← Chapters

ကောင်းကင်နတ်အရှင်ဟွေ့၏ ရည်မှန်းချက်

Vol. 101 Ch. 1327

ကောင်းကင်နတ်အရှင်ဟွေ့၏ ရည်မှန်းချက်

Vol. 101 Ch. 1327

ဆေးဆရာ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာသော်လည်း သူက အလျင်အမြန်ပင် ဖုံးကွယ်လိုက်သည်။

ချင်မူသည် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့‌ ချန်ထားခဲ့သည့် တာအိုဒဏ်ရာများအား ထိုးဖောက်မြင်နိုင်ခြင်းမှာ တစ်ဖက်ရန်သူ၏ မဟာတာအိုအပေါ် နားလည်ထားခြင်းကြောင့် ဖြစ်၏။ ကောင်းကင်တာအိုဖြစ်စေ၊ မွေးရာပါမူလချီဖြစ်စေ၊ အဆုံးသတ်မြို့ပျက် မဟာတာအိုဖြစ်စေ အလေးအနက် လေ့လာထားခဲ့ခြင်းကြောင်း ပါသည်။

သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ မဟာတာအိုကိုတော့ နားမလည်ပေ။

သူနားလည်ထားသည်မှာ ရွှမ်တု၏ ကောင်းကင်မီးလျှံတာအို နှင့် တောင်၀င်ရိုးစွန်း၏ မီးငှက်မီးတောက် မဟာတာအို တို့ ဖြစ်သည်။

သို့သော် နှစ်ခုလုံးမှာ မွေးရာပါမီးတောက်များ ဖြစ်ပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတောက်ကတော့ ကျင့်ကြံခြင်းမှတစ်ဆင့် ရရှိသည့် မီးတောက် ဖြစ်သည့်အပြင် ယင်းကဲ့သို့ မီးတောက်အမျိုးအစားထဲတွင် အအောင်မြင်ဆုံးဟု ဆိုရမည်၊

ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ရရှိခဲ့သည့် တာအိုဒဏ်ရာများကို အချိန်တိုအတွင်း ကုစားနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဆေးဆရာက ကောင်းကင်နတ်အရှင်ဟောင် ထားရစ်ခဲ့သည့် တာအိုဒဏ်ရာများမှ တာအိုသင်္ကေတများအား ပြောင်းလဲရာတွင် အာရုံစိုက်နေသော ချင်မူ့ကို ကြည့်နေသည်။ ချင်မူသည် အလွန်အလေးအနက် ထားနေ၏။

ချင်မူက ငယ်ငယ်ကတည်းက အင်မတန် လေးနက်ပြီး စေ့စပ်တိကျခဲ့သူ ဖြစ်သည်။ ထိုသို့ပြုမူနေထိုင်တတ်အောင် ဒုက္ခိတကျေးရွာမှ အဘိုးအဘွားကိုးဦးထံမှ သင်ယူခဲ့ရခြင်း ဖြစ်ကာ အနေအထိုင်မတတ်လျှင် မကြာခဏ နားကန်း ရိုက်နှက်သည်ကို ခံရ၏။

ယခုတော့ မြစ်ကမ်းဘေးမှ ကောက်ရလာခဲ့သော ချင်မူကလေးကား လူကြီးတစ်ယောက် ဖြစ်နေလေပြီ။ တစ်ခါတရံတွင် ရွှတ်နောက်နောက် ပြုမူတတ်သော်လည်း တစ်ခါတရံတွင် ကျောင်းသားတစ်ဦးအလား အလေးအနက် ထားတတ်သည်။

ရွှတ်နောက်နောက် နေ,နေသည့် အချိန်တွင်ပင် အသက်စွန့်စားတိုက်ခိုက်သင့်ရသည့်အခါ တိုက်ခိုက်ပေးသည်။ ကျောင်းသားတစ်ဦးကဲ့သို့ လေးနက်တည်ကြည်သည့် အချိန်များတွင်တော့ သူ ဂရုစိုက်သူများကို ကယ်တင်တတ်သည်။

ဆေးဆရာသည် ချင်မူ့အကြောင်း ကောင်းကောင်းနားလည်၏။

အချိန်အတော်ကြာသော် ချင်မူက ကောင်းကင်နတ်အရှင်ဟောင် ထားရစ်ခဲ့‌သော တာအိုဒဏ်ရာများကို တာအိုအမှတ်အသားများအသွင် ပြောင်းလဲကာ တစ်ခုပြီးတစ်ခု ရှင်းပြပေသည်။ ဆေးဆရာက တိတ်ဆိတ်စွာ နားထောင်နေသည်။ ကောင်းကင်နတ်အရှင်ဟောင် ထားရစ်ခဲ့သည့် တာအိုဒဏ်ရာများက သူ့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်၏။

ကောင်းကင်နတ်အရှင်ဟောင် ထားခဲ့သည့် တာအိုဒဏ်ရာများမှာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအိုတိုက်ကွက်ထက်ပင် ရှုပ်ထွေးသည်။ မွေးရာပါမူလချီနှင့် အဆုံးသတ်မြို့ပျက်၏ မဟာတာအိုက ကောင်းကင်မဟာတာအိုထက်ပင် ဖြေရခက်သည်။

ဆေးဆရာအနေဖြင့် ဆေးတာအိုတွင် အတော်အတန် အောင်မြင်မှု ရရှိခဲ့သော်လည်း ဆေးတာအိုသည် ကျင့်ကြံခြင်းမှရရှိသော တာအိုအမျိုးအစားဖြစ်ပြီး ကောင်းကင်တာအို၊ မွေးရာပါမူလချီနှင့် အဆုံးသတ်မြို့ပျက် မဟာတာအိုတို့မှာ မွေးရာပါတာအိုများ ဖြစ်ကြ၏။

ကောင်းကင်နတ်အရှင်ယွဲ့ကို ကုသနိုင်၊ မနိုင်က ဆေးညွှန်းအပေါ် မူတည်သယောင် ထင်ရသော်လည်း အမှန်တွင် ဆေးတာအိုနှင့် မွေးရာပါတာအိုအကြားရှိ တိုက်ပွဲဖြစ်သည်။

ဘိုးဘေးနန်းတော်မှ ရရှိသော ပရဆေးပင်များမှာ ဆန်းကြယ်သော်လည်း အများစုတွင် မွေးရာပါတာအိုတို့ ကိန်းဝပ်နေကြသည်။ ဆေးတာအိုက ရောထွေးနေသည့် သဘောတရားများကို ပေါင်းစည်းလျက် မွေးရာပါတာအိုအား ဆန့်ကျင်တိုက်ခိုက်နိုင်သလို၊ ဖြိုခွဲနိုင်သည်။ ထိုမှတစ်ဆင့် ရောဂါကုသပြီး အောင်မြင်စွာ ကယ်တင်နိုင်လိမ့်မည်။

ကောင်းကင်တာအို၊ မွေးရာပါမူလချီနှင့် အဆုံးသတ်မြို့ပျက် မဟာတာအိုတို့အတွက် ဆေးတာအိုကား အဆိပ်အတောက် ဖြစ်စေသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့အတွက်တော့ ဆေးဖြစ်လိမ့်မည်။

ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ နဖူးပေါ်မှ ဆံနွယ်များကို ထပ်မံဖယ်ရှားလိုက်ရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ အထွတ်အမြတ်မီးတောက်ကို အသေးစိတ် လေ့လာနေသည်။

ဤတစ်ကြိမ်တွင် အချိန်ပိုယူရသည်။

ဆေးဆရာ စိုးရိမ်သည့်အတိုင်းပင် ချင်မူမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ မဟာတာအိုကို နားမလည်ပေ။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတောက်တာအိုကို အချိန်ပိုယူ၍ လေ့လာနေရသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် အလွန်တရာ လေးနက်သည့်အပြင် အစောင့်အရှောက်ဆောင်ထဲ၌ စုဆောင်းပြုစုထားခြင်း မရှိပေ။ အစောင့်အရှောက်ဆောင်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအားလုံးသည် ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုများအား အဓိကထားသဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ အထွတ်အမြတ်မီးတောက်မှာ ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုသင်္ကေတများနှင့် ပက်သက်မှု သိပ်မရှိလှချေ။

ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့အား ဆက်လက်စိုက်ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာလည်း တည်ငြိမ်စွာ ရင်ဆိုင်နေ၏။ ချင်မူမှာ အသက်ပင် သေချာမရှူသလို၊ စကားလည်း မပြောပေ။ အချိန်မည်မျှကြာမှန်းမသိ ကြာသွားပြီးနောက် ချင်မူ့မျက်လုံးများ ဖြည်းညင်းစွာ ပိတ်သွားသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ အိပ်မက်ကမ္ဘာအလွှာအထပ်ထပ် ဖြာထွက်လာပြီးနောက် ပြန့်ကားသွားကာ ခန်းမတစ်ခုလုံးအား လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။

အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူသေးသေးလေးများက သမ်းဝေရင်း အကြောဆန့်ကာ အိပ်မက်မှ နိုးလာကြသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။ သူမမှာ မရင်းနှီးသော်လည်း လွန်ခဲ့သော နှစ်‌ပေါင်းလေးသောင်းတုန်းက ချင်မူ ဤကျင့်စဉ်အား ထုတ်ဖော်ခဲ့သည်ကို မြင်ခဲ့ဖူး၏။

ထိုအချိန်တုန်းက သူမ အသက်ရှင်နိုင်မည့် နည်းလမ်းအား ရှာနိုင်အောင် ချင်မူက သူမအား အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်စေခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် ချင်မူသည် သူမကို ကုသပေးနိုင်မည့် နည်းလမ်း ရှာရန်အတွက် အိပ်မက်ကမ္ဘာထဲ ထပ်မံဝင်ရောက်သွားချေပြီ။

အိပ်မက်ကမ္ဘာထဲရှိ ချင်မူပိစိလေးများက တည်ကြည်လေးနက်နေသော အမူအရာများဖြင့် နားမလည်နိုင်သော ဘာသာစကားတစ်ခု ပြောနေကြသည်။ မီးတောက်သေးသေးလေးများက သူတို့၏ ပါးစပ်မှ ပန်းထွက်လာတတ်ပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာ အတန်ကြာသည်အထိ စိုက်ကြည့်နေမိလေသည်။ ထိုအချိန်တွင် ချင်မူသေးသေးလေးတစ်ယောက်သည် သူ၏ ဦးခေါင်းနောက်၌ မီးလျှံလှည်းဘီးစက်ဝန်းတစ်ခု ဖွဲ့တည်နိုင်သွား၏။

ကျန်ချင်မူလေးများကလည်း လိုက်လံတုပကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စက်၀န်းတစ်ခုစီ ဖွဲ့တည်နိုင်ကုန်ကြသည်။ သူတို့သည် အလေးအနက် ဆွေးနွေးနေကြသော်လည်း မည်သူမျှ သူတို့၏စကားအား နားမလည်ကြပေ။

“သူတို့လေးတွေ ကောင်းကင်နတ်အရှင်ဟွေ့ကို တုနေကြတာပဲ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရယ်ရခက်၊ ငိုရခက်ဖြင့် ပြုံးစစ ဖြစ်သွားမိသည်။ ချင်မူ၏ အိပ်မက်ကမ္ဘာထဲတွင် ချင်မူပေါက်စလေးများက ကောင်းကင်နတ်အရှင်ဟွေ့၏ အသွင်သဏ္ဍာန်၊ ပြုမူပုံတို့အား လိုက်လံတုပနေကြသည် မဟုတ်ပါလော။ သူတို့၏ တုပမှုက တစတစ ပိုပီပြင်လာလေသည်။

ချင်မူသေသေးလေးများသည် ကောင်းကင်နတ်အရှင်ဟွေ့ ချန်ရစ်ခဲ့သော တာအိုဒဏ်ရာများအတွင်းရှိ မဟာတာအိုသင်္ကေတများအား ဖြည်းဖြည်းချင်း လေ့လာနေ၏။ သင်္ကေတတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်တို့အား လေ့လာပြီးသောအခါ ကောင်းကင်နတ်သိုင်းများ ဖော်ဆောင်ကြည့်ကြသည်။ တချို့ဆိုလျှင် ကောင်းကင်နတ်အရှင်ဟွေ့၏ ကျင့်စဉ်များကိုပင် ထုတ်နှုတ်နေကြသည်။

“မာဟာ”

ရုတ်တရက် ချင်မူသေးသေးလေးတစ်ယောက်က စူးနေအောင် အော်ဟစ်ရင်း မီးလူသားလေး ဖြစ်သွားကာ အိပ်မက်ထဲ၌ ကူကယ်ရာမဲ့စွာ ပြေးလွှားနေတော့သည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ အလန့်တကြား ဖြစ်သွားပြီး ထိုသနားစရာ ချင်မူလေးအား ကယ်ရန် ပြင်လိုက်စဉ် ကျန်ချင်မူလေးများလည်း မီးလောင်ကုန်ကြကြောင်း တွေ့လိုက်ရသည်။ လူသေးသေးများ၏ မီးတို့က ထိုအိမ်မက်ကမ္ဘာအလွှာကို စွဲလောင်ကုန်ကာ ပြာကျသွားစေသည်။

ကျန်အိပ်မက်အလွှာများမှာမူ မီးမလောင်သဖြင့် အကောင်းတိုင်း ရှိနေဆဲပင်။ မ‌ရေမတွက်နိုင်သော ချင်မူလေးများသည် ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ မျက်နှာတည်တည်ကြီးဖြင့် လမ်းလျှောက်နေကြပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ထုတ်ဖော်နေကြသည်။

ရုတ်တရက် ချင်မူသေးသေးလေးတစ်ယောက်၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ မီးလျှံများ ပန်းထွက်လာသည်။ မီးတောက်တို့သည် သူ၏ခန္ဓာကိုယ်ထဲ၌ ကျွမ်းလောင်လျက် သူ့အား ပြာချပစ်လိုက်တော့၏။

တခြားချင်မူသေးသေးလေးက သူ၏သနားစရာအဖြစ်ကို လှမ်းကြည့်၍ လက်ညှိုးထိုးကာ ဟားတိုက်ရယ်နေသည်။ ရုတ်တရက်ဆိုသလို မီးတောက်တို့က သူတို့၏ခန္ဓာကိုယ်များအား စွဲလောင်သွားကာ သူတို့ကိုလည်း ပြာချပစ်လိုက်တော့သည်။

အိပ်မက်ကမ္ဘာတစ်လွှာပြီးတစ်လွှာ ပြာကျကုန်ပြီး တစ်လွှာနှင့်တစ်လွှာ ကံခေကြပုံခြင်း မတူပေ။ ကောင်းကင်နတ်အရှင်ယွဲ့မှာ မက်မွန်တောအုပ်ထဲတွင် တစ်ယောက်တည်း အနေကြာခဲ့သဖြင့် ပျင်းရိနေခဲ့ရသောကြောင့် ချင်မူလေးများ လျှောက်သွားနေကြသည်ကို ကြည့်ရင်း အပျင်းပြေနေတော့သည်။

အိပ်မက်ကမ္ဘာ‌များ လောင်ကျွမ်းသွားလျှင် အသစ်အသစ်များ ပြန်ဖွဲ့တည်လာသည်။ ဤသို့ဖြင့် မီးတာအိုအမှတ်အသားများ၏ အဓိပ္ပာယ်ကို ထုတ်ဖော်ရင်း သံသရာ လည်နေသည်။

ရက်အနည်းငယ်ကြာသော် မီးအမှတ်အသားများစွာ အဖြေဖော်လာပြီး အိပ်မက်များထဲရှိ ချင်မူအသေးလေးများ၏ သေနှုန်းကလည်း မြန်သထက် မြန်လာသည်။ လေ့လာနေသည်နှင့်အမျှ မွေးရာပါတာအိုအငွေ့အသက်တို့အား လမ်းစဉ်တွင် တွေ့မြင်ရ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လမ်းစဉ်မှာ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများအပေါ် မူတည်သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ ရှေးဟောင်းနတ်ဘုရားတို့၏ လမ်းစဉ်အား တစ်ဝက်သာ လျှောက်လှမ်းခဲ့သည်။

သူ့မီးတာအို၏ အနှစ်သာရကို ထုတ်နုတ်နိုင်ရန် အတိုင်းထက်အလွန် ခက်သည့်အပြင် မီးတာအိုအပေါ် သူ၏နားလည်မှုက တောင်နတ်မင်းကျူချွဲထက်ပင် သာသေးသည်။

ရက်အနည်းငယ်ကြာသော် ချင်မူမှာ တာအိုဒဏ်ရာအတွင်းရှိ မီးသင်္ကေတများအား ခွဲခြမ်းစိတ်ဖြာပြီးသွားသည်။ သူ့အမူအရာမှာ ငေးငေးကြောင်ကြောင် ဖြစ်နေလေသည်။

ဆေးဆရာက သူ့အသိစိတ်အလျဉ်ကို အားဖြည့်ပေးရန် ဆေးလုံးတချို့ ဖော်ပေးချင်သော်လည်း ချင်မူက ငြင်းသည်။ သူ့အမူအရာမှာ ငေးကြောင်နေဆဲပင်။ “ကျွန်တော့်အသိစိတ်အလျဉ်က ခံနိုင်ပါသေးတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ မဟာတာအိုသင်္ကေတတွေကို လေ့လာပြီးနောက်ပိုင်း နားလည်တာတွေ ရှိခဲ့ပေမယ့် နားမလည်တာတွေလည်း ရှိနေတယ်”

ဆေးဆရာသည် ပြုံး၍ ပြောလိုက်၏။ “မင့်ဘေးမှာ ကောင်းကင်နတ်အရှင်တစ်ယောက်လုံး ငုတ်တုတ်ထိုင်နေတာကို ဘာတွေအတွေးများနေတာလဲ.. သူ့သာ တိုက်ရိုက်မေးလိုက်ပါလား”

ချင်မူလည်း တခဏ စဉ်းစားပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့၏ မဟာတာအိုသင်္ကေတများနှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာခဲ့စဉ် နားမလည်ခဲ့သော အကြောင်းအရာများအား ကောင်းကင်နတ်အရှင်ယွဲ့ဆီ ပြောပြသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ မီးတာအိုသင်္ကေတတွေက အင်မတန် အနုစိတ်တယ်.. သူက ချီစွမ်းအင်က နှလုံးသားမီးလျှံကနေ လာတာ... အဲ့အတိုင်းဆို သူ့ကျင့်စဉ်စွမ်းအင်က အင်မတန်မှ အားကောင်းလိမ့်မယ်.. ဒါပေမဲ့ သူ့တပည့်တစ်ယောက်ဆီက သိရတာတော့ သူ့မှာ အားနည်းချက်တစ်ခု ရှိတယ်တဲ့ ... အဲဒါက မီးဝိညာဉ်ကို မဖော်ဆောင်နိုင်တာပဲ ... ဒါပေမဲ့ အခု လမ်းစဉ်အတိုင်းဆို သူ မီးဝိညာဉ်ကို ဖော်ဆောင်နိုင်နေတယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး မေးလိုက်သည်။ “ဘာကို ဆိုလိုတာလဲ”

ချင်မူက လက်ကို ဆန့်တန်းလျက် အရှေ့တွင် အသာအယာ‌ ဝှေ့ယမ်းလိုက်သည်။ မီးသင်္ကေတများ အတန်းလိုက် ဖွဲ့တည်လာပြီး လေထဲ၌ လောင်ကျွမ်းနေ၏။ “သူ့အထွတ်အမြတ်မီးက သူ့ရဲ့နှလုံးသားမီးလျှံကနေ ပထမဆုံး အခြေခံတယ်... ပြီးတော့မှ ချီစွမ်းအင် ဖြစ်သွားတယ်... အဆင့်တစ်ဆင့်အထိ ကျင့်ကြံပြီးသွားရင် မီးဝိညာဉ် ဖြစ်သွားမှာ.... ဒီတော့ သဘောတရားအရ သူ့ဝိညာဉ်က ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သင့်တယ်”

ကောင်းကင်နတ်အရှင်ယွဲ့သည် မျက်မှောင်ကြုတ်သွားပြီး သူ နေရာချထားသော မီးသင်္ကေတများအား သေသေချာချာ ကြည့်ရှုနေ၏။ သူမက လက်ဝှေ့ယမ်းကာ သင်္ကေတတစ်ခုအား ဖျက်စီးလိုက်သည်။ “ဒီသင်္ကေတကို ဖယ်လိုက်ရင် ... ကောင်းကင်နတ်အရှင်ဟွေ့ မီးဝိညာဉ် ဖော်‌ဆောင်နိုင်ဦးမလား”

ချင်မူက ၎င်းကို အသေးစိတ် ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ “မဖော်ဆောင်နိုင်ဘူး”

“ဒါဆိုရင် ငါ့တာအိုဒဏ်ရာတွေထဲမှာ ငါ ဖျက်စီးမိလိုက်တဲ့ မီးသင်္ကေတတွေ ရှိနေတာများလား” ကောင်းကင်နတ်အရှင်ယွဲ့က မေးသည်။

“ဟုတ်တယ်”

ချင်မူက အလေးအနက် ဖြေလေသည်။ “အဲဒါက အထူးဆန်းဆုံးအပိုင်းပဲ... ကောင်းကင်နတ်အရှင်ဟွေ့ သူ့တပည့်တွေဆီ ပို့ချလွှဲပြောင်းပေးခဲ့တဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေထဲမှာ ဒီမီးသင်္ကေတ မတည်ရှိဘူး”

All Chapters