တစ်ရာခိုင်နှုန်း
Vol. 101 Ch. 1324
‘ဘိုးဘိုးဆေးဆရာ မလုပ်နိုင်ရင် ထိုက်ရှီ ရှိပါသေးတယ်... ထိုက်ရှီ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တာအိုဒဏ်ရာတွေကို ကုသပေးနိုင်ရင် ငါ့အနေနဲ့ သူ့ရဲ့ရုပ်ခန္ဓာပေါ်က ဒဏ်ရာတွေကို ကုပေးဖို့ မခက်ဘူး’
ချင်မူမှာ သူ့ကိုယ်သူ နှစ်သိမ့်အားပေးနေမိသည်။ ဆေးဆရာ၏ လုပ်ရပ်များကြောင့် လူတိုင်းမှာ သူ့အပေါ် ယုံရခက်၊ မယုံရခက် ဖြစ်မိကြသော်လည်း ဆေးဆရာသည် တစ်လောကလုံးတွင် ဆေးပညာ၌ အစွမ်းထက်ဆုံး ဖြစ်၏။ ချင်မူ့အပေါ်တွင် ဆေးအသစ်များ ကြံဖန်စမ်းသပ်ရင်း မအောင်မြင်ဖူးသည်မှလွဲ၍… အခြားမကောင်းသောအရာများ မလုပ်ပေ။
ချင်မူက အထုတ်ပြင်၍ ထွက်ခွာရန် ပြင်သည်။ ရှုကျွင်းကို သွားရှာသည့်အခါ အတားအဆီးအစီအရင်ထဲရှိ မဟာဧကရာဇ်နှင့်အတူ သစ်နက်တောင်တန်းမှ ထွက်ခွာသွားကြောင်း သိရသည်။ သူ ဘယ်ကိုထွက်သွားမှန်း မသိရပေ။ ပထမလူသားဧကရာဇ်လည်း လူသားဧကရာဇ်များအား ဦးဆောင်၍ ထွက်ခွာရန် ပြင်နေသည်။ လူသားဧကရာဇ်များက စုအုံလျက် ချင်မူ့ကို စိမ်းစိမ်း၀ါးဝါး ကြည့်နေကြ၏။
“ဒီအနားမှာ ထိုက်ပူသားရဲကြီးတစ်ကောင် ရှိတယ် ကြားတယ်.. အဲဒီလိုသားရဲမျိုးက သိပ်ရှားတယ်…အရင်တုန်းက ကမ္ဘာဦးဘုရင်သုံးပါရဲ့ စီးတော်သားရဲဆိုတော့ ငါတို့ ထိုက်ပူသားရဲကြီးကို ဖမ်းဖို့ကြံထားတယ်”
လူသားဧကရာဇ်က ချင်မူ့ကို မေးသည်။ “မူအာ၊ ငါတို့နဲ့အတူ လိုက်ချင်လား”
ချီကန်း၊ ရီရှန်းနှင့် အခြားလူသားဧကရာဇ်များ၏ အကြည့်များမှာ ပို၍ပင်ခက်ထန်လာတော့သည်။ သူတို့က တစ်ယောက်တစ်ပေါက် မေးလိုက်ကြ၏။ “ပထမလူသားဧကရာဇ်၊ ဘာလို့ သူ့ကို ခေါ်တာလဲ… သူရှိနေရင် ထိုက်ပူသားရဲကြီးကို မျှဝေလို့ရပါတော့မလား”
“ထိုက်ပူကို ထိန်းချုပ်ပြီးတာနဲ့ လူတိုင်း အဲဒီဟာကြီး စီးပြီး လူသားဧကရာဇ်ချင်ကို ဝိုင်းရိုက်ကြမယ်”
ချင်မူလည်း တဟားဟား ရယ်လိုက်ပြီး အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည်။ သူ ပြန်လှည့်လာသည့်အခါတွင် သူ့မျက်နှာမှာ အလွန်တရာ သုန်မှုန်နေသဖြင့် ဆေးဆရာပင်လျှင် လန့်သွား၏။
“ခင်ဗျားတို့က ထိုက်ပူကို ထိန်းချုပ်ပြီးရင် ကျုပ်ကို ရိုက်ချင်တယ်ပေါ့လေ… မျိုးဆက်ဟောင်းတွေရဲ့ လူသားဧကရာဇ်တွေ ခင်ဗျားတို့က ငယ်ပါသေးတယ်”
နှစ်ယောက်သား ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လေသင်္ဘောပေါ် တက်၍ သစ်နက်တောင်တစ်သိန်းမှ ထွက်လာခဲ့သည်။ သူတို့ထွက်သွားသည့်အချိန်မှာပင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် သုံးထောင်သော နတ်မိစ္ဆာများကို ဦးဆောင်ကာ အထွတ်အမြတ်တောင်တန်းဟူသော သစ်နက်တောင်တန်းဆီသို့ ရောက်လာကြ၏။
ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ နတ်ဘုရားသုံးထောင်နှင့် ဧရာမသားရဲကြီးများက အနီးတစ်ဝိုက်တွင် ရပ်လျက် သစ်နက်တောင်တစ်သိန်းဆီသို့ ကြည့်နေကြသည်။ သူတို့အားလုံးမှာ အချိန်အတော်ကြာသည့်အထိ ဆွံ့အနေကြလေသည်။
“အဲ့ဒီထိုက်ယီလို့ ခေါ်တဲ့ အဘိုးကြီးက လူလိမ်ပဲ” ရှုရှန်းဟွာက ရေရွတ်လိုက်သည်။
လန်ယွီတျန်းကလည်း ခေါင်းတဆတ်ဆတ် ညိတ်သည်။
နဂါးချီလင်နှင့် ယန်အာက အပြေးလာကြို၏။ သူတို့ကို မြင်သည့်အခါ ပျော်ရွှင်မိသော်လည်း အနည်းငယ် နှမြောတသ ဖြစ်သွားကြသည်။ ယန်အာက ပြုံးလျက် ပြောလေသည်။ “ဂိုဏ်းသခင်က အခုလေးတင် ထွက်သွားတာ… စောစောသာ လာရင် တွေ့လိုက်ရမှာ”
လန်ယွီတျန်းမှာ ပါးစပ်ဟ၍ သူမ ကျွေးသည်ကို အမြန်စားလိုက်ရသည်။ သူက တအံ့တဩ မေးလိုက်၏။ “အစ်ကိုကြီးက ထွက်သွားပြီလား”
နဂါးချီလင်က ခေါင်းညိတ်၍ ခပ်တိုးတိုး ပြောလေသည်။ “မတွေ့သွားတာ ကံကောင်းတယ်… မဟုတ်ရင် ငွေမပေးဘဲ ကျောက်တုံး တူးခိုင်းနေလိမ့်မယ်”
လန်ယွီတျန်းကလည်း ခပ်တိုးတိုးလေး ကပ်မေးသည်။ “စားစရာရှိလားဟင်..”
“စားစရာလား… ခင်ဗျားက သိပ်တွေးလွန်းတာပဲ”
နဂါးချီလင်က နှုတ်ခမ်းတွန့်ကာ ဖြေသည်။ “ကိုယ့်ဟာကိုယ်ရှာစားရတယ်…. ကျွန်တော့်ကိုတော့ မမကြီးယန်အာက ကျွေးတာပေါ့”
လူတိုင်း မဟူရာတောင်တန်းထဲသို့ ဝင်လာကြသည်။ လန်ယွီတျန်းက တခဏ တွန့်ဆုတ်နေပြီးနောက် ပြော၏။ “အစ်ကိုကြီးဆီကနေ တောင်တချို့ တောင်းမလို့ကို… ထွက်သွားပြီတဲ့လား”
နဂါးချီလင်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။ သူက ပြုံးကာ ပြော၏။ “ဒီနေရာမှာ တောင်တွေအများကြီး ရှိတယ်… အားလုံးကိုတောင် မသိမ်းပိုက်နိုင်ဘူး… ကြိုက်တဲ့တောင်ဆီ သွားလို့ရတယ်… ဒါပေမဲ့ ကိုယ့်အိမ်ကိုယ့်ရာကိုတော့ ကိုယ့်ဘာသာ ဆောက်ရမှာပေါ့… ကျွန်တော့်ဆီမှာ ထိုက်ချူကျောက်တုံးတော့ ရှိတယ်… အိမ်တွေနန်းဆောင်တွေ မြင်ယောင်ဖန်ဆင်းဖို့ ငှားပေးလို့ရတယ်”
ရှုရှန်းဟွာက ပြုံးလိုက်သည်။ “မလိုပါဘူး…ငါတို့ဘာသာ ဆောက်တာ ပိုကောင်းတယ် … ဂိုဏ်းသခင်ရဲ့ နေရာမှာ နေတာဆိုတော့ ကျောက်တုံး တူးပြီး သူ့ကို ပြန်ကူပေးတာ သင့်တော်ပါတယ်”
နဂါးချီလင်က တခဏ တွန့်ဆုတ်သွားသည်။ သစ်နက်တောင်တန်းများသည် ညအချိန်တွင် ကွဲအက်တတ်ပြီး စကြဝဠာအဟောင်းမှ ကြောက်မက်ဖွယ်ရာ သိုင်းပညာရှင်များ တွားသွားထွက်လာတတ်သည်ကို သူ မပြောရသေးပေ။
“တစ်ညနေပြီးရင် နားလည်သွားကြပါလိမ့်မယ်”
နဂါးချီလင်က တွေးနေသည်။ ‘ဒုတိယနေ့ကျ ထိုက်ယီပေါ်လာပြီး သူတို့ကို ရှင်းပြလိမ့်မယ်… ပြီးရင် သစ်နက်တောင်တန်းကို ပြင်ခိုင်းလိမ့်မယ်’
သို့ထိတိုင် နဂါးချီလင်က သတိပေးလိုက်သေး၏။ “ညကျရင် သတိထားကြပါ… ဒီသစ်နက်… သစ်နက်တောင်တန်းတစ်သိန်းက အကုန်ကောင်းပေမယ့် ညဘက်ဆိုရင်တော့ တောင်တန်းအပြင်တော့ ထွက်လို့မရဘူး… အမှောင်ထုထဲမှာ ကြောက်ဖို့ကောင်းတဲ့အရာတွေ ရှိတယ်”
ရှုရှန်းဟွာက တအံ့တဩ မေးလေသည်။ “ညဘက်ဆို အပြင်မထွက်နဲ့တဲ့လား.. ဒီနေရာက အရင်တုန်းက မဟာမြို့ပျက်နဲ့ တူတာပဲ..”
နဂါးချီလင်က တွေးသည်။ ‘မဟာမြို့ပျက်ထက်တောင် အဆတစ်သိန်းလောက် ပိုကြောက်ဖို့ကောင်းတာပေါ့ကွာ… မိုးကောင်းကင်ကတော့ ငါတို့အပေါ် ဆောင်မလိုက်ပြီ … ဂိုဏ်းသခင်ကလည်း လူတော်နှစ်ယောက်ကို ဒီနေရာကို ကာကွယ်ပေးဖို့ လှည့်စားနိုင်ခဲ့တယ်…အရင်က ငါတစ်ယောက်တည်း ဒီနေရာကို တာဝန်ယူခဲ့ရတာ… ကောင်းကင်နတ်အရှင်ဆယ်ပါးလို ဖြစ်တည်မှုမျိုးနဲ့ တိုက်ခိုက်ဖို့ ငါက နည်းနည်းအားနည်းနေသေးတယ်..”
သူ၏အမြှီးက ဝှစ်ခနဲ မြောက်တက်လာပြီး တုန်ခါသွားသည်။ သူသည် စိတ်ထဲမှ ဂုဏ်ယူနေ၏။ ‘ငါ တကယ်ပဲ ကောင်းကင်နတ်အရှင်ဆယ်ပါးလို ကောက်ကျစ်စဥ်းလဲတဲ့ ပုဂ္ဂိုလ်တွေကို နှစ်တွေအများကြီး တိုက်ခိုက်ခဲ့တာပဲ.. သူတို့တွေ သစ်နက်တောင်တန်းတစ်သိန်းကို လုမယူနိုင်သေးဘူး… တော်လိုက်တဲ့ငါလေး..’
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောသည် မနှေးသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်လောက် မမြန်ပေ။ ချင်မူနှင့် ဆေးဆရာမှာ သစ်နက်တောင်တန်းတစ်သိန်းမှ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းသို့ ရောက်ရန် တစ်လမျှ ခရီးနှင်ခဲ့ရသည်။
ဤအချိန်အတွင်း ဆေးဆရာသည် ဝိညာဉ်ဆေးလုံးမျိုးစုံနှင့် ဆေးရည်မျိုးစုံအား တီထွင်ကြည့်ရန် အတွေးနက်နေ၏။ တစ်ခါတစ်ရံ မေးစေ့ကို ပွတ်၍ စဉ်းစားနေတတ်သည်။ ကျန်အချိန်များတွင်တော့ ခပ်သုတ်သုတ် စာရေးနေတတ်ပြီး တခြားအချိန်များတွင် ဝိညာဉ်ဆေးလုံးမျိုးစုံ၏ ဖွဲ့စည်းတည်ဆောက်ပုံများအား စာရင်းထုတ်နေတတ်သည်။ တချို့အချိန်များတွင် ချီစွမ်းအင် သုံးလျက် ဝိညာဉ်ဆေးလုံးမျိုးစုံအထဲရှိ ဖွဲ့စည်းပုံတို့အား ချိုးဖျက်ကာ အသစ်အသစ်များ ဖန်တီးနေတတ်သည်။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ကုသရန် ယုံကြည်ချက် အပြည့်ရှိနေပုံပေါ်သော်လည်း ဖိအားက ကြီးမားလွန်းသည်။
ပြောရလျှင် ဤသည်မှာ ကောင်းကင်နတ်အရှင်ယွဲ့ူနှင့် ပထမဆုံး တွေ့ဆုံဖူးခြင်းဖြစ်သည့်အပြင် သူမ၏ တာအိုဒဏ်ရာများကို ကုသပေးရလိမ့်ဦးမည်။ ဆေးပညာကို ကျွမ်းကျင်တတ်မြောက်သည့် သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သလို သူ့ဘဝတွင် အခက်ခဲဆုံးအချိန်လည်းဖြစ်သည်။
ချင်မူက ထိုက်ရှီနတ်ကျောက်တုံးများကို လေ့လာနေပြီး သူ၏ ဝိညာဉ်သန္ဓေသားရတနာထဲရှိ ထိုက်ရှီကျောက်တုံးတွင်းထဲတွင် မြှုပ်နှံနေ၏။
ထိုက်ရှီဥက ယဇ်ပလ္လင်ပေါ်ရှိ အသိုက်ထဲမှ ထွက်လာပြီး ဟိုခုန်သည်ခုန်ဖြင့် သူ နတ်ကျောက်တုံးများကို နေရာတကျ မြှုပ်နှံနိုင်ရန် ညွှန်ကြားအမိန့်ပေးနေသည်။
ချင်မူမှာ သူအမိန့်အောက်တွင် ကြိုးစားပမ်းစား အလုပ်လုပ်နေသော ရှဥ့်လေးတစ်ကောင်အလားပင်။ ဤသို့ဖြင့် ထိုက်ရှီ၏ ခိုင်းစေမှုအတိုင်း နတ်ကျောက်တုံးအားလုံး မြှုပ်နှံပြီးသွားသည်။ ထို့နောက် သူက ထိုက်စုကျောက်တုံးကို ထုတ်လိုက်ပြီး မြှုပ်နှံရန် ပြင်လိုက်၏။
သူ မြှုပ်ပြီးတော့မည့်အချိန်တွင် ရုတ်တရက် သဘောပေါက်သွားသည်။ ‘နတ်ဘုရားမထိုက်စုက မွေးပြီးသွားပြီး ငါ့အပေါ် ရန်ငြိုးထားနေတာလေ…ဘာလို့ ဒီနတ်ကျောက်တုံးတွေကို မြှုပ်နှံရမှာလဲ.. သူ့အနေနဲ့ သူ့ဥဆီလည်း ပြန်မလာနိုင်တော့သလို ငါ့ရဲ့ဝိညာဥ်သန္ဓေသားထဲမှာ ဥပေါက်ဖို့မှ မဖြစ်နိုင်တာ’
သူက နတ်ကျောက်တုံးတစ်လုံး တူး၍ ထိုက်စုဥခွံကို ထုတ်လိုက်သည်။ ထို့နောက် ခေါင်းမော့၍ ဥခွံထဲရှိ ဥရေကြည်တစ်လုတ် သောက်လိုက်ပြီး ချက်ချင်း ထိုက်စုနတ်ကျောက်တုံးအား သုံးလျက် ဥရေကြည်ကို သန့်စင်တော့၏။
ရုတ်တရက် အတွေးနက်နေသည့် ဆေးဆရာက မျက်လုံးများပွင့်လာပြီး အနံ့ခံလိုက်သည်။ “မွေးလိုက်တာ… ဘာဆေးပင်လဲကွ”
ချင်မူ ဥရေကြည်ကို သန့်စင်ရင်း ပြောလေသည်။ “ဒါက ထိုက်စုဥရဲ့ ဥရေကြည်ဗျ… ဆေးပင်မဟုတ်ဘူး”
“ဥထဲက ရှေးဟောင်းနတ်ဘုရား မပြောနဲ့… တစ်လောကလုံးက အရာအားလုံးကို ဆေးအဖြစ် သုံးလို့ရတယ်”
ဆေးဆရာကြီး၏ အကြည့်က ဖျတ်ခနဲ တောက်ပလာသည်။ “ငါ့ကို ဥရေကြည် နည်းနည်းပေး… ဆေးအဖြစ် သုံးလို့ရလား စမ်းကြည့်ဦးမယ်”
ချင်မူမှာ ရင်နာနာဖြင့် ဥရေကြည်တချို့ကို ထုတ်လိုက်၏။ “ဒါက ထိုက်စုဥရဲ့ ဥရေကြည်နော်… တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်… သုံးမယ်ဆိုရင် နည်းနည်းပဲ သုံး… ဘိုးဘိုးဆေးဆရာ ဂရုစိုက်ရမယ်နော်… ဆေးအဖြစ် သုံးလို့မရရင် ကျွန်တော့်ကို ပြန်ပေး.. ကျွန်တော် စားမလို့…”
“မင်းက ကောင်းကင်ရတနာတွေကို လျှောက်စားပစ်ပြီးတော့ ဖြုန်းတီးနေတာပဲ… ငါ့လက်ထဲမှာဆိုရင် ရောဂါတွေကု ပြီး လူတွေကို ကယ်တင်နိုင်မယ့် အကောင်းဆုံးဆေးဖြစ်လာလိမ့်မယ်”
ဆေးဆရာက နှာခေါင်းရှုံ့၍ ထိုက်စုဥရေကြည်ကို အသေအချာ စစ်ဆေးကြည့်နေသည်။ သူက ပွစိပွစိရွတ်ရင်း သူ၏ချီစွမ်းအင်ကို ထူးဆန်းသော ဆေးတာအိုသင်္ကေတများအဖြစ် ပြောင်းလဲလိုက်၏။ ယခင်က မတူညီသော တာအိုသင်္ကေတများကို ပေါင်းစည်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် ထိုက်စုဥရေကြည်တစ်မျှင်ကို ဂရုတစိုက် ဆွဲထုတ်လိုက်၏။ အတွေးတချက်ဖြင့် ထိုက်စုဥရေကြည်မှာ သူ့စိတ်ဆန္ဒအတိုင်း ထူးဆန်းသော တာအိုသင်္ကေတများအဖြစ် ပြောင်းလဲကာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားသည်။
ဆေးဆရာမှာ ရုတ်တရက် မျက်ရည်များကျလာသော်လည်း ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူက ခေါင်းမော့လိုက်ကာ မျက်ရည်များအား ပါးပြင်တလျှောက် စီးကျစေလိုက်သည်။ “ငါ့တာအို အောင်မြင်သွားပြီ…”
ချင်မူသည် ဥခွံကို ကိုင်၍ ဆန်ပြုတ်အိုးကို ကိုင်လျက် သောက်နေသကဲ့သို့ ဥရေကြည်ကို အငမ်းမရ သောက်နေ၏။ ဤမြင်ကွင်းကိုမြင်လျှင် သူ့မှာ အလွန်တရာပျော်ရွှင်သွားပြီး ဥခွံကို အလျင်အမြန်ချကာ မေးလိုက်၏။ “ဘိုးဘိုးဆေးဆရာ၊ ကောင်းကင်နတ်အရှင်ယွဲ့ကို ကုသပေးနိုင်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲ”
ဆေးဆရာက စိတ်အားသန်စွာ ထရပ်လိုက်ပြီး မဟာဆရာသခင်တစ်ဦး၏ အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။ သူက လက်ချောင်းတစ်ချောင်းထောင်၍ ဖြေ၏။ “တစ်ရာခိုင်နှုန်း”