← Chapters

ဘိုးဘေးနန်းတော်၊ ကျောက်စိမ်းမြို့တော်

Vol. 101 Ch. 1319

ဘိုးဘေးနန်းတော်၊ ကျောက်စိမ်းမြို့တော်

Vol. 101 Ch. 1319

မဟာဧကရာဇ် အော်ဟစ်နေစဉ် အတားအဆီးအစီအရင်သည် လည်ပတ်ရင်း မြောက်တက်လာ၏။ ရတနာအလင်းတန်းများ ဖြာထွက်လင်းလက်သွားပြီးနောက် မဟာဧကရာဇ်၏ ဦးခေါင်းဆီမှ ဗလုံးဗထွေး ညည်းညူသံ ထွက်လာသည်။ သူ၏အသိစိတ်အလျဉ်မှာ အသက်သွင်းခံလိုက်ရပြီးနောက် ထူးဆန်းသော တာအိုသင်္ကေတမျိုးစုံက အတားအဆီးအစီအရင်၏ မျက်နှာပြင်ထက်၌ ပေါ်လာကြသည်။

ဝုန်း….

ချင်မူ၏ ရိုက်ချက်က တောင်များကို ပြိုလဲ၍ မြေပြင်ကို အက်ကွဲသွားစေသည်။ မဟာဧကရာဇ်၏ ဦးခေါင်းမှာ အတားအဆီးအစီအရင်ထဲတွင် သူ၏အသိစိတ်အလျဉ် စွမ်းအင်အဖြစ် ပြောင်းလဲခံနေရသည်အား ခံစားနေရသည်။ ချင်မူက ဤရိုက်ချက်အတွင်း၌ သူ၏ကျင့်စဉ်စွမ်းအင်ကို မထည့်သွင်းခဲ့ဘဲ တွင်းလေးတွင်းအစီအရင်ကိုသာ အသက်သွင်းထား၏။ သူ့စွမ်းအင်ကို စုပ်ယူကာ စွမ်းအင်အဖြစ် ပြောင်းလဲနေသည်မှာ ကျောက်တုံးတွင်းလေးတွင်းသာ ဖြစ်သည်။

“မင်း…. မြေနိုး ... ငါ့ကို ရတနာအဖြစ် ပြောင်းလဲလိုက်တယ်ပေါ့လေ”

မဟာဧကရာဇ်၏ ဦးခေါင်းကြီးသည် ကျယ်လောင်စွာ ဆဲဆိုလိုက်သော်လည်း ချင်မူ အတားအဆီးအစီအရင်အား ထပ်မံအသက်သွင်းနေသည်အား မြင်လျှင် ပျာပျာသလဲ ပြောတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ ‌ဆွေးနွေးကြည့်ကြရအောင်ပါကွာ”

ချင်မူက အစီအရင်ကို ပြန်တည်ငြိမ်စေလိုက်ရင်း ကျေနပ်နေသော မျက်နှာအမူအရာဖြင့် တုံ့ပြန်သည်။ “တာအိုနောင်တော်၊ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်ကိစ္စကို ထပ်မစဉ်းစားတော့ဘူးလား’

မဟာဧကရာဇ်၏ မျက်နှာအမူအရာမှာ မှိုင်ကျသွားပြီး စိတ်ပျက်လက်ပျက် ဖြေ၏။ “ငါ တကယ်ကို ရှုံးသွားတာပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်ကိုတော့ မပေးနိုင်ဘူး.. တခြားဟာတော့ ညှိလို့ရတယ်”

ချင်မူက အစီအရင်ကို အသက်သွင်းလိုက်ပြန်ရာ မဟာဧကရာဇ်က ကပျာကယာ ပြောသည်။ “ရပ်လိုက်…ငါ့ရဲ့ ဒီခေါင်းက တကယ်ကို ဘာမှမတန်ပါဘူးဆိုနေကွာ…မူလကျောက်တုံးနဲ့ပဲ မြင်ယောင်ဖန်ဆင်ထားတဲ့ဟာ.. ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်နဲ့ရော ကောင်းကင်နတ်အရှင်လင်ရဲ့ အသက်နဲ့ရော လဲလို့မရဘူး… မင်း ငါ့ကို ဘယ်လောက်ပဲ အရှက်ခွဲခွဲ မလဲဘူး… တခြားဟာနဲ့ပဲ လဲမယ်”

ချင်မူက ရပ်လိုက်ရင်း မေး၏။ “ဘာနဲ့ လဲမှာ မလို့လဲ” သူ့မှာ မယုံသင်္ကာ ဖြစ်နေသည်။ “တာအိုနောင်တော် မဟာဧကရာဇ်၊ ကျွန်တော် အထင်သေးတာတော့ မဟုတ်ပါဘူးဗျာ… ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဘိုးဘေးနန်းတော်ရဲ့ အကြီးမားဆုံး ရတနာနယ်မြေကို ရထားတဲ့အပြင် သစ်နက်တောင်တန်းတစ်သိန်းကိုလည်း ပိုင်ထားသေးတာနော်.. အဲ့ဒီမှာ သတ္တုတွေ၊ အရင်းအမြစ်တွေမှ အများကြီး…. ဒ့ါအပြင် နတ်အရှင်မကုန်း၊ နတ်အရှင်မယန်နဲ့လည်း အပေးအယူ လုပ်ထားသေးတယ်… ပြောရရင် ခင်ဗျားရဲ့ပိုင်နက်က ထွက်တဲ့ ရတနာလောက်ကို စိတ်မဝင်စားဘူး….နတ်အရှင်မချန်းရဲ့ ပိုင်နက်ထဲက ရတနာတွေနဲ့ လဲဖို့ပြောမယ်ဆိုရင်တော့ ပါးစပ်ပိတ်ထားလိုက်တာ ကောင်းမယ်”

မဟာဧကရာဇ်၏ဦးခေါင်းက ရယ်သည်။ “မင်းရဲ့ သစ်နက်တောင်တန်းက ရတနာမြေတဲ့လား.. တခြားသူတွေသာ ကြားရင် ခွက်ထိုးခွက်လန် ရယ်ကြတော့မှာပဲ…. ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ တောင်တန်းကို ကောင်းကင်နတ်အရှင်ဆယ်ပါးတောင် ဂရုမစိုက်ဘူးကွ…. မင်းကသာ ရတနာလို့ ထင်နေတာ… ငါ့ရဲ့ပိုင်နက်ကသာ ရတနာမြေကွ… မင်းရဲ့ မဟူရာတောင်တန်းထက် အဆပေါင်းများစွာ ပိုကောင်းတယ်…. အဲ့နေရာက အသတ်အဖြတ်အရှိန်အဝါတွေ သိပ်သည်းနေတဲ့နေရာ…ငါလည်း မင်းနဲ့ မလဲနိုင်ပါဘူး”

ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး တရိုတသေ မေးလိုက်သည်။ “နတ်အရှင်မချန်း၊ သိမ်းပိုက်ထားတဲ့ နေရာမှာ အသတ်အဖြတ်အရှိန်အဝါတွေ ပြည့်နေတာက ဘာများ ထူးခြားလို့လဲ”

မဟာဧကရာဇ်က ပြုံး၏။ “ဘာမှတော့ မဟုတ်ပါဘူး…. ဘိုးဘေးနန်းတော်ထဲက သဘာဝ နတ်ဘုရားစီရင်ရာစင်မြင့်တစ်ခုပေါ့”

ချင်မူ့ရင်မှာ တဒိန်းဒိန်း ခုန်သွားပြီး အက်ကွဲစွာဖြင့် မေးလိုက်သည်။ “သဘာဝ နတ်ဘုရား စီရင်ရာစင်မြင့်တဲ့လား”

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ငယ်ပါသေးတယ်ကွာ”

မဟာဧကရာဇ်က ခပ်ဟဟ ရယ်သည်။ “ငါ့ရဲ့ရတနာနယ်မြေက သဘာဝ နတ်ဘုရားစီရင်ရာစင်မြင့်… နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ရတနာနယ်မြေက ဘိုးဘေးနန်းတော်ရဲ့ သဘာဝနဂါးသွဲ့ရေကန်… ဒါ့အပြင် ဘိုးဘေးနန်းတော်ထဲမှာ ကောင်းကင်မုခ်၀လေးခု၊ နန်းဆောင်ထောင်ချီနဲ့ ကျောက်စိမ်းမြို့တော်နဲ့ ညီမျှတဲ့ တခြားရတနာမြေတွေ အများကြီး ရှိသေးတယ်…. ကောင်းကင်ထောက်တိုင်မုခ်ဝကိုတောင် ဘိုးဘေးနန်းတော်ထဲမှာ ရှာလို့ရတယ်….မင်း သဘောပေါက်ပြီလား”

ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်စွာဖြင့် တအံ့တဩ ပြောလိုက်သည်။ “ခင်ဗျားပြောချင်တာက ဘိုးဘေးနန်းတော်ထဲမှာ ကမ္ဘာဦးခေတ်က ကောင်းကင်နတ်ဘုံတစ်ဘုံ ရှိနေတယ်ဆိုတာလား”

“မှားတယ်… ကမ္ဘာဦးခေတ်က ဘိုးဘေးနန်းတော် မဟုတ်ဘူး”

မဟာဧကရာဇ်က တည်ငြိမ်အေးဆေးစွာ ရှင်းပြသည်။ “မျိုးဆက်သစ်တွေရဲ့ ကောင်းကင်နတ်ဘုံတွေက ကမ္ဘာဦးခေတ်ရဲ့ ဘိုးဘေးနန်းတော်ထဲက ရတနာမြေတွေနဲ့အညီ ဆောက်တည်ထားတာလို့ ပြောလို့ရတယ်.. ထိုက်ချူနဲ့ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဘုံတွေကို တည်ဆောက်ခဲ့တုန်းက ဘိုးဘေးနန်းတော်ရဲ့ ရတနာမြေတွေကို ကူးချခဲ့တဲ့ သဘောပဲ…. နဂါးသွဲ့ရေကန်က ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်၊ ကောင်းကင်မုခ်၀က ဘိုးဘေးနန်းတော်ရဲ့ ကောင်းကင်မုခ်၀၊ နတ်ဘုရားစီရင်ရာစင်မြင့်က ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်... အဲဒီလို ကူးချခဲ့တာပဲ.. အခု ကောင်းကင်နန်းဆောင်ကျင့်စဉ်က ဘယ်လောက်အရေးကြီးသလဲ မင်း သိသွားပြီမလား”

ချင်မူ့စိတ်ထဲတွင် ဗလာကျင်းသွားတော့သည်။

ကောင်းကင်နန်းဆောင်အဆင့်အား ကောင်းကင်နတ်ဧကရာဇ်က ပုံဖော်ပေးခဲ့ခြင်း ဖြစ်သည်။ သူ ကောင်းကင်နန်းဆောင်များ တည်ဆောက်ခဲ့စဉ်က မျိုးဆက်သစ်များသည် ကောင်းကင်နန်းဆောင်ခုနစ်ဆောင်၊ အဆင့်ခုနစ်ဆင့်အတိုင်း ကျင့်ကြံ၍ အစွမ်းထက်လာခဲ့ကြ၏။

ထိုအစွမ်းတို့သည် မည်သည့်နေရာမှ လာပါသနည်း။

ကောင်းကင်နန်းဆောင်ထဲတွင် တစ်လှမ်းတိုးလိုက်တိုင်း အဘယ်ကြောင့် ခွန်အားများ တိုးတက်သွားရသနည်း။

နတ်ဘုရားများသည် သိုင်းအဆင့်တစ်ဆင့်သို့ ရောက်သောအခါ အဘယ်ကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်ရပါသနည်း။

ကောင်းကင်နတ်ဘုံက ဘိုးဘေးနန်းတော်၏ ပထဝီမြေပြင်အနေအထားအတိုင်း တည်ဆောက်ထားခြင်းဆိုလျှင် ထိုမေးခွန်းတို့အား ရှင်းပြနိုင်ပေသည်။

ဘိုး‌ဘေးနန်းတော်ထဲတွင် ကျောက်တုံးတွင်းငါးတွင်းအပြင် တောင်ကောင်းကင်မုခ်ဝနှင့် နဂါးသွဲ့ရေကန်ကဲ့သို့သော တခြားရတနာမြေများလည်း ရှိပေသည်။ နဂါးဟန်ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်၏ မဟာတာအိုကို ဆက်ခံကျင့်သုံးခဲ့ခြင်း ဆိုရမည်။

နတ်ဘုရားများအနေဖြင့် တောင်ကောင်းကင်မုခ်အဆင့်အထိ ကျင့်ကြံပြီးပါက ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကျော်လိုက်ခြင်း တာအိုရရှိခြင်းနှင့် ညီမျှလိမ့်မည်။ သက်ဆိုင်ရာစွမ်းအားကိုလည်း အလိုအလျောက် ရရှိပေလိမ့်မည်။

ချင်မူက စိတ်ထိန်းရင်း ရုတ်တရက် မေး၏။ “ဒါဆို တာအိုနော်င်တော်မဟာဧကရာဇ်က ကျွန်တော်နဲ့ ဘာလဲမှာလဲ”

“ကျောက်စိမ်းမြို့တော်ရဲ့ တည်နေရာနဲ့”

မဟာဧကရာဇ်က တည်ကြည်လေးနက်စွာ ဆိုသည်။ “နတ်ဘုရားစီရင်ရာစင်မြင့်က ငါ့ရဲ့ပိုင်နက်ဖြစ်နေပြီ…ဆိုတော့ အဲ့ဒီနေရာကို မင်းဆီတော့ မပေးနိုင်ဘူး… ဒါပေမဲ့ ကျောက်စိမ်းမြို့တော်ရဲ့ နေရာကိုတော့ ပြောပြမယ်… ဒီကျောက်စိမ်းမြို့တော်က မင်းရဲ့ သစ်နက်တောင်တန်းထက် အများကြီးပိုသာတယ်…. ဒီ ရတနာနယ်မြေကို ရရင် အနာဂတ်မှာ အောင်မြင်မှုအကြီးအကျယ် ရပြီး ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာလိမ့်မယ်”

ချင်မူက တဟားဟား ရယ်လိုက်ပြီး သူ၏ရယ်သံများသည် တဖြည်းဖြည်း ကျယ်သထက် ကျယ်လာ၏။

မဟာဧကရာဇ်၏ဦးခေါင်းက အေးစက်စွာ မေးလေသည်။ “ဘာတွေ ရယ်နေတာလဲ”

ချင်မူက ရယ်လျက် ခေါင်းရမ်းပြသည်။ “မဟာဧကရာဇ်၊ ခင်ဗျားက ကျွန်တော့်ကို သုံးနှစ်ကလေးလေးများ မှတ်နေလား… ကျွန်တော်က ဆယ့်ခြောက်နှစ် ရှိပြီဗျ…. ကျောက်စိမ်းမြို့တော်က တကယ့်ကို ကောင်းမွန်တဲ့ ရတနာမြေဆိုတာ မှန်တယ်…. ဒါနဲ့ ခင်ဗျားက ဘာလို့ အဲ့ဒီရတနာမြေကို မသိမ်းပိုက်ခဲ့တာလဲ…. ကောင်းကင်‌နတ်အရှင်ရှောင်၊ နတ်အရှင်မယန်နဲ့ ကောင်းကင်နတ်အရှင်ကုန်းတို့ကရော ဘာလို့ မသိမ်းပိုက်ခဲ့တာလဲ… ဘိုးဘေးနန်းတော်ရဲ့ လျှို့ဝှက်ချက်ကို ခင်ဗျားထက်ပိုပြီး သိတဲ့သူတွေလည်း ရှိဦးမှာပဲလေ”

သူ့နှုတ်ခမ်းထောင့်က တွန့်သွား၏။ “ခင်ဗျားက ကျောက်စိမ်းမြို့တော်ရတနာမြေရဲ့ တည်နေရာကို သိထားတာမှန်တယ်” သူက အေးအေးလူလူ ဆက်ပြောသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်တွေတောင် အဲ့ဒီနေရာတွေကို ခြေချဖို့ ခက်ခဲတယ်… ကျောက်တုံးတွင်းငါးတွင်းထက်တောင် ပိုပြီးတော့ အန္တရာယ်များသေးတာ… ဒီအချက်ကို သုံးပြီး ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့ လှည့်စားခဲ့တာပဲ”

မဟာဧကရာဇ်၏ ဦးခေါင်းက တခဏ ငြိမ်ကျသွားပြီး သက်ပြင်းချလိုက်သည်။ “မင်း မှန်တယ်…. ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်က တားမြစ်နယ်မြေတစ်ခုပဲ… ငါ မဟာဧကရာဇ်အနေနဲ့ ရှိခဲ့တုန်းက အဲ့ဒီနေရာကို စူးစမ်းဖို့ အသန်မာဆုံး ရှေးဟောင်းနတ်ဘုရားတွေကို စေလွှတ်ခဲ့တယ်…. ဒါပေမဲ့ ခက်လွန်းမှန်း သိခဲ့ပြီး ပြန်ဆုတ်ခဲ့ကြရတယ်..”

ချင်မူက မေးသည်။ “ဘယ်ရှေးဟောင်းနတ်ဘုရားတွေကို လွှတ်ခဲ့တာလဲ”

“ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ အမိကမ္ဘာမြေ၊ မြောက်နတ်မင်းလိပ်နက်တို့ပေါ့… သူတို့တွေအပြင် ပိုယန်၊ ရှုကျွင်းနဲ့ ကုန်းယွင်တို့ရောပဲ…. သူတို့က တခြားရှေးဟောင်းနတ်ဘုရားတွေ၊ ဧကရာဇ်တွေကို ဦးဆောင်ပြီး အဲဒီနေရာကို စုံစမ်းရှာဖွေခဲ့ကြတာ”

မဟာဧကရာဇ်က တခဏ တိတ်ဆိတ်နေသည်။ “သူတို့ အဲဒီနေရာကို အပြည့်အဝ လျှောက်မသွားနိုင်ခဲ့လို့ အနီးတစ်ဝိုက်ပဲ လျှောက်ကြည့်နိုင်ခဲ့တယ်… အဆုံးသတ်မှာ ပြန်လာရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး…. ဒီလိုလုပ်ရအောင် ကောင်းကင်နတ်အရှင်မူ… ငါ မင်းကို ကျောက်စိမ်းမြို့တော်ရဲ့ တည်နေရာ ပြောပြမယ်… ငါ့ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ကိုလည်း တစ်ကြိမ် ဝင်ခွင့်ပေးမယ်…. မင်း ငါ့ကို လွှတ်ပေး”

သူက စိတ်ရှည်စွာ သွေးဆောင်နေသည်။ “မင်းရဲ့ ကောင်းကင်နတ်ဘုံထဲက နတ်ဘုရားစီရင်ရာစင်မြင့်ဆီကနေ ရခဲ့တဲ့ အကျိုးကျေးဇူးတွေက တကယ့်အစစ်နဲ့ ယှဥ်ရင် ‌ဆယ်ပုံတစ်ပုံပဲရှိမှန်း မင်း သိပါတယ်… ငါ့ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်က တကယ်အစစ်နော်... မင်း ငါ့ရဲ့နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်နိုင်သရွေ့…. ဟက်.. အကျိုးအမြတ်တွေက…”

ချင်မူက အတော်လေး စိတ်ဝင်စားသွားသဖြင့် တခဏ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လိုက်သည်။ “ကျွန်တော့်ကို ကျောက်စိမ်းမြို့တော်ရဲ့ တည်နေရာ အရင်ပြောပြ…”

“ဘာများခက်တာမှတ်လို့”

မဟာဧကရာဇ်က သူ၏အသိစိတ်အလျဉ် သုံးကာ ကျောက်စိမ်းမြို့တော်၏ တည်နေရာကို လွှဲပြောင်းပေးသည်။ “ငါတို့ အရင်တစ်ခါ မအောင်မြင်ကတည်းက အဲ့ဒီနေရာကို ချိပ်ပိတ်ထားခဲ့တယ်…. မင်း အဲဒီနေရာကို ရှာတွေ့ရင်တောင်မှ ချိပ်တံဆိပ်ကို ဖန်တီးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားနဲ့ ဖန်ဆင်းရှင် မရှိရင် လမ်းပြပေးဖို့ မလွယ်ဘူး… ဒါ့အပြင် တစ်ယောက်တည်း သွားလို့မဖြစ်ဘူး… သိချင်စိတ်ကို အောင့်ထားရမယ်.. အဲဒီနေရာက အန္တရာယ်တွေက မင်း မှန်းဆလို့တောင် မရဘူး”

သူ ထိုသို့ပြောလေ ချင်မူမှာ စပ်စုချင်လာလေလေ ဖြစ်နေသည်။ သူ့ရင်ထဲတွင် ဟုလင်းအာကဲ့သို့ မြေခွေးမလေးများ ရောက်ရှိနေသလို ခံစားနေရ၏။ သူတို့က သူ၏နှလုံးသားကို အမြှီးဖြင့် တိုးဝှေ့နေကြသောကြောင့် ယားသထက် ယားလာကြသည်။

မဟာဧကရာဇ်၏ ဦးခေါင်းကြီးက ပြုံးလိုက်၏။ ပြိုင်ဘက်ကင်း အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားသော မဟာဧကရာဇ်အနေဖြင့် ချင်မူ၏ အားနည်းချက်ကို သိရှိခဲ့ပြီးဖြစ်သည်။ ချင်မူသာ မဟုတ်။ အခြားကောင်းကင်နတ်အရှင်များ၏ အားနည်းချက်သည်လည်း သူ့လက်ထဲတွင် ရှိလေသည်။

All Chapters