← Chapters

ကြောက်စရာကောင်းတဲ့ဘဝ

Vol. 5 Ch. 63

ကြောက်စရာကောင်းတဲ့ဘဝ

Vol. 5 Ch. 63

ချန်ရှီသည် ဆန်းကြယ်မြွေတောင်ကြီးကို ကုပ်တွယ်ရင်း ဟေးကော်နဲ့အတူ တောင်ပေါ်သို့ တက်သွားခဲ့သည်။ ဒီနေ့ကတော့ နတ်ဆိုး အသွင်ပြောင်းခြင်း၏ ခြောက်ရက်မြောက်နေ့ပင် ဖြစ်ပေသည်။ သို့သော် ကြွေရုပ် မဖြစ်သွားသေးသော ထောင်ပေါင်းများစွာသော ရွာသားများက တောင်ပေါ်တွင် ရှိနေသေးသည်။

သို့သော် လူတိုင်းအတွက် စားသောက်မှု၊ အိပ်စက်မှု အလေ့အထတွေက ယခုလို တောင်များတွင် အစာရှာရန်၊ အိပ်စက်ရန် ခက်ခဲ​စေပြီး တောင်များနှင့် သစ်တောများတွင်လည်း ဝိညာဉ်သားရဲများကလည်း ကြွေ​ဖြစ်သွား​ပြီ။ ဆန်းကြယ်မြွေတောင်ကြီး အကာအကွယ် ပေးထားသော ဤလူများသည်လည်း မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ငတ်သေ​ကြလိမ့်မည်။

ဆန်းကြယ်မြွေတောင်ကြီးသည် လေကိုစားကာ နှင်းရည်ကို သောက်သောကြောင့် စားသောက်ရန် မလိုအပ်သော်လည်း ဤလူများက သေမျိုးဖြစ်လို့ လေကိုစားကာ နှင်းရည်သောက်ပါက ငတ်သေလိမ့်မည်။ တချို့လူတွေက အစာရှာဖို့ တောင်ပေါ်က ဆင်းလာကြပေမယ့် တောင်အောက်ခြေ မရောက်ခင်မှာပဲ ကြွေရုပ်တွေအဖြစ် ပြောင်းသွားတတ်ပါ၏။

ချန်ရှီ တောင်ခြေသို့ ရောက်သောအခါ ကြွေရုပ်များစွာ မတ်တပ်ရပ်နေတာ တွေ့လိုက်ရသည်။ အချို့မှာ လဲကျကာ ကွဲအက်သွားကြပါပြီ။ ဤကြွေရုပ်များက ယောက်ျားရော မိန်းမပါ ရှိပေမယ့် အများစုမှာ အမျိုးသားများသာ ဖြစ်သည်။ သူတို့မှာ မိသားစုကို ထောက်ပံ့ရန် တာဝန်ရှိသောကြောင့် စွန့်စားရန် ထွက်လာကြတာ ဖြစ်မယ်...."

"ဆန်းကြယ်မြွေက အစားအသောက် ပြဿနာကို မဖြေရှင်းနိုင်ဘူး... ဒီလူတွေက စားစရာမရှိရင် လူတွေကို စားကုန်ကြလိမ့်မယ်"

ဆန်းကြယ်မြွေတောင်ကြီး၏ ဦးခေါင်းအောက်ထိပ်တွင် ကြွေရုပ်တစ်ရုပ်ကို စစ်ဆေးခဲ့သော သူ့အဖိုးကို ချန်ရှီ လှမ်းတွေ့ခဲ့သည်။ ချန်ရှီ စိတ်လှုပ်ရှားစွာ ပြေးတက်သွားပြီး အဖိုးအိုကို ပွေ့ဖက်ကာ လုံးဝ လက်မလွှတ်တော့ချေ။

အဘိုးအိုက ပြုံးပြီး သူ့ခေါင်းကို ကိုင်လိုက်သည်။ ချန်ရှီလည်း စိတ်လှုပ်ရှားမှုတွေ တဖြည်းဖြည်း တည်ငြိမ်သွား၏။

"မင်း ဒီရက်တွေမှာ ကောင်းကောင်းနေခဲ့တာပဲ... တစ်ယောက်တည်း ရပ်တည်နိုင်ရုံတင်မကဘဲ လူတော်တော်များများကိုလည်း အကာအကွယ်ပေးခဲ့တယ်"

ချန်ရှီက ပြုံးပြီး: "အဘိုး... ကျွန်တော် တစ္ဆေလက်သည်းကို ဖိနှိပ်နိုင်တယ်.... ကျွန်တော့် ထပ်မဖျားတော့ဘူး အဘိုး ကျွန်တော့်ကို စိတ်ပူစရာ မလိုတော့ပါဘူး!"

သူ သက်တောင့်သက်သာ ရှိလာသလို ခံစားရလေ၏။

အဘိုးက ရုတ်တရက် ပျောက်သွားတာကြောင့် အဘိုးကို ထူးဆန်းတဲ့ သားရဲတွေ စားသွားလား၊ အဘိုး ကြွေဖြစ်သွားမလား၊ ဒါမှမဟုတ် လူမှောင်ခိုသမားတွေက တခြားနေရာတွေကို ရောင်းစားလိုက်တာလား အစရှိတဲ့ မကောင်းတဲ့ ဖြစ်နိုင်ခြေများစွာကို သူ စိတ်ကူးယဉ်ခဲ့သည်။

အခု သူ့အဖိုးကို ပြန်တွေ့တော့မှ စိတ်သက်သာရာ ရသွား၏။ တစ်ဖက်တွင်မူ ဟေးကော်ကလည်း အဘိုးအို၏ ခြေထောက်များကို ပွတ်သပ်ကာ သူ့ခွေးခေါင်းကို မြှောက်၍ အဘိုးအိုငုံ့ကြည့်လာမှာကို စောင့်နေသည်။

အဘိုးအိုဆီက ခွေးခေါင်းကို နှစ်ကြိမ် အထိခံလိုက်ရမှ ခွေးက ပျော်သွားတော့သည်။

"အဘိုး... ကျွန်တော် အသက်ရှင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ထားတယ်!"

ချန်ရှီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ချန်ယင်တု သူ့ကို အံ့အားသင့်စွာ ကြည့်ကာ ပြုံး၍ပြောလိုက်သည်။

"အဘိုးမှာ အရမ်းထူးဆန်းတာ တစ်ခု တွေ့ထားတယ်... မင်း အရင်ပြောပြချင်လား ဒါမှမဟုတ် အဘိုး မင်းကို အရင်ပြောပြရမလား"

ချန်ရှီ ပြုံးပြီး :"အဘိုး အရင်ပြောပါ"

ချန်ယင်တုသည် သူ့ရှေ့က ကြွေရုပ်ကို စောင့်ကြည့်ရန် ထိုင်ချလိုက်တဲ့အခါ ချန်ရှီလည်း အနီးကပ် တိုးကြည့်လိုက်သည်။ ဒီကြွေရုပ်ကို သာမန်လူတွေရဲ့ ကြွေရုပ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အပြင်က တခြားကြွေရုပ်တွေနဲ့ မတူပါဘူး။ ချန်ရှီ ကြွေရုပ်တုကို ဂရုတစိုက်နဲ့ အချိန်အတော်ကြာအောင် သတိပြုမိပေမယ့် ဘာကြောင့်လဲဆိုတာ မမြင်နိုင်ခဲ့ပါဘူး။

ချန်ယင်တု: "ရွေ့မလား စောင့်ကြည့်နေတာ"

"​ရွေ့မယ်?" ချန်ရှီ အံ့သြသွားသည်။

"ဟုတ်တယ် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ အဘိုး ဒီရလဒ်တွေကို စောင့်ကြည့်နေတာ.."

ချန်ယင်တုရဲ့ မျက်နှာက စိမ်းလိုက်ဖြူလိုက်ဖြင့် အပြုံးတစ်ခု ပေါ်လာသည်။

"တကယ်ကို ရွေ့နေတာ.... လွန်ခဲ့တဲ့ လေးရက်လောကိက သာမာန်လူတွေ ကြွေရုပ်ဖြစ်သွားတဲ့ ပထမအသုတ်ထဲက တစ်ရုပ်ပဲ....အဘိုး ဒီကြွေလူသားကို ဒီကို ယူလာပြီး ထားလိုက်တယ်... လေးရက် ကြာသွားတော့ သူ့လက်တစ်ဖက်က လေး​ဟောင်လောက် ရွေ့သွားတာကို တွေ့လိုက်တယ်...."

တစ်ဟောင်က ဆံချည်မျှင်၏အကျယ်ဖြစ်ပြီး ဆံချည်မျှင် အဆတစ်ထောင်က တစ်လက်မ ဖြစ်သည်။ တစ်နည်းဆိုရသော် ကြွေလူသား၏ လက်တစ်ဖက်သည် လေးရက်အတွင်း ဆံပင်လေးမျှင်စာ အကျယ်ကို ရွှေ့သွားခဲ့​လေသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ သိလား"

ချန်ယင်တုက ပြုံးပြီး ပြော၏။

"သူ အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာ"

သူသည် ခါးကို တည့်တည့်မတ်မတ် ပြန်ထားကာ တောင်ခြေရင်းရှိ ကြွေရုပ်များကို ကြည့်ရှုပြီးနောက် ကျယ်ပြန့်သော တောင်တန်းဒေသများအား မျှော်ကြည့်လိုက်သည်။

“သူတို့အားလုံး အသက်ရှင်နေသေးတယ်! ဒီကြွေရုပ်၊ ဝိညာဉ်သားရဲ၊ ပန်း၊ အပင်၊ သစ်ပင်၊ ငှက်၊ သားရဲတွေ၊ အင်းဆက်တွေ ငါးတွေနဲ့ သီးနှံတွေက ကြွေဘဝ ပြောင်းလဲသွားတာတော့ အမှန်ပဲ!”

သူတော်တော် စိတ်လှုပ်ရှားနေသည်။

"သူတို့ရဲ့ ရွေ့လျားတဲ့ အရှိန်က အရမ်းနှေးသွားတယ် ခြေတစ်လှမ်းနဲ့ အသက်ရှုရဖို့ တစ်နှစ်လောက် အချိန်ယူရတယ်... အဲဒါကြောင့် မျက်လုံးကို မှိတ်ဖို့ကလည်း လနည်းနည်း ကြာတဲ့အထိ နှေးကွေးလွန်းသွားတယ် အပင်တွေ အမြစ်စွဲပြီး အညှောက်ပေါက်ဖို့ ဆယ်နှစ်လောက် ကြာလိမ့်မယ်... အဲဒါက ငါရှာဖွေတွေ့ရှိခဲ့တာပဲ...."

ချန်ရှီကလည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသည်။

"သူတို့ထဲက တစ်ယောက်မှ မသေဘူးပေါ့... ဆိုလိုတာက နတ်ဆိုး ဘုရားလောင်း အသတ်ခံရသရွေ့ သူတို့ အရင်လို ပြန်ကောင်းလာမှာပေါ့!"

ချန်ယင်တုက ပြုံးပြီး "မဖြစ်နိုင်ပေမယ့် မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး... ဒါက ပြည်သူတွေအတွက် ဘုရင်ကျန်းက ထားခဲ့တဲ့ မျှော်လင့်ချက် အလင်းတန်းတစ်ခုပဲ"

ချန်ရှီ အံ့ဩသွားသည်။ သူ့အဖိုးဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို သေသေချာချာ တွေးကြည့်နေရင်း ရုတ်တရက် သတိဝင်လာသည်။

“အရှင်မင်းကြီးကျန်းရဲ့ အုတ်ဂူအစစ်အမှန်ကို ခိုးယူချင်တဲ့ လူတွေက သာမာန်လူတွေ မဟုတ်ဘဲ ကျင့်ကြံသူတွေပဲ...အဲဒီလူတွေ ဘုရင်ကျန်းရဲ့ ဂူသင်္ချိုင်းထဲ ဝင်လိုက်တာနဲ့ နတ်ဆိုး ဘုရားလောင်းကို အသက်သွင်းမိလိမ့်မယ်... နတ်ဆိုးနယ်မြေက မိုင်တစ်ရာပတ်ဝန်းကျင်အထိ ရွေ့သွားမယ်... နတ်ဆိုး ဘုရားလောင်းကို ရက်ပေါင်းတစ်ရာအတွင်း ပယ်ရှားနိုင်သရွေ့ ဒီမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ကယ်တင်နိုင်ကြမှာပဲ...."

ဒါက မျှော်လင့်ချက် အလင်းတန်းတစ်ခုပဲ။

ဒါပေမဲ့ ဖမ်းဆုပ်နိုင်မှ ရလိမ့်မည်။

မဖမ်းဆုပ်နိုင်ရင် ရက်တစ်ရာ ပြည့်တာနဲ့ အရာအားလုံး ပျက်စီးသွားလိမ့်မည်။

နတ်ဆိုး ဘုရားလောင်းကို ဘယ်လို သုတ်သင်နိုင်မလဲ။

နတ်ဆိုး ဘုရားလောင်းရဲ့ မှော်အစွမ်းသည် အလွန်တန်ခိုးကြီးသဖြင့် နတ်ဆိုးနယ်မြေကို မိုင်ရာနှင့်ချီသော အချင်းဝက်အထိ ဖုံးအုပ်ထားနိုင်သည်။ ဒါကြောင့် လူတွေဟာ လွတ်မြောက်ဖို့ မဖြစ်နိုင်ခဲ့ဘဲ ကြွေရုပ်​ဖြစ်သွားရုံသာ ရှိတော့သည်။

နတ်ဆိုး ဘုရားလောင်းသည် အံ့ဩဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားများ ရှိပြီး ရှောင်ဝမ်စွမ်း၊ အဘွားရှား၊ လီကျင်းသို့နှင့် ကျင်းဟုန်ရိတို့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော်လည်း သခင်လေးပါးလုံး ရှုံးနိမ့်သွားခဲ့ရသည်။

ယခုအချိန်တွင် နတ်ဆိုး ဘုရားလောင်းကို ဖယ်ရှားရန် နည်းလမ်းရှိပါ့မလား။

ချန်ယင်တု: "ရှောင်ရှီ... မင်းပြောတဲ့ ရှင်သန်ဖို့ ဆိုတာက ဘယ်လိုနည်းလမ်းလဲ"

ချန်ရှီလည်း သူ့ရဲ့ ကြောက်ရွံ့မှုကို ပြန်ရုတ်သိမ်းပြီး ပြောလိုက်သည်။

"ဘုရားလောင်း နတ်ဆိုးရဲ့ ဆိုးယုတ်တဲ့ နယ်ပယ်က ယန်ကမ္ဘာကြီးကို ဖုံးကွယ်ထားနိုင်ပေမယ့် မရဏကမ္ဘာကို ဖုံးအုပ်မထားနိုင်ဘူး...အဲ့ဒါကြောင့် တဲကျန်းမြစ်ရဲ့ ကွမ်ကြီးကနေတစ်ဆင့် မြေအောက်ကမ္ဘာထဲက မေ့လျော့ခြင်မြစ်ကို သွားလို့ရတယ်... အဲဒီမြစ်ကိုဖြတ်ပြီး ရေအောက်မိုင်တစ်ရာ လမ်းလျှောက်ပြီးရင် ကွမ်ကြီးကနေပဲ မရဏကမ္ဘာကနေ ပြန်ထွက်ပြီး ယန်ကမ္ဘာကြီးထဲကို ပြန်လာနိုင်တယ်...."

ချန်ယင်တုက ခေါင်းယမ်းလိုက်ပြီး "အခုအချိန်မှာတော့ တဲကျန်းမြစ်ထဲက ကွမ်ကြီးတွေကလည်း ကြွေရုပ် ဖြစ်သွားပြီ... မြေအောက်ကမ္ဘာ ဒါမှမဟုတ် ရေဆန်နဲ့ ရေအောက်ကို ပြေးသွားနိုင်တဲ့ ကွမ်ကြီးတွေ မရှိမှာကို ကြောက်ရတယ်"

ချန်ရှီက မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ပြုံးပြသည်။

"တဲကျန်းမြစ်ရေက အမြဲ စီးဆင်းနေတာ... ရေစီးကလည်း မတည်ငြိမ်ဘူး...ငါးတွေအတွက်လည်း အဲ့လိုပဲ...ကျွန်တော်တို့ အထက်ပိုင်း ဒါမှမဟုတ် မြစ်အောက်ပိုင်းမှာ ရှိနေသမျှ ကာလပတ်လုံး ကွမ်ကြီးတွေကို တွေ့ရမှာပဲ... နတ်ဆိုးနယ်မြေထဲကို လှည့်ပတ်သွား​​နေတဲ့ ကွမ်ကြီးတွေ ရှိရင် ကျွန်တော်တို့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိသေးတယ်!”

ချန်ယင်တုက ခဏလောက်စဉ်းစားပြီး "ကွမ်ကြီးတစ်ကောင် ငါတို့နှစ်ယောက် လွတ်မြောက်ဖို့ လုံလောက်ပြီ...ဟေးကော် အပါအဝင်ပေါ့ အများစုကတော့ အပြစ်တင်လိမ့်မယ် ငါတို့သုံးယောက်က ငါးကြီးရဲ့ပါးစပ်မှာ ထိုင်လို့ရတယ်... ငါးကြီးတွေက ငါတို့ကို ခေါ်သွားလိမ့်မယ်...အဲ့ကျရင် ယင်ယန် ကမ္ဘာတွေကြားကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှိပြီ...."

ထိုအချိန်တွင် လီထျန်းချင်ရဲ့ အသံက ထွက်လာသည်။

"ရှောင်ရှီ ငါတို့ နတ်ဆိုး ဘုရားလောင်းကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ စီစဥ်ထားတယ်... နတ်ဆိုး ဘုရားလောင်းကို ဖြိုဖျက်ဖို့က မင်းအကူအညီ လိုတယ်!"

ချန်ရှီ မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သော် ရှောင်ဝမ်စွင်းရဲ့ ရထားလုံးက အပြင်ဘက်မှာ ရပ်ထားတာ တွေ့လိုက်ရသည်။

"အဘိုး.. သူတို့ကို အရင်သွားကူလိုက်မယ်"

ချန်ရှီက ထွက်သွားမလို့ ပြင်ပေမယ့် ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

"အဆိုးဆုံး နှစ်ရက်... နှစ်ရက်လောက်နေလို့ အဲ့နတ်ဆိုး ဘုရားလောင်းကို ကျွန်​တော်တို့ မထိန်းနိုင်သေးဘူးဆိုရင် ကျွန်တော်တို့မိသားစု နတ်ဆိုးနယ်မြေကနေ ထွက်သွားမယ်! ကျန်တဲ့သူတွေကတော့... သူတို့ရဲ့ ကံကြမ္မာအရပဲပေါ့!"

ချန်ယင်တု ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ချန်ရှီ... သဘောတူညီချက် ရသွားပြီ... မင်း မြန်မြန်သွားတော့လေ..."

ချန်ရှီ ရထားလုံးရှိရာကို အမြန်လျှောက်သွားပြီး ရထားပေါ် ခုန်တက်လိုက်တာနဲ့ ရထားလုံးက အမြန်ထွက်သွားသည်။ ဒီတစ်ခါတော့ ဟေးကော်က မလိုက်လာဘဲ ချန်ယင်တုနဲ့ နေခဲ့၏။

အနက်ရောင် ဝတ်ထားသော ဆန်းကြယ်လူငယ်က ချန်ယင်တုရှိရာသို့ ရောက်လာပြီး အဝေးကို ပြေးသွားသော ရထားလုံးကို လှမ်းကြည့်လိုက်သည်။

"ချန်ရှီက အံ့သြစရာကောင်းတဲ့ လူငယ်တစ်ယောက် ဖြစ်လာပြီ.... မင်းဂရုမစိုက်ဘဲတောင် ကောင်းကောင်းနေနိုင်တာ ဖြစ်နေပြီ"

ချန်ယင်တုကလည်း အတော်လေး သဘောကျသွားပုံဖြင့် ပြုံးလေသည်။

"သူတကယ် ကြီးပြင်းလာခဲ့ပြီ... နတ်ဆိုးနယ်မြေထဲက အပေါက်အပြဲတွေကိုတောင် ရှာတွေ့ခဲ့တယ်"

အနက်ရောင်ဝတ် လူငယ်: "သူက စိတ်ဓာတ်တက်ကြွပြီး ပေါင်းပင်လိုပဲ... မင်းထွက်သွားရင်တော့ သူတစ်ယောက်တည်း နေနိုင်မှာ မဟုတ်ဘူးလို့ မင်းဘာသာ အမြဲတမ်း စိုးရိမ်နေပေမယ့် သူ အသက်ရှင်နိုင်တယ် ဆိုတာကို ပြောပြဖို့ ကြိုးစားနေတယ်လို့ ငါခံစားရတယ်... တခြားသူတွေကိုလည်း အသက်ရှင်ခွင့် ပေးချင်နေတယ်... မင်း စိတ်ပူစရာ မလိုပါဘူး"

ချန်ယင်တုက စိတ်အားထက်သန်နေပြီး: "ဆန်းကြယ်တောင်ကြီး....ခင်ဗျား ဒီလူတွေကို ကြွေဖြစ်သွားအောင် ထားခဲ့သင့်တယ်... ကြွေဖြစ်သွားရင် သူတို့ အသက်ရှင်နေနိုင်တယ်... ခင်ဗျား သူတို့ကို အတင်းအကြပ် ကာကွယ်ထားရင်တော့ သူတို့ တကယ် ငတ်သေနိုင်တယ်"

အနက်ရောင်ဝတ်ထားသော ဆန်းကြယ်တောင်ကြီးက ဆို၏။

"သူတို့ကြွေသွားပြီးရင်ရော သူတို့ကို ကယ်တင်နိုင်မှာလား"

"နိုင်လိမ့်မယ်... သေချာပေါက် နည်းလမ်း ရှိလိမ့်မယ်"

အနက်ရောင် ဝတ်ထားသော လူငယ်သည် ရုတ်တရက် မမြင်နိုင်သော ဝိညာဉ်စွမ်းအားများအား ပျောက်ကွယ်သွားစေလိုက်တဲ့အခါ နတ်ဆိုး ဘုရားလောင်း၏ စွမ်းအားများ စတင်ဝင်ရောက်လာခဲ့တော့သည်။

တောင်ထိပ်တွင် လူများသည် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်း၊ ကလေးများကို ပြုစုပျိုးထောင်ခြင်းများဖြင့် အလုပ်များနေကြဆဲ ဖြစ်ပြီး အခြားသူများ၏ အမြင်တွင် ၎င်းတို့၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာကာ ကြွေရုပ်များ ဖြစ်သွားကြသည်။

သူတို့မျက်လုံးထဲမှာတော့ ကမ္ဘာကြီးက မပြောင်းလဲသေးဘဲ သူတို့ဟာ ပုံမှန်အမြန်နှုန်းနဲ့ စကားပြောနေကြတုန်းပါပဲ။ ထိုအရာက ကြွေရုပ်များရဲ့ ကမ္ဘာ၊ အပြင်လူ မသိနိုင်သော ကမ္ဘာသာ ဖြစ်သည်။

ရထားလုံးက ချန်ရှီကို ချောင်ဝမ်မြို့သို့ တန်းတန်းမတ်မတ် သယ်ဆောင်လာသည်။ ရှောင်ဝမ်စွမ်းနှင့် လီထျန်းချင်တို့လည်း ချောင်ဝမ်မြို့သို့ ရောက်သောအခါ လမ်းကြား အနည်းငယ်ကို လှည့်ကွေ့၍ မြို့တွင်းရှိ စက္ကူထုတ်စက်သို့ ရောက်ရှိလာကြသည်။

ထိုမြို့၌ ကြွေရုပ်အနည်းငယ်မျှသာ ရှိသည်။ ရှဲ့၊ ဆွေ့ အနည်းငယ်မျှသာ တိတ်တဆိတ် လှည့်ပတ်သွားလာနေကြပြီး သူတို့ ရထားလုံးကို မြင်သောအခါ အနီးသို့ မချဉ်းကပ်ရဲကြပေ။

စက္ကူစက်သည် မြစ်ငယ်တစ်စင်း အနား၌ တည်ဆောက်ထား၏။​ ရေထဲ၌ ရေဘီးတစ်ခု တည်ဆောက်ထားသည်။ ရေဘီးသည် ကြိတ်ဆုံကျောက်ကို တွန်းကာ၊ လှည့်ပတ်ကာ အလုပ်လုပ်ပြီး ရေစိမ်ထားသော ကျိုးပဲ့နေသည့် ဝါးနှင့် မြက်များကို အမှုန့်ဖြစ်အောင် ကြိတ်ချေပေးသည်။

အပြင်ဘက်မှာ ရေကန်တစ်ကန်ရှိသည်။ အသီးအရွက်တွေ နံစော်နေတဲ့အထိ ပုပ်ပွနေပြီ။ ဟိုးအရင်တုန်းက ငါးဖမ်းလို့ ခဲ့ရပေမယ့် စက္ကူစက်က အလုပ်သမားတွေက ရေစက်နားမှာ ရပ်ပြီး ကြွေရုပ်တွေ ဖြစ်သွားပါပြီ။ ဒါကြောင့် သဘာဝအတိုင်း ဘယ်သူမှ အလုပ်မလုပ်နိုင်ကြတော့ချေ။

ချန်ရှီနဲ့ လီထျန်းချင်တို့ စာရွက် အမြောက်အများကို သယ်လာကြသည်။ လီထျန်းချင်က သူ၏ စွဲမက်ဖွယ် မှတ်ဉာဏ်နှင့် စူးစမ်းနိုင်စွမ်းကို အားကိုးသည်။ ချန်ရှီက ဟာကွက်များကို စစ်ဆေးပြီး ကွက်လပ်များကို ဖြည့်သွင်းကာ ပျောက်ဆုံးနေတဲ့ အပိုင်းတွေကို ပြီးအောင်လုပ်သည်။

နှစ်ယောက်သား လျင်မြန်စွာ အလုပ်တွဲလုပ်ကြသည်။

နတ်ဆိုး ဘုရားလောင်း၏ ခန္ဓာကိုယ်ပေါ်တွင် အစီအရင် အဆောင်ဆွဲချက် များစွာရှိပြီး အချို့သော စာလုံးများသည် နားရွက်နှင့် နဖူးစည်းစသည့် နေရာများတွင်သာမက အတွင်းဘက် ကိုင်ဆောင်ထားသော လက်ဖဝါးကဲ့သို့သော နေရာများတွင် ပါ၀င်သော ဆွဲသားချက် တချို့ကိုလည်း အလွန် လျှို့ဝှက်ထားသည်။

လီထျန်းချင်မှာ အလွန်ဂရုတစိုက် မှတ်ထားခဲ့ သော်လည်း ထိုလျှို့ဝှက်နေရာများက ဆွဲချက်၏ တစ်ဝက် သို့မဟုတ် တစ်ထောင့်ကိုသာ ဆွဲထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချန်ရှီသည် ဤပျောက်ဆုံးနေသော အစိတ်အပိုင်းများကို ပြီးမြောက်သွားရန် သူသင်ယူခဲ့သော အဆောင်ဆွဲနည်းများကို အသုံးပြုရန် လိုအပ်လာသည်။

တစ်ရက်အကြာတွင် ရှောင်ဝမ်စွင်းက အဘွားရှား၊ ကျင်းဟုန်ရိနဲ့ လီကျင်းသို့တို့ကို စက္ကူထုတ်လုပ်ရာ အလုပ်ရုံသို့ ခေါ်သွားတဲ့အခါ လူလေးယောက် အလုပ်ရုံထဲသို့ ဝင်ဝင်သွားချင်းမှာပဲ အလွန်တုန်လှုပ်သွားခဲ့သည်။ နှစ်ဧကကနေ သုံးဧကအထိ ကျယ်တဲ့ ဒီစာရွက်ထုတ်တဲ့ အလုပ်ရုံမှာ လေးငါးရာလောက် ချိတ်ဆွဲထားတဲ့ အဆောင်လက်ဖွဲ့တွေက အများကြီး ရှိနေသည်။

တချို့ အဆောင်လက်ဖွဲ့များက ရိုးရှင်းပြီး အချို့မှာ အလွန်ရှုပ်ထွေးသည်။

"ဒီအဆောင်ဆွဲချက်တွေမှာ ဖွက်ထားတဲ့ တန်ခိုးနဲ့ နတ်ဆိုး ဘုရားလောင်း ကိုင်ဆောင်ထားတဲ့ လက်နက်​တွေကို အခြေခံပြီး အဆောင်ဆွဲချက်တွေကို အမျိုးအစား ရှစ်မျိုး ခွဲခြားထားလိုက်တယ်..."

ချန်ရှီနဲ့ လီထျန်းချင်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရသော်လည်း ပထမ အမျိုးအစားကို လီထျန်းချင်က ရှင်းပြသေးသည်။

"ဒီအဆောင်ဆွဲချက် အမျိုးအစားက နေမင်းကြီးရဲ့ လက်ထဲက နေပုတီးစေ့နဲ့ သက်ဆိုင်တဲ့ အစီအရင်ပဲ... နေ၊ နတ်ဘုရားမီး၊ နေကိုးစင်း မိုးခြိမ်းသံ၊ နေ​ခြောက်စင်း ကောင်းကင်ဆွဲချက်တွေပဲ... သူ့ရဲ့ လှုပ်ရှားမှုလမ်းကြောင်းက နတ်ဆိုးဘုရားလောင်း မင်္ဂလာဦးခေါင်းရဲ့ ဘယ်ဘက်မျက်လုံးမှာ ရှိတယ်... အဆောင်ဆွဲချက်တွေက နေပုတီးစေ့ကို ကိုင်ဆောင်ထားတဲ့ လက်မောင်းတစ်လျှောက်ကနေ နှလုံးကို ဖြတ်သန်းစီးဆင်းပြီးမှ လက်ဖဝါးပေါ် ရောက်လာတာ... လက်ဖဝါးကနေ ယန်မှန်မိုးကြိုးငါးလုံးနဲ့ လက်ငါးချောင်း အ​ဆောင်စွမ်းအင်ကို လှုပ်ရှားစေနိုင်တာ... လက်ချောင်းတွေက နေပုတီးစေ့ကို ပြန်အသက်သွင်းလိုက်ရင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီပဲ"

ချန်ရှီက ဝါးလုံးပါးပါးလေးကို ကိုင်ထားပြီး ထောက်ပြရင်း ဆက်ပြောပြသည်။

"ဒီတိုက်ခိုက်မှုမှာ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မှော်အစွမ်းနဲ့ တန်ခိုးကြီးတဲ့ မှော်အတတ်ငါးဆယ့်နှစ်ခုကို ပေါင်းစပ်ထားတာမလို့ အရမ်းအစွမ်းထက်တယ်...အဲ့ကောင်ကြီး နေပုတီးစေ့ကို အသက်သွင်းနေတဲ့ အချိန်မှာ ကြားဖြတ်နိုင်တယ်... နေပုတီးစေ့က သူ့လက်ကောက်ဝတ်က နေမီးအဆောင်ဆွဲချက်နဲ့ ဆက်နွယ်နေတာ... အဲဒါကို ဖြတ်တောက်နိုင်ရင် သူ့ရဲ့တိုက်ခိုက်မှု စွမ်းအားကို ၂၀ကနေ ၃၀% အထိ လျှော့ချနိုင်တယ်..."

ဒီစကားတွေကို ကြားသောအခါ လူကြီးလေးယောက်မှာ အံ့သြတုန်လှုပ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားကြသည်။

ဒါက တကယ်ကြီး ကလေးနှစ်ယောက် လေ့လာလိုက်နိုင်တဲ့ အရာတစ်ခုလား။

လီထျန်းချင်က လက်ရှစ်ချောင်းနှင့် ဦးခေါင်းလေးခုပါသော သို့မူ ဘုရားလောင်းရဲ့ ပုံတူကို ကိုင်ဆောင်ကာ ဝါးလုံးပါးပါးလေးနဲ့ ထောက်ပြသည်။

“ဒီသွေးကြောထဲမှာ ကြားဖြတ်နိုင်တဲ့ အချက်တွေ အများကြီး ရှိပါတယ်....စစ်ပိုင်၊ ဖူထူး၊ ရှိုဝူလီ၊ ရှိုစန်းလီ ဒီအပ်စိုက်အမှတ် နေရာတွေက မကောင်းဆိုးဝါး ဘုရားလောင်းရဲ့ နေမီးအဆောင်ဆွဲချက်ရဲ့ စွမ်းအားကို ထက်ဝက်နီးပါး လျှော့ချနိုင်တယ်”

နှစ်ယောက်သားက ဒေါသကြီးသော ဦးခေါင်း၏ ညာဖက်မျက်လုံးနှင့် လပုတီးစေ့ကို ကိုင်ထားသည့် လမင်းအဆောင်ဆွဲချက် ဖြစ်သော နောက်တစ်မျိုးဆီသို့ လျှောက်သွားကြသည်။

သူတို့နှစ်ဦးသည် ကျယ်လောင်စွာ ပြောဆိုကြပြီး လမင်းအဆောင်ဆွဲချက်ရဲ့ အဓိက နိမိတ်ပုံ အမျိုးမျိုးကို ရှင်းပြပြီးနောက် အားနည်းချက်များကို အခြေခံ၍ အားနည်းချက်များကို မည်သို့ ထိန်းထားရမည်ကို ရှင်းပြကြသည်။

ကျင်းဟုန်ရိက တိုးတိုးလေး ပြောလေသည်။

"ဒီနည်းလမ်းကို ငါတို့သာ စောစောက သိခဲ့မယ်ဆိုရင် ပထမတိုက်ပွဲမှာတည်းက နတ်ဆိုးဘုရား​လောင်းကို အနိုင်ယူနိုင်လောက်ပြီ"

ရှောင်ဝမ်စွင်း: "သားစဉ်မြေးဆက်တွေက ကြောက်ဖို့ ကောင်းလိုက်တာ"

ချန်ရှီနဲ့ လီထျန်းချင်ဟာ ဆယ်ကျော်သက် နှစ်ဦးသာ ဖြစ်သော်လည်း ၎င်းတို့သည် ရှုပ်ထွေးမှုများကို ရိုးရှင်းစေပြီး အမျိုးအစား ၄၀၀ ကျော်ကို ခွဲကာ ​နောက်တစ်ကြိမ် ထပ်ရှင်းပြသည်။ ၎င်းတို့မြင်နိုင်စေရန် လက်နက်အမျိုးအစား ရှစ်မျိုးအား ကြားဖြတ်နည်းများကို ၎င်းတို့အား တစ်ကြိမ်စီ ပြောပြခဲ့သည်။

"ငါတို့ ဒီတိုက်ပွဲကို အနိုင်ရဖို့ ၈၀% အခွင့်အလမ်း ရှိလာပြီ!"

ရှောင်ဝမ်စွင်း လှည့်ထွက်သွားပြီး "မကောင်းဆိုးဝါး ဘုရားလောင်းကို သွားရှာပြီး ဒီမကောင်းတဲ့ အသွင်ပြောင်းစွမ်းအင်ကို အဆုံးသတ်ဖို့ အချိန်တန်ပြီ!"

အဘွားရှားကလည်း သိုးဦးချို ကောင်းကင်မီးအိမ်ကို ကိုင်လျက် ပြုံးပြုံးကြီး ထွက်သွားလေသည်။

"ကလေးနှစ်ယောက်က နတ်ဆိုးတွေကို သတ်ဖို့အတွက် အများကြီး ပံ့ပိုးပေးခဲ့တယ်... ဒါကြောင့် ငါတို့ မျိုးဆက်အိုတွေကလည်း အလုပ်ကြိုးစားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး!"

ရထားလုံးပေါ် တက်ပြီးတာနဲ့ ရထားလုံးက ထွက်သွားတော့သည်။ လီကျင်းသို့က ရထားလုံးထဲမှ ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

"မင်းတို့နှစ်ယောက်... ငါတို့ရဲ့ သတင်းကောင်းကို စောင့်နေ... ပုန်းဖို့ လုံခြုံတဲ့နေရာကို အရင်ရှာထားကြ!"

လီထျန်းချင် သူတို့ထွက်သွားတာကို ကြည့်ပြီး ပြောလိုက်သည်။

"လူကြီးတွေ တိုက်တော့မယ်... ငါတို့ ဘာလုပ်သင့်လဲ"

ချန်ရှီ မျက်လုံးပြူးသွားပြီး :"ထျန်းချင်... ကျောက်မိသားစုရဲ့ စခန်းတည်နေရာကို မှတ်မိသေးလား... လူကြီးတွေက မကောင်းဆိုးဝါး ဘုရားလောင်းကို အနိုင်ရပြီးလို့ အားလုံးက မူလအခြေအနေအတိုင်း ပြန်​ရောက်သွားကြရင် ကျောက်မိသားစုက ပြည်နယ်မြို့တော်ကို ပြန်ရင် ပြစ်ဒဏ်ပေးခံရဖို့က မသေချာဘူး..."

"မင်းဘာကိုဆိုလိုတာလဲ"

ချန်ရှီက ပြုံးပြီး "နတ်ယန္တရားတပ်ရင်းရဲ့ အမြောက်တွေကို ခဏခဏ မသုံးရင် သံချေးတက်သွားတယ်မလား?"

လီထျန်းချင် အံ့အားသင့်သွားသည်။

"ကျောက်မိသားစုစခန်းကို ဗုံးကြဲဖို့ ဟုန်ယီအမြောက်တွေကို သုံးရမှာလား?"

ထိုစကားကြောင့် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

ချန်ရှီ: "ငါက ကျောက်မိသားစုထဲက ရွှေအမြုတေနယ်ပယ် သခင်က ဟုန်ယီအမြောက်ကို ခံနိုင်ရည်ရှိပါ့မလားလို့ တွေးနေတာ... "

All Chapters