သမိုင်းနောက်ကွယ်မှအရိပ်အယောင်
Vol. 95 Ch. 1330
အခန်း (၁၃၃၀) သမိုင်းနောက်ကွယ်မှအရိပ်အယောင်
အော်မီတော်ဖူဗုဒ္ဓက ဆိတ်ငြိမ်သောနေရာတွင် နေထိုင်တတ်ပြီး ပြိုင်ဘက်မရှိ ၊ အရှုံးမရှိသောသူ ဖြစ်သည်။
တခါတရံ သူကိုယ်တိုင် ဝင်ရောက်လှုပ်ရှားသည့် ကိစ္စအချို့ ရှိခဲ့သော်လည်း ယင်းကိစ္စများမှာ အလွန်တရာ ရှားပါးလှသည်။
သို့သော် ထိုကဲ့သို့သော ဖြစ်တည်မှုတစ်ခုက သူတော်စင်ဘုံမှ ထွက်ခွာလာပြီး သေမျိုးလူသားလောကသို့ ဆင်းသက်လာပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ပင် သူတို့၏ဂုဏ်သိက္ခာ ဆုံးရှုံးကြရမည် ဖြစ်သည်။
အော်မီတော်ဖူဗုဒ္ဓ သက်ရှိထင်ရှား ရှိနေသေးသည်ဆိုပါက သူ့အနေဖြင့် သူတော်စင်ဘုံမှ ထွက်ခွာမလာသည့်တိုင် ၊ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သည့်တိုင် ၊ သူ ရှိနေခြင်းကပင် သူတော်စင်ဘုံကို မည်သူမှ မထိပါးရဲအောင် ကာကွယ်ပေးနိုင်သည်။
မူလကောင်းကင်နတ်ဆိုးက ဥပမာ ဖြစ်သည်။
သူ့ကိုဖိနှိပ်ထားပြီဖြစ်သည့်တိုင် မည်သူမှ လျှော့မတွက်ရဲကြပေ။
အကယ်၍ ယင်းကိစ္စသည် ငရဲကိုးထပ်အပြင်ဘက်တွင် ဖြစ်သည်ဆိုပါက ပြဿနာ သိပ်မရှိလှပေ။ သို့သော် တစ်စုံတစ်ယောက်က စစ်သည်များစွာဖြင့် ငရဲကိုးထပ်ကိုတိုက်ခိုက်မည်ဆိုလျှင် ထိုသို့ပြုလုပ်ခြင်းက မူလကောင်းကင်နတ်ဆိုးကို ဖိနှိပ်ထားသည့်စည်းတံဆိပ်အား ချိုးဖျက်မိမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
သို့ပေသိ အော်မီတော်ဖူဗုဒ္ဓ မရှိတော့ဘူးဆိုပါက သူက မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။
ယခု သူတော်စင်ဘုံက လောကတွင်ပြန်လည်ထွက်ပေါ်လာပြီဖြစ်ရာ အော်မီတော်ဖူဗုဒ္ဓ ပျောက်ကွယ်သွားသည်ဖြစ်စေ ၊ လောကကိုကျော်လွန်သွားပြီဖြစ်စေ သက်သေပြရန် နည်းလမ်းများစွာရှိလာပေမည်
ဖန်းယွင်ရှန်းက မျက်မှောင်ကျုံ့လိုက်ရင်း...
“အော်မီတော်ဖူဗုဒ္ဓ အခုချိန်ထိ ရှိနေသေးတာများလား”
ရန်ကျောက်ကဲက အနည်းငယ်ခေါင်းညိတ်ရင်း...
“ဖြစ်နိုင်တယ်...”
အရင်က သူတော်စင်ဘုံ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့သည်မှာ သူတို့က အလယ်ပိုင်း သုခဘုံနှင့် ပေါင်းစည်းသွားသောကြောင့်ဖြစ်သည်ဟု ရန်ကျောက်ကဲက ယူဆခဲ့သည်။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလအတွင်း ဖြစ်နိုင်ခြေရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူတို့အချင်းချင်းဆက်ဆံရေး ရင်းနှီးမှုရှိခဲ့သေး၏။ သို့သော် အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလ ပြီးဆုံးသည့်နောက် သူတို့အချင်းချင်း ဆန့်ကျင်ရန်ဘက်ပြုခြင်း ပိုမိုမြင့်တက်လာခဲ့သည်။
လင်စန်းတောင်မှ တထာဂတဿဗုဒ္ဓနှင့် စကြာမုနိဗုဒ္ဓတို့ လောကကိုကျော်လွန်ပြီးနောက် ဘုရားလောင်းဖြစ်သော ‘မီလဲ့ကိုယ်တော်’ ကြွရောက်လာပြီး အလယ်ပိုင်း သုခဘုံ၏ အရှင်သခင် ဖြစ်လာခဲ့သည်။
ထိုအချိန်မှစပြီး လင်စန်းတောင်မှ မဟာမုနိကျောင်းတိုက်၏ ဗုဒ္ဓဘာသာလမ်းစဉ်များ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး လက်ရှိပုံစံသို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ်အချိန်က လင်စန်းတောင်မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့က ဘုရားလောင်း၏ အဆုံးအမများကို လက်ခံခဲ့ကြပြီး အချို့ကတော့ အလယ်ပိုင်း သုဘုံကိုစွန့်ခွာကာ အနောက်ဒေသ သူတော်စင်ဘုံနှင့် ပူးပေါင်းခဲ့ကြသည်။
အတိအကျမပြောနိုင်သော်လည်း ပိုင်ရှုန်းကိုယ်တော်၏ အသွင်အပြင်နှင့် ရပ်တည်မှုက ဗုဒ္ဓဘာသာကျင့်ကြံသူများထဲမှ တန်ခိုးစွမ်းအားမြင့်မားသူ အများစုကို သံသယပွားစေခဲ့သည်။
မငြိမ်းသောမီးအိမ်ဗုဒ္ဓ လောကကို ကျော်လွန်ခြင်း မရှိသေးပါက သူ့အနေဖြင့် သူတော်စင်ဘုံတွင် ရှိနေနိုင်ကြောင်း ပိုင်ရှုန်းကိုယ်တော်က ယူဆခဲ့သည်။
မငြိမ်းသောမီးအိမ်ဗုဒ္ဓက အလွန်ရှေးကျသော ဗုဒ္ဓတစ်ပါး ဖြစ်သည်။
အလယ်ပိုင်း သုခဘုံ မပေါ်ပေါက်ခင်အချိန်ကတည်းက သူက ရှိနှင့်ပြီးသားဖြစ်သည်။
အမှန်တော့ သူ့တွင် “အတိတ်ကာလ ဗုဒ္ဓ” ဟူသော ဘွဲ့နာမည်တစ်ခုပင် ရှိခဲ့သည်။
များပြားလှစွာသော ဒဏ္ဍာရီများထဲတွင် သူက အလွန် သြဇာကြီးမားသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်ခဲ့သည်။
သို့ပေသိ ဒဏ္ဍာရီများဆိုသည်က မှားယွင်းမှုများစွာလည်းပါရှိသည်ဖြစ်ရာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မည်သူမှ သူ့အကြောင်း အတိအကျ သိရှိနိုင်ခြင်း မရှိကြတော့ပေ။
ထိုစဉ်အချိန်က အလယ်ပိုင်း သုခဘုံမှ တန်ခိုးစွမ်းအားရှင်များစွာ အနောက်ဒေသ သူတော်စင်ဘုံသို့ ပူးပေါင်းခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် အော်မီတော်ဖူဗုဒ္ဓ လောကတွင် သက်ရှိထင်ရှား ရှိနေနိုင်သည်မှာ သေချာပေါက် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အလယ်ပိုင်း သုခဘုံမှ တန်ခိုးစွမ်းအားရှင်များစွာ ထွက်ခွာသွားခြင်းကို ဘုရားလောင်း’မီလဲ့ကိုယ်တော်’ က လျစ်လျူရှုထားသလို သူတော်စင်ဘုံမှ ဗုဒ္ဓများကို တရားအလင်းပြရန် မရည်ရွယ်ခဲ့ခြင်းက အံ့သြစရာကောင်းလှသည်။
သုခဘုံနှင့် သူတော်စင်ဘုံ နှစ်ခုလုံးက အချင်းချင်း ဆက်နွယ်နေသည်ဆိုလျှင်တောင်မှ လက်ရှိဗုဒ္ဓဘာသာကျင့်ကြံသူများက ထိုဆက်နွယ်မှုကို အရေးစိုက်ခြင်း မရှိတော့ပေ။
ဘုရားလောင်း’မီလဲကိုယ်တော်’ ကို ကြောက်ရွံ့အောင်ပြုလုပ်နိုင်သူများမှာ ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်သူများသာလျှင် ဖြစ်နိုင်သည်။
အော်မီတော်ဖုဗုဒ္ဓ မရှိတော့လျှင်တောင်မှ ကောင်းကင်နတ်ဘုရားအဆင့်ကိုကျော်လွန်သည့် ကျင်ကြံသူများ သူတော်စင်ဘုံတွင် ရှိနေနိုင်သည်။
ထိုသို့မဟုတ်ပါက သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များက ဤမျှကြီးမားသော စစ်ပွဲကြီးတွင် ပွင့်ပွင့်လင်းလင်း ပါဝင်ကြမည် မဟုတ်ပေ။
ဤသို့ပြုမူလိုက်ခြင်းက တိုက်ပွဲပြီးဆုံးသွားလျှင် အခြားသူများအနေဖြင့် သူတော်စင်ဘုံနှင့်ပတ်သက်သည့် တည်နေရာသဲလွန်စများကိုရှာဖွေရန် အလွန်လွယ်ကူသွားပေမည်။
သူတော်စင်ဘုံအနေဖြင့် မည်မျှဖုံးကွယ်ထားပါစေ အသုံးဝင်မည် မဟုတ်ပေ။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် သူတော်စင်ဘုံက သူတို့၏တည်ရှိမှုကို ထုတ်ဖော်ပြသရဲသည်မှာ အားကိုးရာ တစ်စုံတစ်ခု သေချာပေါက် ရှိနေသောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲက သူ၏နဖူးကို တစ်ချက်ပွတ်သပ်လိုက်ရင်း...
“ဒီတော့ ဒုတိယမေးခွန်းက...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“နတ်မိစ္ဆာမျိုးနွယ်တွေ ဒီလောကမှာ ပြန်လည်ထွက်ပေါ်လာပြီး သူတော်စင်ဘုံကို ဆန့်ကျင်ရဲတယ်ဆိုတာ သူတို့မှာရော ဘယ်လိုအားကိုးစရာတွေ ရှိနေလို့လဲ”
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ က ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
“ကောင်းကင်နတ်ဘုရားအဆင့်ထက် သာလွန်တဲ့ ကျင့်ကြံသူတွေဆိုတာ အရမ်းနားလည်ရခက်တယ် ၊ ပိုဆိုးတာက သူတို့နဲ့ပတ်သက်တဲ့သတင်းတွေက လျှို့ဝှက်ဆန်းကျယ်လွန်းတယ် ၊ ပြီးတော့ သုခဘုံက ဗုဒ္ဓဘာသာတွေက နတ်မိစ္ဆာမျိုးနွယ်တွေရဲ့အကူအညီယူပြီး သူတော်စင်ဘုံကို တိုက်ခိုက်တယ်ဆိုတော့... ဒါက ကိစ္စရပ်အတော်များများကို ရှင်းပြပေးလိုက်တာပဲ”
ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...
“အမှန်ပဲ ၊ ဒါပေမဲ့ သူတို့နောက်ကွယ်မှာ ဘယ်သူရပ်တည်ပြီး ဘယ်သူက ကူညီပေးနေတယ်ဆိုတာတော့ ကျွန်တော်တို့ မသိနိုင်သေးဘူး”
ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။
အတိတ်ကာလ အနောက်သို့ခရီးသွားမှတ်တမ်းခေတ်တွင် အနောက်ဒေသ သူတော်စင်ဘုံ၏အမည်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
လက်ရှိခေတ်သို့ ဝင်ရောက်လာပြီးနောက် မဟာကပ်ဘေးကြီးမတိုင်မီ သို့မဟုတ် နောက်ပိုင်းကာလတွင် သူတော်စင်ဘုံက လှုပ်ရှားမှု မပြုလုပ်ခဲ့ကြပေ။
သို့သော် မကြာသေးမီနှစ်များအတွင်း ၎င်းတို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
အလယ်ပိုင်း သုခဘုံမှ တထာဂတဿဗုဒ္ဓ လောကကိုကျော်လွန်သွားပြီးနောက် သူ၏နေရာကို မီလဲ့ကိုတော်က ဆက်ခံသောအခါ သုခဘုံ၏သင်ပြမှုလမ်းစဉ်က ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် သုခဘုံမှ တန်ခိုးစွမ်းအားရှင်အချို့က အနောက်ဒေသ သူတော်စင်ဘုံသို့ သွားရောက်ခဲ့ကြသည်။
ထိုအချိန်မှစပြီး ထိုသူများသည် ယနေ့အချိန်ထိ လောကတွင် ထွက်ပေါ်လာခြင်း မရှိကြတော့ပေ။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလအတွင်းမှာပင် နတ်မိစ္ဆာမျိုးနွယ်များသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။
ဒီဘက်ခေတ်သို့ ရောက်ရှိလာပြီးနောက် သူတို့က ပုန်းအောင်းလျှက် ကိုယ့်ကိုယ်ကိုယ် အားမွေးနေကြသည်။
ယခုတော့ ဤလောကကြီးတွင် ပြန်လည်ထွက်ပေါ်လာကြပေပြီ။
မဟာကပ်ဘေးကြီးမတိုင်ခင်က အမတခုံရုံး မရှိခဲ့ပေ။ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အမတခုံရုံးပေါ်ထွက်လာခဲ့ပြီး သုခဘုံနှင့် တိုက်ခိုက်ခဲ့သည်။
“ဒီ အုပ်စု (၄)စုကြားက ဆက်ဆံရေးက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ရှေးဦးခေတ်ကာလနှင့် နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလကို ဖြတ်ကျော်ခဲ့ပြီးနောက် နတ်မိစ္ဆာမျိုးနွယ်များ ယခင်ကလောက် ထွန်းကားခြင်း မရှိတော့ပေ။
လူသားမျိုးနွယ်များက အုပ်စိုးလွှမ်းမိုးလာခဲ့ကြသည်။
နတ်မိစ္ဆာမျိုးနွယ်များ အပြည့်အဝ အားနည်းလာပြီး ကျဆင်းဆုတ်ယုတ်သွားသည့်အချိန်က အနောက်သို့ခရီးသွားမှတ်တမ်းခေတ်၏ အလယ်ပိုင်းတွင် ဖြစ်သည်။
ထိုအလယ်ခေတ်တွင် အရှေ့ပိုင်းဒေသများက အနောက်ပိုင်းဒေသများ၏ သွန်သင်ချက်များကို တဖြည်းဖြည်း လက်ခံလာသောအခါ ဗုဒ္ဓဘာသာထွန်းကားသောခေတ်ကာလ ဖြစ်လာခဲ့သည်။
ပိုမိုတိကျစွာပြောရလျှင် ထိုခေတ်ကာလကို အလယ်ပိုင်း သုခဘုံ စတင် ထွန်းကားလာသောအချိန်ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့ပေသိ ယခု နတ်မိစ္ဆာမျိုးနွယ်များ ပြန်လည်ထွက်ပေါ်လာသည့်အခါ သူတို့က သုခဘုံနှင့် မဟာမိတ် ဖြစ်နေခဲ့သည်။
ဘုရားလောင်း’မီလဲ့ကိုယ်တော်’ က သုခဘုံ၏ သွန်သင်ချက်များကို ဖြည်းဖြည်းချင်းပြောင်းလဲခဲ့သဖြင့် သူ့ကို အခြားသူများက “ဗုဒ္ဓအတု” ဟု ခေါ်ဆိုကြသည်ဖြစ်ရာ နတ်မိစ္ဆာမျိုးနွယ်များ၏ သဘောထားက အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။
လမ်းမှန်ဗုဒ္ဓဘာသာဟု ခံယူထားသော သူတော်စင်ဘုံက အမတခုံရုံးနှင့် ပူးပေါင်းခဲ့သည်။
သူတော်စင်ဘုံအနေဖြင့် သုခဘုံနှင့် ပူးပေါင်းမည်မဟုတ်သော်လည်း ယခု သူတို့၏ရွေးချယ်မှုက အချို့သောအတွေးများ ထွက်ပေါ်လာစေခဲ့သည်။
ရန်ကျောက်ကဲက ရှုပ်ထွေးနေသော အတွေးများကို ဖြည်းဖြည်းချင်း စနစ်တကျဖြစ်အောင် စီစဉ်လိုက်ပြီးနောက် နောက်ဆုံး အချို့သော မှန်းဆချက်များကို ရရှိခဲ့သည်။ သို့သော် ထိုမှန်းဆချက်များ မှန်ကန်သည်လားဆိုသည်ကတော့ သက်သေပြနိုင်ခြင်း မရှိသေးပေ။
သမိုင်းက အမှန်ဖြစ်စေ မှားယွင်းသည်ဖြစ်စေ ၎င်းတို့နောက်တွင် အရိပ်အယောင်တစ်ခု အမြဲရှိနေမည် ဖြစ်သည်။
“အခြေအနေတွေက အရမ်းရှုပ်ထွေးနေတယ် ၊ အရမ်းရှုပ်ထွေးလွန်းတဲ့အတွက် ကျွန်တော်တို့တောင် တချို့ပြဿနာတွေထဲမှာ ပါဝင်လာနိုင်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်ရင်း ပြောလိုက်သည်။
“အခြေအနေတွေ မရှင်းလင်းခင် လက်ရှိအချိန်မှာ ကျွန်တော်တို့တွေ ပိုပြီးသတိထားဖို့လိုတယ် ၊ ကျွန်တော်တို့ ကျင့်ကြံခြင်းကိုပိုပြီးအာရုံစိုက်သင့်တယ် ၊ ဒီသတင်းတွေကို သိပ်ပြီးအရေးစိုက်နေလို့မဖြစ်ဘူး”
သူက ဆက်ပြောသည်။
“အခု သူတို့က တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြတာဆိုတော့ ကျွန်တော်တို့က သိုသိုသိပ်သိပ်နဲ့ ကိုယ့်အတွက်ကိုယ်ကြိုးစားတာက ပိုပြီးအကျိုးရှိနိုင်တယ်”
စကားမဆုံးခင်မှာပင် သူက ဖန်းယွင်ရှန်းကို ပြုံးလျှက်ကြည့်လိုက်သည်။
အခြားသူများကလည်း ပြုံးလိုက်ကြသည်။
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ၊ နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ တို့က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့၏မျက်နှာအမူအရာများကိုတွေ့မြင်လိုက်ရတော့ ရန်ကျောက်ကဲက သူတို့စိတ်ထဲမှအတွေးကို ချက်ချင်း မှန်းဆလိုက်နိုင်သည်။
သူက...
“ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ ကျွန်တော်က ပြဿနာရှာတတ်ပြီး စွန့်စားရတာတွေကို သဘောကျတယ်ဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ အေးအေးဆေးဆေးသာနေလို့ရမယ်ဆိုရင် ဘယ်သူက ပြဿနာရှာချင်မှာလဲ”
ထိုစကားကြားတော့ လူတိုင်း မနေနိုင်ဘဲ ထပ်မံပြုံးရယ်လိုက်ကြသည်။
ရန်ကျောက်ကဲပြောသည့်အတိုင်းပင် ဤနေရာက တိတ်ဆိတ်စွာကျင့်ကြံရန်သင့်လျော်သည်ဖြစ်ရာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများစုစည်းရန် အကောင်းဆုံး ဖြစ်သည်။
အပြင်ဘက်တွင်ဖြစ်ပွားနေသည့်စစ်ပွဲက ပြင်းထန်လာနေပြီး ပိုမိုအရှိန်မြင့်တက်လာနေသည်။
အဂ္ဂိရတ်ခန်းမ၏အတွင်းပိုင်းနိဗ္ဗန်ဘုံက ငြိမ်းချမ်းနေသော်လည်း ရန်ကျောက်ကဲတို့အုပ်စုကတော့ ရေကန်ထဲမှဖားတစ်ကောင်ပမာ သီးသန့်နေထိုင်ရန် မလိုလားကြပေ။
သူတို့က တိတ်ဆိတ်စွာနေထိုင်ရင်း ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြသည်။
အရေးမပါသော သတင်းအချက်အလက်များသည်ပင် သူတို့အတွက် စိတ်ဝင်စားစရာကောင်းနေခဲ့သည်။
ဥပမာ ဘုရားလောင်းလက်အောက်မှ ဗုဒ္ဓဘာသာကျင့်ကြံသူများက သူတို့ကိုယ်သူတို့ “ဗဟိုမဏ္ဍိုင် သုခဘုံ” ဟု ခေါ်ဆိုကြပြီး နတ်မိစ္ဆာမျိုးနွယ်များကလည်း သူတို့ကို အလားတူပင် ရည်ညွှန်းကြသည်။
သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ သူတို့ကို မယူမှားဗုဒ္ဓဘာသာကျင့်ကြံသူများဟုမှတ်ဘူပြီး “အဖြူရောင်ကြာပန်း သုခဘုံ” ဟု ခေါ်ဆိုကြသည်။
အမတခုံရုံးသည်ပင် သူတို့ကို “သုခဘုံမှမကောင်းဆိုးဝါးများ” ဟု မခေါ်ဆိုကြတော့ဘဲ “အဖြူရောင်ကြာပန်းမှ မကောင်းဆိုးဝါးများ” ဟု ခေါ်ဆိုလာကြလေသည်။
***
(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)