြီး သူ့လူများကိုလည်း အရောင်းအဝယ်ပြုလုပ်ရန် ပြောပေးခဲ့သည်။ သူ့သူများမှ အကာအကွယ်လုပ်ရန် လိုအပ်မည်လော မေမြန်းသည့်အချိန် တုံ့ဆိုင်းသွားတော့သည်။

သာမန်အခြေအနေများတွင် ဖူရုံချီသည် သူ့စွန့်စားမှုများကို လျှော့ချရန် မြင့်မားသည့် ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်ခဲ့ပေသည်။ အခန့်မသင့်လျှင် အရှိန်အဝါ ကျဆင်းသွားနိုင်ပေသည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူ့ညီ သို့တည်းမဟုတ် ဖုန်းယွီက သူ့ကို လွှမ်းမိုးထားသ◌ြဖင့် သူ့လောင်းကြေး တိုးရန် ဆုံးဖြတ်ခဲ့ပေသည်။

ဖူကွမ်းချီသည် အရောင်းအဝယ်ပြုလုပ်ရန် အကောင်းအချို့ သုံးခဲ့ပေသည်။ စုစုပေါင်း ပမာဏသည် ကန်ဒေါ်လာ သန်း(၃၀၀)ကျော်ပြီး အရောင်းအဝယ်အားလုံးကို အကာအကွယ်မပါဝင်ဘဲ (၁၀)ဆ နည်းကို သာ သုံးခဲ့ပေသည်။ ရွှေဈေးနှုန်း အလောင်းအစားတွင်သာ အားလုံး လောင်းခဲ့သည်။ ဈေးကွက်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်နေသဖြင့် အခြေအနေကို မသတ်မှတ်ခဲချေ။ ဈေးနှုန်းများသည် ကန်ဒေါ်လာ (၂၈၀)ရောက်၍ တိုးလာမည့်ပုံ မပေါ်ပါက သူသည် ထိုဈေးနှုန်းဖြင့် ရောင်းချပေလိမ့်မည်။

အကယ်၍ ဖုန်းယွီ၏ စိစစ်သုံးသပ်ချက်အတိုင်း အမှန်တကယ် ဖြစ်ခဲ့ပါက ရွှေဈေးသည် (၂၈၅)ကန်ဒေါ်လာ ထက် ကျော်လွန်သွားပါက ဖူရုံချီ၏ ပြန်အမ်းငွေသည် ကန်ဒေါ်သာ သန်း(၂၅၀)ကျော်သွားပေလိမ့်မည်။

(ဘာသာပြန်ဆိုသူ မှတ်ချက်။ ။ဒေါ်လာနှင့် ပတ်သက်၍ ပရိသတ်များ မရှုတ်ထွေးစေရန်နှင့် ဘာသာပြန်သူ အဆင်ပြေရန်အတွက် ဟောင်ဒေါ်လာ၊ ကန်ဒေါ်လာဟုသာ သုံးနှုံးသွားပါမည်။)

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters