သူတော်စင်ဘုံနှင့် သုခဘုံ
Vol. 95 Ch. 1329
အခန်း (၁၃၂၉) သူတော်စင်ဘုံနှင့် သုခဘုံ
အခြားသော နတ်မိစ္ဆာများထွက်ခွာသွားပြီးနောက် ကျောက်ဂူအိမ်တော်သခင်က တိတ်ဆိတ်စွာထိုင်လျှက် နက်နက်နဲနဲ စဉ်းစားရင်း ကျန်ရစ်ခဲ့သည်။
ခဏကြာပြီးမှ သူက သူ့အရှေ့မှ အစေခံသူငယ်လေးတစ်ယောက်ကိုခေါ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“မျက်လုံးတစ်ရာဂူကိုသွားပြီး အဲဒီမှာတာဝန်ကျနေတဲ့ တပည့်ကို ပြောလိုက်ပါ ၊ သူ့ဆရာ မျက်လုံးတစ်ရာကို နတ်ဆေးလုံးဖော်စပ်တာ အောင်မြင်သွားရင် ငါ့ကျောက်ဂူအိမ်တော်မှာလာပြီး သေရည်သောက်ဖို့ ပြောခိုင်းလိုက်ပါ”
အစေခံသူငယ်လေးက ဦးညွှတ်လျှက် ထွက်ခွာသွားသည်။
ကျောက်ဂူအိမ်တော်သခင်က ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ပြီး အတွေးများပျံ့လွင့်သွားဟန်ဖြင့်...
“အဂ္ဂိရတ်ခန်းမ... အင်း...”
လူအများမျှော်လင့်ထားသည့်အတိုင်း မလွဲမသွေ ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
စောမင်ကျန့်က နောက်တစ်ဖန် ထွက်ပေါ်လာခြင်းမရှိသော်လည်း ကြားရသည့်သတင်းများအရ သူက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း မရှိပေ။
ဘုရားလောင်းက အမတခုံရုံးကို အတော်လေး အချိန်ပေးခဲ့သည်။ သို့သော် သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း မရှိခဲ့ပေ။
သူတို့အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များအတွက် နှစ်ပေါင်းထောင်ချီဆိုသောအချိန်က အချိန်တိုတစ်ခုသာ ဖြစ်သည်။ သို့သော် သူတို့အနေဖြင့် ထိုအချိန်တိုအတွင်း သာမန်လူများ တွေးပင်မတွေးနိုင်သည့်အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
မကြာမီအချိန်မှာပင် များပြားလှစွာသော စစ်သည်တော်တပ်ကြီးတစ်တပ် အမတခုံရုံးနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာလေသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က စောမင်ကျန့်အား လိုက်လံဖမ်းဆီးခြင်းကို လက်လျှော့လိုက်ပြီး အမတခုံရုံးသို့ ပြန်လာသော်လည်း ဘုရားလောင်းက သူ့ကိုတားဆီးထားသည်။
ခေါင်ဆောင်နှစ်ယောက်၏ တိုက်ပွဲအပြင်ဘက်တွင် စစ်ပွဲအခြေအနေကလည်း ပိုမိုမြန်ဆန်စွာ ရလဒ်ထွက်ပေါ်လာသည်။
အရင်ကဆိုလျှင် နှစ်ဖက်ကြားတိုက်ပွဲက တန်းတူအနေအထားမှာရှိပြီး တစ်ဖက်ကအားနည်းသည်ဆိုလျှင်တောင် အနည်းငယ်မျှသာ ဖြစ်သည်။
ယခုတစ်ကြိမ်မှာတော့ နှစ်ဖက်အင်အားက လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်၏။
တိုက်ပွဲမဖြစ်ခင်ကပင် ကြီးမားစွာထိုးနှက်ခံထားရသော အမတခုံရုံးမှာ ခံစစ်ကာကွယ်ရန်သာ အာရုံစိုက်ခဲ့ရပြီး အဆက်မပြတ်ဆုတ်ခွာရန်သာ တတ်နိုင်ခဲ့သည်။
အရင်ကတိုက်ခိုက်ခဲ့သည့်တိုက်ပွဲများနှင့်မတူဘဲ နှစ်ဖက်ကြား အင်အားမျှခြေက ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အခြားသော အင်အားစုများကလည်း ထွက်ပေါ်လာပြီး တိုက်ပွဲထဲတွင် ပါဝင်လာခဲ့သည်။
အမတခုံရုံးက စစ်ကူအချို့ကို ကြိုတင်ဆက်သွယ်ထားခဲ့သည့်တိုင် သူတို့၏ရန်သူကလည်း အလားတူပင် ပြုလုပ်ခဲ့ကြသည်။
စစ်ပွဲတွင်းသို့ များပြားလှသော အဖွဲ့အစည်းများပါဝင်လာပြီး တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့သည်။
အရင်က ပြင်ပတာအိုကျင့်ကြံသူများနှင့် ဗုဒ္ဓဘာသာများတိုက်ပွဲက နှစ်အနည်းငယ်မှသည် ဆယ်စုနှစ်ကျော်အထိ ကြာမြင့်တတ်ပြီး တစ်ဖက်က စစ်ပွဲအနိုင်ရသည်အထိ ၊ သို့မဟုတ် နှစ်ဖက်လုံးက ဆက်လက်တိုက်ခိုက်လိုခြင်းမရှိတော့သည်အထိ ကြာမြင့်တတ်ကြသည်။
ဤသို့သောအခြေအနေမျိုးတွင် တာအိုစကြာဝဠာဖြစ်ဖြစ် ၊ ပြင်ပဗလာနယ်ထဲတွင် ရှိနေသည့် ရန်ကျောက်ကဲတို့အုပ်စုဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာအတွင်းမှ ဆေးလုံးချီစွမ်းအားများ သိပ်သည်းမှု လျော့နည်းလာသည်။ နယ်နိမိတ်များနှင့် ကမ္ဘာတစ်ခုချင်းစီ၏ ဥပဒေသများသည်လည်း တဖြည်းဖြည်းတည်ငြိမ်လာပြီး ပိုမိုပြီးပြည့်စုံလာသည်။
စကြာဝဠာတစ်ခုလုံးက အလွန်တရာ တည်ငြိမ်ခြင်းမရှိသေးသော်လည်း ကမ္ဘာတစ်ခုချင်းစီအတွင်းမှ လူများကတော့ ပိုပြီး သက်သောင့်သက်သာ ရှိလာကြသည်။
အရာအားလုံးက ယခင်က တာအိုစကြာဝဠာထဲတွင် နေထိုင်သည့်အခြေအနေမျိုး ပြန်လည်ရရှိနေပေပြီ။
နောက်ပိုင်းနှစ်များမှာတော့ ရန်ကျောက်ကဲက ကျင့်ကြံရင်းဖြင့်ပင် အဂ္ဂိရတ်ခန်းမကိုသန့်စင်နေပြီး အဂ္ဂိရတ်ခန်းမ အတွင်းပိုင်းစကြာဝဠာကိုလည်း တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့သည်။
သို့သော် သူက အပြင်လောကနှင့် လုံးဝကင်းကွာနေခြင်းမျိုး မရှိခဲ့ပေ။
ရန်ကျောက်ကဲက စစ်ပွဲတိုးတက်မှုအခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက ပြင်ပဗလာနယ်ထဲတွင် ပုန်းအောင်းနေသော်လည်း အခြေအနေပြောင်းလဲမှုများက သူနှင့် အနီးကပ်ဆက်နွယ်နေဆဲ ဖြစ်သည်။
စစ်ပွဲအကြောင်းစုံစမ်းရန်မှာ ရန်ကျောက်ကဲအတွက် ခက်ခဲသည့်ကိစ်စတစ်ခုဖြစ်သည်။
ရန်ကျောက်ကဲ ၊ ကျန့်ဟွမ်ဓားဧကရာဇ် ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများက ပြင်ပတာအိုကျင့်ကြံသူများ၏မျက်လုံးထဲတွင် အလွန်အရေးကြီးသူများ ဖြစ်ကြသည်။
သူတို့ လူလုံးထွက်ပြလိုက်ပါက အနီးကပ် စောင့်ကြည့်ခံရမည် ဖြစ်သည်။ အမှန်တော့ ရန်ကျောက်ကဲတို့အုပ်စုအား လုပ်ကြံသတ်ဖြတ်ရန် အုပ်စုအနည်းငယ်ကိုပင် စေလွှတ်နိုင်သည်။
ကံကောင်းသည်မှာ ရန်ကျောက်ကဲတို့အုပ်စုက အပြာရောင်ခရီးရှည်ကောင်ကင်ဘုံနှင့် ဆက်သွယ်နိုင်ပြီး အခြေအနေ အပြောင်းအလဲများနှင့်ပတ်သက်သော သတင်းရင်းမြစ်များကို ရယူနိုင်ခြင်း ဖြစ်၏။
အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့က အခြားသူများသူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေနိုင်သော်လည်း လောလောဆယ်တွင် ပြင်ပတာအိုကျင့်ကြံသူများက စစ်ပွဲဘက်သို့ အာရုံစိုက်နေရသည်။ အထူးသဖြင့် စစ်ပွဲကလည်း ပြင်းထန်နေသော အချိန်မျိုးတွင် ဖြစ်၏။
ဤသည်က ရန်ကျောက်ကဲတို့အုပ်စုအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးခြင်းပင်။
သို့သော် သူတို့ရရှိသည့်သတင်းက မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။
“အနောက်ဒေသ သူတော်စင်ဘုံ... ဟုတ်လား”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်ရန် ရန်ကျောက်ကဲ ညွှန်ကြားခဲ့သော ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က ခေါင်းညိတ်လိုက်ပြီး...
“အမှန်ပဲ ၊ အနောက်ဒေသ သူတော်စင်ဘုံ...”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အတိတ်တစ်ချိန်တုန်းက အနောက်ဒေသ သူတော်စင်ဘုံဆိုသည်မှာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သော နေရာတစ်ခု ဖြစ်ပြီး အလယ်ပိုင်း သုခဘုံထက်ပင် ပိုမိုနာမည်ကျော်ကြားခဲ့သည်။
သူတော်စင်ဘုံ၏အရှင်ခသင်မှာ ရှေးအကျဆုံး ထိပ်တန်းအဆင့်တန်ခိုးစွမ်အားရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော ‘အော်မီတော်ဖူဗုဒ္ဓ’ ဖြစ်သည်။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလသို့ ရောက်ရှိလာပြီးနောက် သူတော်စင်ဘုံ၏ဂုဏ်သတင်းက တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
သူတော်စင်ဘုံနေရာတွင် အလယ်ပိုင်း သုခဘုံက အစားထိုးနေရာယူလိုက်ပြီး လင်စန်းတောင်မှ မဟာမုနိကျောင်းတော်က အနောက်ဘက်ကောင်းကင်ဘုံ၏ သင်္ကေတ ဖြစ်လာခဲ့သည်။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလ အဆုံးသတ်သွားပြီးနောက် လင်စန်းတောင်မှဗုဒ္ဓဖြစ်သော ‘စကြာမုနိဗုဒ္ဓ’ တရားအလင်း အလုံးစုံသိမြင်ကာ လောကကိုကျော်လွန်သွားခဲ့သည်။
ထို့နောက် အနာဂတ် ဘုရားလောင်းဖြစ်သော ‘မီလဲ့ကိုယ်တော်’ က အလယ်ပိုင်း သုခဘုံ၏ အရှင်သခင် အသစ်ဖြစ်လာကာ ဗုဒ္ဓဘာသာ၏ ကျင့်ကြံမှုနည်းလမ်းများလည်း တဖြည်းဖြည်းပြောင်းလဲသွားခဲ့ကာ ဗုဒ္ဓဘာသာတပည့်များသည်လည်း သူတော်စင်ဘုံအကြောင်း တဖြည်းဖြည်း မေ့လျော့သွားကြတော့သည်။
ဗုဒ္ဓဘာသာတပည့်များအားလံဒး မီလဲ့ကိုယ်တော်၏အမည်ကိုသာ ကြားဖူးကြပြီး “မီလဲ့ကိုယ်တော် တောင်ပိုင်းသို့ကြွချီတော်မူပါ” ဟုသာ ရွတ်ဆိုပူဇော်လေ့ရှိကြသည်။
ဤသို့ဖြင့် သူတော်စင်ဘုံ၏အမည်နာမသည်လည်း တိမ်မြုပ်ပျောက်ကွယ်သွားခဲ့လေသည်။
သူတော်စင်ဘုံမှ ဗုဒ္ဓအများစုက သုခဘုံသို့ဝင်ရောက်သွားကြသည်ဟု လူအများစုက ယူဆကြသည်။
အော်မီတော်ဖူဗုဒ္ဓကတော့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်လေရာ သူ၏ တကယ့်အခြေအနေမှန်ကို မည်သူမှ မခန့်မှန်းနိုင်ခဲ့ကြပေ။
အချို့သောဒဏ္ဍာရီများမှာတော့ အော်မီတော်ဖူဗုဒ္ဓက စကြာမုနိဗုဒ္ဓထက်အရင်စောပြီး တရားအလင်း အလုံးစုံသိမြင်ကာ လောကကိုကျော်လွန်သွားပြီဟု ဆိုကြသည်။ အချို့က အော်မီတော်ဖူဗုဒ္ဓ သေလွန်သွားပြီ ဆိုကြပြန်သည်။
အချို့ ဒဏ္ဍာရီများမှာတော့ အော်မီတော်ဖူဗုဒ္ဓက သူတော်စင်ဘုံတွင် တိတ်ဆိတ်စွာ တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆိုကြသည်။
ဒဏ္ဍာရီများအရဆိုလျှင် သူတော်စင်ဘုံတစ်ခုလုံး “မရှိမှု” ဆိုသောအဆင့်သို့ရောက်ရှိသွားပြီး လောကီရေးရာများနှင့် လုံးဝပတ်သက်ခြင်းမရှိသည့် ငြိမ်းအေးရာနေရာဖြစ်သွားပြီဟု ဆိုကြသည်။
သူတို့အနေဖြင် လောကအရေးများကို ဝင်ရောက်စွက်ဖက်မည်မဟုတ်သလို ကမ္ဘာပေါ်မှ လူသားများသည်လည်း သူတို့ကို မည်သူမှ ရှာတွေ့နိုင်ကြတော့မည် မဟုတ်ပေ။
ဒဏ္ဍာရီများက မူကွဲများစွာရှိသည်ဖြစ်ရာ အရာအားလုံးက ရှုပ်ထွေးလွန်းပြီး အမှားအမှန် ခွဲခြားရခက်လှသည်။
ကမ္ဘာပေါ်မှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ နေထိုင်ရာနေရာတစ်ခုသည် လျှို့ဝှက်ဆန်းကျယ်မှုတစ်ခု ဖြစ်လာပြီး သူတို့နှင့်ပတ်သက်သော ဒဏ္ဍာရီများက နေရာတိုင်းတွင် ပျံ့နှံ့လျှက် ရှိသည်။
စန်းချင်း(၃)ပါးအဆက်အနွယ်၏ ဘိုးဘေးများဖြစ်သော တည်ထောင်သူဆရာဘိုးဘိုး (၃)ပါးနှင့် လင်စန်းတောင်မှဗုဒ္ဓတို့က လောကကို ကျော်လါန်သွားခဲ့ပြီဖြစ်သလို ယွမ်စီကောင်းကင်နတ်ဆိုး “ယွမ်စီထျန်းမော်” သည်လည်း ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
အခြားသူများကတော့ မည်သို့ဖြစ်ပျက်သွားသည်ကို မည်သူမှ မသိနိုင်ကြပေ။
ထို တန်ခိုးစွမ်းအားရှင်များကိုယ်တိုင်က ဖြစ်ပျက်ခဲ့သည့်အရာများကို တမင်တကာဖုံးကွယ်ရန်အတွက် လှည့်စားမှုများဖန်တီးကာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကိုလှည့်စားပြီး သိမြင်ခြင်းမရှိစေရန် အမှန်တရားကို ကွယ်ဝှက်ထားတတ်ကြသည်။
သူတို့ကို ကောလဟလ စတင်သူများဖြစ်သည်ဟုပင် ဆိုနိုင်သည်။
ဘုရားလောင်းက သုခဘုံမှ သွန်သင်မှုသြဝါဒများကို ပြန်လည်စုစည်းပြီး ဗုဒ္ဓဘာသာကို လူ့လောကတွင် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ သုခဘုံ၏ဂုဏ်သတင်းသည်လည်း တဖြည်းဖည်း ပိုမိုတည်ငြိမ်လာခဲ့ပြီး မဟာကပ်ဘေးကြီးမတိုင်ခင်ကာလနှင့် မဟာကပ်ဘေးကြီးပြီးဆုံးသည့်ကာလ မည်သည့်ကာလတွင်မဆို ဗုဒ္ဓဘာသာ၏တည်ငြိမ်မှုက အတူတူပင် ဖြစ်ခဲ့သည်။
သို့သော် သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များ ရုတ်တရက် ထွက်ပေါ်လာခြင်းက ဆူပူမှုတစ်ခုကို ဖြစ်ပွားစေခဲ့သည်။
နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က ဖုယွင်ချီကိုကြည့်လိုက်ပြီး ဖြည်းညင်းစွာမေးလိုက်သည်။
“သူတို့က လူသစ်တွေလား ၊ ဒါမှမဟုတ် အတိတ်တစ်ချိန်ကကျော်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးတွေ ပါဝင်နေသလား”
ချန်ရွှမ်ကျုန်းက အေးစိမ့်စမ်းချောင်းနယ်မြေတွင် နှစ်ပေါင်းတစ်ထောင်ကျော် ခဲယဉ်းစွာဖြင့် နေထိုင်ဖြတ်သန်းခဲ့ရသည်ဖြစ်ရာ ပြင်ပလောကတွင်နေထိုင်သော ကောင်းဟန် ၊ လင်ချင်း ၊ ကျန်းရှန်တို့လောက် သတင်းအချက်အလက် ရရှိခြင်း မရှိပေ။
ဖုယွင်ချီက ခေါင်းညိတ်လိုက်ပြီး...
“အရင်လူတွေလည်း ပါတယ်”
သူက နက်ရှိုင်းသည့်လေသံဖြင့်...
“ပိုင်ရှုန်းကိုယ်တော် ရှိနေသေးတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။
“သူက မငြိမ်းသောမီးအိမ်ဗုဒ္ဓရဲ့တပည့်... အရင်တုန်းက အလယ်ပိုင်း သုခဘုံမှာ နေထိုင်ခဲ့တဲ့ ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်တစ်ယာက် မဟုတ်လား”
ဖုယွင်ချီက...
“အမှန်ပဲ ၊ သူက အရင်ခေတ်ဗုဒ္ဓဘာသာကိုယ်တော်တွေထဲက ငါတို့သိရှိနိုင်တဲ့ တစ်ဦးတည်းသော ကိုယ်တော်တစ်ပါးပဲ ၊ စိုးရိမ်တာက သူ့ထက်ပိုပြီး စွမ်းအားကြီးမားသူတွေလည်း ရှိနေနိုင်တယ်”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့်လည်း စစ်ပွဲသတင်းစုံစမ်းရန်မှာ လွယ်ကူခြင်း မရှိခဲ့ပေ။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ အနီးကပ်ချဉ်းကပ်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျွန်တော် ကိစ္စရပ်နှစ်ခုကို ပိုပြီး စိတ်ဝင်စားတယ်”
သူက ဆက်ပြောသည်။
“ပထမတစ်ခုက... အခု အော်မီတော်ဖူဗုဒ္ဓ ဘယ်လိုအခြေအနေရှိနေလဲ”
အော်မီတော်ဖူဗုဒ္ဓသည် နတ်ဘုရားများအုပ်စိုးသည့်ခေတ်အတွင်း အနောက်ဒေသ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်သည်။
သူ့ကို “လမ်းပြသူ” ဟုလည်း ရည်ညွှန်းကြသည်။
ကမ္ဘာဦးကာလ မိုးနှင့်မြေ ဖွင့်လှစ်သည့်အချိန်မတိုင်ခင်က သူက “သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး” အဖြစ် ပြောင်းလဲခဲ့ပြီး ဘိုးဘေးမဟာနတ်ဆိုး၏နေရာကိုသိမ်းပိုက်ကာ မိစ္ဆာတာအို၏ကံကြမ္မာကို ဖြတ်တောက်ပစ်ခဲ့သည်။
သူက ရှေးအကျဆုံးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အပြင် အစဉ်အလာကြီးမားသလို တန်ခိုးစွမ်းအားမြင့်မားသူလည်း ဖြစ်သည်။
တကယ်တော့ သူက စန်းချင်း(၃)ပါး အဆက်အနွယ်တို့၏ တည်ထောင်သူဆရာဘိုးဘိုး (၃)ပါးနှင့် ရင်ပေါင်တန်း တိုက်ခိုက်ခဲ့သူလည်း ဖြစ်၏။
နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလပြီးဆုံးသည့်နောက် အော်မီတော်ဖူဗုဒ္ဓ၏ဂုဏ်သတင်း တဖြည်းဖြည်းမှေးမှိန်သွားပြီး သူတော်စင်ဘုံသည်လည်း နာမည်ကျဆင်းသွားကာ အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင်တော့ သူတို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လျှို့ဝှက်ဆန်းကျယ်မှုတစ်ခုလည်း ဖြစ်၏။
ယခု သူတော်စင်ဘုံ ပြန်လည်ထွက်ပေါ်လာသည့်အခါ ရန်ကျောက်ကဲနှင့် အခြားသူများမှာ အံ့အားသင့်ခြင်းထက် စူးစမ်းလိုစိတ်များပိုမိုဖြစ်ပေါ်လာသလို စိတ်ထဲတွင်လည်း လေးလံမှုကို ခံစားကြရသည်။
သို့သော် ထိုဝန်ထုပ်ဝန်ပိုးက သူတို့ထံသို့ ကျရောက်လာခြင်း မရှိသေးပေ။
အကြောင်းမှာ အော်မီတော်ဖူဗုဒ္ဓ ရှိနေသေးသည်လား မရှိတော့ဘူးလားဆိုသည်က မတူကွဲပြားသည့် အခြေအနေ(၂)ရပ် ဖြစ်နေသေးသည် မဟုတ်ပါလား။