အဘိုးရဲ့ သူငယ်ချင်းတွေ (၁)
Vol. 5 Ch. 69
ချန်ယန်တောင်ပေါ်မှာ ဖြစ်ပွားခဲ့သော ဘေးဒုက္ခကြီးက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ။ ချန်ရှီအတွက်လည်း ယခုရက်များအတွင်း တင်းမာနေတဲ့ ကြောက်ရွံ့မှုက လွန်စွာ ပြေလျော့သွားကာ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က မောပန်းနွမ်းနယ်နေသလို ခံစားလာရလေသည်။
အဲဒီညက ချန်ရှီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။
ညဉ့်နက်သန်းခေါင်တွင် ရုတ်တရက် နိုးလာကာ ထထိုင်လိုက်တော့ သူ့အိပ်ယာဘေးတွင် နောက်ထပ်လူ အနည်းငယ် ရှိနေတာ တွေ့လိုက်ရသည်။ သူ လန့်ဖျပ်သွားပြီး အနီးကပ် ကြည့်လိုက်တော့မှ ရှောင်ဝမ်စွင်း၊ လီကျင်းသို့တို့ ဖြစ်နေကာ သူ့အဘိုးကလည်း လက်ထဲတွင် ထီးစိမ်းကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။
လူငါးယောက်က သူ့ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး မျက်လုံးတွေက အတော်ကြာတဲ့အထိ မခွာသွားနိုင်ကြပါဘူး။
"ဒီညတော့ မဖျားဘူး"
အဘိုးအိုက ခေါင်းယမ်းကာ ထီးကိုကိုင်လျက်ပင် အပြင်သို့ ထွက်လာခဲ့သည်။ တခြားလူလေးယောက်လည်း နောင်တရစွာဖြင့် သက်ပြင်းချကာ ချန်ရှီအခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်လာခဲ့ကြသည်။
"အမြောက်ကျည်နဲ့ အသတ်ခံလိုက်ရတဲ့ လူတွေရဲ့ ဝိညာဉ်ကို အဲဒါကြီးက မစားနိုင်ဘူးလို့ မထင်ဘူးလား"
ချန်ရှီ အံ့သြသွားသည်။ သူ့အခန်းထဲကို အုပ်စုလိုက်ကြီး ရောက်လာကြတာက သူဒီည ဖျားနာနေတာ ဆိုတာကို ကြည့်ဖို့လား။
နောက်တစ်နေ့ မနက်တွင် ချန်ရှီသည် ကန့်ညောင်ကို ကန့်တော့ရန် ထွက်လာခဲ့တဲ့အခါ လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူများကို တွေ့လိုက်ရသည်။ ဤနတ်ဆိုး အသွင်ပြောင်းမှုက ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လူများစွာ သေဆုံးသွားခဲ့သော်လည်း အသက်ဆက်ရှင်ဖို့ အလုပ်ဆက်လုပ်ရမည်။
သုံးရက်မြောက်နေ့မှာတော့ ရွာတွေအားလုံး ပုံမှန် ပြန်ဖြစ်ခဲ့ပြီး ဈေးတွေတောင် ဖွင့်နေကြပါပြီ။
ချန်မိသားစုတွင် ပါးစပ်ပေါက်က ငါးခုထပ်ပိုလာသည်။ လီကျင်းသို့၊ အဘွားရှား၊ ကျင်းဟုန်ရိနဲ့ ရှောင်ဝမ်စွင်းတို့လို လူနာတွေကို ကျွေးမွေးနေရသလို ချန်ရှီကိုယ်တိုင်လည်း ဆေးသောက်ခဲ့ရရာ မကြာမီ ချန်မိသားစုမှာ စားစရာ မရှိတော့ပေ။
အဘွားရှားသည် လွန်ခဲ့သည့် တစ်ချိန်က ချန်ရှီအား သူမသားအရင်းကဲ့သို့ ပြုမူဆက်ဆံရာမှ ဝင်ငွေအနည်းငယ်မျှသာ ရှာနိုင်ခဲ့သည်။
လီကျင်းသို့သည် ချွမ်ကျိုးရှိ လီမိသားစုမှ ဆင်းသက်လာသော်လည်း သူ၏ ကြော့ရှင်းပြီး ရိုးရှင်းသော အဝတ်အစားများကိုပဲ ကြည့်နေလို့တော့ မရပေ။ သူ့တွင် ပိုက်ဆံအများကြီး မရှိချေ။ ထို့အပြင် ချန်အိမ် ယာယီနေထိုင်မှုအတွက် ပေးဆောင်ရန် ရောက်ရှိလာသောအခါတွင် မြေးအဘိုး နှစ်ဦးစလုံးမှာ တင်းတင်းကျပ်ကျပ် အနေအထားတွင် ရှိနေကြောင်း ပြသသည့် ငွေသုံးချောင်းကိုသာ ထုတ်ယူခဲ့သည်။
ရှောင်ဝမ်စွင်းဟာ ညဘက် ရထားလုံး မောင်းလာတဲ့အခါ လမ်းမှာ ငွေတစ်ထုပ်လောက် ကောက်ရတတ်တဲ့ အနေအထားကလည်း ရပ်တန့်နေ၏။ သူ့ပုံစံကို ပြန်လည် ထိန်းသိမ်းဖို့ သူ့ပိုက်ဆံတွေ ပိုကုန်လိမ့်မယ်လို့ မျှော်လင့်ရသည်။
ဤနေရာတွင် အချမ်းသာဆုံးပုဂ္ဂိုလ်မှာ လစာအလွန်မြင့်မားသော နတ်ယန္တရားစခန်းရဲ့ စစ်သံမှူး ကျင်းဟုန်ရိသာ ဖြစ်သည်။
ဒါပေမဲ့ ကျင်းဟုန်ရိဟာ ဒဏ်ရာရပြီး နောက်မှာတော့ ရွာသူလေးတစ်ယောက်လို ၀တ်စားဆင်ယင်ထားခဲ့သည်။ အရင်ကဆို အပတ်စဉ် နေ့တိုင်း ပိုက်ဆံတွေ ဖြုန်းတီးနေခဲ့ပြီး လိုအပ်တဲ့အခါ စားလိုက်သွားလိုက်ပင်။
သူတို့နဲ့ ချန်ရှီ နေ့တိုင်းသုံးရတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက ငွေတုံးနှစ်ဆယ်ကျော် တန်ဖိုးရှိသည်။ အခု မိသားစုက ထမင်းအိုးဖွင့်ဖို့တောင် အရမ်းဆင်းရဲနေတော့ ချန်ရှီလည်း သူ့အခန်းထဲက လိပ်ခွံကို စျေးထဲမှာ သွားရောင်းဖို့ စဉ်းစားရတော့သည်။
တောင်တန်းအရှင်ဘုံကျောင်းကို သန့်ရှင်းရေး လုပ်တုန်းက လိပ်ခွံကို တွေ့တော့ အံ့သြသွားခဲ့သေးသည်။ ခက်ခဲနေတဲ့အချိန် ရောင်းစားနိုင်မယ်လို့လည်း သူထင်ခဲ့၏။ အဘိုးလည်း ဆေးဖက်ဝင် ပစ္စည်းများဝယ်ရန် အပြင်ထွက်ချင်သောကြောင့် ချန်ရှီကိုလည်း သူနှင့်အတူ ခေါ်လာခဲ့လိုက်သည်။
ချန်ရှီက လိပ်ခွံကို ကောက်ယူပြီး လှည်းပေါ် တင်လိုက်သည်။ ဟေးကော်ကတော့ ထုံးစံအတိုင်း လှည့်အရှေ့ကနေ ဦးဆောင်ကာ ထွက်သွားလေသည်။ ချန်ရှီ သူ့အဘိုးရဲ့ ထီးကြီးကို မကြာခဏ လှည့်ကြည့်နေမိသည်။ ထူးဆန်းသည်။ နတ်ဆိုး အသွင်ပြောင်းမှု ပြီးဆုံးချိန်မှစ၍ သူ့အဘိုးသည် ဤထီးကိုသာ ကိုင်ဆောင်ထားခဲ့ပြီး ဘယ်သောအခါမှလည်း မပိတ်ခဲ့ပေ။
ညဘက်၌ပင် ထီးကို ကိုင်ဆောင်ထားဆဲ။
ချန်ရှီသည် မနေ့ညက အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်သည် သူတို့ရွာသို့ အကြောင်းတစ်ခုခုကြောင့် ရောက်လာပြီး သူတို့အိမ်အပြင်တွင် ရပ်နေခဲ့ကာ မိုးလင်းမှ ထွက်သွားလိုက်ကြောင်းလည်း တွေ့ခဲ့သည်။
ချန်ရှီ: "ဟေးကော်... အဘိုးနဲ့ အဲ့ဆန်းကြယ်ဝိညာဥ်က နည်းနည်း ထူးဆန်းတာကို သတိထားမိလား"
ဟေးကော်က တုံ့ဆိုင်းနေပြီး ဘာမှ မပြောဝံ့ပေ။ သစ်သားလှည်းသည် စတင်ရွေ့လျားကာ ချောင်ဝမ်မြို့ဆီသို့ မောင်းနှင်သွားခဲ့သည်။
ကပ်ဘေးပြီးနောက် ချောင်ဝမ်မြို့သည် အလွန်အသက် ဝင်နေသေးသော်လည်း အိမ်ခြေကရာဂဏန်းမျှသာ ရှိတော့သည်။ သို့သော် အလွန်ချမ်းသာကြပြီး ရှင်းရှန်ခရိုင်မြို့သို့ သွားရာ တစ်ခုတည်းသော လမ်းပေါ်တွင် တည်ရှိသည်။ အရှေ့ဘက် မိုင်သုံးဆယ် အကွာတွင်တော့ ရှင်းရှန်ခရိုင်ရှိကာ အရှေ့မြောက်ဘက် သုံးဆယ့်နှစ်မိုင်အကွာမှာ ရေနွားခရိုင် ဖြစ်သောကြောင့် ခရိုင်နှစ်ခုကြား ခရီးသွားသူများက ဤနေရာတွင် အခြေချ နေထိုင်တတ်ကြ၏။
ချောင်ဝမ်မြို့တွင် အများဆုံး တွေ့ရသော လူများသည် တောင်ပေါ်မှ ဆင်းလာကြသော လူများဖြစ်ကြပြီး အသက်၄၀မှ ငါးဆယ် အတွင်းရှိသော ယောက်ျားမိန်းမများ ဖြစ်သည်။ အကုန်လုံး ချွေးတွေရွှဲနေကြကာ ကျင်တစ်ရာကျော် ပစ္စည်းများကိုလည်း သယ်လာကြသေးသည်။
သူတို့သည် ချောင်ဝမ်မြို့၌ ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ခဏချကာ လက်ဖက်ရည်တစ်ပန်းကန်ကို အမောပြေ သောက်ကာ တောင်ပေါ်က သယ်လာသော ပစ္စည်းများကို ကောက်ယူပြီး မိုင်သုံးဆယ်အကွာက ခရိုင်ရုံးသို့ ခရီးဆက်ထွက်ကြသည်။
ငွေတစ်ပြားတစ်ချပ် ရရှိရန် တစ်ရက်လျှင် တစ်ကြိမ် အပြန်ပြန်အလှန်လှန် သွားလာနေရသည်။
အန္တရာယ်ရှိသော ချောင်းများ၊ အန္တရာယ်များသော တံတားများ၊ ချောက်ကမ်းပါးများ၊ တောရိုင်းတိရိစ္ဆာန်များနှင့် ကြုံတွေ့ရပြီး တစ်ခါတစ်ရံ အသက်ကိုပါ ဆုံးရှုံးရတတ်သည်။
ဒါပေမဲ့ ဒါက သာမန်ပြည်သူတွေရဲ့ ဘဝပါပဲ။ မျိုးရိုး အစဉ်အဆက် ဒီအတိုင်းသာ ဖြစ်ခဲ့သည်။ ကပ်ဘေးပြီးပြီးချင်းမှာ မိသားစုတော်တော်များများ ပိုက်ဆံပြတ်သွားတဲ့အတွက် ငွေနဲ့လဲဖို့ တောင်ပေါ်ကို တက်ပြီး အမဲလိုင်ကာ မြို့ပေါ်ကို တက်သွားကြသည်။
ဒါကိုမြင်တော့ ချန်ရှီမှာ လီရှောင်တင် သူ့ကို မက်မွန်ပွင့်အဆောင်စာရွက် ဆွဲဖို့ ငွေငါးဆယ် ပေးခိုင်းတုန်းကလည်း တစ်ခုခုမှားနေတယ်လို့ ခံစားခဲ့မိပေမယ့် ဘယ်နေရာက ဘာတွေမှားနေလဲတော့ မပြောနိုင်ခဲ့ပါဘူး။
အဘိုးက မြို့ထဲက ဆေးဆိုင်ကို အရင်သွားလေသည်။ ချန်ရှီက ဈေးမှာ ဆိုင်ဖွင့်ဖို့ ကြံစည်ခဲ့ပေမယ့် သူရောက်လာတာ နောက်ကျသွားတော့ ဈေးဆိုင်တွေက လမ်းမပေါ်မှာ ကြိတ်ကြိတ်တိုးနေချေပြီ။ သို့သော် သူ လာနေတာကို တွေ့တော့ ရွာသားတွေက ကမန်းကတန်း ညှစ်ထည့်၍ နေရာတစ်ခု ပေးလေ၏။
ဒီကိုလာပြီး ရောင်းဝယ်ကြတဲ့သူတွေ အားလုံးက ကျေးရွာအနှံ့အပြာက ရွာသူရွာသားတွေ ဖြစ်ပြီး အားလုံးက ရင်းနှီးပြီးသားဖြစ်ကာ ချန်ရှီကိုလည်း မှတ်မိကြပါသည်။ ချန်ရှီလည်း သူတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်းပြောပြီး သူ့ရဲ့လိပ်ခွံကို ချကာ တစ်ယောက်ယောက် လာဝယ်မှာကို စောင့်ဆိုင်းနေခဲ့သည်။
"လိပ်ခွံက အကြီးကြီးပဲ... မင်း ဒီခွေးကိုရော ရောင်းနေတာလား"
ဖြတ်သွားတဲ့ အပြင်လူတစ်ယောက်က ဟေးကော်ကိုမြင်တော့ သဘောတကျဖြင့် မေးလေ၏။
"ကျွန်တော် မရောင်းပါဘူး!"
"သနားစရာပဲ... သူ့ကိုသာ သတ်ပစ်လိုက်ရင် ခွေးမည်းသွေးတွေ အများကြီး ရနိုင်တယ်"
အနှီအဆောင်ဆွဲ တာအိုဆရာက ခေါင်းယမ်းကာ အခြားဆိုင်များကို ဆက်ကြည့်သည်။
ချောင်ဝမ်မြို့က ဈေးမှာ ကျင့်ကြံသူတွေ တော်တော်များများက ဖြတ်သွားဖြတ်လာရှိကာ စျေးသက်သက်သာသာနဲ့ ဝယ်လေ့ရှိသည်။ ချန်ရှီ ခဏစောင့်ပြီးနောက် အစောက တာအိုဆရာက ပြန်လှည့်လာပြန်၏။
"မင်းရဲ့ခွေးကို ငွေဆယ်ချောင်းနဲ့ ဝယ်မယ်လေ... ဘယ်လိုလဲ"
ချန်ရှီ ခေါင်းခါလိုက်ပြီး "ခွေးက ရောင်းလို့မရဘူး"
တာအိုဆရာကြီးသည် နှလုံးသားထဲကနေ ပြင်းစွာ နာကျင်နေသကဲ့သို့ သွားများကို အံကြိတ်ကာ ဆိုလာသည်။
"နောက်ထပ် နှစ်စ ထပ်ပေါင်းပေးမယ်... ငွေဆယ့်နှစ်ချောင်း... ဒီလိပ်ခွံအတွက်လည်း ငါပေးပါ့မယ်"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ရွာသားများက ချန်ရှီကို မနာလိုစွာ ကြည့်နေကြလေသည်။ ကျေးလက်က ခွေးတွေက တန်ကြေးမရှိချေ။ ငွေ၁၂စက ဆယ်နှစ်ကောင်လောက်ကို ဝယ်လို့ ရနေပြီ။
ချန်ရှီနှလုံးက အနည်းငယ် လှုပ်သွားသော်လည်း ခေါင်းယမ်းနေဆဲ။
"ခွေးမရောင်းဘူး... လိပ်ခွံပဲ ရောင်းမယ်"
တာအိုဆရာက အံကြိတ်ပြီး “ဒီခွေးကို ငါအရမ်းကြိုက်တယ်...ဒါဆို မင်းကို နောက်ထပ် ငွေသုံးစ ထပ်ပေါင်းပေးမယ်ကွာ... ဒီခွေးနဲ့ ဒီလိပ်ခွံကို ငါဝယ်မယ်.... ငါက တာအိုဆရာပါ... ခွေးနက်သွေးက အရမ်းလိုအပ်တယ် လိပ်ခွံကို အပိုပေးရင်ရော??"
“ရောင်းလိုက်... ရောင်းလိုက်” ဟု အနီးနားရှိ ရွာသားများက အားပေးကြသည်။
ချန်ရှီ ခေါင်းခါလိုက်ပြီး "ခွေးက ရောင်းလို့ မရဘူး"
တာအိုဆရာလည်း ဝမ်းနည်းစွာ ထွက်ခွာသွားတော့သည်။ ဟေးကော်ကို ပြန်လှည့်ကြည့်ကာ ခြေတစ်လှမ်းလျှောက်ရင် သက်ပြင်းတစ်ခါ ချနေမိ၏။
ချန်ရှီ သံသယနဲ့ တိုးတိုးလေး ပြောလိုက်သည်။
"ဟေးကော်... ငါကတော့ သူ မင်းကို မဝယ်ချင်ဘူး....လိပ်ကို ဝယ်ချင်နေတာလို့ ထင်တယ်"
ဟေးကော် တုံ့ဆိုင်းနေပြီး အမြီးတောင် မလှုပ်ပြချင်တော့ပေ။ သူကသာ အရမ်းတန်ဖိုးရှိတယ်ဆိုတာ အသိသာကြီး မဟုတ်ဘူးလား။ ဒီစုတ်ပြတ်နေတဲ့ ဒီလိပ်ခွံက ဘာကောင်းလို့လဲ။ ကိုက်လို့တောင် မရဘူး။
ခဏကြာတော့ မြို့ထဲက ၀တ်ကောင်းစားလှ ဝတ်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ချန်ရှီရဲ့ ဈေးဆိုင်လေးကို လာကြည့်ကာ ဟေးကော်ကို ဝယ်မယ်၊ လိပ်ခွံတစ်ကောင်ကို လက်ဆောင်ပေးဖို့ တောင်းဆိုလေသည်။ ချန်ရှီ ဒီလူရဲ့အကြံအစည်က သူ့အတွေးနဲ့တူကြောင်း ပိုသေချာလာကာ ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။
လူအများအပြား ရောက်လာပြီး လိပ်ခွံကိုသာ စိုက်ကြည့်နေကြသည်။ ဟေးကော်ဈေးသည် တဖြည်းဖြည်း မြင့်တက်လာကာ မကြာမီတွင် ငွေ၂၄ ချောင်းအထိ မြင့်တက်လာခဲ့သည်။ ခွေးဝယ်ချင်တယ်လို့ ဆိုကာ လိပ်ခွံကို ဈေးတစ်ဝက်နဲ့ ရောင်းခိုင်းသူတွေချည်းပင်။
"ဒီလိပ်ခွံက တကယ်ကို အံ့သြစရာကောင်းတဲ့ ရတနာတစ်ခုများလား?"
ချန်ရှီ ပိုလို့တောင် စိတ်ရှုပ်သွားသည်။ လိပ်ခွံသည် ကျင်တစ်ရာကျော် အလေးချိန်ရှိပြီး အလွန်လေးသည်။ ချန်ရှီ လက်သီးနဲ့ ထိုးကြည့်လိုက်တဲ့အခါ ရွှေနှင့်ကျောက်လို အသံထွက်လာသည်။ အလင်းတန်းတွေ ဖိတ်စင်သွားသော်လည်း လိပ်ခွံမှာ လုံးဝကွဲမသွားပေ။
သူသည် သူတော်စင် သန္ဓေသားလောင်း၏ ခန္ဓာကိုယ်ကို သန့်စင်ရန် နေ့တိုင်း အံအားသင့်စွာ လေ့ကျင့်ခဲ့သော်လည်း ဒီလိပ်ခွံကိုတော့ မချိုးဖျက်နိုင်ခဲ့ပေ။
သူသည် လိပ်ခွံ၏ ကန့်သတ်ချက်များကို စမ်းသပ်ရန် အကြိမ်အနည်းငယ် ထပ်မံ၍ ထိုးနှက်ကြည့်ရင် စီစဉ်နေချိန်တွင် အသံတစ်သံက ရယ်သံစွတ်လျက် ထွက်လာ၏။
"မထိုးနဲ့တော့... တကယ်ချိုးလိုက်ရင် လိပ်ခွံက တန်ဖိုးမရှိတော့ဘူး"
ချန်ရှီ မျှော်ကြည့်လိုက်တော့ စာပေ ပညာရှင်တစ်ယောက် သူ့ဆိုင်ကို လာနေတာကို တွေ့လိုက်ရသည်။ မျက်နှာအသွင်အပြင်က ပြေပြစ်သည်။ နဖူးက မြင့်မားပြီး ပြည့်စုံသည်။ ၎င်းသည် သူရဲကောင်းဆန်သော အငွေ့အသက်နဲ့လည်း ပြည့်နေ၏။
"ဒီလူက သံချပ်ကာမြင်းအဆောင်လက်ဖွဲ့တွေသုံးပြီး လမ်းလျှောက်နေတာပဲ... သူ့ခြေထောက်တွေက မြေကြီးနဲ့မထိဘူး သူ့ဖိနပ်တွေကလည်း ဖုန်တောင် မတင်ဘူး....ပြီးတော့ လူချမ်းသာတစ်ယောက်...."
ချန်ရှီကိုယ်တိုင်ကလည်း အဆောင်ဆွဲ တာအိုဆရာလည်းဖြစ်ပေမဲ့ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့က သုံးရတာ ခဲယဉ်းလှသည်။ ချန်ရှီတောင် သေရေးရှင်ရေး အခြေအနေမှသာ သုံးဖြစ်၏။
ဤသူသည် မြို့ထဲမှလာတာ ဖြစ်ပေမယ့် သူ့ဖိနပ်က ဖုန်မှုန့်ကင်းစင်ကာ သူ့ရဲ့ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့နဲ့ လမ်းလျှောက်နေကာ ခြေဖဝါးမှာ မြေကြီးနှင့်ပင် မထိပေ။ သေချာပေါက် သူဌေးဖြစ်ရမည်။
"ဒီကလူကြီးက လိပ်ခွံရဲ့ တန်ဖိုးကို သိလား?"
ချန်ရှီက မေးတော့ အစိမ်းရောင် အ၀တ်အစား ဝတ်ထားတဲ့ စာပေ ပညာရှင်က ပြုံးပြီးပြောပြသည်။
“အနှစ်တစ်ရာ အသက်ရှင်တဲ့လိပ်ကို အောင် လို့ခေါ်တယ်.. အနှစ်တစ်ထောင် အသက်ရှင်တဲ့ လိပ်ကို ပိရှိလို့ခေါ်တယ် အနှစ်ငါးထောင် အသက်ရှင်တဲ့လိပ်ကို ပါ့ရှလို့ခေါ်တယ် ပြီးတော့ နှစ်တစ်သောင်းကျော် ကြာအောင် ရှင်သန်နေထိုင်ခဲ့တဲ့ လိပ်ကိုကျတော့ ရွှမ်ဝူလို့ ခေါ်တယ်... အောင်ရဲ့အခွံက လေးပေကျယ်ပြီး ပိရှိရဲ့ အခွံသည် အကျယ်ငါးပေ၊ ပါ့ရှရဲ့အခွံက ခုနစ်ပေကျယ်ပေမယ့် သာမန်လိပ် အများစုကတော့ အဲ့ထက်ကြာအောင် အသက်မရှင်နိုင်ဘူး... အမွှေးတိုင်မှာ ပါတဲ့ ထူးကဲတဲ့ စွမ်းအားကို စုပ်ယူပြီး နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တယ်..."
ချန်ရှီ လိပ်ခွံကို အကြမ်းဖျင်း တိုင်းတာကြည့်ရာ ခြောက်ပေကျော်ခန့် ရှိလေသည်။ အဝတ်စိမ်းဝတ် ပညာရှင်က သံပေတံကိုယူပြီး ဂရုတစိုက်တိုင်းတာကြည့်သည်။
"ဒီလိပ်ခွံက ခြောက်ပေခွဲလောက် ကျယ်တယ်"
မြို့တော်မှ နောက်ထပ် တာအိုဆရာ အချို့ကပါ ရောက်လာပြီး တစ်ယောက်က ဝင်ပြောလေသည်။
"ဒီလိပ်ခွံက ပိရှိရဲ့ လိပ်ခွံဖြစ်မယ်...ပါ့ရှာကို မရောက်သေးဘူး အလွန်ဆုံး အသက်တစ်ထောင်ကျော်လိမ့်မယ်"
အစိမ်းရောင်ဝတ် စာပေ ပညာရှင်က ခေါင်းခါပြီး ရေရွတ်လေ၏။
“ပိရှိရဲ့ အကျယ်က ငါးပေ.... ပါ့ရှရဲ့ အကျယ်က ခုနစ်ပေ ရှိတယ်... ဒါက လိပ်တွေက အသက်ကြီးလာတာနဲ့ အမျှ ကြီးထွားတာလည်း နှေးလာကြတယ်... ဒီလိပ်က အနည်းဆုံး နှစ်တစ်ထောင်လောက် အသက်ရှင်ထားတယ်... မွှေးပျံ့တဲ့အခွံ၊ ထူးခြားတဲ့စွမ်းအားကို နှစ်ပေါင်းနှစ်ထောင်ကျော် ကြာအောင် ထိန်းထားနိုင်ခဲ့ပြီး အရမ်း ခိုင်မာတဲ့ ဒီရတနာမျိုးကို ဆေးဝါး ဒါမှမဟုတ် ရတနာအဖြစ် သန့်စင်နိုင်မယ်... လိပ်ခွံက သေပြီးရင် ဘယ်လောက် တန်မလဲ မပြောနိုင်ပေမယ့် ငွေချောင်း တစ်ထောင်လောက်ကတော့ တန်မှာပဲ...."
ချန်ရှီအတွက် ငွေတစ်ထောင်က စိတ်ကူးသာယဥ်နိုင်တဲ့ အရေအတွက် ဖြစ်သည်။ ကျင်းဟုန်ရိတို့လို ဆင်းရဲလူနာများကို ကုသရန် လုံလောက်ပြီး ကျန်ငွေများကို သူ့အဖိုးကို ထောက်ပံ့ရန် အသုံးပြုနိုင်သည့်အပြင် ကျေးလက်မှာလည်း မိန်းမတွေ အများကြီးကို လက်ထပ်ပစ်နိုင်သည်။
"ငွေတစ်ထောင်"
တာအိုဆရာများ အားလုံးက ခေါင်းယမ်းကာ လှည့်ထွက်သွားကြသည်။
"ဒီငွေက ရှာရင်တောင် အများကြီး မရှာနိုင်ဘူး... ဒါတင်မကဘူး ဘယ်သူက ဘာမှလုပ်စရာ မရှိဘဲ ငွေတစ်ထောင်ကို ကိုယ်နဲ့မကွာ သယ်သွားမှာလဲ"
အစိမ်းရောင်ဝတ် စာပေ ပညာရှင်ဟာ သူ့လက်စွပ်ထဲမှ ငွေစက္ကူ အရွက် တစ်ရာကို ထုတ်ယူပြီး ချန်ရှီလက်ထဲ ပေးခါနီးတွင် နောက်တစ်ယောက်က ထပ်ရောက်လာ၏။
"ကောင်းပြီ... ငါငွေနှစ်ထောင် ပေးမယ်!"
ချန်ရှီ ထိုဧည့်သည်ကို ကြည့်လိုက်သောအခါ ၎င်းက ပုပုဝဝ လူတစ်ယောက် ဖြစ်ပြီး တြိဂံလို မျက်လုံး၊ ချွန်ထက်သော နှာတံနှင့် ကောက်ကျစ်သော အမူအရာတို့ဖြင့် ပြုံးပြနေသည်။
“ငါ့မှာ ငွေစက္ကူအရွက် နှစ်ရာပဲ ရှိတယ်... ညီလေး ငါ့အိမ်က သိပ်မဝေးပါဘူး... အိမ်မှာ လိုက်ယူမလား?"
စာပေ ပညာရှင်ရဲ့ မျက်နှာအရောင်လည်း ရုတ်တရက် ပြောင်းလဲသွားသည်။
"ဘယ်ကလာတဲ့ ကောင်လဲ... ငါ့ရှေ့မှာ လေလာတိုက်ပြီး မျက်စိရှုပ်အောင် မလုပ်နဲ့ ထွက်သွားစမ်း!"
ပုပုဝဝ လူရဲ့ မျက်နှာလေးလည်း နီရဲသွားသည်။
"ငါ မင်းကို စျေးပိုပေးခဲ့တယ်နော်... ဒါပေမဲ့ မင်းဘာသာ သူ့ကို အတင်းရောင်းလိုက်တာ! မိုးကြိုးပစ်ခံရမယ် သတိထားနေ!"
ထိုပုပုဝဝက ကျိန်ဆဲရင်း လူအုပ်ထဲ ပြေးဝင်သွားတော့သည်။ စာပေ ပညာရှင်က အဲဒီလူ ဝေးဝေးရောက်သွားတဲ့အထိ စောင့်ဆိုင်းပြီးနောက် ချန်ရှီဘက်ကို လှည့်ပြောလိုက်၏။
"အဲဒီလူက မကောင်းတဲ့ အကြံတွေ ရှိတယ်... သူကမင်းကို ငွေနှစ်ထောင် ပေးမယ်လို့ ပြောပြီး ပိုက်ဆံ အများကြီး မယူခဲ့ဘူးလို့လည်း ပြောပြန်တယ်...မင်းသာ သူနဲ့အတူ လိုက်သွားပြီးတော့ မြို့ပြင်ရောက်တာနဲ့ အသတ်ခံရမှာ ကျိန်းသေပေါက်ပဲ...ငါ ဒီလိုမျိုးကိစ္စကို အကြိမ်ပေါင်းမနည်း ကြုံဖူးတဲ့လို့ သူ့ကို ကြိမ်းမောင်းလိုက်တာ...."
ချန်ရှီ မျက်လုံးများ တောက်ပလာပြီး အသက်ရှုမြန်လာသည်။
"ဒီလောက်စျေးပေါတဲ့ ပစ္စည်းလည်း ရှိသေးတယ်လား "
အစိမ်းရောင်ဝတ် ပညာရှင်က အံ့သြသွားပြီး ချန်ရှီ ဘာကြောင့် ရုတ်တရက် စျေးပေါတယ်လို့ သုံးနှုန်းလိုက်သလဲ နားမလည်လိုက်။
ချန်ရှီကတော့ သူ ထိုလူကို သဘောတူခဲ့လျှင် ငွေနှစ်ရာကိုလည်းရ၊ ပြီးတော့ လိပ်ခွံကိုလည်း ရောင်းရနိုင်သေးတယ် ဆိုပြီး တွေးနေ၏။ ဒါက ဈေးပေါတဲ့ ကိစ္စပဲ မဟုတ်ပါလား။
ချန်ရှီ ငွေကို လက်ခံလိုက်သည်။
"ဒီလိပ်ခွံက ခင်ဗျားပိုင်တယ်... ဒါပေမဲ့ ခင်ဗျား သတိထားရမယ်နော်... သူ ကျွန်တော့်ဆီက မလုယက်နိုင်ရင် ခင်ဗျားဆီကို သေချာပေါက် လာလုယက်လိမ့်မယ်"
ပညာရှင်က ပြုံးပြီး "လိပ်ခွံကို ငါ့လက်ကနေ လုယူဖို့ဆိုတာ မလွယ်ပါဘူး ဒါပေမဲ့ မင်းလက်ထဲက ငွေတစ်ထောင်ကို တစ်စုံတစ်ယောက်က လှမ်းကြည့်နေမလားလို့ အာမခံချက် မရှိဘူးနော်... မင်း ပိုသတိထားရမယ်"
ချန်ရှီ တစ်ဖက်လူကို သဘောကျလာသည်။
"ကျွန်တော့်နာမည် ချန်ရှီ... နာမည်ပြောင်က တစ်ဆယ်လေး... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"
"ရှင်းရှန်က ရှောက်ကျင်..."
အစိမ်းရောင် အဝတ်အစား ဝတ်ထားတဲ့ ပညာရှင်က ပြုံးပြီး "မင်း ခရိုင်ရုံးကို သွားမယ်ဆိုရင် ကျွီရှန်းအဆောက်အအုံကို သွားပြီး ငါ့နာမည်ကို သတင်းပို့လို့ရတယ်... အဲဒါ ငါ့မိသားစုပိုင်တယ်"
ရှောက်ကျင်က လက်ခုပ်တီးလိုက်တော့ သန်မာတဲ့ လူနှစ်ယောက် လူအုပ်ထဲက ထွက်လာပြီး လိပ်ခွံကို သယ်ဖို့ အတူတူ လုပ်ဆောင်ကြသည်။
ရှောက်ကျင်က ပြုံးပြီး :"စကားမစပ် ချန်ရှီ မင်း ဒီလိပ်ခွံကို ဘယ်ဘုရားကျောင်းက ရခဲ့တာလဲဆိုတာ ပြောပြနိုင်မလား"
ချန်ရှီ အပြုံးလေးနဲ့ ခေါင်းယမ်းလိုက်သည်။
ရှောက်ကျင်လည်း သဘောပေါက်သွားပြီး "ငါ့ကို မပြောချင်လည်း ကိစ္စ မရှိပါဘူး... တခြားတစ်ခုခု ထပ်ရှာတွေ့ရင် ကျွီရှန်းအဆောက်အအုံကို ယူလာလို့ ရတယ်နော်"
ပြောပြီးနောက် လူသုံးယောက် ထွက်သွားသည်။
ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားပြီး လိပ်ခွံနှင့် တွဲလျက် တွေ့ရသော ကျောက်သေတ္တာကို သတိရသွားမိသည်။ ကျောက်သေတ္တာကို သူ့ကုတင်အောက်တွင် ထားခဲ့ပြီး မထိခိုက်သွားသေးချေ။
ကျောက်သေတ္တာက ရတနာတစ်ခုလား။
ဒါပေမဲ့ အဲဒီကျောက်သေတ္တာက အရမ်းမာတယ်လေ။ ဘယ်လိုဖွင့်ရမလဲ။
မကြာခင် အဘိုးက ဆေးဝယ်ပြီး ပြန်ရောက်လာသည်။
“ဘယ်လောက်ရလဲ”
ချန်ရှီ အမှန်အတိုင်း ပြောပြလိုက်သည်။ အဘိုးလည်း အံ့အားသင့်သွားပြီး။
"ဒီရှောက်ကျင်က စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပါ...သူ မင်းဆီက များများစားစား မရသွားပါဘူး... ဒီလိပ်ခွံမှာ ပုလဲ နှစ်ဆယ့်လေးလုံး ရှိတယ် သူ့သက်တမ်းတစ်လျှောက်လုံးမှာ လိပ်ရဲ့ ဝိညာဉ်စွမ်းအားတွေ ပါ၀င်ထားတော့ သန့်စင်ပြီး သုံးနိုင်တယ်... ပုလဲတစ်လုံးကို ငွေစတစ်ရာ... ၂၄ လုံးဆို ၂၄၀၀ရမှာ... မင်းလိပ်ကို ရိုက်ချိုးမလို့လုပ်တော့ သူတားတယ်မလား... လိပ်ခွံကို ချိုးလိုက်လို့ ပုလဲတွေထွက်လာရင် အပြင် ဈေးက သဘာဝကျကျ ပိုမြင့်သွားလိမ့်မယ်....”
ချန်ရှီ လန့်သွားပြီး ရှောက်ကျင်ကို ပိတ်ကန်ဖို့ လိုက်ရှာချင်သွားသည်။
"မင်း ရလိုက်တဲ့ ငွေချောင်းတစ်ထောင်ကလည်း တော်တော်များပါတယ်... လိပ်ခွံကို ခရိုင်မြို့ကို ပြန်ယူသွားပြီ... အဲဒီရတနာကို သိမ်းဖို့ လမ်းမှာ တစ်ယောက်ယောက်က ကြားဖြတ်ယူမှာပဲ... သူအဲဒါအတွက်တော့ အန္တရာယ်ကို ခံနိုင်ရည်ရှိဖို့ လိုတယ်"
အဘိုးက ဝယ်ထားတဲ့ ဆေးပစ္စည်းတွေကို လှည်းပေါ်ပစ်တင်ပြီး ဆိုလိုက်သည်။
"လှည်းပေါ်တက်... ဆေးဝယ်ဖို့ ခရိုင်မြို့ကို ဆက်သွားကြစို့... ဒီမြို့ထဲမှာ ဆေးပစ္စည်းတွေ မလုံမလောက် မရှိဘူး"
ချန်ရှီ လှည်းပေါ် တက်သွားပြီးနောက် ဟေးကော်က သူ့အလုပ်ကို ဆက်လုပ်သည်။ လှည်းကလေးက ရှင်းရှန်ခရိုင်သို့ ချောမွေ့စွာ မောင်းနှင်သွားခဲ့သည်။
နေ့ခင်းပိုင်းတွင် သူတို့ ရှင်းရှန်ခရိုင်သို့ ရောက်သွားခဲ့သည်။ ခရိုင်မြို့က နတ်ဆိုးနယ်မြေဆီက သက်ရောက်မှု မရှိခဲ့ပေ။ အဘိုး ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူနေချိန် ချန်ရှီ အပြင်မှယ စောင့်ဆိုင်းနေ၏။ ခဏအတွင်း လှည်းထဲတွင် ဆေးဖက်ဝင်ပစ္စည်းများ ပြည့်သွားသည်။
"ရှင်းရှန်မြို့ရဲ့ ဆင်ခြေဖုံးအရပ်တွေမှာ သူငယ်ချင်းနည်းနည်း ရှိသေးတယ်... သူတို့ကို တွေ့ဖို့ ခေါ်သွားပေးမယ်..."
လှည်းပေါ်မှာ အဘိုးက ဆက်ပြောသည်။
"ရှီလေး.. ဒီဆေးစာကို မှတ်ထား ဒါက မင်းရဲ့ရောဂါအတွက် ဆေးစာပဲ မင်း အဲဒါကို အလွတ်ကျက်ထားရမယ်... မမေ့ရဘူး"
ချန်ရှီ ဆေးညွှန်းကို အလွတ်ကျက်လိုက်ပြီးနောက် အရမ်းသိချင်တာကိုလည်း တွေးလိုက်သေးသည်။
'အဘိုးရဲ့ သူငယ်ချင်းလား? အဘိုးက ရှောင်ဝမ်စွင်း၊ အဘွားရှားတို့ကိုတောင် သူငယ်ချင်းလို့ မခေါ်ဘူး... ခရိုင်ရဲ့ ဆင်ခြေဖုံးမှာ ဘယ်လိုသူငယ်ချင်းတွေ ရှိနိုင်မှာလဲ... အဘိုး ပြောတာကို တစ်ခါမှလည်း မကြားဖူးဘူး..'
နောက်ကျနေမှ ခရိုင်၏အစွန်ဘက်ရှိ ယိုချိုက်ရွာသို့ ရောက်လာခဲ့ကြသည်။ ထိုရွာက မုဒုံပန်းများကြောင့် အလွန် နာမည်ကြီးသည်။
မုဒုံပန်းများ ပွင့်သည့်အခါတိုင်း တောင်တန်းများနှင့် လွင်ပြင်များသည် တောက်ပသော အဝါရောင်ပန်းပွင့်များဖြင့်သာ ဖုံးလွှမ်းနေသဖြင့် လမ်းကြောင်းရှာရန် မဖြစ်နိုင်သလောက်ပင်။ ရှင်းရှန်မြို့နဲ့ အနီးနားရွာ၊ ခရိုင်များမှ လူများသည် မုဒုံပန်းများကို ခံစားကြည့်ရှုရန် လာရောက်တတ်ကြသည်။
ချန်ရှီတို့ ရောက်လာကြတော့ မုဒုံပန်းများက မှိန်ဖျော့သွားကာ လယ်ကွင်းများတွင် စိမ်းစိုသော စပါးစေ့များဖြင့်သာ ပြည့်နေသည်။ ကောင်းကင်ကြီးက နီရဲပြီး နေမျက်လုံးတွေကို မှိတ်ထားလိုက်ပြီ။
လမျက်လုံးက ဖွင့်တော့မည်။
ရွာသားများ၏ အကြည့်အောက်တွင် သစ်သားလှည်းသည် ရွာကိုဖြတ်၍ ရွာအပြင်ဘက်က သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ စွန့်ပစ်ထားသော အိမ်ရှေ့တွင် ရပ်သွားသည်။ ကောင်းကင်၌ မီးပင်လယ်ကြီး ငြိမ်းသွားကာ လသည် မိုးမခသစ်ရွက်ကဲ့သို့ လခြမ်းကို ပွင့်စေပြီး ဖြည်းညှင်းစွာ ပြေလျော့ကာ လုံးဝန်းလာသည်။
"သူတို့ သရဲခြောက်တဲ့အိမ်ဆီ သွားနေတာ!"
"အဲဒီမှာ နတ်ဆိုးတွေက အရမ်းရက်စက်တယ်လေ...သူတ်ု့ သေလမ်းကို ရှာနေတာလား!"
ဒါကိုကြားတော့ ချန်ရှီလည်း တုန်လှုပ်သွားသည်။
'အဘိုးရဲ့ သူငယ်ချင်းက ရှဲ့ ဆွေ့လား? အဘိုးက သူ့ပုံစံအမှန်ကို ပြတော့မှာလား... ခဏနေဦး ငါ့အဘိုးက ရှဲ့ ဆွေ့ဆိုရင် ငါလည်း အဲ့လိုပဲလား? ငါ့ပုံစံအမှန်ကရော ပေါ်လာတော့မှာများလား?"
အမှတ်မထင်ဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ သူသည် အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်သည် လယ်ကွင်းအလယ်တွင် ရပ်ကာ သူတို့ကို အဝေးကနေ လှမ်းကြည့်နေတာ တွေ့လိုက်ရသည်။