ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများ
Vol. 101 Ch. 1326
ချင်မူနှင့် ဆေးဆရာ ကန့်လန့်ကာနောက်သို့ ရောက်သည့်အခါ ဆံပင်စုတ်ဖွားဖြင့် ထိုင်နေသော အမျိုးသမီးတစ်ယောက်အား တွေ့ရသည်။
ချင်မူမှာ နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်ယွဲ့အား တွေ့မြင်ရလေပြီ။
သူမ၏ခါးတွင် ဓားဒဏ်ရာကြီး တစ်ခု ရှိနေပြီး မြင်၍ပင် မကောင်းပေ။ ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ရခဲ့သော ဓားဒဏ်ရာ ဖြစ်လိမ့်မည်။
ကောင်းကင်နတ်အရှင်ရှောင်ဝေ့စုသည် ဧကရာဇ်ပလ္လင်အဆင့် ဓားရတနာအား အသုံးပြုခဲ့သည့်အပြင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လူ၀င်စားဖြစ်သည့်အတွက် ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များတွင် မျိုးစုံ ကျွမ်းကျင်၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဆံနွယ်ရှည်များက သူမ၏မျက်နှာကို ဖုံးကွယ်ထားသဖြင့် မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမ၏ ဆံနွယ်ရှည်များအောက်တွင် မီးတောက်များက တမြေ့မြေ့ လောင်ကျွမ်းနေသဖြင့် သူမမျက်နှာကို အမြဲတစေ မီးမြှိုက်လောင်ကျွမ်းနေစေသည်။
ယင်းက ကောင်းကင်နတ်အရှင်ဟွေ့၏ လက်သီးကြောင့် ကျန်ခဲ့သော ဒဏ်ရာဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မီးသိုင်းကွက်များသည် တစ်လောကလုံးကိုပင် တုန်လှုပ်သွားစေနိုင်၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဦးခေါင်း၌လည်း ဧရာမအပေါက်ကြီးတစ်ပေါက်လည်း ရှိနေသည်။ သူမ၏ ဦးခေါင်းခွံမှာ အက်ကွဲနေပြီး ဦးနှောက်ကို မြင်နေရ၏။ ၎င်းက ရှေးဟောင်းနတ်ဘုရားဘုရင်ကြောင့် ရရှိခဲ့သော ဒဏ်ရာဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်တာအိုရတနာ ၄၉ ခုကို တတ်မြောက်ထားသဖြင့် စိတ်တိုင်းကျ အသက်သွင်းကာ စွမ်းအားအကြီးဆုံး ကောင်းကင်တာအိုရတနာအဖြစ် အသွင်ပြောင်းနိုင်၏။
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့အနောက်သို့ လျှောက်သွားသည့်အခါ သူမ၏ကျောတွင် လက်ဝါးရာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ၎င်းက ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဝါးရာ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟောင်သည် မွေးရာပါချီနှင့် အဆုံးသတ်မြို့ပျက် မဟာတာအိုကို ကျင့်ကြံထားသူ ဖြစ်၏။ ဤလက်ဝါးရာတွင်မွေးရာပါချီနှင့် အဆုံးသတ်မြို့ပျက် မဟာတာအိုမှာ မပေါင်းစည်းနေသော်လည်း ကောင်းကင်နတ်သိုင်းနှစ်ခု ကိန်း၀ပ်နေသေးသည်။ အဆုံးသတ်မြို့ပျက် မဟာတာအိုက အသူရာချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နတ်အရှင်ယွဲ့၏ သိုင်းကျင့်ကြံခြင်းကို ဝါးမြို၍ မွေးရာပါချီ၏ အဖျက်အဆီးစွမ်းအားကို အားကောင်းစေခဲ့သည်။
ချင်မူ သူမအရှေ့သို့ ပြန်ရောက်လာပြီး သူမနဖူးပေါ်ရှိ ဆံနွယ်များကို အသာအယာ ဖယ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွဲ့က လက်မြှောက်၍ သူ့လက်ကောက်ဝတ်ကို ကိုင်ကာ အက်ကွဲကွဲ တားလေသည်။ “မလုပ်နဲ့…. ငါ ရုပ်ဆိုးနေတယ်..”
ချင်မူက သူမလက်ဖဝါးကို ကျန်လက်တစ်ဖက်ဖြင့် ငြင်သာစွာ ဖယ်လိုက်ရင်း နူးညံ့စွာ ပြောသည်။ “ကျွန်တော့်နှလုံးသားထဲမှာ မမကြီးက ဘယ်တုန်းကမှ ရုပ်မဆိုးခဲ့ပါဘူး… ကျွန်တော် ကြည့်ပါရစေ..”
ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့ကို မတားတော့ပေ။
ချင်မူက သူမနဖူးပေါ်ရှိ ဆံပင်စကို အသာအယာဖယ်ကာ သူမမျက်နှာကို ကြည့်လိုက်သည်။ သူမမျက်နှာမှာ ဖျက်ဆီးခံထားရပြီး အရေပြားကိုပင် မတွေ့ရတော့ပေ။
တစ်လောကလုံးတွင် အားအပြင်းဆုံး မီးကောင်းကင်နတ်သိုင်းက သူမမျက်နှာကို တိုက်စားနေပြီး ကြောက်မက်ဖွယ် မီးတောက်သင်္ကေတများကို ဖြစ်ပေါ်နေစေသည်။
ချင်မူ့အကြည့်က သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်သွား၏။ မီးလောင်ရာထဲတွင် အပေါက်ကြီးတစ်ပေါက် ရှိနေလေသည်။
ဤအပေါက်သည် နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်သည် ပြိုင်ဘက်ကင်းအောင် အစွမ်းထက်၏။ သရုပ်မှန်ကို မထုတ်ဖော်ရဲသော နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့ကို ဖယ်ထားပါက သူကား ကောင်းကင်နတ်ဘုံတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။
သူ့အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်၍ သူမ၏ဦးနှောက်နှင့် မူလဝိညာဉ်ကို တိုက်ခိုက်ခဲ့သည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်တာအိုနှင့် နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းမှာ အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိပြီးဖြစ်လေသည်။ သူမ၏ အတိုက်အခိုက်စွမ်းရည်သည် ကောင်းကင်နတ်အရှင်များကြားတွင် အမြင့်ဆုံးမဟုတ်သော်လည်း သူမသည် ပြိုင်ဘက်ကင်းသော အခြေအနေတွင် ရှိနေခဲ့၍ သူမကို မည်သည့်အရာမှ မထိခိုက်နိုင်ပေ။
သူမကို ထိခိုက်စေနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးမှာ ကောင်းကင်နတ်အရှင်လင်ကို ကာကွယ်ပေးရသည့် အချိန်တွင်သာ ဖြစ်သည်။
ချင်မူနေဖြင့် တိုက်ပွဲကို မမြင်ခဲ့ရသော်လည်း အခြေအနေကို မှန်းဆနိုင်ပေသည်။
ကောင်းကင်နတ်အရှင်ယွဲ့ ကောင်းကင်နတ်အရှင်လင်ကို အဝေးသို့ တွန်းထုတ်ရန် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည့် အချိန်ကား သူမ၏အားနည်းချက် ပေါ်သွားသည့်အချိန်ပင်။ ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က အလျဉ်ရောက်လာပြီး သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ကာ စိတ်နှင့် အသိစိတ်အလျဉ်ကို အနှောင့်အယှက် ပေး၍ မူလဝိညာဉ်ကို တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ကွက်က သူမကို အားနည်းစေခဲ့ရ၏။
ထို့ကြောင့် ကောင်းကင်နတ်အရှင်ရှောင်၏ဓားအတွက် တိုက်ခိုက်ရန် အခွင့်အရေး ရသွားခဲ့သည်။
ဓားသည် အမြန်ဆုံးဖြစ်၍ အတန်ငယ်သာ ထိုးစိုက်လိုက်ရန် လိုအပ်၏။ ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းမှာ အစွမ်းထက်လွန်းသဖြင့် သူမအသိစိတ် ၀င်လာလျှင်ချင်း ချက်ချင်း လွတ်မြောက်နိုင်ပေသည်။ သူမ၏ ခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့သွားစေရန် အမြန်ဆုံး ကောင်းကင်နတ်သိုင်းကို အသုံးပြုရန် လိုအပ်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်နတ်အရှင်ရှောင်၏ ဓားက သူမ၏ခါးသို့ ခုတ်ပိုင်းကာ ခြေထောက်များအား ချိသွားစေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးက ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါးကတော့ သူမ၏ ကျောပေါ်သို့ ကျရောက်လာခဲ့၏။
သူတို့နှစ်ယောက်လုံးက လိုက်ဖက်ညီစွာဖြင့် အရှေ့တွင် တစ်ယောက်၊ အနောက်တွင် တစ်ယောက် ညှပ်တိုက်ခိုက်ကာ ကောင်းကင်နတ်အရှင်ယွဲ့အား အသက်နှုတ်တိုက်ကွက်ဖြင့် ထိုးနှက်ခဲ့သည်။
သို့သော် ကောင်းကင်နတ်အရှင်ယွဲ့သည် သတ်ရန် အခက်ခဲဆုံးဖြစ်၏။ သူမ၏ နေရာဟင်းလင်းပြင်တာအိုမှာ ရန်သူ၏တိုက်ကွက်ကို အခြားနေရာသို့ ပို့လွှတ်ကာ အချည်းနှီးဖြစ်စေနိုင်သည်။
နောက်ဆုံးတိုက်ကွက်က ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအိုရတနာဖြစ်သည်။ ၎င်းက အင်အားအကြီးမားဆုံးဖြစ်ကာ သေစေနိုင်သော တိုက်ကွက်လည်း ဖြစ်၏။
နောက်ဆုံးတွင် ကောင်းကင်နတ်အရှင်ယွဲ့သည် လွတ်မြောက်လာခဲ့သော်လည်း သူမ၏ တာအိုဒဏ်ရာများကို မကုသနိုင်တော့ပေ။
သူမ ရှင်သန်နိုင်ခဲ့ခြင်းမှာ အံမခန်းလိလိ ဆန်းကြယ်မှုကြီး ဖြစ်ပေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က လက်မြှောက်၍ သူမနဖူးပေါ်ရှိ ဆံပင်ကို မျက်နှာပေါ်သို့ ပြန်အုပ်လိုက်၏။ သူမက ခပ်တိုးတိုး ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒါကတောင် တော်တော်လေးကို ကောင်းနေပါပြီ… ဒါက အကောင်းဆုံး အဆုံးသတ်ပဲ”
“မဟုတ်ဘူး”
ချင်မူက ပန်းချီကားလိပ်တစ်လိပ် ထုတ်၍ အသာဖြန့်ကာ ကန့်လန့်ကာပေါ်တွင် ချိတ်ဆွဲလိုက်သည်။ ပန်းချီကားထဲရှိ ကောင်းကင်နတ်အရှင်ယွဲ့သည် မိန်းကလေးငယ်တစ်ဦး၏ ရှက်ရွှံ့မှုနှင့် သွက်လက်ဖြတ်လတ်မှုတို့ကို ပိုင်ဆိုင်ထား၏။
“ဒီပန်းချီထဲက မမကြီးကသာ အကောင်းဆုံး အဆုံးသတ်ပဲ” ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ပို၍ပို၍ တောက်ပလာကာ သူမခန္ဓာကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများအား ဆန်းစစ်ကြည့်ရှုနေသည်။
ဆေးဆရာက ရှေ့သို့ တက်၍ သူမကို စစ်ဆေးကြည့်ပြီးနောက် ခပ်ဩဩ ပြောသည်။ “နောက်ဆုံးတိုက်ကွက်ကနေ စပြီးတော့ သူ့ခေါင်းပေါ်မှာ ရှိတဲ့ တာအိုဒဏ်ရာတွေထဲမှာပါတဲ့ တာအိုအမှတ်အသားတွေမှန်သမျှ သိဖို့ လိုတယ်”
“ဒါက ကောင်းကင်တာအိုကြောင့် ဖြစ်တဲ့ တာအိုဒဏ်ရာပဲ...”
ချင်မူက သူ၏ချီစွမ်းအင်ကို ချက်ချင်း အသက်သွင်း၍ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအိုရတနာကို ပြောင်းလဲကြည့်နေသည်။ သူက ကောင်းကင်တာအိုသင်္ကေတများ အသုံးပြုရင်း ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအိုရတနာ၏ ဆန်းကြယ်မှုကိုသာမက ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများအား ပြန်လည်ဖန်တီးနေသည်။
ဆေးဆရာသည် ဂရုတစိုက် နားထောင်နေပြီး ချင်မူ ပြောင်းလဲပေးသော တာအိုသင်္ကေတများကို စစ်ဆေးကြည့်ရှုနေသည်။ သူက ခပ်ဩဩ လေသံဖြင့် ပြော၏။ “ငါ ကောင်းကင်တာအိုအကြောင်း အဲ့လောက် နားမလည်ဘူး…. ဒီတာအိုသင်္ကေတတွေထဲမှာ ပါတဲ့ တာအိုဆန်းကြည်မှုတွေကို ရှင်းပြဦး”
ချင်မူက အသေးစိတ်ရှင်းပြပြီး ဆေးဆရာက ဆေးဖော်ရင်း နားထောင်နေသည်။
ကောင်းကင်နတ်အရှင်ယွဲ့ကတော့ ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေသည်။ သူမသည် အဘိုးအိုနှင့် လူငယ်တစ်ယောက် ကြိုးစားပမ်းစား ပူးပေါင်းလုပ်ကိုင်နေကြသည်ကို ကြည့်ရင်း နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာမိသည်။
ဆေးဆရာက ဆေးဖော်ပြီးနောက် ချင်မူက ထိုက်စုဥကို ထုတ်လိုက်သည်။ ဆေးဆရာက ဥထဲမှ ဥရေကြည်အမျှင်ကို ဆွဲထုတ်လိုက်သည်။
“မမကြီးယွဲ့၊ ဒီနေရာကို တခြားသူတွေ ရှာတွေ့နိုင်လား” ချင်မူက မေး၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် ကြောင်သွားသော်လည်း သူ ပြောလိုသည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ “ငါ့ကို သက်သာမလာစေချင်တဲ့ လူတချို့တော့ ရှိတယ်… ဆေးဆရာက ငါ့ရဲ့ဒဏ်ရာတွေကို ကုပေးနိုင်ပေမယ့် တားမယ့်သူတွေကတော့ ရှိသေးတယ်… ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ငါ ဒုက္ခိတဖြစ်နေရင်တောင် ငါ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့သူ ဒီလောကမှာ များများစားစား မရှိဘူး…”
ဆေးဆရာမှာ ဆေးဖော်ရန် အလောကြီးမနေပေ။ ထိုအစား သူက ရွေးထားသော ပါ၀င်ပစ္စည်းများကိုပင် ဘေးသို့ ဖယ်ထားသည်။ “ကျုပ် ခင်ဗျားခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကုသပေးပြီးရင် တာအိုဒဏ်ရာတွေ ပေးခဲ့တဲ့ သူက သတိထားမိမှာ ကျိန်းသေတယ်… ကျုပ်တို့ တာအိုဒဏ်ရာတွေ အားလုံးကို စစ်ဆေးကြည့်ပြီးတော့ တစ်ပြိုင်တည်း ကုသကြရင်ရော…”
ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပြုံးလိုက်သည်။ “ဟောင်၊ ဟွေ့၊ ရှောင်၊ လန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်တို့ အတူတိုက်ခိုက်လာရင်… ငါ သူတို့ကို တောင့်မခံနိုင်ဘူး”
ဆေးဆရာက မျက်မှောင်ကြုတ်၍ ချင်မူ့ကို ကြည့်သည်။
ချင်မူက တခဏ တွေးနေပြီးနောက် ပြောသည်။ “ကျွန်တော် ဒဏ်ရာတွေအားလုံး အရင်ရှာကြည့်လိုက်မယ်… သူတို့ကို စိတ်ထဲမှာ မှတ်ထားပြီးတော့ ဘယ်လို ကုရမလဲ အဖြေရှာကြည့်မယ်”
ဆေးဆရာက ခေါင်းညိတ်သည်။ “မူအာ၊ ကောင်းကင်နတ်အရှင်ယွဲ့၏ နှလုံးအနောက်ပိုင်းနဲ့ မျက်နှာပေါ်က ဒဏ်ရာတွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရတာဆိုတော့ ပြိင်တူ ကုမှရမယ်… မင်း ကြည့်လို့ရလား..”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို အဆုံးအစွန်အထိ အသက်သွင်းလိုက်၍ သူ၏အကြည့်က ကောင်းကင်နတ်အရှင်ဟောင်ကြောင့် ရရှိခဲ့သော ဒဏ်ရာပေါ်သို့ ကျရောက်သွားသည်။ “အဆုံးသတ်မြို့ပျက် မဟာတာအိုနဲ့ မွေးရာပါချီ… ကျွန်တော်က ကောင်းကင်နတ်အရှင်ဟောင်ထက် နိမ့်ကျမနေဘူး…”
“ဒါဆို ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အထွတ်အမြတ်မီးကရော..” ဆေးဆရာက ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်နှာကို အသေအချာ စစ်ဆေးနေသည်။
ချင်မူမှာ စိတ်ပျက်သွားပြီး သူ့မျက်လုံးထောင့်များ တွန့်သွားသည်။
ဆေးဆရာက သူ့မျက်နှာအမူအရာကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်သွား၏။
ချင်မူသည် အနန္တတန်ခိုးရှင် မဟုတ်ပေ။
ဆေးဆရာမှာ ရွာလူကြီးကြောင့် လောကသခင်ခန္ဓာဆိုသည်မှာ မုသားဖြစ်ကြောင်း သိထားကြသည်။
ချင်မူက တည်ကြည်လေးနက်စွာ ပြော၏။ “ကျွန်တော် ကောင်းကင်မီးတောက်ကို လေ့လာခဲ့ဖူးတယ်…. ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အထွတ်အမြတ် မီးတောက်ကိုတော့ မလေ့လာဖူးဘူး… ဒါပေမဲ့ ကျွန်တော်က တာအိုဂိုဏ်းသင်္ချာနဲ့ ဗုဒ္ဓအိပ်မက်ထဲမှာ အဖြေရှာတာ ကျွမ်းကျင်တယ်…. ဒါ့အပြင် ကျွန်တော့်မှာ ဘိုးဘိုးမျက်ကန်းထက် အားကောင်းတဲ့ နတ်မျက်လုံးတွေ ရှိတယ်… ဆိုတော့ သူ့ရဲ့အထွတ်အမြတ်မီးတောက်ကို ထိုးထွင်းသိမြင်နိုင်ဖို့ သိပ်မကြာပါဘူး”