ခင်ဗျားရဲ့အရွယ်အစားကိုကျုပ်မှ မသိတာ
Vol. 3 Ch. 30
စစ်ထူယန်၏မျက်နှာသည် လေးနက်သွားပြီး ချိုးဝူယဲ့ ၏သစ်သားဓား ကိုသတိထား၍စူးစိုက်ကြည့်လိုက်သည်။ ဤသစ်သားဓားလေးမှ သူ့လိုထိပ်တန်းသိုင်းသမားကိုပင် ရှိန်စေလောက်သည့် အေးစက်စက်ဖြင့်ထက်ရှသောအရှိန်အဝါများထွက်ပေါ်နေခဲ့သည်။ မက်မွန်သားဖြင့်ပြုလုပ်ထားသော်ငှား ထိုသစ်သားဓားလေးမှာ အရာအားလုံးကို ပိုင်းဖြတ်သွားနိုင်သည့်နှယ်ပင်။
ချိုးဝူယဲ့ ဓားဖျားအားသပ်ချလိုက်သည်။ ထို့နောက်လေပေါ်သို့ခုန်လိုက်ပြီး ခန္ဓာကိုယ်အားတစ်ပတ် လည်ကာဓားတစ်ချက်ဝေ့ရမ်းလိုက်သည်။ ထက်ရှသောဓားစွမ်းအင်လှိုင်းတစ်ခုသည် သူ၏ဓားမှထွက်ပေါ်လာပြီးပတ်ပတ်လည် ပျံ့နှံ့သွား၏။
ထက်ရှသောဓားစွမ်းအင်များသည်ပတ်ဝန်းကျင်တစ်လျှောက်ဖြတ်သန်းသွားသော်လည်း မည်သည့်အရာမှမဖြစ်ပျက်သွားသလိုပင် အရာအားလုံးပုံမှန်အတိုင်းသာတိတ်ဆိတ်နေ၏။ ထို့နောက်ချိုးဝူယဲ့ မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်လာခဲ့လေသည်။
စစ်ထူယန်ကြောင်အသွားခဲ့သည်။ချိုးဝူယဲ့၏ဓားမှ ကြောက်ခမန်းလိလိအရှိန်အဝါများသည်သူ့အားအသက်ရှုကြပ်စေခဲ့သော်လည်း ယခု အရာအားလုံးမှာဘာမှမဖြစ်ခဲ့သည့်အလားပင်။သို့သော်လည်း ထိုဓားကွက်သည်ရိုးရှင်းမည်မဟုတ်ကြောင်း သူ၏ အတွင်းစိတ်ကပြောနေခဲ့၏။
စစ်ထူယန်ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကာကြည့်လိုက်သည်။ အရာအားလုံးသည်ငြိမ်သက်နေခဲ့သည်။မရေမတွက်နိုင်သောသစ်ရွက်များသည် ရုတ်ချည်းဆိုသလိုရပ်တန့်သွားပုံရပြီး နောက် ခနအကြာတွင် ဓားဖြင့်ဖြတ်ခံထားရသောပုံစံဖြင့်အစိတ်စိတ်အမွာမွာ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျလာခဲ့သည်။ ထိုအရာမှာလုံးဝမယုံနိုင်စရာပင်။
စစ်ထူယန်မျက်လုံးပြူးသွားပြီး သူ၏နှုတ်ခမ်းများလှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။ အမှန်တကယ်ကိုမယုံကြည်နိုင်စရာပင်။ သူဘေးပတ်ဝန်းကျင်သို့စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင်အကောင်းအတိုင်းရှိနေသည့်သစ်ရွက်တစ်ရွက်တစ်လေမျှမရှိချေ။ သစ်ရွက်များအားလုံးသည် အစိတ်အစိတ်အမွာမွာဖြတ်တောက်ခံထားရပြီး ဖြတ်တောက်ခံထားရသည့် သစ်ရွက်အစိတ်အပိုင်းများမှာတစ်ပုံစံတည်းဖြစ်နေခဲ့သည်။စစ်ထူယန်၏ ဦးနှောကိသည်ဤအကြောင်းအရာများကိုမတွေးတောနိုင်တော့ချေ။
ဤသည်မှာမည်သည့်ဓားသိုင်းကွက်ဖြစ်သနည်း။သူ၏ရွက်ကြွေဓားသိုင်းကိုအစွန်းဆုံးအထိတတ်မြောက်ထားလျှင်ပင်ထိုကဲ့သို့ရလဒ်မျိုးမရရှိနိုင်ပေ။ သေချာသည်မှာသူ၏ရှေ့မှဆန်းကြယ်သောခရီးသွားသည် ရန်စ၍ကောင်းသောသူမဟုတ်ပေ။ စစ်ထူယန်လက်တီးစု၍ ချိုးဝူယဲ့အား ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့်ပြောလိုက်သည်။
"ဒီက ရောင်းရင်းရဲ့သိုင်းပညာက အဆင့်တစ်ခုကိုရောက်နေပြီပဲ ကျုပ်တောင်လုံးဝမမြင်နိုင်တော့ဘူး"
ချိုးဝူယဲ့ တိတ်ဆိတ်နေပြီးနောက် သစ်သားဓားကိုခါးတွင်ချိတ်၍စစ်ထူယန်အားပြန်ပြောလိုက်သည်။
"ကျုပ်လည်းရောင်းရင်းရဲ့ဓားသိုင်းကွက်တွေကိုအတုယူပြီးအသုံးပြုလိုက်တာပါ ဒါကဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး"
ချိုးဝူယဲ့မျက်နှာသေဖြင့်နှိမ့်နှိမ့်ချချသာပြန်ပြောနေသော်လည်း စစ်ထူယန်၏အမြင်တွင် ချိုးဝူယဲ့၏ ထောင့်မကျိုးပေမကျိုး ပုံစံသည်ရိုက်သတ်ချင်စရာကောင်းလှသည်။သို့သော် သူမနိုင်၍သာမတိုက်ခြင်းဖြစ်သည် မဟုတ်လျှင်သူသွားရိုက်ပြီးသည်မှာအသေအချာပင်။
'ခင်ဗျားဖင်ကြီးကိုဘာမှမဟုတ်ပါလား ရွက်ကြွေဓားသိုင်းရဲ့ဖန်တီးရှင်တောင်ခဗျားလောက်ကြမ်းမှာမဟုတ်ဘူး ချီးပဲ'
စစ်ထူယန် ဆွံ့အနေတုန်းမှာပင် ချိုးဝူယဲ့ လက်တီးစုလိုက်ပြီးပြောလိုက်သည်။
"ဒါဆိုရင် ရောင်းရင်းကျုပ်လုပ်စရာလေးရှိလို့အရင်သွားတော့မယ် ခွင့်ပြုပါဦး"
စစ်ထူယန် သတိအမြန်ဝင်လာပြီး လက်တီးစုကာပြုံး၍ပြောလိုက်သည်။
"ကောင်းပါပြီရောင်းရင်းဝူယဲ့ ကံပါရင်နောင်တစ်ခါထပ်ဆုံးဦးမှာပါ"
ထို့နောက်ချိုးဝူယဲ့၏ပုံရိပ်သည် ကောင်ကင်ထက်သို့မျှောလွင့်သွားပြီး စစ်ထူယန်၏မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။
စစ်ထူယန် မှာပျောက်ကွယ်သွားသောချိုးဝူယဲ့၏ပုံရိပ်ကိုငေးမောကာကြည့်နေပြီး ရေရွတ်လိုက်သည်။
"ဒီလူကိုကြည့်ရတာ ငယ်ရွယ်သေးပုံပဲဒါပေမဲ့ သိုင်းပညာက အဆင့်လွန် မပြောနဲ့ ပြိုင်စံရှားအဆင့်လောက်ကိုရောက်နေပြီ တော်တော်ကြောက်စရာကောင်းတာပဲ"
.........................
ချိုးဝူယဲ့ မြို့ထဲသို့ပြန်သွားလိုက်ပြီး တည်းခိုခန်းသို့ ပြန်ခဲ့လေသည်။ သူပြန်ရောက်လာသည့်အချိန်သည် ညပိုင်းသို့ပင်ကူးပြောင်းနေလေပြီ။
ချိုးဝူယဲ့ ဝါးခမောက်နဲ့အနက်ရောင်ဝတ်ရုံလွာကိုဖယ်လိုက်သည်။ ထို့နောက်ကုထင်ပေါ်တွင်ပက်လက်လန်လိုက်ပြီး အကြောဆန့်လိုက်သည်။ ချိုးဝူယဲ့ မျက်လုံးခနမိတ်ရန်လုပ်လိုက်သည်။ သို့သော် စားပွဲခုံမှအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ချိုးဝူယဲ့"
မျက်လုံးမှိတ်၍အိပ်ရန်ပြင်နေသော ချိုးဝူယဲ့၏မျက်နှာသည် ခေတ္တအေးခဲသွားပြီးနောက် စိတ်ညစ်စွာဖြင့်ရှုံ့တွသွားခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်ရှိအရာအားလုံးကိုအာရုံခံနိုင်သော်လည်း ဤမိန်းမရောက်လာသည်ကိုမည်သို့မှခံစား၍မရချေ။မှန်ပေ၏ အခြားလူမဟုတ်ပေ။ သိုင်းလောကကြီးတစ်ခုလုံးတွင် ချိုးဝူယဲ့မသိနိုင်အောင်တိတ်တဆိတ်ရောက်ရှိလာနိုင်သောသူမှာ ယွင်ရှင်းမေတစ်ဦးတည်းသာရှိပါသည်။
ချိုးဝူယဲ့သက်ပျင်း ချလိုက်ပြီး ယွင်ရှင်းမေကိုမကြည့်ပဲ မျက်နှာကြက်ကိုသာကြည့်၍ပြောလိုက်သည်။
"ညတောင်ရောက်နေပြီ ခင်ဗျားမအိပ်ပဲ ဘာလာလုပ်တာတုန်း"
ယွင်ရှင်းမေ အကြမ်းရည်တစ်ခွက်ငှဲ့၍သောက်လိုက်သည်။ထို့နောက်..
"ငါ့ဝတ်လုံအစပြဲသွားလို့ အသစ်လိုတယ်"
ချိုးသူ၏လက်ဖြင့် မျက်နှာကို ပုတ်လိုက်ပြီး စိတ်ပျက်စွာပြောလိုက်သည်။
"ဒါ..တစ်ခုခုလိုရင် တည်းခိုခန်းကအလုပ်သမားတွေခေါ်ပြီးဝယ်ခိုင်းလို့ရနေတာပဲကို"
ယွင်ရှင်းမေတိတ်ဆိတ်နေခဲ့သည်။ သူမသည်ထိုသို့တစ်ခါမှမဖြစ်ဘူးပေ။ ထိုသေမျိုးအဝတ်အစားများသည် ဤမျှပင်အကြမ်းမခံဟုသူမအမှန်တကယ်မထင်မိပေ။
ချိုးဝူယဲ့သက်ပျင်းတစ်ချက်ချလိုက်ပြီ.
"ကဲပါထားတော့...ကျုပ်အခုပဲသွားဝယ်ပေးမယ်"
ချိုးဝူယဲ့အနက်ရောင်ဝတ်ရုံနှင့်ဝါးခမောက်ကိုဆောင်း၍ တံခါးဖွင့်လိုက်သည်။ သို့သော်ချိုးဝူယဲ့ အပြင်ဘက်သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် တစ်ခုခုကိုမေ့နေဟန်ဖြင့် ယွင်ရှင်းမေကိုကြည့်၍မျက်နှာသေဖြင့်ပြောလိုက်သည်။
"နေပါဦးခင်ဗျားကောလိုက်ခဲ့"
ယွင်ရှင်းမေအကြမ်းရည်ခွက်ကိုချလိုက်ပြီး..
"ဘာလို့လဲ တစ်ယောက်တည်းသွားမယ်ဆို"
ချိုးဝူယဲ့အချိန်အနည်းငယ်ကြာတိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ခင်ဗျားရဲ့ အရွယ်အစားကိုကျုပ်မှ မသိတာ"
ယွင်ရှင်းမေ"....."
..........................
ပြီး