← Chapters

ရတနာအဖြစ် သန့်စင်ခြင်း

Vol. 101 Ch. 1318

ရတနာအဖြစ် သန့်စင်ခြင်း

Vol. 101 Ch. 1318

မဟာဧကရာဇ်၏ဦးခေါင်းကြီး ရုန်းကန်၍ ထွက်ပြေးတော့မည့်အချိန် သူ့ပတ်ပတ်လည်ရှိ မြေပြင်မှာ ရုတ်တရက် လှုပ်ရှားလာသည်။ ပေါက်ကွဲသံအကျယ်ကြီးများ ထွက်ပေါ်လာပြီး မြေပြင်က မြင့်တက်လာကာ ကျောက်တုံးတွင်း ငါးတွင်းကို တည်ဆောက်လိုက်၏။

ကျောက်တုံးတွင်း ငါးတွင်းထဲရှိ တစ်တွင်းသည် ထိုက်ချူ၏ သိပ်သည်းအားကောင်းလှသော တာအိုအရှိန်အဝါတို့ဖြင့် ပြည့်နှက်၍ တစ်တွင်းက ယင်ယန်ချီတို့ဖြင့် ရောယှက်နေ၏။ တစ်တွင်းကတော့ ထိုက်စု၏အသွင်သဏ္ဍာန်နှင့် ဒြပ်ထုတို့ဖြင့် ပြည့်သျှံနေသည်။ ကျန်တစ်တွင်းတွင်မူ ထိုက်ရှီတာအိုက ထိတွေ့ကိုင်တွယ်မရသော ဒြပ်မဲ့ဟင်းလင်းပြင်တောင်တန်းများပမာ ဖွဲ့တည်နေသည်။

နောက်ဆုံးကျောက်တုံးတွင်းတွင်သာ မည်သည့်မဟာတာအိုအရှိန်အဝါမှ ရှိမနေခြင်းပင်။

ကျောက်တုံးတွင်းငါးတွင်းထဲမှ လေးတွင်းက မဟာဧကရာဇ်၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်ပြီး မဟာတာအိုလေးမျိုးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျက် သူ၏အသိစိတ်အလျဉ်ကို ဖိနှိပ်ကာ အတားအဆီးအစီအရင်လေးခုဖြင့် ချုပ်နှောင်လိုက်သည်။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ရုတ်ခြည်းဆိုသလို မလှုပ်ရှားနိုင်တော့ပေ။ သို့သော် သူက ကျယ်လောင်စွာ ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ သိုင်းပညာကောင်းကင်ဆရာသခင်က သင်္ချာ သင်ထားပေးတာလား… မင်းပြောတော့ ငါးတွင်းဆို အခုတော့ လေးတွင်းပဲ ရှိတယ်..”

ချင်မူ့မျက်နှာအမူအရာက မပြောင်းလဲသွားပေ။

သူသည် ထိုက်ယီ၏တာအို၊ ထိုက်ရှီ၏ လမ်းစဉ်ကို နားမလည်နိုင်ခဲ့သဖြင့် မဟာဧကရာဇ်အား ချုပ်နှောင်ရာတွင် အသုံးမပြုနိုင်ချေ။

ကျောက်တုံးတွင်းငါးတွင်း အတားအဆီးအစီအရင်ဟု ပြောခဲ့ရခြင်းမှာ ဘိုးဘေးနန်းတော်ထဲတွင် ကျောက်တုံးတွင်းငါးတွင်း ရှိသောကြောင့် ဖြစ်သည်။

ရုတ်တရက် ချင်မူမှာ ညည်းညူလိုက်ပြီး သွေးတို့က သူ၏မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးကျလာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်သဖြင့် သွေးများက အရပ်လေးမျက်နှာသို့ ပန်းထွက်သွားသည်။

မဟာဧကရာဇ်သည် ပြန့်ကျဲနေသော သူ၏ အသိစိတ်အလျဉ်ကို အားကုန်သုံး၍ စုစည်းရင်း အတားအဆီးအစီအရင်ကို ချိုးဖျက်နိုင်ရန် ကြိုးစားနေ၏။ သူက ချင်မူ့အဖြစ်ကို မြင်သောအခါ တဟားဟား ရယ်လျက် လှောင်တော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို ချုပ်နှောင်နိုင်ခဲ့တော့ရော ဘာများလုပ်နိုင်လို့တုန်း… မင်းရဲ့ဒဏ်ရာတွေက ငါ့ထက်တောင် ပိုဆိုးသေးတယ်”

ချင်မူ့မျက်နှာအမူအရာက သုန်မှုန်သထက် သုန်မှုန်လာသည်။ သူက ကတုန်ကယင်ဖြင့် ခြင်းလေးတစ်ခြင်းကို ထုတ်လိုက်၏။ ခြင်းအထဲတွင် ဆေးဆရာဖော်စပ်ပေးထားသော ဝိညာဉ်ဆေးလုံးများ ရှိလေသည်။

စကြ၀ဠာအဟောင်းမှ အဆင့်မြင့်သိုင်းပညာရှင်များ ကျူးကျော်လာခဲ့သည့် ထိုညတုန်းက ဆေးဆရာသည် ဝိညာဥ်ဆေးလုံးတစ်ခြင်းအား ဖော်စပ်ပေးခဲ့၏။ ချင်မူတို့မှာ ၎င်းတို့ကို အကုန်မသုံးခဲ့ရသေးသဖြင့် ခြင်းထဲတွင် တချို့တစ်ဝက် ကျန်သေးချေသည်။ သူက ၎င်းတို့ကို လိုအပ်လျှင် သုံးနိုင်ရန် သိမ်းထားခဲ့ခြင်းဖြစ်သည်။

မဟာဧကရာဇ်မှာ အသိစိတ်အလျဉ်ကို စုစည်း၍ မရပေ။ သူ၏ခေါင်းက ရုန်းနေသော်လည်း ကျောက်တုံးတွင်းငါးတွင်း၏ ဖိနှိပ်မှုကြောင့် သေးငယ်သထက် သေးငယ်လာသည်။ သူ့ပတ်ပတ်လည်ရှိ ဖိအားမှာလည်း ပိုပို၍ လေးလံလာသောကြောင့် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်သလောက် ရှိနေသည်။ သို့သော် သူက ပြုံးနေသေးသည်။ “ချင်၊ မင်းဒီလိုလုပ်နိုင်တာ အံ့ဩစရာပဲ… ဒါပေမဲ့ ငါ့ကို ဖိနှိပ်ရုံပဲ ဖိနှိပ်နိုင်ပြီးတော့ မသတ်နိုင်တာ နှမြောဖို့ကောင်းတယ်… မင်း ပင်ပန်းပြီး သေသွားအောင် လုပ်နိုင်သရွေ့ နောက်ဆုံးမှာ ငါ နိုင်မှာပဲ”

ချင်မူက ဆေးစွမ်းအင်ကို ဆက်လက်သန့်စင်နေပြီး မည်သည့်စကားမှ မပြောပေ။

မဟာဧကရာဇ်က ပြုံး၏။ “ကောင်းကင်နတ်အရှင်ယွင် ငါ့ကို သတ်နိုင်ခဲ့လို့ရော ဘာဖြစ်သွားလဲ… သူ သေပြီး သူ့ရဲ့မူလဝိညာဉ်က ငါ့ကြောင့် အန္တိမဟင်းလင်းပြင်ထဲ ရောက်သွားခဲ့တဲ့အပြင် ငါ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှာ ချုပ်နှောင်ခံလိုက်ရတာပဲမလား… ကောင်းကင်နတ်အရှင်လင် ငါ့ကို ‌ချုပ်နှောင်ခဲ့တော့ရော ဘာဖြစ်သွားသလဲ… ငါ သတ်တာခံရပြီး ကောင်းကင်နတ်မြစ်ထဲမှာ ပိတ်မိသွားခဲ့တယ်လေ.. ကောင်းကင်နတ်အရှင်မူ၊ မင်းလည်း သူတို့လို ဖြစ်မှာပဲ”

ချင်မူက ဆေးစွမ်းအင်ကို စုစည်းလျက် သူ၏ဒဏ်ရာများကို ချုပ်ပြီးနောက် သက်ပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

မဟာဧကရာဇ်၏ ဦးခေါင်းသည် ကျောက်တုံးတွင်းလေးတွင်းကြောင့် ခြံစည်းရိုးတိုင်တစ်တိုင်အရွယ်သာ ရှိတော့၏။ ကျောက်တုံးတွင်းလေးတွင်းမှာလည်း သေးငယ်သထက် သေးငယ်လာသည်။

ချင်မူက ဓားကျိုးကို အသက်သွင်းလိုက်ရင်း မြေပြင်အား ခုတ်ချကာ အပြားတစ်ပြား ဖြစ်သွားစေသည်။ ထို့နောက် သူက ကမ္ဘာခေတ်ဦးသင်္ကေတအချို့ ခတ်နှိပ်လိုက်ရင်း မြေဆီလွှာ၏ တည်ဆောက်ပုံကို ပြောင်းလဲလိုက်သည်။ ကျောက်တုံးတွင်းလေးတွင်းကား ကိုက်သုံးကိုက် အ၀န်းရှိသည့် ဧရာမအတားအဆီးအစီအရင် ချိတ်တံဆိပ်သဖွယ် ဖြစ်သွားချေပြီ။

ဤအစီအရင်ပေါ်တွင် နဂါးလေးကောင်အသွင်သဏ္ဍာန် ရှိသော တောင်တန်းများ ရပ်တည်နေပြီး တောင်တန်းများအလယ်တွင်ကား မဟာဧကရာဇ်၏ ဦးခေါင်းဖြစ်၏။ ၎င်းသည် နဂါးလေးကောင်၏ ပါးစပ်များဖြင့် အဝိုင်းခံထားရသော ပုတီးစေ့တစ်လုံးအလားပင်။

အတားအဆီးအစီအရင်က ကြီးမားလွန်းနေသေးသဖြင့် ချင်မူက မှော်စွမ်းအင်သုံးလျက် ပိုမိုသေးငယ်အောင် ချုံ့နေသည်။ သို့သော် သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် လက်လျှော့လိုက်ရသည်။

သူ ကျောက်တုံးတွင်းလေးတွင်း၏ အတားအဆီးအစီအရင်ကို ဆက်ထိန်းထားနိုင်ပါက အတားအဆီးအစီအရင်သည် ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားပေလိမ့်မည်။

မဟာဧကရာဇ်၏ ဦးခေါင်းမှာ လေးဖက်လေးလံမှ ပိတ်ကာခံထားရသောကြောင့် မထွက်ပြေးနိုင်ပေ။ “ငါ့မှာ နတ်အရှင်မချန်းရဲ့ ခန္ဓာကိုယ်၊ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံရဲ့ အသိစိတ်အလျဉ်တာအိုသစ်သီး ရှိသေးတာ မင်း သိ‌တယ်မလား… ငါ့ကို အခုလို ချုပ်ထားလည်း လုံး၀ အသုံးမ၀င်မှန်း သိမှာပဲ… နတ်အရှင်မချန်းက မင်းကို မသတ်ဘဲနေမယ် ထင်လား…. ငါ့ရဲ့ တာအိုသစ်သီးကရောက မင်းကို အလွှတ်ပေးမယ် ထင်လား… မင်းက ငါ သတ်တာခံရမယ့် ခန္ဓာကိုယ်တစ်ခုထက် မပိုဘူး…”

ချင်မူက အ၀တ်အစားများကို သေသေသပ်သပ် ဖြစ်အောင် ပြင်ဆင်၍ ‌မှန်တစ်ချပ် ထုတ်ကာ သူ့မျက်နှာသူ ကြည့်လိုက်သည်။ သူက မျက်နှာတွင် ပေနေသော သွေးစက်များအား အသေအချာ သန့်စင်ဖယ်ရှားလိုက်ပြီး ဒဏ်ရာများအား အမာရွတ် မကျန်ခဲ့အောင် ဂရုတစိုက် ကြည့်နေသည်။

မဟာဧကရာဇ်က သူ့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ငါ မင်းကို ချက်ချင်းတော့ မသတ်ပါဘူး… တဖြည်းဖြည်း ညှင်းဆဲပြီးမှ တစ်လောကလုံးက နာကျင်မှုတွေမှန်သမျှ ခံစားစေရမယ်… သတ်ပေးပါလို့တောင် အသနားခံလာစေရမယ်..”

ချင်မူက ဘီးတစ်လက် ထုတ်ကာ မှန်ထဲတွင် ကြည့်ပြီး ရှုပ်ပွနေသော ဆံပင်များကို ဖြီးလိုက်သည်။ အားလုံးပြင်ဆင်ပြီးနောက် မှန်အား အနည်းငယ် ထပ်ကြည့်လိုက်ပြီး ကျေနပ်သွားသည့်အခါ မှန်နှင့် ဘီးကို သိမ်းလိုက်လေသည်။

မဟာဧကရာဇ်မှာ စကားထပ်မပြောနိုင်တော့ဘဲ ပလုတ်ကျင်းပြီး ပါးစပ်ထဲမှ သွေးတို့ကို ထွေးထုတ်နေသော ချင်မူ့ကို ကြည့်နေမိသည်။

ထို့နောက်မှသာ ချင်မူက သူ့ကို လှမ်းကြည့်လေသည်။ သူက လက်ဆန့်တန်း၍ အတားအဆီးအစီအရင်အလယ်ရှိ မဟာဧကရာဇ်၏ ဦးခေါင်းကို လှမ်းယူလိုက်၏။ မဟာဧကရာဇ်၏ မျက်နှာကြီးမှာ ပုပ်သိုးမည်းမှောင်နေပြီး သူက အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီလိုလုပ်ချင်တာ သေချာလို့လား”

ချင်မူသည် သူ့ခေါင်းကို ‌ဆွဲယူ၍ အတားအဆီးအစီအရင်ကို မြှောက်တင်လိုက်ပြီဖြစ်၏။ မဟာဧကရာဇ်က ဒေါသတကြီး အော်ဟစ်သည်။ “မင်း ငါ့ခေါင်းကို နတ်လက်နက်အဖြစ် သန့်စင်လို့ရတယ်… ဒါပေမဲ့ ငါ့ရဲ့အသိစိတ်အလျဉ်ကို အရင်ဆုံး ရှင်းလင်းပစ်ရမှာ….စစ်သည်တော်တစ်ဦးကို သတ်ပစ်လို့ရပေမယ့် အရှက်ခွဲလို့တော့မရဘူး… မင်း ငါ့ရဲ့ အသိစိတ်အလျဉ်ကို ဖယ်ရှားလိုက်ရင် ငါ့အလောင်းက မင်းရဲ့လက်ခုပ်ထဲကရေ ဖြစ်သွားတော့မှာပေါ့…”

ချင်မူက တဟားဟား ရယ်လျက် အတားအဆီးအစီအရင်အား ပြန်ချလိုက်သည်။ မဟာဧကရာဇ်၏ ဦးခေါင်းမှာ ကျောက်တုံးတွင်းလေးတွင်း အတားအဆီးအစီအရင်ထဲတွင် လိမ့်နေပြီး သူ၏ ဆံပင်ရှည်များက ပြန်ကောက်သွားပြန်၏။ “မင်းအတွက် ဘာက ကောင်းမှန်း သိသေးသားပဲ… ကောင်းကင်နတ်အရှင်မူ၊ ပြောစမ်း…. မင်း ဘာလိုချင်တာလဲ”

ချင်မူက အေးဆေးစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်… ခင်ဗျား ကျွန်တော့်ကို ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ပေးရင် ခင်ဗျားကို သွားခွင့်ပေးမယ်… အရှက်ကွဲစရာလည်း မလိုတော့ဘူး..”

“မဖြစ်နိုင်ဘူး”

မဟာဧကရာဇ်၏ ဦးခေါင်းက ခပ်ပြတ်ပြတ် ငြင်းသည်။ “ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကို အန္တိမဟင်းလင်းပြင်အထိ ပို့ခဲ့ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှာ ချုပ်နှောင်ထားခဲ့တာ… ငါ သူ့ကို ထုတ်ပေးလိုက်ရင် မင်းမှာ သူ့ရုပ်ခန္ဓာ ရှိနေတော့ သူ ပြန်အသက်၀င်လာလိမ့်မှာပေါ့…. မင်း တစ်ယောက်တည်းနဲ့တင် ခေါင်းကိုက်နေရတာ ကောင်းကင်နတ်အရှင်ယွင်ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး… ဒါ့အပြင် ငါ့ခေါင်းက ကောင်းကင်နတ်အရှင်ယွင်လောက်လည်း အဖိုးတန်တာမဟုတ်ဘူး… နောက်တစ်ခု ပြော..”

ချင်မူက မျက်မှောင်အနည်းငယ် ကြုတ်ကာ တခဏ စဉ်းစားနေသည်။ “မဟာဧကရာဇ်၊ ခင်ဗျားရဲ့ ခေါင်းက အတော်ကို အသုံးဝင်သေးတာနော်…” သူက ဆွပေး၏။ “ခင်ဗျားက ကမ္ဘာဦး‌ခေတ်ရဲ့ အသန်မာဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတာလေ… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကတောင် ခင်ဗျားထက် အများကြီးနိမ့်ကျတယ်လို့ ဖန်ဆင်းရှင်တွေ ပြောတာ ကျွန်တော် ကြားဖူးတယ်… ခင်ဗျားမှာ အခု ဒီခေါင်းပဲ ကျန်တော့တာ…. ဒီခေါင်းကို သိမ်းထားပြီး ထိုက်ချူမူလကျောက်တုံး ရှာတွေ့သွားရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နိုင်မှာလေ… နည်းနည်းလောက် မစဉ်းစားတော့ဘူးလား”

မဟာဧကရာဇ်က ခေါင်းတွင်တွင်ရမ်းသည်။ “ငါ ထိုက်ချူမူလကျောက်တုံးကို ရှာတွေ့ပြီး ခန္ဓာကိုယ် ပြန်တည်ဆောက်ရင်တောင်မှ ငါ့ရဲ့ခန္ဓာကိုယ်က မူလခန္ဓာကိုယ်လို သန်မာမှာ မဟုတ်တော့ဘူး… ငါ့ကို ပူဇော်ပေးမယ် ဖန်ဆင်းရှင်တွေကိုလည်း ဘယ်နေရာမှာမှ လိုက်ရှာနိုင်မှာမဟုတ်ဘူး .. အထွတ်အထိပ်အခြေအနေကို ပြန်မရောက်နိုင်တော့ပါဘူးလေ… အဟက်… ကောင်းကင်နတ်အရှင်ဟောင်သာ ငါ့ရဲ့ခေါင်းကို ဖျက်ဆီးပြီး လက်တစ်ဖက် ဖြတ်မသွားခဲ့ရင် ငါ ကောင်းကင်နတ်အရှင်လေးပါးကြောင့် ဒီအခြေအနေအထိ ရောက်အောင် ဒဏ်ရာရခဲ့ပါ့မလား”

သူ၏ခေါင်းမှာ မူလကျောက်တုံးကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်ပြီး သူ၏ ပင်မခန္ဓာကိုယ် မဟုတ်ပေ။

သူ၏ပင်မခေါင်းမှာ မဟာလေဟာနယ်တိုက်ပွဲအတွင်း၌ ကောင်းကင်တန်းအရှင်ဟောင်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

သူ၏ခေါင်းအသစ်သည် ပင်မဦးခေါင်းနှင့် မနှိုင်းယှဉ်နိုင်ပေ။

မဟာဧကရာဇ်က ဆက်ပြော၏။ “ဒါ့အပြင် ငါအထွတ်အထိပ်အခြေအနေကို ပြန်ရောက်ရင်တောင်မှ အသန်မာဆုံး ရုပ်ခန္ဓာ မဟုတ်တော့ဘူး.. ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ ရုပ်ခန္ဓာကတောင် ငါ့ထက် နည်းနည်း သန်မာနေသေးတယ်”

ချင်မူမှာ ရင်ထဲတွင် အနည်းငယ်တုန်လှုပ်သွားမိသည်။

ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် မဟာဧကရာဇ် နှစ်ယောက်လုံးသည် အသန်မာဆုံး ရုပ်ခန္ဓာဟူ၍ တင်စားခံထားရသော်လည်း မည်သူက ပို၍သန်မာသည်လည်း အဆုံးအဖြတ်မရှိပေ။

ဖန်ဆင်းရှင်တို့က မဟာဧကရာဇ်ကို ခါးသီးစွာ မုန်းကြသော်လည်း မဟာဧကရာဇ်၏ ရုပ်ခန္ဓာသည် သမိုင်းတလျှောက်တွင် အသန်မာဆုံးဖြစ်သည်ကိုတော့ သဘောတူကြ၏။

ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ ရုပ်ခန္ဓာမှာမူ နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်အားလုံး အသိအမှတ်ပြုသည့် အသန်မာဆုံး ရုပ်ခန္ဓာဖြစ်သည်။

မည်သည့် ရုပ်ခန္ဓာက ပို၍သန်မာသည်လဲ ဆုံးဖြတ်ရခက်သည်။

ယခုတွင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာက ပို၍သန်မာသည်ဟု မဟာဧကရာဇ်ကိုယ်တိုင် ဝန်ခံခဲ့ရာ နောက်ဆုံးတော့ အဖြေမရှိသည့် ပုစ္ဆာတစ်ပုဒ်အား ဖြေရှင်းပြီးသွားချေပြီ။

“ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကို လွှတ်မပေးဘူးဆိုရင် ကောင်းကင်နတ်အရှင်လင်နဲ့ပဲ လဲကြတာပေါ့”

ချင်မူက ပြုံးလျက် ပြော၏။ “ကျွန်တော် ကောင်းကင်နတ်အရှင်လင်ကို ကယ်တဲ့အခါ ခင်ဗျား ခွင့်ပြုပေးရမယ်”

မဟာဧကရာဇ်က အော်ရယ်တော့သည်။ “ကောင်းကင်နတ်အရှင်ယွင်က သေပြီးသား… သူ့ကို မင်း ကယ်လိုက်ရင်တောင်မှ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ယှဉ်တိုက်နိုင်ဖို့ နှစ်တချို့ကြာဦးမယ်… ကောင်းကင်နတ်အရှင်လင်ကို မင်းကယ်လိုက်ရင် သူ့ရဲ့အတိုက်အခိုက်စွမ်းရည်က ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တိုက်ခိုက်နိုင်ဖို့ လုံလောက်တယ်… ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့အကြံက ကောင်းပေမယ့် ငါက ငတုံး မဟုတ်ဘူးကွ”

ချင်မူက ဒေါတသကြီးဖြင့် မဟာဧကရာဇ်၏ ဦးခေါင်းကို ယူကာ အတားအဆီးအစီအရင်ကို မြှောက်သည်။ ထို့နောက် အစီအရင်ကို အသက်သွင်းလျက် ထိုးချလိုက်တော့သည်။

“ချင်မူ၊ မင်း ငါ့ကို အရှက်ခွဲလို့ကတော့ အသေပဲ”

All Chapters