← Chapters

တာအိုများအား စုစည်းခြင်း

Vol. 101 Ch. 1328

တာအိုများအား စုစည်းခြင်း

Vol. 101 Ch. 1328

ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတာအိုတွင် အခြေခံမီး‌တောက်သင်္ကေတလေး တစ်ခုအား ဖယ်ရှားလိုက်ရုံဖြင့် ကျင့်စဉ်တွင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်စေကာ ဝိညာဉ်၌ အားနည်းချက်တစ်ခု ရှိသွားစေသည်။

လူသားမျိုးနွယ်၏ မီးသိုင်းသမားများနှင့် တောင်ကောင်းကင်၏ နတ်ဘုရားများပင်လျှင် ကောင်းကင်နတ်အရှင်ဟွေ့၏ ကျင့်စဉ်၌ ဤမီးသင်္ကေတ ပါဝင်နေမှန်း မသိကြပေ။

အခြားနည်းဖြင့် ပြောရလျှင် ကောင်းကင်နတ်အရှင်‌ဟွေ့၏ ဝိညာဥ်တွင် အားနည်းချက် မရှိသည့်အပြင် အင်မတန် အားကောင်းသန်မာနေကြောင်း ကောင်းကင်နတ်အရှင်ဟွေ့ကိုယ်တိုင်မှလွဲ၍ မည်သူမှ မသိခဲ့ချေ။

ထိုမျှ အားကောင်းသန်မာသည့် ဝိညာဉ်ကို ပိုင်ဆိုင်ထားလျှင် သူ၏မူလဝိညာဉ်သည်လည်း အတိုင်းထက်အလွန် အင်အားကြီးမားလိမ့်မည်။

ဝိညာဉ်ကို အသုံးပြု၍ ကောင်းကင်နတ်အရှင်ဟွေ့ကို ရင်ဆိုင်လိုက်ပါက သေချာပေါက် မရှူမလှ ရှုံးနိမ့်မည်ဖြစ်သည်။

'ကောင်းကင်နတ်အရှင်ဟွေ့က ဒီအားနည်းချက်ကိုပါ ကောင်းကင်နတ်အရှင်ဟောင်ကိုပါ ပေးခဲ့လောက်မလား’

ချင်မူမှာ ငေးကြောင်နေမိသည်။ ကောင်းကင်နတ်အရှင်ဟွေ့သာ ဤကျင့်စဉ်ကို ကောင်းကင်နတ်အရှင်ဟောင်ဆီ လွှဲပြောင်းပေးခဲ့လျှင် ဤပြစ်ချက်သည် ကောင်းကင်နတ်အရှင်ဟောင်သို့ပါ ရောက်သွားမည်ဖြစ်ပြီး ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် သူ၏ ဝိညာဉ်ကို အားကောင်းသန်မာသော အခြေအနေသို့ မြှင့်တင်နိုင်တော့မည် မဟုတ်ပေ။ ကောင်းကင်နတ်အရှင်ဟွေ့တွင်လည်း ဤအားနည်းချက်ရှိသည်ဟုထ ထင်သွားလိမ့်မည်။

မှန်ပါသည်။ ကောင်းကင်နတ်အရှင်ဟောင်တွင် ဝိညာဉ်အား ကျင့်ကြံရန် အခြားကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ရှိသော်လည်း အဓိကကျသည့် အချက်က ကောင်းကင်နတ်အရှင်ဟွေ့၏ အားနည်းချက်ကို အထင်မှားပြီး ဆုံးရှုံးမှုကြီး ခံစားရပေလိမ့်မည်။

“ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်မှ ရိုးရှင်းမနေဘူးဟ...”

ချင်မူမှာ သက်ပြင်းချလိုက်မိသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အရိုးရှင်းဆုံးဟု ထင်ရသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့သည် လျှိုထားတတ်ပြီး အတွင်းထဲ၌ ပုပ်သိုးကာ ကောက်ကျစ်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ကမူ ဒေါသကြီး၏။ နှစ်ယောက်လုံးက လူရိုးကြီးသမားသယောင် ထင်ရသည်။

သို့သော် လူရိုးကြီးသည် အဘယ်သို့ပြု၍ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာမည်နည်း။

“လူရိုးတွေဆို သေနေတာ ကြာပြီ”

ချင်မူမှာ စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ဖြစ်ပေါ်လာသော တာအိုဒဏ်ရာအတွင်းရှိ သင်္ကေတများနှင့် ပတ်သက်၍ ဆေးဆရာဆီသို့ ပြန်လည်ရှင်းပြနေသည်။ ‌‌‌ဆေးဆရာသည် အလွန်လေးနက်စွာ နားထောင်ကာ အသေအချာ ချရေးမှတ်သားပြီးနောက်မှ လိုအပ်သော ပရဆေးပင်များအား ရွေးချယ်၏။

ချင်မူ မနေနိုင်ဘဲ ဝင်ပြောလိုက်မိသည်။ “ဘိုးဘိုးဆေးဆရာ၊ ကျွန်တော့်အတွက် ဆေးဖော်ပေးတုန်းက တစ်ခါမှ ဂရုမစိုက်ခဲ့ဘူးနော်”

“မင်းက အရေထူနေပြီကွာ... ငယ်ငယ်ထဲက ဆေးကျိုအိုးထဲမှာ အစိမ်ခံထားရတဲ့ကောင်ဆိုတော့ ဆေးပြီးနေပြီလေ” ဆေးဆရာက သူ့ကို အဖက်ပင်မလုပ်ဘဲ ဖြေသည်။

ချင်မူလည်း တခဏ တိတ်ဆိတ်သွားပြီးနောက် ကလေးဘဝကို ပြန်အမှတ်ရသွားသည်။ ဒုက္ခိတဘိုးဘွားကျေးရွာတုန်းက အချိန်များကို ပြန်စဉ်းစားလိုက်တိုင်း ပျော်ရွှင်စရာ အမှတ်တရများသာ ပေါ်လာတတ်သည်။ သို့သော် ဆေးဆရာကို တွေးလိုက်လျှင် ငယ်ငယ်တုန်းက အစမ်းသ့ပ်ခံခဲ့ရသည့် နာကျင်စရာ အတွေ့အကြုံမျိုးစုံသာ ပြန်ခံစားမိ၏။

ထိုအချိန်တုန်းက သူ့မှာ အရေမထူသေးပေ။ မိခင်နို့သာ မမှီဝဲခဲ့ရသော ကလေးပီပီ ပိန်ချုံးအားနည်းခဲ့သည်။ အဘွားစစ်က သူ့ကို ခေါ်၍ ဘေးရွာများမှ နို့သွားတောင်းတတ်၏။ နောက်ပိုင်းတွင် နယ်စပ်နဂါးမြို့ဘုရင်၏ ဇနီးအား ပြန်ပေးဆွဲလာပြီး နွားအသွင်ပြောင်းကာ သူ့အား နို့တိုက်ကျွေးစေခဲ့သည်။

ဆေးဆရာသည် သူ့ကို ဆေးကျိုအိုးထဲ ထည့်ပြီး ဆေးမျိုးစုံ စမ်းကြည့်တတ်၏။ သူ့ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ပေးဖို့ ဆိုသော အကြောင်းပြချက်တစ်ခုဖြင့် ကလေးလေးချင်မူအား စမ်းသပ်ခဲ့လေသည်။

ချင်မူမှာ ခေါင်းယမ်းလိုက်ရင်း ခံရခက်ခဲ့သော အဖြစ်များကို ချောင်ထဲ ပြန်ပို့လိုက်သည်။ “ကဲ နောက်တစ်ခုက ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ဓား, မလား”

ကောင်းကင်နတ်အရှင်ရှောင်၏ ဓားသည် ဒုတိယတိုက်ကွက်ဖြစ်၏။ ၎င်းက မြန်ဆန်ပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ ခါးကို ပိုင်းခုတ်ခဲ့သည်။

ချင်မူက ဓားဒဏ်ရာကို ဂရုတစိုက် ‌လေ့လာကြည့်သည့်အခါ ကောင်းကင်နတ်အရှင်ရှောင်၏ ဓားထဲ၌ မွေးရာပါမူလချီ ကိန်းဝပ်မနေဘဲ ကောင်းကင်နတ်အရှင်ယွင်၏ ကျင့်စဉ်ဖြစ်သော ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ် ပါဝင်နေသည်။

ချင်မူအနေဖြင့် ယွင်ကျန်းလီမှတစ်ဆင့် ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်ကို မြင်ဖူးထားသည်။ ဤကျင့်စဉ်၏ အင်အားအကြီးဆုံးအချက်က အခြားသော အတွေးအမြင်များ၊ အားသာချက်များကို စုစည်းထားနိုင်ခြင်း ဖြစ်၏။

ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်သည် ချင်မူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် မတူသော်လည်း တူညီသည့်အချက်တော့ ရှိသည်။ ကျင့်စဉ်နှစ်မျိုးလုံးက အခြားဂိုဏ်းများမှ ကျင့်စဉ်တို့၏ အားသာချက်များကို စုပ်ယူကာ အသုံးချနိုင်လေသည်။

ချင်မူ ကောင်းကင်နန်းဆောင် ဆယ့်ရှစ်ဆောင့်အထိ လျင်မြန်စွာ ဖော်ဆောင်နိုင်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စည်အား မဟာကောင်းကင်နတ်ဘုံအဆင့်အထိ မြင့်တင်နိုင်ခြင်းမှာ ထိုအကြောင်းအရင်းကြောင့်ပင်။

ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်တွင်လည်း ဤသဘောတရား ပါသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ဓား၌ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များစွာ ကိန်းအောင်းနေသောကြောာင့် ရောထွေးနေ၏။

ချင်မူမှာ အတန်ကြာ လေ့လာပြီးနောက်၌ အတွေးထဲ နစ်မျောသွားမိသည်။ သူ့အမူအရာမှာ မသေချာ ဖြစ်နေသည်။

ဆေးဆရာလည်း ဘေး၌ တိတ်ဆိတ်စွာ စောင့်နေ၏။ ထိုစဉ် ချင်မူက ငေါက်ခနဲ ထရပ်လိုက်ပြီး ဟိုလျှောက်သည်လျှောက် လျှောက်နေရင်း တုံ့ခနဲ ရပ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ ကျွန်တော့်ကို ကူညီပေးဖို့ လူနှစ်ယောက် လိုတယ်.. တစ်ယောက်က အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၊ နောက်တစ်ယောက်က ကောင်းကင်နတ်အရှင်ယွင်ရဲ့ မျိုးဆက် ယွင်ကျန်းလီ... သူတို့နှစ်ယောက်လုံး အခုလောလောဆယ် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေတယ်”

သူ၏အသိစိတ်အလျဉ်သည် လှိုင်းထသွားပြီး ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့၏ အသွင်သဏ္ဍာန် ပုံပန်းသွင်ပြင်များအား ကောင်းကင်နတ်အရှင်ယွဲ့၏ စိတ်ထဲသို့ ကူးပြောင်းပေးပို့လိုက်၏။

ကောင်းကင်နတ်အရှင်ယွဲ့က ပြောသည်။ “ခဏစောင့်”

များစွာမကြာလိုက်ဘဲ ကောင်းကင်နတ်အရှင်ယွဲ့သည် နန်းတွင်သူတစ်ယောက်အား ဆင့်ခေါ်ကာ အမိန့်ပေးလိုက်၏။ “မက်မွန်တောအုပ်အပြင်မှာ ဧသည့်သည်နှစ်ယောက် ရောက်နေတယ်... သူတို့ လမ်းရှာနေကြတယ်... နန်းတော်ဂိတ်ဆီ သွားပြီး မီးအိမ်ယူလိုက်.. ပြီးရင် သူတို့ကို ဒီနေရာဆီ ဖိတ်‌ခေါ်လိုက်ချည်”

နန်းတွင်းသူက အမိန့်နာခံပြီး နန်းတော်အပြင် ထွက်သွားသည်။ သူမက မီးအိမ်သွားဘူပြီးသည့်အခါ မက်မွန်တောအုပ်ထဲ ဝင်သွားလေသည်။ တောအုပ်ထဲမှ ယောက်ျားနှစ်ယောက်၏ အသံများ ထွက်လာသည်။ “ထူးဆန်းတယ်.. ထူးဆန်းတယ်... ဒါ ဘာနေရာလဲ... ငါ ဘာလို့ ဒီကို ရုတ်တရက် ကြီး ရောက်လာတာလဲ”

“ဘယ်နတ်ဘုရားက ဒီကို ခေါ်လိုက်တာပါလိမ့်၊ အိုနတ်ဘုရားအရှင်... ကိုယ်ထင်ပြတော်မူပါ”

နန်းတွင်းသူသည် မီးအိမ်ကိုင်မြှောက်ကာ သူတို့မျက်နှာပေါ်သို့ အလင်းကျရောက်သွားစေသည်။ အပြင်၌ မှောင်နေပြီဖြစ်၍ မက်မွန်တောအုပ်ထဲတွင် ရပ်နေသော ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့တွင် စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေကြလေသည်။

...

တခဏကြာသော် ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့သည် နန်းတွင်းသူနောက်မှ နန်းဆောင်ထဲသို့ လိုက်လာကြသည်။ ချင်မူနှင့် ဆေးဆရာကို မြင်သည့်အခါ နှစ်ယောက်လုံး အံ့အားသင့်သွားကြသော်လည်း မည်သည်မှ မပြောကြပေ။

ချင်မူက မိတ်ဆက်ပေးသည်။ “နောင်တော်ယွင်၊ အစ်ကိုကြီး .. ဒါက ကောင်းကင်နတ်အရှင်ယွဲ့ပါ… သူ ဒဏ်ရာရထားလို့ အကူအညီ လိုအပ်နေတယ်..”

ယွင်ကျန်းလီက ရှေ့သို့ အလျင်အမြန် လျှောက်သွား၍ ဒူးထောက်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်အရှင်‌ယွဲ့နဲ့ တွေ့ရင် ဒူးထောက်ဂါ၀ရပြုပြီး ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ရမယ်လို့ ဘိုးဘေးတွေက သင်ထားပေးခဲ့ပါတယ်”

“ထပါ” ကောင်းကင်နတ်အရှင်ယွဲ့မှာ အတိတ်ကို သတိရသွားသဖြင့် သက်ပြင်းချလိုက်သည်။

ဝေစွေ့ဖုန်းကလည်း ရှေ့သို့တက်၍ နှုတ်ဆက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့က ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာကို ဖွင့်လှစ်ပေးခဲ့ပြီး မျိုးဆက်သစ်တွေအတွက် လမ်းဖောက်ပေးခဲ့သူပါ”

ကောင်းကင်နတ်အရှင်ယွဲ့က ပြော၏။ “ငါက ကောင်းကင်နတ်အရှင်ယွင်၊ ယွီ နဲ့ လင်တို့ မမြင်တာလေးတွေကို ဝင်ဖြည့်ပေးခဲ့ရုံပါပဲ.. သိပ်အများကြီး မဟုတ်လို့ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်အနေနဲ့ ရိုကျိုးနေစရာ မလိုပါဘူး..”

ချင်မူက ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ရခဲ့သော ဒဏ်ရာများကို ရှင်းပြသည်။ “အစ်ကိုကြီးက ဧကရာဇ်ပလ္လင်ကျင့်စဉ်တွေကို စုဆောင်းခဲ့တဲ့သူ... နောင်တော်ယွင်က ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဆက်ခံသူ… ဒါကြောင့် အစ်ကိုကြီးတို့တွေက ‌ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ဓားထဲမှာပါတဲ့ တာအိုသင်္ကေ‌တတွေကို‌ ဖြေရှင်းဖို့ အသင့်လျော်ဆုံးပဲ…”

ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် တစ်ယောက်နှင့်တစ်ယောက် သိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဝေစွေ့ဖုန်းက ချောင်းဟန့်လိုက်သည်။ “ညီလေး၊ မင်း ငါ ချန်ထားခဲ့တဲ့ မြေပုံတွေကို ရှာပြီးသွားပြီမလား… ငါ ဖွက်ထားတဲ့ ဧကရာဇ်ပလ္လင်ကျင့်စဉ်တွေကိုများ မရှာနိုင်ခဲ့တာများလား”

ချင်မူ့မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး မျက်နှာပျက်သွား၏။ ဝေစွေ့ဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ “မင်း တကယ်ကြီး မသွားခဲ့ဘူးပဲ… ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေအကုန်လုံး ငါ ရှာတွေ့ခဲ့ပြီးပြီ… ငါ့ နန်းစောင့်တပ်ဖွဲ့အတွက် အဆင့်မြင့်တဲ့ ကျင့်စဉ်တွေ လိုအပ်ခဲ့လို့ အန္တရာယ်ကြားထဲကနေ စွန့်စားပြီးတ အဲ့ဒီနေရာတွေမှာ သွားရှာခဲ့တာ… တွေ့ထားတဲ့ရတနာတွေကို ရှာဖို့ အချိန်တော်တော် ယူခဲ့ရတယ်ကွ… မင်းက သွားတောင် မသွားခဲ့ဘူးပေါ့လေ..”

ချင်မူက ခပ်တိုးတိုး ဖြေလိုက်သည်။ “ကျွန်တော့်မှာ ပိုအရေးကြီးတဲ့ ကိစ္စရှိလို့ ဘိုးဘေးနန်းတော်ဆီ သွားခဲ့တာပါ”

ဝေစွေ့ဖုန်းက မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး ထပ်အဓွန့်မတက်တော့ပေ။ “ငါ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေကို ဧကရာဇ်ယန်ရှို့ဆီ လွှဲပေးခဲ့ပြီးပြီ… သူက ပါရမီရှင်တွေနဲ့အတူ တာအိုဒဿနတက္ကသိုလ်တစ်ကျောင်း ‌ဆောက်နေတယ်… အဲ့ဒီကျင့်စဉ်တွေကို ပြန်ပြုပြင်ပြီး ကောင်းကင်နတ်မြစ်ကို ကောင်းကင်တံတားနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေကြတာ….. ငါရော၊ ညီလေးယွင်ရော ဝင်ကူပေးထားတယ်… မင်း အချိန်ရှိရင် ပြန်သွားပြီး အတူတူ ပြင်လို့ရတယ်”

ချင်မူက ခေါင်းတဆတ်ဆတ် ညိတ်ပြီး သူ၏အကြည့်များမှာ ဂနာမငြိမ်ဖြစ်နေသည်။

ဝေ‌စွေ့ဖုန်းက နှာတစ်ချက်မှုတ်လိုက်ပြီး ချင်မူ ရတက်မအေးဖြစ်နေမှန်း သိသည်။ အမှန်ပြောရလျှင် သူလည်း ရတက်မအေး ဖြစ်နေသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုသည် ကောင်းကင်တံတား ကောင်းကင်ရတနာများကို ဖျက်ဆီးသကဲ့သို့ မရိုးရှင်းပေ။ ဧကရာပလ္လင်အဆင့်၏ ကျင့်စဉ်များ၏ ကောင်းကင်နတ်သိုင်းများတွင်လည်း ကြီးကြီးမားမား ပြင်ဆင်ပြုပြင်ရန် လိုအပ်နေသည်။

ပို၍ဆိုးရွားသည်က ပြီးခဲ့သည့်နှစ်များအတွင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုပြီးနောက် ကောင်းကင်ရတနာအားလုံး အနည်းငယ်စီ ပြောင်းလဲသွားခဲ့ကြသဖြင့် ပြုပြင်ရန် လိုအပ်သည့် အသေးစိတ်အချက်များစွာ ရှိလာခဲ့သည်။

ထိုမျှသာမက ဧကရာဇ်ပလ္လင်ကျင့်စဉ်များ၏ ကောင်းကင်နန်းဆောင်တို့လည်း ပြောင်းလဲရန် လိုအပ်သေးသည်။

ခိုင်ဧကရာဇ် ဘိုးဘေးနန်းတော်ကို ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းခုတ်ခဲ့စဉ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ သတ္တိကောင်းသော သိုင်းသမားတို့သည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အပေါ် သံသယ၀င်လာခဲ့ကြ၏။ သူတို့က ကောင်းကင်နန်းဆောင်၏ အဆင့်အမျိုးမျိုးကို ပြုပြင်တိုးတက်စေချင်ခဲ့ကြသောကြောင့် လောလောလတ်လတ် ရလဒ်တချို့လည်း ဖြစ်ထွန်းလာခဲ့သည်။

ထိုသို့ဖြင့် တာအိုဒဿနာတက္ကသိုလ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။

“ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေမှာ ကျင့်ကြံပြီးမှ ရလာတဲ့ မဟာတာအိုသင်္ကေတတွေ ပါနေတာပဲ”

ဤအခိုက်အတန့်တွင် ယွင်ကျန်းလီက ကောင်းကင်နတ်အရှင်ယွဲ့၏ တာအိုဒဏ်ရာများကို လေ့လာနေပြီဖြစ်ပြီး သူ့မျက်နှာပေါ်ရှိ အံ့အားသင့်မှုမှာ ပိုပိုထင်ရှားလာသည်။ သူက နားမလည်နိုင်ဖြစ်နေသည့် အသံဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ရှောင်က မွေးရာပါမူလချီကို ကျင့်ကြံနေတာလား... ဘာလို့ သူ့ရဲ့ ခရမ်းနတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်က မွေးရာပါမူလတာအိုနဲ့ ရောယှက်နေတာလဲ”

“ဘာကြောင့်ဆို သူက ကောင်းကင်နတ်ဧကရာဇ်မလို့ပေါ့”

ချင်မူက ဘေးမှ လှမ်းပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ မူလချီက တစ်လောကလုံးမှာ ရှိတဲ့ မဟာတာအိုတွေအပေါ် ထိန်းချုပ်နိုင်တယ်.. ဒါကြောင့် သူ့အနေနဲ့ ခရမ်းနတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်နဲ့ ပေါင်းစည်းဖို့ မွေးရာပါမူလတာအိုကို ကျင့်ကြံနေစရာမလိုဘူး”

ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီ၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ “မင်း ဆိုလိုတာက...”

ချင်မူက အလေးအနက် ပြောလိုက်သည်။ “ဟုတ်တယ်... ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက မွေးရာပါမူလတာအိုအားလုံးကို တစ်ခုတည်းအဖြစ် သိမ်းပိုက်ပေါင်းစည်းချင်ခဲ့တာပဲ”

All Chapters