ဆေးတာအို
Vol. 101 Ch. 1325
ချင်မူမှာ ဆေးဆရာ၏ စကားကြားလျှင် ခေါင်းငုံ့သွားပြီး ထိုက်စုကျောက်တုံးတချို့ ထပ်ထုတ်ကာ လျင်မြန်စွာ သန့်စင်ရင်း ထိုက်စုတာအိုအား နားလည်အောင် ကြိုးစားနေသည်။
ဆေးဆရာက စိတ်ထဲမထားပေ။ သူသည် အလွန်တက်ကြွနေပြီး သင်္ဘောပေါ်ရှိ ဆေးမီးဖိုကို ဖွင့်၍ စွမ်းအင်ဆေးလုံးများ စတင်ဖော်စပ်နေ၏။
ချင်မူနှင့် ဆေးဆရာသည် တစ်ယောက်နှင့်တစ်ယောက် မနှောင့်ယှက်ကြပေ။ မိမိနည်းလမ်းဖြင့်မိမိ ကျင့်ကြံနေကြပြီး နှစ်ရက်ကြာသော်အခါ ဆေးတာအိုကောင်းကင်နန်းဆောင်က ဆေးဆရာအနောက်တွင် ဖျတ်ခနဲ ဖွဲ့တည်လာသည်။ သူ၏မူလဝိညာဉ်ကား နဂါးသွဲ့ရေကန်ကို ဖြတ်၍ နတ်ဘုရားစီရင်စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားချေပြီ။
ချင်မူက သူ့ဘက်သို့ တစ်ချက်သာ လှည့်ကြည့်ပြီးနောက် ဂရုမထားတော့ပေ။
ဆေးဆရာက အသံတစ်ချက်ပင် မထွက်ဘဲ ဆေးလုံးများ ဆက်လက်သန့်စင်လိုက်၊ စားလိုက် လုပ်နေသည်။ နောက်ထပ် သုံး၊ လေးရက်ကြာသော် ဆေးတာအိုကောင်းကင်နန်းဆောင်က ဆေးဆရာအနောက်၌ ပေါ်လာပြန်သည်။ သူ၏မူလဝိညာဉ်သည် နတ်ဘုရားစီရင်ရာစင်မြင့်ထံ ရောက်သွားပြီး ထိုအပေါ် တက်သွားဝောာ့၏။
ချင်မူမှာ အံ့ဩမှင်သက်သွားပြီး မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။
ဆေးဆရာက သူ၏ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်ထားကာ ဆေးလုံးများအား ဆက်လက်သန့်စင်နေသည်။ နောက်ထပ် ခြောက်ရက်မှ ခုနစ်ရက်ခန့်ကြာသော် ဆေးဆရာ၏ မူလဝိညာဉ် သိုင်းအဆင့်သည် အလွန်အမင်း တိုးတက်လာခဲ့ကြောင်း ချင်မူ တွေ့လိုက်ရသည်။ ကောင်းကင်နန်းဆောင်၏ နတ်ဘုရားစီရင်ရာစင်မြင့်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ချေပြီ။
သူ တအံ့တဩ ကြည့်နေစဉ်မှာပင် ဆေးဆရာ၏ မူလဝိညာဉ်က နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်၍ အသတ်အဖြတ်အရှိန်အဝါနှစ်ခု၏ စမ်းသပ်ချက်အား တောင့်ခံနိုင်သွား၏။
၎င်းက မဖြစ်နိုင်သယောင် ထင်ရသော်လည်း သူ့မျက်စိရှေ့တည့်တည့်တွင် ဖြစ်သွားလေသည်။
ဆေးဆရာသည် နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်အထိ အချိန်တိုအတွင်း ရောက်သွားခဲ့သည့်အပြင် နတ်ဘုရားစီရင်ရာစင်မြင့်၏ စမ်းသပ်မှုကိုပင် ကျော်ဖြတ်နိုင်ခဲ့၏။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် သိုင်းအဆင့် အမြင့်ဆုံးသူများမှာ ရွာလူကြီးနှင့် သားသတ်သမား ဖြစ်သည်။ သို့သော် ရွာလူကြီးနှင့် သားသတ်သမားတို့အနေဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်အထိ ရောက်ကောင်း မရောက်လောက်သေးပေ။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် ဆေးဆရာမှာ သူ၏သိုင်းအဆင့်နိမ့်မှုကြောင့် နာမည်ကြီး၏။ ရှင်းလင်းသတ်ဖြတ်ရန် အလွယ်ကူဆုံးသူလည်း ဖြစ်သည်။
ယခုတွင် သူ၏သိုင်းအဆင့်ကား ဒုက္ခိတဘိုးဘွားကျေးရွာတွင် အမြင့်ဆုံးအထိ ရောက်ကောင်း ရောက်သွားနိုင်သည်။
ဆေးဆရာက နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်အထိ ကျင့်ကြံပြီးနောက် ဆေးလုံးများ ဆက်လက်မသန့်စင်တော့ပေ။ ထိုအစား သူက စိတ်ကို တည်ငြိမ်စေ၍ တခဏကြာ တွေးတောပြီးနောက် မေးလိုက်သည်။ “မူအာ၊ မင်း ဧကရာဇ်ပလ္လင်ကျင့်စဉ် ဘယ်နှစ်ခု သိသလဲ”
ချင်မူက ထိုက်စုဥရေကြည်ကို သန့်စင်ရန် အာရုံမထားတော့ဘဲ သူ၏ကောင်းကင်နန်းဆောင် ၁၈ ဆောင်အား ချက်ချင်း ထုတ်ဖော်ပြသလျက် တစ်ခုပြီးတစ်ခု ရှင်းပြပေးလိုက်သည်။ ဆေးဆရာက သင်္ဘောခန်းထဲတွင် ထိုင်ကာ အသေအချာ နားထောင်နေ၏။
ချင်မူသည် သိုင်းကျင့်စဉ်များနှင့်ပတ်သက်၍ သိမြင်နှံ့စပ်သူ ဖြစ်သည့်အလျောက် သူ ကျင့်ကြံထားသည့် ဧကရာဇ်ပလ္လင်ကျင့်စဥ်များကို နက်နက်နဲနဲ နားလည်ထား၏။ သူ ကိုယ်တိုင်ရှင်းပြခြင်းက ကောင်းကင်နတ်အရှင်တစ်ပါး တရားဟောပြပေးနေသကဲ့သို့ ဆေးဆရာအတွက် ထူးကဲရှားပါသော အခွင့်အရေးတစ်ခု ဖြစ်လေသည်။
ဆေးဆရာက နားမလည်သည့်အရာများကို မေးမြန်းနေပြီး ချင်မူကလည်း တစ်ခုပြီးတစ်ခု ဖြေကြားပေး၏။
အချိန်အတော်ကြာသော် ဆေးဆရာသည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား နားလည်သွား၏။ သူက ချင်မူ့ကို တာအိုသင်္ကေတများနှင့် ဓားကောင်းကင်နန်းဆောင်၏ တည်ဆောက်ပုံကိုလည်း အသေးစိတ် ရှင်းပြခိုင်းသဖြင့် ချင်မူက ရှင်းပြပေးသည်။
ထို့နောက် ဆေးဆရာက အချိန်ကြာမြင့်စွာ စဉ်းစားတွေးတောနေပြီးနောက် ခေါင်းမဖော်ဘဲ ဆေးလုံးများ ဖော်စပ်တော့သည်။ စွမ်းအင်ဆေးလုံးများ ဖော်စပ်ပြီးတော့မည့်အချိန်တွင် သူက ထိုက်စုဥရေကြည်တစ်မျှင် ထုတ်၍ ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။
ဆေးမီးဖို ပွင့်လာသည့်အချိန်တွင် စွမ်းအင်ဆေးလုံးတစ်လုံး ပျံထွက်လာသည်။ ဆေးဆရာ လက်ဝါးဖြန့်လိုက်သည့်အခါ စွမ်းအင်ဆေးလုံးက သူ့လက်ထဲ ဆင်းသက်လာသည်။
ဆေးဆရာ၏ လက်ချောင်းထိပ်က ဆေးလုံးကို တို့ထိလိုက်သည့်အခါ ဆေးလုံးထံမှ ချွင်ခနဲ ဓားသံတစ်ချက် ထွက်ပေါ်လာသည်။ ဓားရောင်တို့သည် စွမ်းအင်ဆေးလုံးဆီမှ ပျံထွက်လာကြပြီးနောက် သူ့ပတ်ပတ်လည်တွင် ဓားကောင်းကင်နန်းဆောင်အဖြစ် ဖွဲ့တည်လိုက်ကာ သင်္ဘောတစ်စီးလုံးအား ဖုံးအုပ်သွားတော့သည်။
ထို့နောက် ဆေးအာနိသင်မှာ ပြန်သိမ်းခံလိုက်ရသဖြင့် ဓားကောင်းကင်နန်းဆောင်သည် စွမ်းအင်ဆေးလုံးထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
ချင်မူမှာ ထိုမြင်ကွင်းကို မြင်သည့်အခါ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက တပည့်တစ်ဦးသဖွယ် တရိုတသေ မေးလိုက်သည်။ “ဘိုးဘိုးဆေးဆရာ၊ ဆေးတာအိုက ဘာလို့ ဒီလိုစွမ်းဆောင်နိုင်တာလဲ... ဆေးတာအိုလမ်းစဉ်ဆိုတာ ဘာလဲခင်ဗျ”
ဆေးဆရာက ဆေးလုံးအား သိမ်းလိုက်သည်။ “ငါ ဘိုးဘေးနန်းတော်ထဲ ဝင်လာပြီးတဲ့နောက်ပိုင်း ဆေးတာအိုကောင်းကင်နန်းဆောင်ကို နားလည်ခဲ့တယ်” သူက ပျော်ရွှင်စွာ ပြောသည်။ “သိပ်မကြာခင်တုန်းက မင်းရဲ့ ထိုက်စုဥရေကြည်ကိုလည်း ရခဲ့တော့ ဆေးတာအို သေသေချာချာ သဘောပေါက်သွားတာပဲ.... ရွှေအက ပြောတယ်... လူ့သဘာဝဆိုတာ လိုနေတဲ့နေရာကနေ ယူပြီး ပိုနေတဲ့နေရာတွေမှာ ထပ်ဖြည့်တတ်တယ်တဲ့... မိုးကောင်းကင်ရဲ့သဘာဝကတော့ ပိုနေတဲ့နေရာတွေကနေ လိုနေတဲ့နေရာတွေကို ဖြည့်စွက်ပေးတဲ့သဘောတဲ့.… ကောင်းကင်လမ်းစဉ်ကတော့ လိုတာထက် ပိုပေးပြီး မလိုတာအတွက် ဖြည့်စွက်ဖို့တဲ့… ဒီစကားမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိပေမယ့် ဆေးတာအိုလမ်းစဉ်ကတော့ မတူဘူး…”
သူ၏မျက်လုံးများသည် ပိုပို၍ တောက်ပလာပြီး သူက ဆက်ပြော၏။ “လူသားတွေအနေနဲ့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေခြင်းနဲ့ ဒဏ်ရာရခြင်းတို့ကို ကြုံတွေ့ရတယ်... လူတွေ မမွေးဖွားနိုင်ရင် ဆေးတာအိုက မွေးဖွားနိုင်အောင် ကူညီပေးတယ်… လူတွေ အိုမင်းလာရင် ဆေးတာအိုက အိုမင်းတဲ့ရုပ်သဘောကို နှေးကွေးစေတယ်… လူတွေ နာမကျန်းဖြစ်ရင် ဆေးတာအိုက ကုသပေးတယ်… ဒဏ်ရာရရင်လည်း ကုပေးတယ်… မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်းနဲ့ သေဆုံးခြင်းတို့က သဘာ၀ပဲ… လူသားတွေက သဘာ၀ကို ဆန့်ကျင်ရတယ်…. ဆန့်ကျင်ဖို့အတွက် သဘာ၀နိယာမမျိုးစုံကနေ နည်းလမ်းရှာရတယ်… မူအာ၊ ဒါက ဆေးတာအိုပဲ”
သူက ဆေးတာအို၏ ကောင်းကင်နန်းဆောင်ကို ထုတ်ဖော်လိုက်ပြီး အပြုံးဖြင့် ပြောသည်။ “ငါ့ သိုင်းအဆင့်က မလုံလောက်တော့ ဆေးလုံးတွေကို မှီဝဲခဲ့ရတယ်… ဆေးလုံးတွေနဲ့ ငါ့ရဲ့သိုင်းအဆင့်ကို မြှင့်တင်ခဲ့ရတာ…ဓားပညာမှာ မကျွမ်းကျင်တော့ ဓားသိုင်းကွက်တွေ၊ ဓားလမ်းစဉ်တွေ ငါ မသိဘူး… ဒါကြောင့် ဆေးတာအို သုံးပြီး ဓားကောင်းကင်နန်းဆောင်ရဲ့ ဆေးလုံးကို ဖော်စပ်ခဲ့တယ်…..ဒီလိုနည်းနဲ့ ငါက ဓားကောင်းကင်နန်းဆောင်ကို ယာယီပိုင်ဆိုင်နိုင်သွားတာမျိုးပေါ့… ငါ့ခွန်အားလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်..”
“စကားပုံလိုပေါ့ကွာ….. ပညာရပ်တစ်ခုမှာ ကျွမ်းကျင်ရင် ပညာရပ်တစ်ရာကို သင်လို့ရတယ်တဲ့…. ဆေးတာအိုကလည်း အတူတူပဲ… မူအာ မင်းရဲ့ သိုင်းအဆင့်နဲ့ စွမ်းဆောင်နိုင်စွမ်းက ငါ့ထက် အများကြီးမြင့်မားသလို မင်းက ငါ့ထက် ဉာဏ်ပိုကောင်းပေမယ့် မင်းထက်သာတဲ့ နှစ်ခု ငါ့မှာ ရှိတယ်”
သူက လက်နှစ်ချောင်း ထောင်လိုက်သည်။ “ပထမတစ်ခုက ရုပ်ရည်… ဒုတိယတစ်ခုက ဆေးတာအို.. မင်း ဆက်ပြီး သိုင်းကျင့်ကြံရဦးမယ်”
ချင်မူက ခါးကိုင်းဦးညွှတ်လိုက်ရင်း ပြော၏။ “ဘိုးဘိုးပြောတဲ့ ဒုတိယအချက်ကို သဘောတူပေမယ့် ပထမတစ်ချက်ကိုတော့ သိပ်သဘောမတူဘူး…”
နှစ်ယောက်သား တဟားဟား ရယ်လိုက်ကြသည်။
“အဲ့ဒါဆို ကောင်းကင်နတ်အရှင်ယွဲ့ကို ကုပေးဖို့ ဘိုးဘိုးဆေးဆရာ ဘယ်လောက်ယုံကြည်ချက် ရှိပြီလဲ…” ချင်မူက ထပ်မေး၏။
“သုံးဆယ်ရာခိုင်နှုန်း…”
ဆေးဆရာက နောက်ထပ် လက်တစ်ချောင်း ထပ်ထောင်လိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်ရဲ့ မဟာတာအိုကို နားမလည်ဘူး… ကောင်းကင်နတ်အရှင်တစ်ယောက်လို အစွမ်းတွေလည်း မရှိဘူး…. မင်းသာ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တာအိုဒဏ်ရာတွေကို ကြည့်ပေးနိုင်ရင် တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်… ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ဒဏ်ရာကို ကုပေးမှာက ငါ ဆိုပေမယ့် အဓိကကတော့ မင်းရဲ့ အမြင်အာရုံပဲ”
ချင်မူက မျက်ခုံးပင့်လိုက်၏။
လေသင်္ဘောက ဘိုးဘေးနန်းတော်အပြင်သို့ ရောက်လာပြီး စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်လိုက်သည်။
မကြာမီ လေသင်္ဘောသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာ၏။ ၎င်းက ကောင်းကင်မှ ဖြတ်သွားပြီး တာအိုဂိုဏ်းဘေးရှိ မက်မွန်တောအုပ်ဆီသို့ ဦးတည်သွားသည်။
သင်္ဘောအနေဖြင့် ထိုနေရာသို့ ရောက်ရန် ရက်အနည်းငယ် ကြာပေလိမ့်မည်။ ချင်မူက ဆေးဆရာကို အခြားဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များအား အင်တိုက်အားတိုက် သင်ပေးနေ၏။ ဆေးဆရာသည် ၎င်းတို့ကို မသင်ယူနိုင်သည့်တိုင် ဧကရာဇ်ပလ္လင်ကျင့်စဉ်တို့၏ တာအိုသင်္ကေတများနှင့် သင်္ကေတများမှ ဖြစ်ပေါ်လာသော အမှတ်အသားများကို မှတ်သားနေသည်။ ထိုမှတစ်ဆင့် ဘိုးဘေးနန်းတော်မှ စုဆောင်းထားသော ပရဆေးပင်မျိုးစုံ ထုတ်၍ ဆေးလုံးဖော်သည်။ ပြီးလျှင် တာအိုအမှတ်အသားများ တည်ဆောက်ကာ ကောင်းကင်နန်းဆောင်တို့ကို ဖွဲ့တည်ကြည့်၏။
သူ ဝိညာဉ်ဆေးလုံးအချို့ သန့်စင်နေစဉ် သင်္ဘောသည် တာအိုဂိုဏ်းဘေးသို့ ရောက်လာခဲ့ချေပြီ။
ချင်မူက သင်္ဘောကို ရပ်လိုက်ပြီး နှစ်ယောက်သား သင်္ဘောပေါ်မှ ဆင်းလာကြသည်။ ချင်မူက လက်ဝှေ့ရမ်း၍ သင်္ဘောအား ချင်စာလုံးမြေထဲတွင် သိမ်းဆည်းလိုက်သည်။
ဆေးဆရာက သက်ပြင်းတစ်ချက် ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ရင်း မက်မွန်တောအုပ်ဆီသို့ အရိုအသေပေးလိုက်၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ အားလပ်နေတဲ့ ဆေးဆရာက မက်မွန်တောအုပ်ရဲ့ အရှင်သခင်မကို ကောင်းကင်နတ်အရှင်မူနဲ့အတူ လာရောက်ဂါ၀ရပြုပါတယ်…”
သူ၏သိုင်းအဆင့်သည် ယခင်ကထက် များစွာ မြင့်မားလာသည့်အလျောက် သူ့အသံက မက်မွန်တောအုပ်၏ အနက်ပိုင်းထဲအထိ ပျံ့နှံ့သွားသည်။ အချိန်အတော်ကြာသော် ခရမ်းရောင်၀တ်ရုံဖြင့် အမျိုးသမီးငယ်တစ်ဦးက မက်မွန်တောအုပ်ထဲမှ ထွက်လာကာ သူတို့ကို အရိုအသေပေးလိုက်သည်။ သူမက နူးညံ့ညင်သာစွာ ဖိတ်ခေါ်သည်။ “ဧည့်သည်တော်တို့ ကျွန်မနောက်ကို လိုက်ခဲ့ကြပါရှင်”
ချင်မူနှင့် ဆေးဆရာက အမျိုးသမီးငယ်နောက်မှ မက်မွန်သစ်တောအုပ်ထဲသို့ လိုက်သွားကြလေသည်။ သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း တောအုပ်သည် ရာသီလေးပါး ပြောင်းလဲသွား၏. အချို့ မက်မွန်ပန်းပွင့်များက ပွင့်လန်းနေကြပြီး အချို့မက်မွန်သီးများက စိမ်းရင့်နေဆဲပင်။ မက်မွန်ပန်းရနံ့များက သူတို့၏ နှာဖျားထိပ်တွင် ရစ်သီနေကြပြီး အချို့မက်မွန်ပန်းပွင့်များမှာတော့ နီရဲနေကြ၏။ မက်မွန်းတောအုပ်တွင် နှင်းစက်များလည်း တွဲခိုနေသေးရာ ၀င်လာသမျှ လူတိုင်းကို အံ့ဩစွာဖြင့် ဟင်ခနဲ၊ ဟာခနဲ ဖြစ်စေနိုင်သည်။
သို့သော် ဤမက်မွန်တောအုပ်မှာ မက်မွန်တောအုပ်အစစ် မဟုတ်ကြောင်း ချင်မူ ကောင်းကောင်းသိ၏။ ၎င်းသည် ကောင်းကင်ဘုံများတစ်လျှောက် ပျံ့နှံ့ပွင့်လန်းနေသော မက်မွန်ပင်များဖြင့် ဖွဲ့စည်းထားသည့် သူမတူသော မြေထုတစ်ခု ဖြစ်သည်။
သူတို့ ခြေတစ်လှမ်းလိုက်သည်မှာ ခပ်ဝေးဝေးရောက်သွားသယောင် မထင်ရသော်လည်း အမှန်တကယ်တွင် ကမ္ဘာတစ်ခုမှ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားခြင်းလည်း ဖြစ်နိုင်၏။
မက်မွန်သစ်တောက နေရာဟင်းလင်းပြင်လမ်းစဉ်တွင် အမြင့်မားဆုံးသော အောင်မြင်မှု ဖြစ်ပေသည်။
ဤမက်မွန်တောအုပ်က ကောင်းကင်နတ်အရှင်ယွဲ့က လက်ရာပင် ဖြစ်သည်။
သူတို့နှစ်ယောက်သား အမျိုးသမီးငယ်နောက်မှ မက်မွန်တောအုပ်အတွင်းပိုင်းသို့ လျှောက်လာကြသည်။ နန်းတော်ထဲတွင် ထိုအမျိုးသမီးငယ်က ထွက်ခွာသွား၍ ချင်မူနှင့် ဆေးဆရာတို့သာ ကျန်ရစ်ခဲ့၏။
ချင်မူက ကန့်လန့်ကာနောက်ရှိ ပုံရိပ်ဆီ ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ တစ်လောကလုံးမှာ အစွမ်းဆုံး ဆေးဆရာ… ဆေးတာအို ကောင်းကင်နန်းဆောင်ကို တည်ထောင်ခဲ့တဲ့ ဆေးဘုရင်ကို ကျွန်တော် ခေါ်လာခဲ့ပါပြီ… မမကြီး အဆင်သင့်ဖြစ်ပါပြီလား”
ကန့်လန့်ကာနောက်ရှိ အမျိုးသမီးပုံရိပ်မှာ သိမ့်ခနဲ တုန်ရီသွားသည်။ တခဏကြာသော် သူမက ခပ်တိုးတိုး ဖြေလိုက်၏။ “အဆင်သင့်ဖြစ်ပြီ… ၀င် လာခဲ့ပါတော့”
ချင်မူနှင့် ဆေးဆရာလည်း အတူတူ လျှောက်သွားကြပြီး ကန့်လန့်ကာနောက်သို့ ၀င်သွားကြသည်။ ဆေးဆရာက လေးနက်စွာ ပြောသည်။ “မူအာ၊ မှတ်မိတယ်မလား…. ငါက သုံးဆယ်ရာခိုင်နှုန်း၊ မင်က ခုနစ်ဆယ်ရာခိုင်နှုန်းနော်…. မင်း ဘာကိုမှ မှားမြင်လို့မရဘူး”
ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး သူ့သွေးများ ဆူပွက်လာတော့သည်။