ဉာဏ်ကြီးရှင်
Vol. 101 Ch. 1329
ထောင်ချီသော တာအိုတို့အား ပေါင်းစည်းမည်တဲ့လား….
နန်းဆောင်ထဲရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှောင်သည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လူဝင်စားဖြစ်သည့်အတိုင်း အကြံအစည် ကြီးမားလှချေသည်။ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သော ကောင်းကင်နတ်ဧကရာဇ်က မသေဆုံးသွားခင်တွင် ဝိညာဉ်တစ်စိတ်တစ်ပိုင်း ခွဲထုတ်လိုက်ရင်း ရှောင်ဝေ့စု အမည်ရသော လူသားမျိုးနွယ် ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် လူဝင်စားခဲ့၏။ ထို့နောက် ကောင်းကင်နတ်အရှင်ယွင်အား ဆရာတင်ခဲ့သည်။
ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားသည့်အခါ သူက ကောင်းကင်နတ်အရှင်ယွင်၏ အရိုက်အရာကို လွှဲပြောင်းဆက်ခံလျက် လူသားမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုအချိန်ကား နဂါးဟန်ခေတ်နှောင်းပိုင်းတွင် ဖြစ်၏။
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံပြီးမှ ရရှိသော တာအို (ကမ္ဘာခေတ်နှောင်းတာအို)လမ်းစဉ်က နဂါးဟန်ခေတ်နှောင်းပိုင်းတွင် တိုးတက်လာမည်ဖြစ်ကြောင်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ သဘောပေါက်ခဲ့ပြီးချေပြီ။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝိညာဉ်ကို စောစီးစွာ ခွဲထုတ်၍ ရှောင်ဝေ့စု ဖြစ်လာစေကာ သူ၏အစီအစဉ်ကို စတင်ခဲ့သည်။
ကျင့်ကြံပြီးမှ ရရှိသောတာအို (ကမ္ဘာခေတ်နှောင်းတာအို) အမှန်တကယ် တိုးတက်ကျော်ကြားလာသည့် အချိန်မှာ ချိမင်ခေတ်နှင့် ချုံဧကရာဇ်ခေတ်၌ မဟုတ်ပေ။ ချုံဧကရာဇ်ခေတ်နှောင်းပိုင်းမှ ကမ္ဘာခေတ်နှောင်းတာအိုမှာ စတင်အညွှန့်ပေါက်လာခဲ့ပြီး ခိုင်ဧကရာဇ်ခေတ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ် ရောက်သည့်အခါ ကျယ်ပြောလာခဲ့ခြင်း ဖြစ်သည်။
တန်ခိုးရှင်သစ်ခုတ်သမား၀မ်တျန်းကဲ၏ ကောင်းမှုကုသိုလ် ဆောက်တည်မှုကြောင့် အများဆုံးပါချေသည်။
ပြန်လည်၍ ချုံပြောရလျှင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် နှစ်လေးထောင်၊ ငါးထောင်ကျော် ကြိုတင် မြင်နိုင်ခဲ့သောကြောင့် ဦးစွာပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။
‘ကောင်းကင်နတ်ဧကရာဇ်က ပေါ့သေးသေးပုဂ္ဂိုလ် မဟုတ်ဘူးပဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ တစ်ယောက်မှမကောင်းဘူး' အားလုံး စိတ်ထဲ၌ တွေးလိုက်မိကြသည်။
ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့၏ အကူအညီကြောင့် ကောင်းကင်နတ်အရှင်ရှောင်၏ ဓားချက်၌ ကိန်းဝပ်နေသော တာအိုသင်္ကေတများကို အလျင်အမြန် ဖြေရှင်းနိုင်ခဲ့သည်။ ဝေစွေ့ဖုန်းသည် အသိဉာဏ်ဗဟုသုတ ပြည့်စုံသည့်အလျောက် အတော်များများတွင် နှံ့စပ်လေသည်။ သူက တန်ခိုးရှင်သစ်ခုတ်သမားထံမှ ကမ္ဘာခေတ်နှောင်းတာအိုအကြောင်းကို သင်ယူခဲ့ရသည့်အတွက် ကောင်းကင်နတ်အရှင်ရှောင်၏ လမ်းစဉ်ကပင်လျှင် သူ့အတွက် ပြဿနာမဟုတ်ပေ။
ယွင်ကျန်းလီကမူ ခရမ်းနတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်၏ ဆက်ခံသူဖြစ်သည်။ နှစ်ယောက်သား လိုက်ဖက်ညီစွာ အလုပ်လုပ်နေကြလေသည်။
သူတို့နှစ်ယောက်မှာ ပြဿနာဖြေရှင်းပြီးသွားသော်လည်း မပြန်ချင်ကြသေးပေ။ ချင်မူ၊ ဆေးဆရာနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ကို စိတ်အားထက်သန်စွာဖြင့် ကြည့်ရင်း ဒဏ်ရာများအား မည်သို့ကုသမည်ကို စောင့်နေကြသည်။
ချင်မူက အသိစိတ်အလျဥ် သုံး၍ ကောင်းကင်နတ်အရှင်ယွဲ့၏ မူလဝိညာဉ်ရှိ တာအိုဒဏ်ရာများကို စစ်ဆေးကြည့်ရှုနေသည်။ သူ့မှာ ခေါင်းပင် မဖော်နိုင်ပေ။ “ကျွန်တော်တို့ ကုလိုက်တဲ့အခါကျရင် ဒီတာအိုဒဏ်ရာတွေကို ထားခဲ့တဲ့ ကောင်းကင်နတ်ရှင်ငါးပါးက သတိထားမိလိမ့်မယ်… ဘယ်သူက ဒီနေရာကို ရောက်လာလောက်မလဲ သိတော့ သိချင်မိသား”
ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီတို့မှာ သိသိသာသာ မျက်နှာပျက်သွားကြသည်။ ယွင်ကျန်းလီက နဖူးနှင့် မြေကြီး ထိလုမတတ် ဦးညွှတ်လိုက်ပြီး ကြည်လင်ပြတ်သားစွာ လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်တော်မျိုးတို့ကို ကောင်းကင်နတ်အရှင်မူက တာအိုဂိုဏ်းကနေ ဆွဲခေါ်လာခဲ့တာပါ… လက်စသတ်စရာ အလုပ်လေးတွေ ရှိလို့ ကောင်းကင်နတ်အရှင်မူ ပြန်ပို့ပေးမှ ဖြစ်ပါမယ်”
ယွင်ကျန်းလီက ဖြောင့်မတ်တည်ကြည်စွာ ပြောသည်။ “ကျွန်တော်တို့က ဧကရာဇ်ယန်ရှို့ကို ကတိပေးထားတာမလို့ ကတိတည်မှ ဖြစ်ပါလိမ့်မယ်…. တာအိုဂိုဏ်းဆီ ပြန်ပို့ပေးဖို့ တောင်းဆိုပါရစေ”
ကောင်းကင်နတ်အရှင်ယွဲ့က နူးညံ့ပျော့ပျောင်းသောအသ့ဖြင့် ကျေးဇူးတင်သည်။ “ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မင်းတို့ နန်းဆောင်မုခ်၀ကနေ ထွက်သွားတဲ့အခါ မက်မွန်တောအုပ်ထဲက အလင်းရောင်တွေအတိုင်း လိုက်သွားလိုက်ပါ… မက်မွန်တောအုပ်အပြင် ရောက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မြို့တော်ဆီ ရောက်သွားပါလိမ့်မယ်”
သူတို့နှစ်ယောက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံလိုက်ရသည့်အလား စိတ်သက်သာရာရသွားပြီး နန်းတော်ထဲမှ အပြေးတစ်ပိုင်း ထွက်သွားကြတော့သည်။ ထင်ထားသည့်အတိုင်းပင် မက်မွန်တောအုပ်ထဲတွင် အလင်းရောင်များ တွေ့လိုက်ရ၏။ သူတို့က အလင်းရောင်များအတိုင်း လိုက်သွားကြပြီး မက်မွန်တောအုပ်မှ ထွက်လိုက်သည့်အခါ အလင်းရောင်များမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အောက်မြို့တော်မှ အလင်းရောင်များဖြစ်ကြောင်း သိလိုက်ရလေသည်။
နှစ်ယောက်သား ဟင်းခနဲ သက်ပြင်းချ၍ အောက်မြို့တော်ထံသို့ ခပ်သွက်သွက် လျှောက်သွားကြ၏။ ယွင်ကျန်းလီက သည်းမခံနိုင်တော့ဘဲ မေးသည်။ “ကျွန်တော်တို့ ကောင်းကင်နတ်အရှင်မူနဲ့ ဆေးဘုရင်ကို သေအောင် ထားခဲ့တာနော်… ကျေးဇူးကန်းရာ ရောက်မနေဘူးလား”
ဝေစွေ့ဖုန်းက ပြုံး၏။ “ဒါပေါ့… ကျေးဇူးကန်းတာပေါ့.. ဒါပေမဲ့ ငါ့ညီလေးက ပြဿနာရှာရတာ ကြိုက်တော့ သေမှာ မဟုတ်ပါဘူး… ငါတို့လည်း မသေလောက်ဘူး… သွားကြစို့ အရေးကြီးကိစ္စတွေ ရှိသေးတယ်”
နှစ်ယောက်သား မြို့တော်ထဲ ဝင်သွားကြချေသည်။ ။
မက်မွန်တောအုပ်၏ နန်းဆောင်ထဲတွင် ချင်မူသည် နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်လမ်းစဉ်မှ တာအိုသင်္ကေတများကို ရှင်းလင်းပြီး ဖြစ်သည်။ ဆေးဆရာကလည်း ဝိညာဉ်ဆေးလုံးများ ပြင်ဆင်ထား၏။ ချင်မူက ထိုက်စုဥရေကြည်ကို ထုတ်လိုက်ပြီး သူတို့နှစ်ယောက်က မည်သည့်စကားမှမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ မည်သည်မှမပြောသော်လည်း အချိန်အတော်ကြာသော် ပြုံးလျက် မေးသည်။ “တောသားလေးနှစ်ယောက်၊ ဘာတွေများ ဒီလောက်လေးလေးနက်နက် စဉ်းစားနေရတာတုန်း”
ဆေးဆရာက ဦးညွှတ်အရိုအသေပေးလိုက်၏။ “ကျုပ် မူအာ့ရဲ့ ဒဏ်ရာကို ကုမယ်ဆိုရင် ဆေးလုံးအမျိုးအစား ငါးမျိုးတည်း မကဘဲနဲ့ ငါးရာလောက် ဖော်စပ်ပြီး သူ့ကို ကျွေးလိုက်မှာ… ဘယ်လိုပဲဖြစ်ဖြစ် သူက အဆိပ်မိပြီး သေမှာမဟုတ်ဘူး… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရဲ့ ဒဏ်ရာတွေကို ကုဖို့တော့ စိုးရိမ်မိတယ်… အနာဂတ်မှာ ဘာပြဿနာမှ ဖြစ်မလာအောင် ကျုပ် အကောင်းဆုံး ကြိုးစားထားပါတယ်”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ချင်မူ့ကို ကိုယ်ချင်းစာမိသွားပြီး ပြောလေသည်။ “နတ်ဆေးဘုရင်၊ ဒီလို တွေးနေစရာမလိုပါဘူး… ရှင့်ဆေးကို စားလိုက်ရင် ကျွန်မရဲ့ ဒဏ်ရာတွေက ဒီနေ့ထက် ပိုဆိုးသွားမှာလား… မဆိုးဘူးဆိုရင် ကုသလို့ရပါပြီ”
ဆေးဆရာက သဘောတူသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဆီ ကြည့်၍ တခဏ စောင့်နေပြီးနောက် တခစ်ခစ် ရယ်လေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘာတွေကိုများ အဲ့လောက်တောင် စိုးရိမ်နေရတာတုန်း”
ချင်မူက မျက်နှာတည်ကြီးဖြင့် ဖြေသည်။ “ကျွန်တော် ကောင်းကင်နတ်ဘုံဆီ ပြန်လာပြီး မမကြီးကို တိုက်ခိုက်ကြမယ့် ကောင်းကင်နတ်အရှင်ငါးပါးအကြောင်း စဉ်းစားနေတာ… အဲဒီကောင်းကင်နတ်အရှင်ငါးပါးက သေလုမျောပါး ဖြစ်နေကြတာလေ”
ကောင်းကင်နတ်အရှင်ယွဲ့က တအံ့တဩ ဖြစ်သွားပြီး ထစ်အစွာ မေးလေသည်။ “သူ…သူတို့က သေလုမြောပါး ဖြစ်နေတာတဲ့လား…”
ချင်မူက စဉ်းစားနေသည်။ “ကောင်းကင်နတ်အရှင်ဟောင်က လှုပ်ရှားမှာ မဟုတ်ဘူး… သူက မဟာဧကရာဇ်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားတော့ ကောင်းကင်နတ်ဘုံကို ပြန်မလာရဲဘူး… ကောင်းကင်နတ်အရှင်ငါးပါးထဲမှာ သူ့ရဲ့ဒဏ်ရာတွေက အပြင်းဆုံးပဲ… ထိုက်စု သူ့ကို အားအကုန် ဖြည့်ပေးရင်တောင်မှ ပြန်သက်သာလာဖို့ နှစ်တစ်ရာ၊ နှစ်ရာလောက် ကြာဦးမှာ… ဒါ့အပြင် သူ့ရဲ့ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီ… ကောင်းကင်နတ်အရှင်ဟွေ့ကလည်း မဟာဧကရာဇ်၊ ခိုင်ဧကရာဇ်နဲ့ လန်ဝူကြောင့် ဒဏ်ရာအပြင်းအထန် ရထားတယ်… ဒါကြောင့် ဒီအချိန်မှာ မသက်သာလောက်သေးဘူး…. ဒါအပြင် မဟာလေဟာနယ်ကို စောင့်ရှောက်ဖို့ ကျန်ခဲ့တာဆိုတော့ လောလောဆယ် ကောင်းကင်နတ်ဘုံမှာ မရှိနိုင်ဘူး…. ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း တောင်၀င်ရိုးစွန်းကို ဖိနှိပ်ဖို့ ထားခဲ့တယ်”
ကောင်းကင်နတ်အရှင်ယွဲ့က တိတ်တဆိတ် နားထောင်နေပြီး ချင်မူက ဆက်ပြော၏။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့ ကောင်းကင်နတ်ဘုံကို ပြန်ရောက်နေရင် တိုက်ခိုက်လောက်တယ်… သူ ပြီးရင် လန်ရွှမ်ပဲ… လန်ရွှမ်က မဟာဧကရာဇ်ကြောင့် ဒဏ်ရာရထားတဲ့အပြင် ကောင်းကင်နတ်အရှင်ရှောင်ကြောင့်ပါ ဒဏ်ရာရထားသေးတယ်… သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းတော့ သူ ကောင်းကင်နတ်ဘုံကို ပြန်လာရင်တောင် ကိစ္စမရှိဘူး… သူ့ရဲ့ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလည်း ဒီနေရာကို အချိန်တိုအတွင်း ပြေးမလာနိုင်ဘူး..”
“ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း ရွှမ်တုမှာဆိုတော့ ဆင်းမလာနိုင်ဘူး…. ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ဒဏ်ရာတွေကလည်း မပေါ့ဘူး… မဟာဧကရာဇ်နဲ့ တိုက်ပွဲမှာ သူ့ရဲ့ကောင်းကင်တာအိုက လုံး၀ ကွဲကြေသွားခဲ့တာဆိုတော့ အချိန်တိုအတွင်း ပြန်ဖွဲ့မတည်နိုင်ဘူး…. သူ လှုပ်ရှားရင်တောင်မှ ကျွန်တော်တို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“ကျွန်တော်ကြောက်တာက ကောင်းကင်နတ်အရှင်ရှောင်ပဲ… သူ့လက်တစ်ဖက်ကို နတ်အရှင်မယန် ဖြတ်ခဲ့ပေမယ့် အဲ့ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ ထူးခြားတဲ့သူ…. သူက ကမ္ဘာခေတ်နှောင်းတာအိုကို ကျင့်ကြံထားပြီး အတော်လေးလည်း စိတ်အားထက်သန်တယ်”
ချင်မူက မျက်မှောင်ကြုတ်လိုက်သည်။ “သူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကိုလည်း မသိချင်ယောင်ဆောင်ထားပေမယ့်…” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအပေါ် စိတ်၀င်စားနေတာ သိသာတယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ချိမင်ဧကရာဇ်ရဲ့ ဖန်ဆင်းကျင့်စည်ကို အမွေရခဲ့တာဆိုတော့ သူလည်း သင်ထားပြီးဖြစ်လောက်မယ်… သူ့ဒဏ်ရာတွေကလည်း အခုအချိန်ဆို သက်သာနေလောက်ပြီ…. ပိုပြီး ကြောက်ဖို့ကောင်းတာက ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဆိုတော့ တာအိုဘယ်လောက် ပေါင်းစည်းထားပြီးလဲ မသိရတာပဲ”
ဆေးဆရာက သတိပေးသည်။ “ကောင်းကင်နတ်အရှင်ရှောင်က မက်မွန်တောအုပ်နဲ့ မလှမ်းမကမ်းမှာ ကမ္ဘာဦးသစ်ပင်တစ်ပင် ပိုင်ထားသေးတယ်”
ချင်မူက ခေါင်းညိတ်၏။ “သူ့ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးသစ်ပင် ဘေးမှာ…” တာအိုတို့အား ပေါင်းစည်းထားနိုင်မှု၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကမ္ဘာဦးသစ်ပင်တို့ကို ပိုင်ဆိုင်ထားနိုင်မှုတို့ကြောင့် ကောင်းကင်နတ်အရှင်ရှောင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အင်အားအကြီးဆုံး ဖြစ်ပေလိမ့်မည်။ “သူ လှုပ်ရှားလာရင် သူ့ကို ခုခံနိုင်လား မမကြီး”
ကောင်းကင်နတ်အရှင်ယွဲ့က တခဏ စဉ်းစားနေပြီးနောက် နန်းတွင်းသူအားလုံးကို ဆင့်ခေါ်လိုက်သည်။ “ငါ ဒီနှစ်တွေအတွင်း သွန်းလုပ်ထားတဲ့ မီးအိမ်တွေ ထုတ်ပြီး ဒီ၀င်္ကပါမြေပုံအတိုင်း မက်မွန်တောအုပ်ထဲမှာ ချိတ်ထားလိုက်”
သူမက ၀င်္ကပါမြေပုံတစ်ခုကို ထုတ်ကာ နန်းတွင်းသူခေါင်းဆောင်ကို ပေးလိုက်သည်။ “ချိတ်ပြီးရင် နန်းဆောင်ဆီ ချက်ချင်း ပြန်လာခဲ့… မက်မွန်တောအုပ်ထဲမှာ မနေကြနဲ့”
နန်းတွင်းသူများက အမိန့်အတိုင်း နာခံ၍ နန်းဆောင်ထဲမှ ရတနာတိုက်ဆီသို့ ထွက်သွားကြသည်။ သူတို့က မီးအိမ်ရာကျော် ထုတ်ကာ လှုပ်ခါလိုက်ကြသည်။ မီးအိမ်များက ထွန်းလင်းလာပြီး နန်းတွင်းသူများသည် မက်မွန်ပင်များတွင် ချိတ်ဆွဲရန် အလျှိုလျှို ထွက်သွားကြ၏။
ချင်မူမှာ သူတို့အား မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူ့နှလုံးသားထဲတွင် ဟူလင်းအာပေါက်စလေးများ သောင်းကျန်းနေကြပြီး မီးအိမ်တချို့ ခိုးယူလိုစိတ်အား မနည်းမြိုသိပ်နေရသည်။
အခြားသူများအနေဖြင့် မီးအိမ်များ၏ အားသာချက်တို့ကို မသိကြသော်လည်း သူကတော့ ကောင်းကောင်းသိလေသည်။ ၎င်းတို့ကား ကောင်းကင်နတ်အရှင်များ၏ အမြန်နှုန်းထက်ပင် ပိုမြန်သည်မဟုတ်လော။
သို့သော် ၎င်းက မီးအိမ်များ၏ အကောင်းဆုံးအချက် မဟုတ်သေးပေ။ ဗျပ်စောင်းအဖြစ်လည်း အသုံးပြုနိုင်သေးသည်။
ချင်မူသည် ကောင်းကင်ဆရာသခင်ပိုင်ယွီကျင့် မီးအိမ်များမှ အသွင်ပြောင်းထားသော ဗျပ်စောင်းကြိုးများကို သုံးလျက် ကောင်ကင်းနတ်အရှင်ဟောင်၏ လက်ချောင်းနှင့် သူ၏ဦးခေါင်းကိုပင်လျှင် ဖြတ်တောက်ခဲ့သည်ကို မြင်ခဲ့ဖူး၏။
ကောင်းကင်နတ်အရှင်ယွဲ့က အင်္ကျီလက်စများကို ခါရမ်းလိုက်ရာ ရှေးဟောင်းဗျပ်စောင်းတစ်လက်က ပျံသန်းလာပြီး သူမဒူးပေါ်သို့ ကျရောက်လာသည်။ သူမက သူတို့နှစ်ယောက်ကို ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်ငါးယောက်က ဒဏ်ရာအပြင်းအထန် ရထားတာပေါ့လေ.. မဟာဧကရာဇ်က ငါ့ကို အတော်လေးကူညီပေးခဲ့တာပဲ… သိပ်ကို ကြင်နာတတ်တဲ့ မဟာဧကရာဇ်ပါလား”
ချင်မးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း အေးအေးလူလူ ပြောသည်။ “နောက်ကွယ်ကနေ ကြိုးကိုင်ပြီး အင်အားတွေ ငှားယူတတ်တဲ့သူတွေ ရှိတာ သဘာ၀ပဲ… အဲ့ဒီလူသာ နောက်ကွယ်ကနေ မကိုင်တွယ်ခဲ့ရင်… ကျွန်တော် မမကြီးကို ချက်ချင်း လာကုရဲမှာမဟုတ်ဘူး…”
ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို လေးနက်စွာ စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နတ်ဘုရားဆေးဘုရင်… ဒီနေ့တော့ ကျွန်မကိုယ်ကျွန်မ အရှက်ခွဲရတော့မယ် ထင်ပါရဲ့… ရှင်တို့နှစ်ယောက် ဆေးဖော်ပြီး ဒဏ်ရာတွေ ကုလို့ရတယ်.. ဒါပေမဲ့ ငါ ကျွန်မ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်နဲ့ ရင်ဆိုင်တာ စောင့်ပေးကြပါ”
သူမက ဗျပ်စောင်းကြိုးတစ်ကြိုးအား တီးခတ်လိုက်သည်။ ဗျပ်စောင်းကြိုးသည် တုန်ခါသွား၍ ကြည်လင်ပြတ်ရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ ညကောင်းကင်အောက်ရှိ မက်မွန်တောအုပ်တွင်တော့ မီးအိမ်အလင်းရောင်များ တဖျတ်ဖျတ် တောက်ပလာကြသည်။ မီးအိမ်များမှ အလင်းတန်းများ ထွက်ပေါ်လာကြ၏။
မီးအိမ်များမှ အလင်းတန်းများက ဆက်နွယ်လျက် ရစ်ပတ်ရောယှက်သွားကြသည်။ ၎င်းတို့က ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးများနှင့်အတူ တုန်ခါရင်း သာယာနာပျော်ဖွယ် တေးတစ်ပုဒ်ကို ဖြန့်ကျက်နေတော့သည်။