မူလပိုင်ရှင်ဆီသို့ ပြန်ပေး
Vol. 101 Ch. 1321
ချင်မူသည် မည်သည့်အရာကိုမှ သတိထားမိပုံမပေါ်သော်လည်း သူ၏ခြေလှမ်းများကတော့ အလွန်မြန်နေ၏။ မကြာမီ မိုင်တစ်ထောင်ကျော်လာပြီး အမိကမ္ဘာမြေ၏ သစ်မြစ်များက ချင်မူနှင့် မိုင်တစ်ရာအကွာဆီသို့ ချဉ်းကပ်လာသည်။ ထို့နောက် သူတို့အနောက်မှ အမြစ်အသစ်များ ထပ်မံထွက်ပေါ်လာကာ အမြစ်အဟောင်းများက ပြန်ဆုတ်ခွာသွားသည်။
မိုင်ပေါင်းရာချီ လိုက်လာခဲ့ပြီးနောက်တွင်ပင် အမိကမ္ဘာမြေမှာ အတားအဆီးအစီအရင်ပေါ်ရှိ ကျောက်တုံးတွင်းလေးတွင်း၏ ချပ်နှောင်မှုအား မချိုးဖျက်နိုင်သေးပေ။
မဟာဧကရာဇ်၏ အကြည့်က လင်းခနဲ လက်သွားသည်။ ‘အမိကမ္ဘာမြေ ချင်မူရဲ့ အတားအဆီးအစီအရင်ကို မချိုးဖျက်နိုင်သေးဘူးပဲ”
ရုတ်တရက် သစ်မြစ်ဆယ်ချောင်းကျော်က အတားအဆီးအစီအရင်ကို အသာအယာ ရစ်ပတ်ကာ ချင်မူ့ကျောမှ ဆွဲဖြုတ်လိုက်၏။
အတားအဆီးအစီအရင်မှာ မြေပေါ်ပြုတ်ကျ၍ ပျောက်ကွယ်သွားသည်။ ၎င်းမှာ အစအနပင်မကျဘဲ မြေကြီးထဲသို့ ဆွဲယူခံလိုက်ရချေပြီ။
ချင်မူက ကျောဆန့်လိုက်သော်လည်း နောက်သို့ လှည့်မကြည့်ဘဲ ရှေ့ဆက်သွားနေသည်။
တခဏကြာသော် အတားအဆီးအစီအရင်သည် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော မြေပြင်ထက်တွင် ပေါ်လာ၏။ အတားအဆီးအစီအရင်နှင့်အတူ မရေမတွက်နိုင်သော သစ်မြစ်ကြီးများလည်း ပေါ်လာသည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ တောင်တန်းများ လျင်မြန်စွာ ပြန်လည်စိမ်းစိုသွားပြီး သစ်ပင်များမှာလည်း ထူထဲသိပ်သည်းစွာ ပေါက်လာကြ၏။ ပန်းပင်များနှင့် မြက်ပင်များက နေရာတိုင်းတွင် ပေါက်ရောက်နေကြပြီး ပန်းပွင့်များလည်း ပွင့်လန်းနေကြသည်။
သစ်မြစ်များသည် လေထဲတွင် ယိမ်းထိုးရင်း ယဇ်ပလ္လင်အသွင် ဖွဲ့လိုက်သည်။ အမိကမ္ဘာမြေက ယဇ်ပလ္လင်ထက်မှ ဖြည်းဖြည်းချင်း ထလာပြီး အတားအဆီးအစီအရင်အား ဆုပ်ကိုင်လိုက်သည်။ “အရှင်မဟာဧကရာဇ်၊ အမိကမ္ဘာမြေမှ ဂါ၀ပြုပါတယ်..”
မဟာဧကရာဇ်က အနည်းငယ် ခေါင်းညိတ်ပြကာ ခပ်အေးအေး ပြောသည်။ “အမိကမ္ဘာမြေ၊ ဒီလို ရိုကျိူးနေစရာ မလိုပါဘူး…. ထပါ”
အမိကမ္ဘာမြေက ခါးမတ်၍ ပြုံး၏။ “အဲ့ဒီကောင်လေးရဲ့ အစီအရင်ကို အတော်လေး ထူးဆန်းတယ်… သူ သတိမထားမိအောင် အစီအရင်ကို မချိုးဖျက်နိုင်တော့ အရှင့်ကို ဆွဲယူလာခဲ့ရတာပါ… အရှင် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်…”
မဟာဧကရာဇ်သည် ကမ္ဘာဦးခေတ်၏ စကြ၀ဠာကို အုပ်စိုးခဲ့သူဖြစ်ကာ အလွန်တရာ ရက်စက်ခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားမှန်သမျှမှာ သူ၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့ကြ၏။ အမိကမ္ဘာမြေက ရှေးရိုးကို အစွဲပြု၍ သူ့ကို အရှင်ဟု ခေါ်ဆိုနေဆဲ ဖြစ်ချေသည်။
မှန်ပါသည်။ ကမ္ဘာဦးခေတ်၏ သွေးသံချေးဇုန်တိုက်ပွဲတွင် အမိကမ္ဘာမြေလည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနောက်မှ လိုက်၍ ဖန်ဆင်းရှင်တို့နှင့်အတူ မဟာဧကရာဇ်ကို သတ်ဖြတ်ရာတွင် အင်တိုက်အားတိုက် ပါ၀င်ခဲ့၏။
မဟာဧကရာဇ်က အသံဩဩဖြင့် မေးသည်။ “အမိကမ္ဘာမြေ၊ မင်း ဘာလို့ ကောင်းကင်နတ်အရှင်မူကို တန်းသတ်မပစ်ခဲ့ဘဲ အစီအရင်ကိုပဲ ခိုးခဲ့ရတာလဲ…. မင်းရဲ့ အစွမ်းအစနဲ့ဆို သူ့ကို သတ်လို့ရပါတယ်… သူက မင်းရဲ့ပြိုင်ဘက်မှ မဟုတ်ပဲ”
အမိကမ္ဘာမြေက အတားအဆီးအစီအရင်ကို အကဲခတ်နေရင်း ရုတ်တရက် တုန်ရီသွားသည်။ သူမ၏မျက်လုံးထဲတွင် အကြောက်တရားတို့ ကြီးစိုးလာ၏။ “ကောင်းကင်နတ်အရှင်မူရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်…. ဖရိုဖရဲပင်လယ်မှာတုန်းက အဲ့ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်လေးပါးကို တစ်ချက်တည်းနဲ့ တွန်းထုတ်ပစ်ခဲ့တယ်… အဲ့ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ဆယ်ပါးထက်တောင် ကြောက်ဖို့ ကောင်းသေးတယ်… အဲ့ဒီသူ မလှမ်းမကမ်းမှာ ရှိနေမှာစိုးလို့ ကျွန်မ မတိုက်ခိုက်ရဲခဲ့တာပါ”
“ကောင်းကင်နတ်အရှင်လေးပါးကို တစ်ချက်တည်းနဲ့ တွန်းထုတ်ခဲ့တယ်တဲ့လား….”
မဟာဧကရာဇ်၏ မျက်နှာအမူအရာက လေးနက်သွားပြီး သူက ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်လေးပါးက ငါ့ကြောင့် ဒဏ်ရာရသွားခဲ့ကြတော့ အမြင့်ဆုံးအခြေအနေလောက် သန်မာနေကြမှာမဟုတ်ဘူး….ငါ ကောင်းကင်နတ်အရှင်လေးပါးကို တစ်ချက်တည်းနဲ့ တွန်းထုတ်နိုင်ဖို့က ငါ့ရဲ့ အမြင့်ဆုံးအခြေအနေမှာပဲ ဖြစ်နိုင်တယ်…. ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူလည်း အဲ့ဒီအတိုင်းပဲ…. အဲ့ဒီလိုပုဂ္ဂိုလ်မျိုးက ဘိုးဘေးနန်းတော်ထဲ ဘယ်တုန်းက ရောက်လာတာပါလိမ့်…. ကောင်းကင်နတ်အရှင်ဟုန်များလား”
သူသည် ကောင်းကင်နတ်အရှင်ဟုန်အပေါ် အမြဲသင်္ကာမကင်း ဖြစ်ခဲ့၏။
ကောင်းကင်နတ်အရှင်ဟုန်၏ မူလသရုပ်မှန်က တဟုန် ဖြစ်ခဲ့သည်။ ယခင်က မဟာဧကရာဇ်သည် တဟုန်နာမည်ဖြင့် ရှင်သန်ခဲ့ပြီး မဟာလေဟာနယ်ထဲရှိ သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ယွင်၊ လင်၊ ယွဲ့တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အမျက်တချောင်းချောင်းထွက်ကာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ဖျက်ဆီးရန် ကြံရွယ်ခဲ့၏။ သို့သော် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတွင် ချင်မူ၏ တားဆီးခြင်းအား ကြုံတွေ့ခဲ့ရသည်။
သူတို့နှစ်ယောက်သား ကောင်းကင်နတ်မြစ်တွင် တိုက်ခိုက်ခဲ့ကြပြီး ချင်မူမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သား တစ်ယောက်တစ်လမ်းစီ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ပြန်ဆုတ်လာသည့် လမ်းတွင် တဟုန်မှာ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ရပ်က သူ့ခန္ဓာကိုယ်ထဲရှိ မဟာဧကရာဇ်အသိစိတ်အလျဉ်ကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေကြောင်း ခံစားခဲ့ရသည်။
နောက်ပိုင်းတွင် မဟာဧကရာဇ်သည် မင်ဖန်းယွီ ဖြစ်လာခဲ့သော်လည်း တဟုန်၏ သရုပ်မှန်ကို မထုတ်ဖော်ခဲ့ပေ။
ထိုအံ့မခန်းလိလိ ရန်သူကို အသက်ရှင်ခွင့် ပေးခဲ့ခြင်းဖြင့် အခြားကောင်းကင်နတ်အရှင်များသည် တဟုန်ကိုသာ မဟာဧကရာဇ်ဟု ထင်ကြကာ သူ့ကို သံသ၀င်မည် မဟုတ်ပေ။
အမှန်တွင် ကောင်းကင်နတ်အရှင်ဟုန်မှာ သူ့အစား ဒုက္ခအကြိမ်ကြိမ် ခံခဲ့ရဿည်။ ကောင်းကင်နတ်အရှင်ကုန်းပင်လျှင် ကောင်းကင်နတ်အရှင်ဟုန်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ဖူးခဲ့သည်မဟုတ်လော။
အမိကမ္ဘာမြေသည် ချင်မူ၏ ကျောက်တုံးတွင်းလေးတွင်း အတားအဆီးအစီအရင်ကို အမြစ်များဖြင့်သာ ချိုးဖျက်ရန် ကြိုးစားခဲ့ရသဖြင့် ယခုတွင် ရှိသမျှအစွမ်းကုန် သုံးနေချေပြီ။
သူမ၏ အစွမ်းအစများက ပေါ့သေးသေး မဟုတ်သည့်အပြင် အချိန်တိုအတွင်း ကောင်းကင်နတ်ဘုံအသေးစားအဆင့် သိုင်းပညာရှင်တစ်ဦးအဖြစ်သို့ ပြန်လည်ရောက်ရှိထားခဲ့၏။
သို့သော် သူမ မည်မျှပင် အားကောင်းပြင်းထန်သော ကောင်းကင်နတ်သိုင်းများ အသက်သွင်းလျက် အစီအရင်ကို ချိုးဖျက်စေကာမူ မချိုးဖျက်နိုင်သဖြင့် အံ့အားသင့်နေရတော့သည်။
မချိုးဖျက်နိုင်သည်သာမက အတားအဆီးအစီအရင်ပေါ်သို့ သူမ၏သိုင်းကွက်တစ်ကွက်မှ မသက်ရောက်ပေ။ သူမ၏ မည်သည့်တိုက်ကွက်ကိုမှ အသုံးပြု၍ မရပေ။ ထိပင်မထိဘဲ ဖြတ်ကျော်သွားကြသည်။
အချိန်အတော်ကြာသော် အမိကမ္ဘာမြေမှာ နဖူးတွင် ချွေးစို့လာပြီး မောဟိုက်ပင်ပန်းလာတော့သည်။
မဟာဧကရာဇ်က သုန်မှုန်စွာဖြင့် သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။ ရုတ်တရက် သူက ပြော၏။ “အမိကမ္ဘာမြေ၊ တော်သင့်ပြီ… ငါ မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်တယ်… မင်း ငါနဲ့ ပူးပေါင်းဖို့ ဖြစ်နိုင်တယ်.. ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ငါ့ရဲ့သရုပ်မှန်တစ်ခု ရှိသေးတယ်… မင်းနဲ့ မင်းရဲ့အသက်ကို ကာကွယ်ပေးနိုင်တယ်..”
အမိကမ္ဘာမြေ၏ မျက်နှာမှာ အနည်းငယ် နီမြန်သွားသည်။ သူမက ဦးညွှတ်အရိုအသေပေး၍ လျှောက်တင်၏။ “ညှာတာပေးမှုအတွက် ကျေးဇူးတင်ပါတယ်… အရှင်… ဒီအစီအရင်က ...”
“မင်း မပြောနဲ့ ငါကိုယ်တိုင်တောင်မှ ဒီအစီအရင်ကို မဖျက်နိုင်ဘူး..”
မဟာဧကရာဇ်က စိတ်မပါလက်မပါ ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ဘယ်သူမှ ဒီချိပ်တံဆိပ်ကို မဖျက်နိုင်ဘူး…. သူ့အစီအရင်က ဒီခေတ်ရဲ့ အသိပညာကို ကျော်လွန်နေပြီ…. ဘယ်သူမှ မသိနိုင်ဘူး … ငါတောင်မှ အစီအရင်ကို တစ်၀က်ပဲ နားလည်နိုင်တယ်… ကောင်းကင်ဧကရာဇ်က ကျန်တဲ့တစ်၀က်ကို နားလည်လောက်ပေမယ့် သူက ငါနဲ့ ပူးပေါင်းပြီး အစီအရင်ကို ချိုးဖျက်ပေးမှာမဟုတ်ဘူး..”
အမိကမ္ဘာမြေမှာ လန့်သွားပြီး တအံ့တဩ ရေရွတ်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်မူက အဲ့လောက်တောင် အစွမ်းထက်တာလား..”
“သူ့သိုင်းအဆင့်က နည်းနည်းပဲ အားနည်းတာ…”
မဟာဧကရာဇ်က မှုန်ကုပ်စွာဖြင့် ဆက်ပြော၏။ “သူ့ သိုင်းအဆင့်သာ ကောင်းကင်နတ်အရှင်ဟောင်အဆင့် ရောက်သွားရင်… အင်း… သူ့အမြင့်ဆုံးအခြေအနေမှာ ငါ ဒါမှမဟုတ် ကောင်းကင်နတ်ဧကရာဇ်နဲ့ တိုက်ခိုက်ရင်တောင် အရေးနိမ့်မှာ မဟုတ်ဘူး… ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူငါးယောက်ဖြစ်တဲ့ ယွင်၊ လင်၊ ယွဲ့၊ ချင်၊ မူတို့မှာ ယွင်က အစောကြီး သေသွားခဲ့ပြီး ယွဲ့က ဒဏ်ရာရသွားတယ်… ကောင်းကင်နတ်အရှင်မူတစ်ယောက်ပဲ ကျန်တော့တာ… သူ့ကောင်းကင်နတ်သိုင်းက တကယ်ကို ဆရာသခင်အဆင့်ပဲ… ပြီးခဲ့တဲ့ ကောင်းကင်မဟာမိတ်အစည်းအဝေးမှာ သူ့ကို ရှိစေချင်ခဲ့ကြတာ အံ့ဩစရာတော့ မဟုတ်ဘူး…”
အမိကမ္ဘာမြေမှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ ချင်မူ့နောက်ကြောင်းကို မဟာဧကရာဇ်ဆီမှ ကြားသိခဲ့ရသည့်အခါ ယုံကြည်နိုင်ဖွယ်ရာမရှိဟုပင် ထင်လာမိ၏။
ယခင်က ချင်မူသည် အမိကမ္ဘာမြေ၏ မြေအောက်နန်းတော်ထဲသို့ ကုန်းစွန်းယန်အနောက်မှသာ လိုက်လာခဲ့ဖူးသော ငချွတ်ကလေး မဟုတ်လော။ သူမ၏ နန်းတော်ကို ဟိုငေးသည်သေး လုပ်နေခဲ့သည့် တောသားလေးမှာ အတွေ့အကြုံပင် များများစားစား မရှိခဲ့ပေ။
သို့သော် ယခုတော့ မဟာဧကရာဇ်ပင်လျှင် ချင်မူ့ကို လျှော့မတွက်ဘဲ ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
မဟာဧကရာဇ်သည် ထိုက်ချူမှလွဲ၍ မည်သူ့ကိုမှ ပြိုင်ဘက်အဖြစ် မဆက်ဆံခဲ့ပေ။ အမိကမ္ဘာမြေပင်လျှင် ထိုသို့ သတ်မှတ်ခံရလောက်သည်အထိ အရည်အချင်း မပြည့်မှီချေ။
အမိကမ္ဘာမြေက တခဏ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။ “အရှင်၊ ဒါဆို အခုက…”
မဟာဧကရာဇ်က ခံစားချက်ကင်းမဲ့စွာ ရယ်လိုက်သည်။ “အခု ငါ့ကို ပြန်ပို့ပေး…”
အမိကမ္ဘာမြေမှာ အံ့အားသင့်သွားလေသည်။
မဟာဧကရာဇ်က နှာမှုတ်လိုက်သည်။ “ငါ့ကို အရင်နေရာဆီ ပြန်မပို့နဲ့… သူ့ကို စောင့်ဖို့ မဟူရာသစ်ပင်ဆီသာ ပို့ပေး…”
အမိကမ္ဘာမြေမှာ သူမ နားပင် သူမ မယုံနိုင်ဘဲ အော်လိုက်၏။ “အရှင်… အဲ့ဒါက အရှင့်အတွက် မလွယ်..”
“အမိကမ္ဘာမြေ၊ မင်းက သတ်ဖြတ်ချင်စိတ်ကြောင့် ဘာကိုမှ မမြင်နိုင်တော့ဘဲ တုံးအလာတာပဲ… သိပ်ကို အန္တရာယ်များတယ်…”
မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။ “မင်း ဘိုးဘေးနန်းတော်ထဲမှာ လုံး၀ မနေသင့်ဘူး… ဘိုးဘေးနန်းတော်ထဲကနေ ချက်ချင်း ထွက်သွား.... ဗြဟ္မဗုဒ္ဓကို သွားရှာ ... သူ့ရဲ့ဗုဒ္ဓဓမ္မ နာကြားပြီး အမုန်းအဃာတတွေကို ဖြေဖျောက်သင့်တယ်…မဟုတ်ရင် မင်း သေချာပေါက် သေရလိမ့်မယ်... ဒီလောကမှာ အကျိုးအမြတ်လိုချင်တဲ့ လူတွေနဲ့ ပြည့်နေတယ်... ငါရော၊ ကောင်းကင်နတ်အရှင်မူရော ယုံကြည်ရတဲ့သူတွေ မဟုတ်ဘူး…. ဒါပေမဲ့ ငါတို့မှာ တူညီတဲ့ စည်းမျဉ်း ရှိတယ်… အဲ့ဒါက အကျိုးအမြတ်ရရင် ငြိမ်းချမ်းရေးယူတယ်... ခွဲဝေယူသင့်တဲ့အခါ ခွဲဝေယူတယ်... အခု သူက ငါ့ပိုင်နက်ကို ငှားချင်တဲ့အတွက် ငါ့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူး… ကဲ… ငါ့ကို မဟူရာသစ်ပင်ဆီ ပို့ပေး… သူ့ကို စောင့်ရအောင်”
ချင်မူက လမ်းတလျှောက်တွင် အေးအေးလူလူဖြင့် ဘိုးဘေးနန်းတော်၏ ရှုခင်းများကို ကြည့်ရင်း လျှောက်နေသည်။ ဘိုးဘေးနန်းတော်သည် သူ ပထမဆုံး ရောက်လာခဲ့သည့်အချိန်ထက် များစွာ သာလွန်ကောင်းမွန်နေပြီဖြစ်၏။ နေရာတိုင်းတွင် အထွတ်အမြတ်မြေများ ရှိနေပြီး ငှက်များက တကျီကျီ အော်မြည်နေကြကာ ပန်းရနံ့တို့လည်း လေထဲတွင် ပြည့်နှက်နေသည်။ သွားလာနေကြသည့် ဧရာမသားရဲကြီးများသည်လည်း မျက်စိပသာဒဖြစ်လှ၏။
သူသည် ငေးရင်းနှင့်ပင် သစ်နက်တောင်တန်းတစ်သိန်းရှေ့သို့ ရောက်လာပြီး အရှေ့တွင် ဧရာမအတားအဆီးအစီအရင်ကြီးတစ်ခုအား တွေ့လိုက်ရသည်။
ချင်မူက အလျင်အမြန် လျှောက်သွားလိုက်ရင်း ပြုံးပြလိုက်သည်။ “အစ်ကိုကြီး၊ စောင့်ခိုင်းလိုက်ရတာ တောင်းပန်ပါတယ်ဗျာ…”
မဟာဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့သည်။ “ငါ့ကို မဟာဧကရာဇ်လို့ ခေါ်”
ချင်မူက ပြုံးလျက် သူ့အား ကျောပိုးလိုက်ပြီး သစ်နက်တောင်တန်းတစ်သိန်းဆီသို့ လျှောက်သွား၏။
ထိုအချိန်တွင် ခေါင်းကြီးကြီးဖြင့် လူငယ်တစ်ယောက်က အပြေးတစ်ပိုင်း လာကြိုသည်။ သူ့မျက်နှာတွင်လည်း အပြုံးပန်းများ ဝေဆာနေလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘာလို့ အကြာကြီး ထွက်သွားတာတုန်း… မင်း မသိလောက်သေးတာ တစ်ခုရှိတယ်… အဲ့ခွေးသူတောင်းစား မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်လေးပါးနဲ့ တိုက်ခိုက်ပြီး မရှုမလှ အရိုက်ခံခဲ့ရတာတဲ့… သူ့ခန္ဓာကိုယ်ဆို အပိုင်းပိုင်းပြတ်သွားပြီး ခြေလက်တွေက ကောင်းကင်ပေါ်ကနေ တဘုတ်ဘုတ် ပြုတ်ကျလာတာ… အားရစရာပဲကွာ… ဒါနဲ့ မင်း ဘာကြီး သယ်ထားတာတုန်း”